New Artical

အကြည်တော် ၊ သူခိုး အပိုင်း ၂

 အပိုင်း (၂)



သူခိုး - အကြည်တော်

.

  ကြက်သားမီးဖုတ်ထားတဲ့အနံ့က သင်းနေ တယ်။       ငပိန်နဲ့မောင်စိန် ထန်းရည်လေး တစ်ကျိုက် မော့လိုက်၊ မီးကင်ထားတဲ့ကြက်သားလေး ဖြုတ်ကိုက်လိုက်နဲ့ ဇိမ်တွေ့နေတယ်။ သူတို့ရှေ့က ပါကညောနဲ့ ဖိုးဌေးတို့ကတော့ သူတို့ကြက်သား သူတို့ပြန်ကိုင်ထားပြီး မစားဖြစ်သေး ဘူး။ ဒါကို ငပိန်က “ဦးပါကညောကြီးရာ စားပါဗျ၊ ဘာဖြစ်လို့ လဲ၊ ဦးပါကညောကြီးကြက်က တိုက်ကြက်ဆိုပေမယ့် အသားမမာသေးပါဘူး၊ စားစမ်းပါ၊ ဖဲ့စမ်းပါ၊ ဦးဖိုးဌေး လုပ်လေဗျာ၊ ပါလာတဲ့ဓားကြီးနဲ႔ ကြက်သားကို ဖဲ့စမ်း ပါဗျ၊ ဓားဖိုးဌေးမဟုတ်လား၊ ဟား ဟား” ဖိုးဌေးဆိုတာ ဓားကြီးပြေးဆွဲချင်စိတ် ပေါက်နေတယ်။ ဒါပေမယ့် သူ့ဆရာသမားဖြစ်တဲ့ ဦးပါကညောကြီးကိုယ်တိုင်က ငြိမ်နေတော့ ဘာမှ လုပ်မရဘူးရယ်။ဦးပါကညောကြီးကတော့ သူ့ကြက်ပဲရှုံးလို့ ငြိမ်နေမိတာလား၊ ဒါမှမဟုတ် တခြားအကြံထုတ်နေလို့ပဲ ငြိမ်နေတာလားတော့ မသိဘူး။ မီး ဖုတ်ထားတဲ့ သူ့ကြက်ကြီး သူကိုင်ပြီး ငြိမ်နေတယ်။ တစ်ခုခုကို အသေအချာ စဉ်းစားနေပုံပေါ်တယ်။ အတော်ကြာမှ  “ဒီမယ် ငပိန်”ငပိန် ကြက်ပေါင်ကိုက်လျက်ကြီးကမှ ပါကညောကိုကြည့်တယ်။ ဦးပါကညောက ပြောသင့်မပြောသင့် စဉ်းစားနေပုံရတယ်။ နောက်မှ သက် ပြင်းချပြီး“မင်း မင်းကြက် ငါ့ကို ပေးပါလားကွာ” ငပိန်စားနေတဲ့ကြက်သားတုံးကို ပစ်ချပြီး သူ့ကြက်ကိုသူ လှမ်း ပိုက်ကာ“မပေးပါဘူး၊ ဘာလို့ပေးရမှာလဲ” ပါကညောက ငပိန်ရဲ့ကြက်ကိုကြည့်ပြီး အားမလိုအားမရလေသံနဲ့“အလကား မတောင်းပါဘူးကွာ၊ မင်းဘာလိုချင်လဲပြော၊ ဟိုလေ မင်းကြက်ကလေးနဲ့ အလဲအထပ်သဘောပေါ့ကွာ၊ နော့လေ”ငပိန် တွေခနဲဖြစ်သွားတယ်။ ဟုတ်တယ်။ ပါကညောက မျိုးနဲ့ရိုး နဲ့ကို ချမ်းသာတာ။ သူ့ရွာမှာဆို သူပိုင်တဲ့လယ်ဆိုတာ လက်ညှိုးထိုးမလွဲ ဘူး။ငပိန် ဘာတောင်းရင်ကောင်းမလဲ စဉ်းစားနေပုံပဲ။ ကြက်တစ် ကောင်ကို လယ်နှစ်ဧကလောက် အသာလေးရနိုင်တဲ့ အနေအထားပဲ။ နောက်မှ အသေအချာစဉ်းစားပြီး “မရောင်းပါဘူးဗျာ၊ ဘာလို့ ရောင်းရမှာလဲ”ဆိုပြီး ငြင်းတယ်။ ဟုတ်တယ်လေ။ သူက လယ်တွေရပြီး ဘာလုပ် ရမှာလဲ။ အစကတည်းက အလုပ်လုပ်ရမှာပျင်းလို့ ခိုးစားနေတာဆိုမှပဲ။ဦးပါကညောက ဆက်ပြီး“ဒါဆိုလဲ ငွေသားနဲ့ပြောကွာ၊ ငါလဲ လယ်သိမ်းရာသီမို့ ငွေယား လေးရှိနေတာ၊ မင်းကြက်ကို ဘယ်လောက်နဲ့ရောင်းမလဲသာပြော”ဘေးနားကမောင်စိန်ဆို သားရေတောင်ကျတယ်။ ပါကညောကြီး အကျင့်က သူကြိုက်တာတွေ့ပြီဆို ကြိုက်သလောက်တောင်း မငြင်းဘူးပဲ။ သူ့အကြိုက်သာ တွေ့လို့ကတော့ အနားက ခွာကိုမခွာတော့တာ။ တောင်း ချင်သူဆို ကြိုက်စျေးတောင်းပဲ။ ငပိန် တွေသွားပြန်တယ်။ ဦးပါကညောအကျင့်ကို သူလဲသိတော့ ဒီအချိန်မှာတောင်းရင် တောင်းသလောက်ရနိုင်တယ်။ “ငွေတွေအများကြီးရရင်”သူစဉ်းစားတယ်။ ဘယ်မှာသွားထားမလဲ။ သူကိုယ်တိုင်တောင် အိမ်မကပ်တာ။ ဒီငွေထုပ်ကြီးပိုက်ပြီး လျှောက်သွားနေလို့ကလဲမဖြစ်။ ဒါကြောင့် “မဖြစ်ပါဘူးဗျာ၊ ငွေတွေအများကြီးရှိလဲ ဘာလုပ်ရမှာလဲ၊ အဲ”ပြောရင်းနဲ့မှ ငပိန် တစ်ခုစဉ်းစားမိသွားတယ်။ ပြီးတော့ မျက်နှာ ကြီးဝင်းလက်ပြီး  “ဒါပေမယ့် ဒီလိုတော့ရှိတယ်”  ဦးပါကညော စိတ်ဝင်စားသွားတယ်။ ဒါကြောင့် ခေါင်းကို ရှေ့ တိုးပြီး “ဘယ်လိုလဲ၊ ဘယ်လိုရှိတာလဲ” ငပိန်က ဘေးဘီဝေ့ကြည့်ပြီး အသံတိုးတိုးနဲ့ “ကျုပ်ကို” ပါကညောခေါင်းကလဲ ရှေ့ပိုတိုးလာတယ်။ “အင်း” ငပိန်ကလဲ အသံပိုတိုးလိုက်ပြီး  “ဦးပါကညောတို့ရွာမှာ”  “ဘာလိုချင်လဲပြော” “စိတ်ကြိုက်ခိုးခွင့် လိုင်စင်လေးပေး”     “ဘာကွ မင်းဘာပြောတာ” ငပိန်စကားမဆုံးခင် ဦးပါကညော အသံကျယ်ကျယ်နဲ့ ထအော် တယ်။ ပြီးတော့ ဘေးနားက ဓားဆွဲပြီး  “ဟေ့ကောင် ငပိန်၊ မင်းခေါင်းပြတ်သွားချင်လို့လား၊ ပါကညော တို့ရွာကို ဘယ်သူခိုးသူဝှက်မှ ခြေမချရဘူးကွ၊ ပါကညောရှိတယ်၊ ပါကညော ရှိရင်”   သူ့အော်သံကို ငပိန်က ဘာမှပြန်မပြောဘူး။ သူ့ကြက်ကလေး သူပိုက်ပြီး ငေါက်ခနဲ ထထွက်သွားတယ်။  ဒါကိုမြင်တော့ ပါကညော ချက်ချင်း အမူအယာပြောင်းသွား