အကြည်တော် ၊ သူခိုး အပိုင်း ၅
.
အပိုင်း (၅)
#သူခိုး - အကြည်တော်
ငပိန်ရဲ့စိတ်ထဲ မြန်မြန်ညရောက်ပါစေ ဆုတောင်းနေမိတယ်။
ညရောက်မှ သူချစ်တဲ့လှမေလေးနဲ့ တွေ့ရမှာကိုး။
ငပိန်တစ်ယောက် လှမေကို အစွဲလမ်းကြီး စွဲလမ်းနေပေပြီ။ တစ်ခါမှ ဒီလိုမချစ်ဘူးတော့လည်း လူက နေမထိထိုင်မသာ။
အပျော်လွန်ပြီး ထကနေရမလား။ လွမ်းလွန်းလို့ ခွေနေရမလားလဲ မသိ။ စိတ်ထဲမှာလဲ လှိုက်ခနဲ လှိုက်ခနဲ။ လှမေရဲ့ မျက်နှာဝိုင်းလေးက ကွက်ခနဲ ကွက်ခနဲ။ ရုတ်တရက် လှမေရဲ့မျက်နှာလေး အတွေးထဲမပေါ်တော့ရင် အတင်းပြန်လိုက်ရှာရတာမျိုးကလား။ သူ့မျက်နှာလေး ပြန်မြင်ရမှ ကျေနပ်နေတာမျိုး။
တွေ့ချင်စိတ်ကလဲ နွားသိုးကြိုးပြတ်လို့။ ချက်ချင်းပဲ ထပြေးသွားချင် စိတ်ကို အတင်းမျိုသိပ်နေရတာ။
နေ့ခင်းပိုင်းကြီးလည်း အိုးလေးအိုးထဲ ဝင်သွားလို့မရဘူးလေ။ သူ့ကို မြင်ရင် ဝိုင်းရိုက်လွှတ်မလား၊ ထိတ်တုံးစာမိမလားပဲ။ ပါကညောကြီးကတော့ ပြန်လွှတ်မယ် ကတိတော့ ထားပါရဲ့။ ဒါပေမယ့် တစ်ရက်လောက် မသိချင် ယောင်ဆောင်နေရင်လဲ သူ့အတွက်ကတော့ တစ်ကမ္ဘာပဲ မဟုတ်လား။
လှမေလေးနဲ့ တစ်ညမတွေ့ရရင် သူ့အတွက် တစ်ကမ္ဘာစာလောက် ဝေးသွားမှာ။
ခုနစ်ရက်မတွေ့ရလို့၊ ရက်ပေါင်းခုနစ်ရာဆွေးတဲ့ ကိန္နရီ ကိန္နရာ မောင်နှံအကြောင်းတော့ သူမသိဘူး။ သူသိတာ လှမေလေးနဲ့ တစ်ညတာ ဝေးရရင် တစ်ကမ္ဘာရေးရသလိုပဲ။
“လှမေလေးရယ်”
အလိုလိုနေရင်း လှမေနာမည်ကို ရေရွတ်နေမိတယ်။ တခါတခါ ငှက်ဖျားတက်သလို တဟီးဟီးနဲ့ တုန်တက်လာသေး။
အသက်ရယ်လဲ ကောင်းကောင်းမရှူတော့ပါဘူး။ အသက်ရှူပြီး ပြန်မှုတ်ထုတ်လိုက်ရင် လှမေရဲ့ ကိုယ်သင်းနံ့လေး ပျောက်သွားမှာစိုးလို့။ ဒါကြောင့် အသက်ကိုတောင် အောင့်နိုင်သလောက် အောင့်ထားတယ်။
ငပိန် သူ့ဟာသူစဉ်းစားမိတယ်။
ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေတော့ဘူး။
“လှမေလေးကိုခိုးပြီး နှစ်ကိုယ်တူဘဝ တည်ဆောက်မှပဲ”
ငပိန် သူ့အတွေးနဲ့သူ ပျော်သွားတယ်။ သူ့စိတ်ကူးထဲမှာတော့
“လှမေနဲ့ညားပြီး ကလေးအများကြီးမွေးမယ်၊ ကလေးတွေအတွက် မျက်နှာဖုံးလေး ကြိုတင်တွေးထားဦးမှပဲ”
သူ့အတွေးထဲမှာတော့ သူတို့မိသားစုလေး မျက်နှာဖုံးလေးတွေနဲ့ အေးချမ်းလို့။
+++
ဒိုးကျ မြေဝိုင်းနောက်ဆုံးညပေပဲ။
“ပုလဲငွေရောင် မြူမှောင်ဝေကင်း၊ အလင်း တဲ့ အလင်းကိုဆောင်၊ ပျိုတို့မောင် ပျိုလေးတို့မောင် အို ယောင်ကြီးဗွေတဲ့၊ အနားကိုြွက၊ ထွေးပါ့ပွေ့ပါ့ နှမလေးရဲ့ ဒီခန္ဓာ”
“ပလီနွဲ့နွဲ့ ရိသဲ့သဲ့ပြောရမှာ၊ ပျိုကလေးရဲ့ ဝန်တာ၊ မောင်ကြီးရဲ့ ပျို့မောင်ကြီးရဲ့ အချစ်ထုံးကလေး ဖြေ..ပါ၊ ပျိုကညာ အို..ဇရာကို အန်တုလို့၊ ကျော့ ကျော့ကလေး မောင့်ရင်ခွင်မှာ တစ်သက်လုံး တစ် သက်လုံး ပြုံးပြုံးကလေး နေချင်တာ”
လက်ျာခံစိမ့်စိမ့်စိုးရဲ့ တစ်ပုဒ်တည်းသော သီချင်းကိုကြားရပြီ။ ကာလသားတွေလဲ မီးကုန်ယမ်း ကုန် ငမ်းကြပြီပေါ့။ နောက်ဆုံးညကိုး။ မောင်စိန် တောင် ပိုးဥကို ဒီညရအောင်ခိုးမတဲ့။
ဒီလိုညမျိုး ပြန်ရောက်ဖို့ နှစ်ပေါက်အောင် ထပ်စောင့်ရမှာလေ။ ပွဲငတ်သူတွေအတွက်တော့ နောက်ဆုံးညဆိုတာ တကယ့်ကို ပြန်မရနိုင်တဲ့ ညပေပဲ။
ထို့နည်းတူစွာပဲ ဒီညဆိုတာကလဲ ငပိန်အတွက် နောက်တစ်ခါ ပြန်မရနိုင်တဲ့ညပဲလေ။ နောက်ညတွေဆို လှမေလေးနဲ့ ဒီလိုမျိုး လွတ်လွတ် လပ်လပ်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး
ပွဲလဲပြီးသွားပြီဆိုတော့ ရွာမှာက လူပြန်စုံပြီလေ။ ဒီတော့ ရွာထဲကို ဝင်ရထွက်ရက ခက်ပြီ။
ချိန်းတွေ့ပြီထားပါတော့။ တစ်ယောက်ယောက်မိသွားရင် မခက်လား။ သူက အစကတည်းက နာမည်ပျက်နဲ့သူခိုး။ ဘယ်အချိန်မိမိ ထိတ်တုံး နဲ့ညိမှာပဲ။
ဒါကြောင့် ပွဲခင်းမှာ လူစုံတာနဲ့ ငပိန် အိုးလေးအိုးရွာဖက်ကို ပြေး သွားတော့တာ။ ဒီကြားထဲ မနေ့ညကလို မြင်သာရွာက လူမိုက်ရူးလှဦး လိုက် လာလေမလားဆိုပြီး ဘေးဘီကြည့်ရသေး။ အခြေအနေက ခါတိုင်းညထက် ပိုပြီးထူးထူးခြားခြား ပိုတည်ငြိမ်နေသေး။ ငပိန် ဘယ်အိမ်မှ မကပ်တော့ဘဲ လှမေလေးရှိရာ ဖွားလှခင်အိမ်ကို တန်းပြေးချသွားတာ။ ဒီတစ်ခါ အိမ်ဝိုင်းထဲ က သရက်ပင်ကိုလဲ ဝင်မကပ်တော့ဘူး။ ခြေဖော့နင်းပြီး အိမ်ပေါ်တန်းတက် တာ။ ပြီးတော့ အမောတကောနဲ့ လှမ်းခေါ်လိုက်တယ်။
“လှမေ လှမေ”
“ရှင်”
လှမေရဲ့ တုန့်ပြန်သံကလဲ မြန်တယ်။ သူကလဲ ငပိန့်ကို မျှော်နေ ပုံပဲ။ လတ်လတ်ဆတ်ဆတ် လူးထားတဲ့ သနပ်ခါးနံ့က မွှေးအီနေတယ်။ ငပိန် မနေနိုင်တော့ဘူး။ လှမေရှိရာ ပြေးသွားပြီး
“ရှလူး”
“အို အမေ့”
သူ့နှာခေါင်းတုံးတုံးကြီးနဲ့ လှမေရဲ့ပါးပြင်ပေါ် တုံးတိကြီး ဆော်ပစ် တာ။
“ဖြည်းဖြည်းလုပ်ပါ ကိုပိန်ရယ်၊ တစ်ညလုံးအချိန်ရသေးတဲ့ဟာကို”
“ရှလူး”
မသိရင် နှာရည်ယိုလို့ပဲ နှာခေါင်းထဲ ရေရှူသွင်းတာ ကျနေတာ။ ပြီးတော့ အလောတကြီးနဲ့
“လာ လှမေ လှမေကို ကိုပိန်ပြောစရာရှိတယ်”
“ရှလူး”
ပြောတာက ပါးစပ်ကရော နှာခေါင်းကရော ပြောနေတာ။ ကျန် တာဆို ပြောမနေနဲ့တော့။ အစကတည်းက သူခိုး။
“သူခိုးလက် ဝက်မှီးလေ”
“ကဲ ဟုတ်ပါပြီ၊ ထိုင်ပါရစေဦး”
အမှောင်ထောင့်ကလေးမှာ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ငပိန်က မျက်လွှာချထားတဲ့ လှမေမျက်နှာလေးကို ငေးကြည့်ရင်း