တယ်။    “ပါကညော ပါကညော” သူအတင်းကြိုက်တဲ့ ကြက်ကလေးကိုပိုက်ပြီး ငပိန်က ကော့ပက် ကော့ပက်နဲ့ ထွက်သွားပြီကိုး။  ဒါကြောင့် ကမန်းကတန်းပဲ ကိုင်ထားတဲ့ လက်သုံးတော်ဓားကို ပစ်ချပြီး ငပိန်ကို အတင်းပြန်လိုက်ဆွဲတယ်။ ပြီးတော့ အသံတိုးတိုးနဲ့   “ပါကညောရှိရင် ပါကညောညှိပေးလို့ရတယ်လို့ ပြောမလို့ပါကွာ မင်းကလဲ စိတ်ကြီးပဲ၊ လာပါကွာ၊ ပါကညော ညှိပေးပါ့မယ်”   ဦးပါကညောဆွဲခေါ်ရာ ငပိန် ယက်ကန်ယက်ကန်နဲ့ ပြန်ပါလာ တယ်။   “ထိုင်ပါဦးကွာ၊ ရော့ ကြက်သားလေးစားဦး”      ဦးပါကညော မီးဖုတ်ထားတဲ့ကြက်သား နွှင်တောင်ကျွေးသေး။ ပြီးတော့ လက်ကို ဖုတ်ဖက်ခါပြီး  “ဒီလိုလုပ်ကွာ”  ငပိန်က ကြက်သားလေးကိုက်လိုက်၊ ထန်းရည်လေးကျိုက်လိုက် လုပ်ပြီး ပါကညောကိုကြည့်တယ်။ ပါကညောကြီး သူ့ကြက်ကို မတအား လိုချင်နေပြီဆိုတာ သိတယ်။ “မင်း ရွာမှာ ဝင်ခိုးမယ်ဆိုလဲ ရာသက်ပန်ကြီးတော့ မလုပ်နဲ့ကွာ”  ငပိန် စိတ်ဝင်စားသွားတယ်။ ဓားဖိုးဌေးက ခေါင်းကုတ်တယ်။ မောင်စိန်ကတော့ နှစ်ယောက်လုံးကို ငေးနေတယ်။ ပါကညောက လက်လေး သုံးချောင်းထောင်ပြီး  “သုံး သုံးရက်တော့ စိတ်ကြိုက်ခိုးကွာ၊ ကျန်တဲ့ရက်တွေခိုးရင်တော့  ပါကညောရှိတယ်”  ငပိန် ဘာမှမပြောဘူး။ စားနေတဲ့ကြက်သား မီးဖိုထဲပြန်ပစ်ထည့် ပြီး၊ ကြက်ပိုက်ပြီး ထထွက်တယ်။ ဒါကို ဦးပါကညောက အတင်းပြန်ဆွဲပြီး ပျာပျာသလဲနဲ့   “ပါကညောရှိတယ်ဆိုတာ ပါကညော ညှိပေးမယ်လို့ ပြောမလို့ပါ ကွာ၊ လာပါ ငပိန်ရာ ထိုင်ပါဦး”  ငပိန် ဆောင့်ကြီးအောင့်ကြီး ပြန်ထိုင်ပြီး ခုနက မီးဖိုထဲက ကြက် သားကိုပဲ ပြန်ကောက်ဝါးတယ်။ ဦးပါကညောကသာ ငပိန် ပေါင်ကြားညှပ် ထားတဲ့ ကြက်လေး ခေါင်းသပ်ပြီး  “ကဲ မင်းဘာဖြစ်ချင်လဲပြော၊ ပါကညောရှိတယ်၊ ပါကညောညှိ ပေးမယ်”    ငပိန်က ကြက်သားကို စိမ်ပြေနပြေဝါးပြီး ထန်းရည်တစ်ကျိုက် မော့သောက်လိုက်သေးတယ်။ ပြီးမှ  “ကျုပ်လဲ များများမတောင်းဆိုပါဘူး”    “ဘယ် ဘယ်လောက်လဲ တစ်လလား”   ပါကညော အလောတကြီးမေးတယ်။ ငပိန်က ခပ်တည်တည်နဲ့ လက်တစ်ချောင်းထောင်ပြီး“တစ်နှစ်” “ငစ်”  ပါကညော သောက်နေတဲ့ ထန်းရည်တောင် နင်သွားတယ်။ ဖိုးဌေး က ဘေးနားကဓားထဆွဲပြီး  “ဒီ..