“လှမေရယ်”
လှမေက ရှက်ပြုံးလေးပြုံးနေတယ်။ ငပိန်ကသာ အဖျားတက်တဲ့ လေသံကြီးနဲ့
“ကိုယ်၊ ကိုယ်မနေနိုင်တော့ဘူး လှမေရယ်”
လှမေ မျက်လုံးပြူးသွားတယ်။ ပြီးတော့ တစ်ဖက်လှည့်ပြီး
“အီးပါချင်လို့လား၊ အဲ့ဒါဆိုလဲ တုတ်ချိုးပြီး တောထဲပြေးလေ”
ငပိန် ခေါင်းကုတ်သွားတယ်။ ပြီးမှ
“အာ အဲ့ဒါပြောတာမဟုတ်ဘူး လှမေရဲ့၊ ဟိုလေ”
ငပိန် သူ့ခေါင်းသေးသေးလေးကို သူပြန်ကုတ်တယ်။ ပြီးတော့ စဉ်း စားမိဟန်နဲ့
“ကိုယ် လှမေနဲ့ခွဲပြီး မနေနိုင်တော့ဘူး”
သူ့စကားကို လှမေက ပြုံးပြီး
“ဒါဆို ဒီနားတိုး”
“တိုးပြီ”
ငပိန် ယောင်ပြီး လှမေနားတိုးသွားလိုက်သေးတယ်။ နောက်မှ လူချင်းခွာပြီး
“ကိုယ်ပြောတာ ဒီတခနတာ မဟုတ်ဘူး လှမေရဲ့၊ တစ်ဘဝစာ”
“ဟင်”
ငပိန်ရဲ့စကားကြောင့် လှမေကြောင်သွားတယ်။ ငပိန်က အတည် ကြီးပြောနေတာကိုး။ ငပိန်ကသာ လှမေကိုတိုးဖက်ပြီး
“ဟုတ်တယ် လှမေ၊ ကိုပိန် လှမေနဲ့ မခွဲနိုင်တော့ဘူး၊ ဒီတော့ လှ ပိန် ကိုမေကိုခိုး၊ အဲလေ စကားတောင်မှားကုန်ပြီ၊ လှမေကို ကိုပိန် ဒီည ခိုး ပြေးတော့မယ်ဟာ”
“ရှင်”
လှမေ မျက်လုံးလေးပြူးပြီး ကြောင်နေတယ်။ ဒါကို ငပိန်က လှမေ ရဲ့လက်ကိုဆွဲပြီး
လိုက်ခဲ့ပါလား လှမေရယ်”
“အို”
လှမေ မျက်လွှာလေးချသွားတယ်။ ပြီးတော့ တစ်ဖက်လှည့်ပြီး
“စဉ်းစားပါဦး ကိုပိန်ရယ်၊ လှမေက ကိုပိန့်နောက်လိုက်ပြီး ဘယ်လိုနေရမှာလဲ၊ ကိုပိန်ကရော လှမေကို ဘာတွေဘယ်လိုလုပ်စားကြမှာလဲ”
လှမေအမေးကို ငပိန်က မျက်မှောင်ကျုံ့ပြီး
“အုန်းနို့ခေါက်ဆွဲ လုပ်စားကြမလား၊ ကိုပိန်သိပ်ကြိုက်တာ”
သူ့စကားကို လှမေက
“အာ အဲ့ဒါကိုပြောတာ မဟုတ်ဘူးလေ၊ အလုပ်အကိုင်ကို ပြောနေ တာ”
လှမေအမေးကို ငပိန်က အားတက်သရော ရင်ကော့ပြီး
“အာ လှမေရာ၊ နေတာက တောထဲဘယ်နားနေနေ၊ လုပ်ကျွေးတာက ကိုပိန်ခိုးကျွေးမှာပါ၊ ကိုပိန်က သူခိုးပဲ၊ ဘယ်တော့မှ မငတ်စေရဘူး စိတ်ချ”
လှမေ မျက်နှာပျက်သွားတယ်။ သက်ပြင်းချတယ်။ ပြီးမှ အမှောင် ဖက်ကိုငေးပြီး
“ကိုပိန်ရယ်၊ ဘယ်သူကများ သူခိုးမယားဖြစ်ချင်မှာလဲ၊ ကိုယ့်ယောကျာ်းဟာ သူခိုးတစ်ယောက်ပါလို့ ဘယ်သူက ဂုဏ်ယူပြောတာ မြင်ဖူးလို့လဲ”
ဒါကိုတောင် အကင်းမပါးတဲ့ငပိန်က ရင်ကော့ပြီး
“လှမေပြောလေ”
လှမေ ခေါင်းငုံ့ပြီး
“လှမေ သူခိုးမယား မဖြစ်ချင်ဘူး”
ငပိန်တွေသွားတယ်။ ဟုတ်လဲဟုတ်သား။ ဘယ်သူက သူခိုးမယား ဖြစ်ချင်မှာလဲလေ။ လှမေတို့လို မိန်းမကောင်းတစ်ယောက်က ပိုပြီးတောင် မမျှော်မှန်းသေး။
ငပိန်ပျော့ကျသွားတယ်။ သူ့မှာလဲ လုပ်တတ်တာဆိုလို့ ခိုးတာ တစ်ခုရှိတာကိုး။ ဒီအကျင့်ကို မဖျောက်နိုင်ရင်တော့ လှမေနဲ့သူနဲ့ဝေးပြီ။
လှမေနဲ့ဝေးပြီဆိုတာ စဉ်းစားလိုက်ယုံနဲ့ ငပိန်ရဲ့ရင်ပိန်ပိန် တဒိုင်းဒိုင်းနဲ့ ခုန်လာတယ်။ ဒါကြောင့် လှမေရဲ့လက်ကလေးဆွဲပြီး
“ကိုပိန် ကိုပိန် မခိုးတော့ဘူးဆိုရင်ရော”
လှမေက ဝေ့ကြည့်ပြီး
“မခိုးတော့ရင် ကိုပိန်က လှမေကို ဘယ်လိုလုပ်ကျွေးမှာလဲ”
ငပိန်က သူ့ရှိစုမဲ့စု လက်မောင်းပိန်ကို ထောင်ပြပြီး
“ကိုပိန့်မှာ အင်အားရှိပါတယ်၊ ကိုပိန်လုပ်ကျွေးမှာပေါ့”
ဒါကို လှမေက
“ဟွန်း ဒီလက်မောင်းလေးနဲ့”
ဆိုပြီး မူပြီးတွန်းချလိုက်တာ ငပိန်အိမ်ခါးပန်းကတဆင့် လှေကားအတိုင်း ဖုတ်ဖုတ်ဖုတ် ပြုတ်ကျသွားတာ။ ငပိန် ဖုန်တွေအလူးလူးနဲ့ ပြန်ပြေးတက်လာပြီး
“တကယ်ပြောတာပါ လှမေရယ်၊ ကိုပိန် ဘယ်တော့မှ မခိုးတော့ဘဲ ကောင်းကောင်းမွန်မွန် လုပ်ကျွေးမယ်ဆိုရင် လှမေ ကိုပိန့်နောက်လိုက်မှာလား”
လှမေက ခေါင်းကိုငုံ့ပြီး
“တကယ်ပြောတာလား၊ တစ်သက်လုံး မခိုးရဘူးနော်”
ငပိန် တံတွေးမျိုချပြီး.
“တကယ် တကယ်ပြောတာပါ၊ လှမေသာ ကိုပိန့်နောက်လိုက်ခဲ့ရင် ကိုပိန် တစ်သက်လုံး မခိုးတော့ဘူးလို့ ကတိပေးပါတယ်၊ နော် နော် လိုက်ခဲ့ နော်”
လှမေ ရှက်ပြုံးပြုံးပြီး
“ဒါဆို ပြီးရော”
လှမေစကားကြားတော့ ငပိန် ထကချင်စိတ်ပေါက်အောင် ဝမ်းသာသွားတယ်။ ဒါကြောင့်ပဲ
“တကယ် တကယ်ပြောတာလား လှမေ လှမေ တကယ်ပြောတာ လား”
သူ့အလောတကြီးအမေးကို လှမေက မျက်လွှာလေးချပြီး
“တကယ်ပေါ့”
အဲဒီစကားကြားတာနဲ့ ငပိန် လှမေလက်ကို ဆတ်ခနဲဆွဲလိုက်ပြီး
“လာ အဲ့ဒါဆို ခုပဲသွားရအောင်၊ ခုပဲသွားရအောင်၊ လူရှင်းတုန်း လေး ဟီဟိ”
ငပိန် အတင်းဆွဲခေါ်နေတော့ လှမေ လန့်သွားတယ်။ နောက်မှ လက်ကို အတင်းရုန်းပြီး
“ဟာ နေပါဦးကိုပိန်ရဲ့၊ နေပါဦး လှမေပြောပါရစေဦး”
လှမေစကားကြောင့် ငပိန် ဆွဲနေရာက ရပ်သွားတယ်။ လှမေက ငပိန်ကို ဆွဲထိုင်စေပြီး
“ဒီညတော့ မလုပ်ပါနဲ့ဦး ကိုပိန်ရယ်”
“ဘာလို့လဲဟင်”
“ဘာလို့လဲဆိုတော့ လှမေက ကိုပိန့်နောက်ကို တစ်သက်တာအတွက် လိုက်ရမှာမဟုတ်လား”
“အင်းလေ”
“ဒီတော့ လှမေ တစ်သက်တာလိုက်နိုင်ဖို့ လိုအပ်တဲ့အဝတ်အစား တွေ၊ ခေါင်းအုံး အိပ်ရာခင်းကအစ ယူရမှာလေ”
ငပိန်တွေသွားတယ်။ နောက်တော့ အလောတကြီးနဲ့
“အဲ့ အဲဒါဆိုယူလေ၊ အခုသိမ်းလိုက်မယ်လေ”
ဆိုတော့ လှမေက သူ့လက်ကိုဆွဲပြီး
“ဪ ကိုပိန်ကလဲ ခုသိမ်းပြီးခုလိုက်လို့က ဘယ်ဖြစ်ဦးမှာလဲ၊ လှမေက အခုချက်ချင်းကြီးလိုက်သွားရင် ဖွားလှခင်တို့ ရွာသားတို့က လိုက်ရှာ ကြမှာပေါ့”