ငါ..”  ငပိန်က ထန်းရည်သောက်တောင်မပျက်ဘူး။ ပါကညောကြီးက ဖိုးဌေးကို လက်ကာပြီးတားတယ်။ ပြီးတော့ သူ့မေးကိုသူပွတ်ပြီး  “တစ်နှစ်”  ခပ်တိုးတိုးရေရွတ်တယ်။ ခေါင်းတဆတ်ဆတ်ညိတ်တယ်။ အမှန် တော့ ကြက်တစ်ကောင်နဲ့ ရွာလုံးကျွတ်ခိုးခွင့်ဆိုတာ သိပ်မမျှတဘူး။ ဒါကို ငပိန်က  “ဒီမှာ၊ ကျုပ်ကြက်ကို ကျုပ်က ငွေထုပ်လို့ ခေါ်သဗျ၊ ဘာကြောင့် လဲ သိလား”  ပါကညော ခေါင်းခါတယ်။ ကြက်ကို ေြွကနေတဲ့အကြည့်နဲ့ ကြည့်တယ်။  “တိုက်တိုင်းနိုင်လို့ သူနဲ့တိုက်ရင် ငွေရလွန်းလို့ ငွေထုပ်လို့ နာမည် ပေးထားတာ၊ ဒါတောင် ကျုပ်တို့လို ပါချီပါချက်ပဲ တိုက်ရလို့၊ ဦးပါကညော  တို့လို လက်ကြီးသမားဆို ပွဲကျွတ်တွေချည်း လွှတ်လို့ရတယ်နော်၊ ငွေဆိုတာ အထုပ်လိုက်နေမှာ”  ဦးပါကညောကြီးမျက်လုံး အရောင်ပြန်လက်လာတယ်။ ဟုတ်တယ်။ သူ့မှာသာ ကြက်ကောင်းတစ်ကောင်ရှိရင် ပွဲသိမ်းပြီ။ ဘာလို့လဲဆိုတော့ သူရှာသမျှအားလုံးက ကြက်ပွဲဖိုးနဲ့တင် မွဲနေတာကိုး။ အခုဟာက သူလဲ တစ်ပြားမှ မစိုက်ရ။ ကြက်ကောင်းတစ်ကောင်လဲ ရမယ့်အခွင့်အရေးကိုး။ ဒါကြောင့်ပဲ  “ဒီလိုလုပ်ကွာ”  ခေါင်းတွေ ပြန်စုကပ်ကုန်တယ်။  “ရွာမှာ မင်းကို တစ်နှစ်တော့ ခိုးခွင့်ပြုမယ်၊ ဒါပေမယ့် လူမသိ အောင်တော့ ခိုးကွာ” ငပိန် ထန်းရည်ခွက်ကို ဆောင့်ချလိုက်တယ်။  “ကြိုက်ပြီ၊ ကျုပ်ကလဲ လူမသိအောင်ဘဲ ခိုးချင်တာဗျ၊ ဒါပေမယ့်  ကတိတစ်ခုတော့ပေး”  “ဘာဂိလဲ ဘာဂိလဲဟင်”  ဦးပါကညောကြီး လိုချင်ဇောနဲ့ စကားတောင်မပီတော့ဘူး။ ဒါကို  ငပိန်က ပါကညောရော ဖိုးဌေးကိုပါကြည့်ပြီး   “ကျုပ်ခိုးတဲ့နေရာတိုင်း ဦးလေးတို့နှစ်ယောက် စောင့်မဖမ်းဘူး လို့ ကတိပေး”   “အင်”  ပါကညောနဲ့ ဖိုးဌေး တစ်ယောက်မျက်နှာတစ်ယောက် ပြန်ကြည့် တယ်။ ခါတိုင်းဆို ရွာထဲဝင်လာတဲ့ သူခိုးတွေ၊ လူရမ်းကားတွေကို သူတို့ နှစ်ယောက် စောင့်ဖမ်းပြီး သမနေကျကိုး။ အခုကျ ငပိန်က သူတို့ရွာထဲကို ဝင်ခိုးတာ စောင့်မဖမ်းရဘူးတဲ့။ ဦးပါကညောကြီး ထိုင်ရမလို ထရမလို ဖြစ် သွားပြီး  “မင်းကလဲကွာ မောင်ပိန်ရာ၊ အိုးလေးအိုးမှာ ပါကညောရှိနေရက် နဲ့” သူ့စကားမဆုံးဘူး။ ငပိန်က ထထွက်မလိုလုပ်တယ်။ ဒါကို ပါ ကညောက အတင်းပြန်ဆွဲပြီး  “ပါကညောရှိတယ်၊ ပါကညော ညှိလို့ရတယ်လို့ မင်းကလဲ ညှိမှာ ပေါ့ကွ”  ငပိန် ပြန်ထိုင်လိုက်တယ်။  “မင်းကလဲကွာ၊ ပါကညောက ညှိလို့ရပါတယ်၊ ဟုတ်ပြီ၊ စောင့် မဖမ်းဘူးကွာ”  “ပါပါကြီး”  ဖိုးဌေးရဲ့ အလိုမကျတဲ့အသံ။ ပါကညော လက်ကာပြပြီးတားတယ်။ ဖိုးဌေးဆိုတာ ငပိန်ကို သမချင်နေတာ လက်ကိုယားနေပြီ။ ငပိန်ကလဲ မသိ ဘူးရယ်တော့ မဟုတ်ဘူး။ သိတယ်။ ဒါပေမယ့် အသာရတုန်းလေး အသား ကုန်တွယ်နေတာ။ “နောက်တစ်ခုရှိသေးတယ်”   ပါကညောက ငပိန်ပေါင်ကြားညှပ်ထားတဲ့ကြက်ကို လှမ်းယူဖို့ လုပ် နေတုန်း ငပိန်အသံကြားတော့ တွန့်ဝင်သွားတယ်။ ပြီးမှ ကြောင်တောင် တောင်နဲ့   “ဘာ ဘာပြန်ပြီလဲဟင်”  “ကျွန်တော့်ကို ရွာသားတွေက ဖမ်းမိပြီး ဦးလေးပါကညော ထိပ် တုံးထဲရောက်ရင် တစ်ဖက်လှည့်နဲ့ ပြန်လွှတ်ပေးရမယ်”    “တယ် ဒီကောင်”  ဖိုးဌေးက ငပိန်ကို ဆံပင်ကဆွဲပြီး ထုဖို့ထတယ်။   “ငြိမ်နေစမ်း” ဦးပါကညော ထအော်တယ်။ ဖိုးဌေးခမျာ မတတ်သာတဲ့ မျက်နှာ ပေးနဲ့ ဆောင့်ကြီးအောင့်ကြီး ပြန်ထိုင်လိုက်ရတယ်။ ပါကညော ငပိန်ဘက် ကိုလှည့်မျက်နှာချိုသွေးရင်း “အေး အေးပါကွာ၊ မင်းကလဲ လူသိရှင်ကြားတော့ ဘယ်လွှတ်ပေး လို့ရမလဲ၊ လစ်တဲ့အခါတော့ လွှတ်ပေးမှာပေါ့၊ ဟုတ်ဖူးလား ဖိုးဌေးရ”  “ဗျာ ဟုတ် ဟုတ်” ဖိုးဌေးခမျာ ငပိန်ကို ထောင်းချင်နေတာတောင် သူ့ဆရာပါပါကြီး ရှေ့က ကာဆီးကာဆီးလုပ်နေလို့ ငပိန် ရွာလုံးကျွတ်ခိုးမယ့်အရေးကို ထောက် ခံပေးနေရရှာတယ်။  “ကဲ ဒါဆို”  ပါကညော ငပိန်ပေါင်ကြားက သူကြိုက်တဲ့ တိုက်ကြက်ကို လှမ်း ယူဖို့လုပ်တယ်။ ဒါကို ငပိန်က  “နေဦး”    ဦးပါကညောကြီး တွန့်ဝင်သွားပြန်တယ်။ ပြီးမှ   “ဟင် ဘာ ဘာကျန်သေးလို့လဲဟင်၊ ဘာကျန်သေးလို့လဲ”  ငပိန်က ထန်းတဲဖက် ပြန်ဝေ့ကြည့်ပြီး  “မလက်တို၊ ကျုပ်တို့ပြောတာကို ခင်ဗျားကြားတယ်နော်၊ ခင်ဗျား က သက်သေပဲ”  ထန်းတဲထဲ ငုတ်တုတ်ထိုင်နေတဲ့ မလက်တိုကလဲ ပြောင်းဖူးဖက် ကြီးဖွာရင်း   “ကြားပါ့တော်၊ ကျုပ်နားစွင့်နေပါတယ်၊ ကြက်တစ်ကောင်နဲ့ တစ်ရွာ လုံးကို စိတ်ကြိုက်ခိုးပေတော့”  မလက်တိုစကားကြောင့် ဦးပါကညောမျက်နှာပျက်သွားတယ်။ ဒါပေမယ့် လူမိုက်ဗီဇက မပျောက်ဘူး။ ခါးကိုမတ်ပြီး ဓားကိုလှမ်းဆွဲကာ  “ဒီမှာ မလက်တို၊ ခင်ဗျားကြားရင် နှုတ်တော့လုံနော်၊ ပါကညော အကြောင်း သိတယ်မဟုတ်လား၊ နှုတ်မလုံလို့ကတော့”  သူ့စကားမဆုံးခင် မလက်တိုက သောက်နေကျပြောင်းဖူးဖက်ကို ဖုတ်ခနဲ ပစ်ချပြီး “အောင်မလေး နှုတ်လုံပါ့တော်၊ လက်တိုတို့ ဘယ်လောက်နှုတ်လုံ လဲဆို ကျွန်မအပျိုဘဝက ရှင် မုဒိမ်းကျင့်ဖို့ ကြိုးစားတာ ကျုပ် ဘယ်သူ့ကို ပြောဖူးလို့လဲ၊ တစ်ခါတောင် မဟုတ်ဘူးနော်၊ နှစ်ခါတောင် ကဲ ကျုပ် ဘယ်သူ့ ပြောလဲ”   ဦးပါကညောမျက်နှာ ဘယ်နားသွားထားရမှန်းတောင်မသိ ဖြစ်သွား တယ်။ “ဖိုးဌေးက ရှင့်နောက်လိုက်လေ”  ဖိုးဌေးက ရှက်ရမ်းရမ်းပြီး မြေကြီးတွေ ကောက်ဝါးနေတယ်။  “တောထဲမှာ တစ်ခါ၊ ဟိုးထန်းသုံးပင်စုမှာ တစ်ခါ၊ ဒီအကြောင်း ကျုပ်ယောကျာ်းဖိုးလုံးတောင် မပြောခဲ့ဘူး၊ တော့ ကိုဖိုးလုံး”      “ဟေ လက်လက်လေး”  အံမာ၊ ရိုမန့်တွေတစ်နေတာ။ ခေါ်တာတောင် မလက်တိုကို အတို ကောက်နဲ့ ]လက်လက်}တဲ့။  “ပါကညော ကျွန်မကို မုဒိမ်းကျင့်ဖို့ ကြံတဲ့အကြောင်း ကျွန်မ ရှင့်ကို  ပြောဖူးလား" “မပြောဖူးပါဘူး လက်လက်ရာ”  “ပါကညော ကျွန်မကို မုဒိမ်းကျင့်ဖို့ ကြံတဲ့အကြောင်း ရှင်သိလား”     “မင်းမပြောတော့ ငါဘယ်သိပါ့မလဲဟ၊ မသိပါဘူး လက်လက်ရာ”   မလက်တိုက သူ့ယောကျာ်းဖိုးလုံးကို အဲ့သည်လောက်ထိပိုင်တာ။  “ပါကညော ရှင်ကြားတယ်နော်၊ မလက်တို ဘယ်လောက်နှုတ်လုံ တယ်ဆိုတာ” ဦးပါကညောကြီး မျက်နှာအပျက်ပျက် အယွင်းယွင်းနဲ့   “အေးပါ လက်လက်ရာ၊ အဲ လက်တိုရာ၊ နင်နှုတ်လုံတာ ငါသိပါ ပြီဟာ၊ ကဲ ကဲ ဒီအကြောင်းလဲ ဘယ်သူ့မှ လျှောက်မပြောနဲ့ သိလား”  “မပြောဘူး” မလက်တိုက ပြတ်တယ်။ သူ့ဟာသူ ပစ်ချထားတဲ့ ပြောင်းဖူးဖက် ပြန်ကောက်ဖွာနေတယ်။  “ကဲ ဒါဆိုလဲ ကြက် ကြက်ကလေး” ဦးပါကညော ငပိန်ဆီကို လက်လှမ်းတယ်။ ငပိန်က ကြက်ကို ကမ်း ပေးမယ်လုပ်ရင်း “တစ်နှစ်နော်”  သူ့စကားကို ဦးပါကညောခေါင်းကို တဆတ်ဆတ်ညိတ် တံတွေးကို ဂလုခနဲမျိုချပြီး    “အေး အေးပါကွာ၊ တစ်နှစ်ပါ”    “သူများဖမ်းမိရင်လဲ ပြန်လွှတ်ပေးရမယ်နော်” “အေးပါကွာ၊ လွှတ်ပေးပါ့မယ်ကွာ၊ စိတ်ချပါ၊ ပါကညောရှိတယ်”  ငပိန်က ကြက်ကို သူ့ဘက်ပြန်ယူလိုက်တယ်။ ဦးပါကညောကြီး တုန်တက်သွားပြီး      “ပါကညောရှိရင် ပါကညောညှိလို့ရပါတယ်ကွ၊ မင်းကလဲ”      ဒီတော့မှ ငပိန်က ကြက်ကိုထိုးပေးတယ်။  “ရော့” ပါကညောနဲ့ဖိုးဌေး ကြက်ကိုဆွဲယူပြီး    “ဟားဟား ရပြီကွ၊ ရပြီ၊ ငွေထုပ်ကို အလကားရပြီ”   အမှန်တော့ သူသာ အလကားရတာ။ တစ်ရွာလုံးကတော့ အခိုးခံ ရပြီသာမှတ်။  “ငွေထုပ်ရပြီ၊ ငွေထုပ်ကြီးရပြီ ဟားဟား”  ဝမ်းသာအားရအော်ပြီး ခြေလှမ်းကြဲကြီးနဲ့ သူတို့ရွာပြန်ပြေးတာများ မှုံလို့။  သူတို့ပျောက်ကွယ်သွားမှ မောင်စိန်က ထန်းရည်ခွက်ကိုဆပြီး    “မင်းကလဲကွာ၊ ကြက်ကို ငွေနဲ့ရောင်းရင် ရာကြီးဂဏန်းလောက် ရနိုင်တာကို။ ဘယ့်နှယ်”    ငပိန် ပြုံးတယ်။ ပြီးတော့ မောင်စိန်ကိုကြည့်ပြီး  “အဲ့ဒါပဲကွ၊ ရာကြီးဂဏန်းရတော့ ဘယ်မှာထားမလဲ”  မောင်စိန် ခေါင်းကုတ်တယ်။  “ဟော ခုဆို ထန်းရည်ဖိုးဆိုတာလဲ မပူရတော့ဘူး၊ ဒီငွေတွေရှိနေ ရင် အန္တရာယ်များပြီလေ”  မောင်စိန်က ခပ်တုံးတုံးမို့ ဘာမှရှင်းမပြတတ်ဘူး။  “ဟော ခုလို တစ်နှစ်ခိုးခွင့် လိုင်စင်ရပြီဆိုတော့ လိုတာလေး သွား ခိုးယူနေယုံပဲ၊ ဘယ်လောက်အေးချမ်းလဲ”  မောင်စိန် ခေါင်းကိုကုတ်ပြီး  “ဒါလဲဟုတ်တာပဲ”  ဆိုပြီး ထောက်ခံတယ်။  အမှန်တော့.. “သူခိုးဆိုတာ သူခိုးအတွေးမျှသာ”           


အပိုင်း (၃) ဆက်ရန်

No comments