“ဟင်”
လှမေပြောတော့လည်းဟုတ်သား။ လှမေတစ်ယောက် ရုတ်တရက် ပျောက်သွားရင် အတင်းကို လိုက်ရှာကြတော့မှာပဲလေ။
“အဲ အဲဒီတော့”
“အဲဒီတော့ မနက်ဖြန်ကျရင် ဖွားလှခင်ကို လှမေက အမေတို့ရွာ ရေလွှဲကြီးကို ခဏပြန်မယ်ပြောထားတယ်၊ ညကျတော့ ကိုပိန်လာခိုးပေါ့၊ ဒါဆို လှမေအိမ်မှာမရှိလဲ အမေတို့ရွာ ရေလွှဲကြီးကို သွားတယ်ပဲထင်ပြီး လိုက်မရှာမှာလေ”
“ဟာ အဟုတ်ဟ၊ လှမေရယ် တော်လိုက်တာ ရှလူး”
ငပိန် တအားတွေဝမ်းသာနေတာ။
ဟုတ်သား။ လှမေပြောတဲ့အကြံမဆိုးဘူး။ ဒီညတခါတည်းသာ လှမေ ပျောက်သွားရင် တစ်ရွာလုံး ဒေါင်းတောက်အောင် လိုက်ရှာကြမှာ။ အဲဒီ တော့ ကံမကောင်းအကြောင်းမလှရင် လှမေနဲ့အတူ သူ့ကိုပါတွေ့ပြီး အမှုကြီးသွားနိုင်တယ်။ ဒါကြောင့်ပဲ
“ဒါဖြင့် ဒီည ကိုပိန်လည်း စောပြန်မယ်၊ လှမေလဲ နက်ဖြန်အတွက် လုပ်စရာရှိတာ သိမ်းစရာရှိတာ သိမ်းထား၊ မနက်ဖြန်ညကိုပိန် လာခေါ်မယ် နော် နော်”
ငပိန်ရဲ့ အားတက်သရောစကားကို လှမေက ခေါင်းညိတ်တယ်။ ဒါကို ငပိန်က
“ကဲ အဲဒါဆို ကိုပိန်ပြန်မယ်၊ ဪသာ် ဒါနဲ့ လှမေ”
“ရှင်”
လှမေက ပြန်ထူးတယ်။ ငပိန်က ရယ်ကျဲကျဲနဲ့ သူ့လက်ညှိုးပိန်ပိန် လေးနှစ်ခုလိမ်ပြီး
“မနက်ဖြန်ညကျရင် ဟိုးထောင့်ကစုဘူးလေးတော့ မမေ့နဲ့နော်၊ အာဟိ”
သူညွှန်ပြရာကို လှမေကကြည့်တယ်။ ပြီးမှ
“ဪ အဲဒါ လှမေစုဘူးပဲလေ၊ လှမေယူခဲ့မှာပေါ့”
ငပိန်မျက်လုံးပါ အရောင်လက်သွားတယ်။ သူလိုချင်တဲ့ လှမေရော စုဘူးရော ရပြီကိုး။ ဒါကြောင့် ဝမ်းသာအားရပဲ
“ကဲ ဒါဖြင့် ကိုပိန်ပြန်ပြီနော်”
“ဪ ဒါနဲ့ ကိုပိန်”
လှမေက လှမ်းတားတယ်၊ ပြီးတော့ မျက်လွှာလေးချပြီး
“မနက်ဖြန်ကျရင် ထန်းရည်မသောက်လာပါနဲ့လား”
ငပိန် ခြေလှမ်းတွေရပ်သွားတယ်။ လှမေကသာ ဆက်ပြီး
“လှမေက မနက်ဖြန် ခိုးရာလိုက်ရတော့မှာဆိုတော့ ကိုပိန့်ကို ထန်းရည်လည်း မသောက်စေချင်ဘူး၊ နောက်ပြီး ရေမိုးလေးချိုးပြီး သပ်သပ်ရပ်ရပ်ကလေး ဖြစ်စေချင်တယ်၊ လှမေတို့က တူနှစ်ကိုယ်ဘဝသစ် စရတော့မှာလေ၊ ဒါကြောင့်ပါ”
ငပိန် သက်ပြင်းချလိုက်တယ်။ လှမေပြောတာဟုတ်သား။
သူ့ခမျာ သူတို့နှစ်ယောက်ဘဝမှာ ငပိန်ကို လူသစ် စိတ်သစ် ပုံစံအသစ်နဲ့ ပြန်စစေချင်ပုံရတယ်။ ဒါကို ငပိန်လဲ သဘောပေါက်ပါတယ်။ ဒါကြောင့် ခေါင်းကိုညိတ်ပြီး
“စိတ်ချပါ လှမေရယ်၊ လှမေပြောတဲ့အတိုင်း ကိုပိန် အားလုံးလုပ်ခဲ့ပါ့မယ်၊ လှမေသာ စုဘူးလေးမမေ့နဲ့”
ဆိုပြီး ရွာဖက် ပြန်ပြေးချလာတယ်။
ငပိန်ရဲ့ခြေလှမ်းတွေက ခါတိုင်းထက် ပိုပေါ့ပါးနေတယ်။ မနက်ဖြန်ဆိုတာ တွေးမိတိုင်း သူပြေးနေရင်းနဲ့ လေပေါ် ပျံပျံတက်သွားသလိုကို ခံစားနေရတယ်။
ဟုတ်တယ်။ မနက်ဖြန်က သူခိုးငပိန်ရဲ့ ဘဝအသစ်ပဲလေ။
+++
ငပိန် တရော်ကင်ပွန်းနဲ့ကို ရေချိုးနေတဲ့ သတင်းကြားတော့ တစ်ရွာလုံးကို အံ့ဩကြောဆွဲကုန် တယ်။ ဟုတ်တယ်။ ငပိန်ဆိုတဲ့ကောင်က ရေဘယ် လောက်ကြောက်လဲဆို မျက်နှာသစ်ရင်တောင် ထန်းရည်နဲ့ပဲသစ်တာ။ သူ့ဘဝမှာ ရေချိုးဖို့မပြောနဲ့၊ ရေတောင် သောက်ဖူးရဲ့လား မသိဘူး။ ထန်းရည်နဲ့ပဲ အသက်ရှင်ခဲ့တာလေ။
အခုတော့ ရေချည်းချိုးတာမဟုတ်ဘဲ တရော်ကင်ပွန်းနဲ့ပါ ဆွဲပွတ်နေတာဆိုတော့ တစ်ရွာလုံးကို အံ့ဩကြောဆွဲရော။ သူ့အမေဒေါ်ပိန်တောင် မျက်လုံး ကြီးပြူးပြီး ငုတ်တုတ်ထိုင်ကြည့်ရတာ။
ရွာမှာ မုန့်ပြားသလက်ရောင်းတဲ့ ဒေါ်ကြီး တင်နွဲ့ဆို အံ့ဩလွန်းလို့တဲ့
“ငါ့မုန့်ပြားသလက် မစားရင် မစားနဲ့ အေး၊ ငပိန်ရေချိုးတာ သွား ကြည့်ကြ၊ ငါ့မုန့်ပြားသလက်က ငါမသေမချင်းရောင်းမှာ၊ အေး အဲလိုပဲ ငပိန်လည်း မသေမချင်း ဒီတစ်ကြိမ်ပဲ ရေချိုးမှာဟေ့၊ ထူးခြားပြီ၊ ထူးခြားပြီ”
ဪ ငပိန် ရေတစ်ခါချိုးတာ။ လက်ျာခံစိမ့်စိမ့်စိုးထက်တောင် စည်သေး။
+++
အဖြူရောင်ပိုးအင်္ကျီ၊ အဝါရောင်ပိုးပုဆိုးကြီးနဲ့ ကတ္တီပါခုံမြင့်ကြီးစီးထားတဲ့ ငပိန်ရဲ့ပုံက သန့် ပြန့်နေတယ်။ နောက်ပြီး နံ့သာကတိုးကလည်း ဘယ်လောက်ဆွတ်လာတယ်မသိဘူး။ ငပိန်များဖြတ်သွားရင် ပန်းပေါင်းတစ်ထောင် ပူဇော်ထားတဲ့အတိုင်း မွှေးကြိုင်ကျန်ခဲ့တာ။
ငပိန်ကို ဒီလိုပုံမမြင်ဘူးတော့ တချို့ဆို လူ တွေကိုမှားလို့။ တချို့ဆို မင်းညီမင်းသားမှတ်ပြီး လမ်းတောင်ဖယ်ပေးကြသေး။
ငပိန်ရဲ့ခြေလှမ်းတွေကတော့ နေရာမမှား ဘူး။ မလက်တိုရဲ့ ထန်းတဲဆီကို။
ထန်းတဲရောက်တော့ မလက်တိုကတောင် သူ့ကို သူဌေးသူကြွယ်မှတ်ပြီး
“လာပါရှင့်၊ ကြွပါရှင့်၊ ဟောဒီထန်းလက်ခုံမှာ နေရာယူပါရှင့်၊ ဟင့် ဟင့်”
ဆိုပြီး အသေအချာကြည့်မှ
“အာ ငရိုးမငပိနှ စားဖူးလိုပဲ”
ဆိုပြီး ဖြစ်သွားရတယ်။ ထန်းရည်ဆိုင် ကြိုရောက်နှင့်ပြီး အောင်ပွဲခံနေတဲ့ ပါကညောတို့ ဖိုးဌေးတို့ကလည်း ပထမတော့ကြောင်နေသေးတယ်။ နောက်မှ ပါကညောကြီး မျက်လုံးပြူးပြီး
“ဟင် ဒီကောင် ဒီကောင် ဝတ်ထားတာ၊ ငါ့ ငါ့ပိုးပုဆိုးကြီးကွ”
“ဟာ ဖိနပ်က ကျုပ်မိန်းမဖိနပ်”
ငပိန်ကတော့ ခပ်တည်တည်ပဲ။ မြေကြီးပေါ်မှာတောင် မထိုင်တော့ ဘူး။ ချထားတဲ့ ထန်းလက်ခုံပေါ် ခြေချိတ်ထိုင်လိုက်တယ်။ မလက်တိုက ထန်းရည်လာချတော့ ငပိန်က လက်ကာပြလိုက်ပြီး
“မချနဲ့ မလက်တို၊ ကျုပ် ထန်းရည်မသောက်တော့ဘူး”
“ငင့်”
ငပိန်ရဲ့ စကားတစ်ခွန်းက ထန်းရည်ဆိုင်တစ်ခုလုံးကို ကြက်သေ သေစေတယ်။ မလက်တိုဆို ငပိန်ကိုကြည့်လိုက်၊ သူ့ထန်းရည်ကျည်တောက် ကိုကြည့်လိုက်နဲ့ ဘာလုပ်ရမှန်းမသိဘူး။ ပါကညောဆို ကိုင်ထားတဲ့ ကြက်သားတုံးပါ ပြုတ်ကျတယ်။ ဖိုးဌေးဆိုတာလဲ သူ့ကို ခဲနဲ့ထချမလို့ကို ခဲကြီး ရွယ်ပြီး ငြိမ်နေတယ်။ သူ့သူငယ်ချင်းမောင်စိန်နဲ့ တင်ဖိုးက သူ့ဆီပြေးလာတဲ့ ခြေလှမ်းတွေရပ်ပြီး ငုတ်တုတ်မေ့နေတာ။
ငပိန်ကတော့ ခန့်ခန့်ကြီးပြုံးပြီး
“ဒါ့အပြင် ဒီနေ့ကစပြီး သူခိုးအလုပ်ကိုလဲ စွန့်လွှတ်လိုက်ပြီ”
“ဟင်”
မလက်တို မယုံနိုင်စွာ သူယူလာတဲ့ ထန်းရည် သူ့ခေါင်းပေါ်သူ ပြန်လောင်းချမိသွားတယ်။ ပါကညောက ပြုတ်ကျသွားတဲ့ ကြက်သားတုံး ပြန်ကောက်ပြီး သူ့နဖူးသူ ပြန်ထုကြည့်တယ်။ ဖိုးဌေးကိုင်ထားတဲ့ခဲလုံးက သူ့ခေါင်းပေါ်သူ ပြန်ပြုတ်ကျတယ်။ မောင်စိန်က ခြေလှမ်းအရှေ့ကို လှမ်းထားပေမယ့် အနောက်ကို ပြန်ပြုတ်ကျတယ်။ တင်ဖိုးကတော့ ဒူးညွတ်ခွေ ကျပြီး မေ့လဲကျသွားတယ်။
ငပိန်ကသာ ထိုင်နေရာက ပြန်ထပြီး
“ဒါပဲ၊ ဒီနေ့ကစပြီး ငပိန် သေရည် သေရက်လည်း မသောက်တော့ဘူး၊ သူများပစ္စည်းလဲ မခိုးတော့ဘူး၊ ငါးပါးသီလလုံခြုံအောင်နေမယ်၊ အဲဒါ လာပြောတာ”
ဆိုပြီး ခပ်တည်တည်နဲ့ ထန်းတဲက ထထွက်သွားတယ်။ ခပ်ဝေးဝေး ရောက်တော့ လုပ်နေကျအတိုင်း ကိန္နရီ ကိန္နရာအက ကပြသွားသေး။ ဒီသောက်ကျင့်တော့ မပျောက်ဘူး။
အားလုံးက သောက်လက်စထန်းရည်ကို ဆက်သောက်ရမလား။ ပြောလက်စ ကြက်ပွဲအကြောင်းပဲ ရပ်ပစ်ရမှာလား ဝေခွဲမရဖြစ်နေတယ်။ ငပိန်လို သောက်ကျင့်အတော်ပျက်တဲ့ကောင်တောင် သေရည်သေရက်နဲ့ ခိုးဝှက်ခြင်းကို ရှောင်ပြီဆိုတော့လေ။
ပါကညောဆိုတာ လေပါဖြတ်သလိုဖြစ်သွားတယ်။ ဘာပြောရမှန်း မသိဘဲ ပါးစပ်ရွဲ့သွားတာ။ မလက်တိုလဲ ဖင်ပါသီသွားတယ်။ သူ့ခမျာ ပုတီးပဲ ပြေးဆွဲရမလား၊ ဘုန်းကြီးကျောင်းပဲသွားရမလား ဖြစ်နေတယ်။ သူ့ ယောကျာ်းဖိုးလုံးက နားစွန်နားဖျားလေးကြားယုံရှိသေးတယ်။ ထန်းပင်ပေါ် က ပြန်မဆင်းရဲတော့ဘူး။ ရှက်လို့တဲ့။ ဓားဖိုးဌေးဆို တဲထဲဝင်ပြီး ကြက်သွန် တောင် ဝင်လှီးနေတယ်။ သူ့ဓားနဲ့။ လူထိုးတတ်တယ် အထင်ခံရမှာစိုးလို့။
ပထမတော့ အားလုံးက ကြောင်ပြီး ကိုယ်တိုင်ပဲ ဘဝပြောင်းရတော့မလို၊ ငပိန်ကို ဥပမာယူပြီး သားသမီးပဲ ပြန်ဆုံးမရမလို ဖြစ်နေကြတယ်။
အတော်ကလေးကို ကြာတော့မှ စဉ်းစားမိပြီး
“ဒါဟာ မဖြစ်နိုင်ပါဘူးလေ၊ ငပိန်လို မွေးရာပါသောက်ကျင့်မ ကောင်းတဲ့သူတစ်ယောက်က ဒီလိုချက်ချင်း ပြောင်းလဲသွားတာ ဘယ်လို ဖြစ်နိုင်ပါ့မလဲ”ပေါ့။
ဒီလိုနဲ့ မယုံလို့ သွားစုံစမ်းခိုင်းတော့
“ငပိန် ရေချိုးနေတယ်”တဲ့။ “တရော်ကင်ပွန်းနဲ့တဲ့”
ပါကညောဆိုတာ လေဖြတ်မလိုဖြစ်လို့ သံပုရာသီးတွေခူးပြီး ပါးစောင်တွေ ထိုင်လှိမ့်နေရတာ။
ဓားဖိုးဌေးဆို
“ကျွန်တော် ရူးပြီ၊ ကျွန်တော်ရူးပြီ”
ဆိုပြီး ထကနေလို့ မနည်းလိုက်ဖမ်းယူရတယ်။
ထန်းရည်ရောင်းတဲ့ မလက်တိုဆို သူ့ယောကျာ်းဖိုးလုံး ထမင်းခွန့် ကျွေးနေတာကို ငပိန် ရေနောက်တစ်ကြိမ်ချိုးနေတယ်လဲကြားရော တစ်ခွန်းတည်း ထအော်တယ်။
“စားဖု”
+++
ညက နက်ပါပြီ။
လူတွေကမနေ့ညကအထိ သုံးညလုံး ပွဲပန်းထားလို့ ခပ်စောစောပဲအိပ်မောကျကုန်ပြီ။
ရွာမှာ လူမရှိတဲ့ သုံးညလုံးတောင် ဘာပစ္စည်းမှ အပျောက်အရှမရှိတော့ ဒီလိုညမျိုး စိတ်ချလက်ချ အိပ်ကြတာပေါ့။
မအိပ်နိုင်သူက ငပိန်။ သူခိုးငပိန်လေ။
လှစ်ခနဲ လှစ်ခနဲ အိုးလေးအိုးကို ပြေးချသွားတယ်။
ဒီညက ထူးခြားသဗျ။
ငပိန် ဖြူဖွေးသန့်ပြန့်နေတဲ့ အင်္ကျီအဖြူကို ဝတ်ထားတဲ့အပြင် ပါကညောပွဲတက်ပုဆိုးအဝါရောင် တောက်တောက်ကြီးကို ဝတ်ထားသေးတာ။
ညအမှောင် လရောင်အောက်မှာ တဝင်းဝင်းနဲ့ပဲ။ ဒါပေမယ့် လူက ရှင်းတယ်မဟုတ်လား။ သူ့ကိုလဲ ဘယ်သူကမှ စောင့်ကြည့်မနေဘူးလေ။
ငပိန် ဖွားလှခင်တို့ အိမ်ဝိုင်းနားရောက်တော့ ခြံဝင်းထဲတန်းမဝင်သေးဘူး။ ခြံစည်းရိုးတိုင်ကြီးကြီးမှာ အရင်ကပ်ပြီး အိမ်ဝိုင်းထဲကို လှမ်းကြည့်လိုက်တယ်။ ပြောမရဘူးလေ။ ခြံဝိုင်းထဲ တစ်ယောက်ယောက်ရှိနေနိုင်တာ ကိုး။ ဒါကြောင့် ခြံစည်းရိုးတိုင်မှာကပ်ပြီး အိမ်ဝိုင်းထဲ အရင်လှမ်းကြည့်ရတာပေါ့။
“ဟာ”
ဖွားလှခင်တို့အိမ်ရှေ့ သူဝင်ပုန်းနေကျ သရက်ပင်မှာ ရိပ်ခနဲ လှုပ်ရှားမှုတစ်ခု သူတွေ့တယ်။ မှောင်မည်းမည်းဆိုတော့ မသဲကွဲဘူး။
“မနေ့ညက လှဦးဆိုတဲ့ကောင်များလား”
သူ့စိတ်ထဲ ထိတ်ခနဲ။
ဒါမှမဟုတ်။ တစ်ယောက်ယောက်ကများ သူ့အရင်ရောက်နှင့်နေတာလား။ ငပိန် အသေအချာပြန်ကြည့်မှ
“ဟာ”
ငပိန် အံ့အားသင့်သွားတယ်။
“လှမေ၊ လှမေပဲ”
ဟုတ်တယ်။ သရက်ပင်အောက် သူ့အရင်ရောက်နှင့်နေတာ သူ့ ရဲ့ချစ်စလိကိုက်လေး လှမေပဲ။ ငပိန့်ချစ်တုတုလေးလှမေ။ ငပိန်ရဲ့ အသည်းနှလုံးတစ်စုံ။
လှမေကတော့ ခိုးရာလိုက်ရင် အဆင်သင့်ဖြစ်ဖို့ထင်တယ်။ သရက် ပင်အောက်မှာ အထုတ်အပိုးတွေပြင်နေတယ်။ လှမေကိုမြင်တော့ ငပိန် ဝမ်းသာသွားပြီး
“အပိုင်ပဲ၊ အပိုင်ပဲဟ၊ အိုရချည်သေးရဲ့ ဟီဟိ”
ဆိုပြီး သူခိုးခြေလှမ်းနဲ့ လှမေရှိရာ ပြေးသွားတယ်။ နောက် လှမေ နောက်ကျောကနေ လှမေမျက်လုံးကို လှမ်းအုပ်လိုက်ပြီး ဝမ်းသာအားရနဲ့
“ဟိတ် ဘယ်သူလဲပြော”
ရုတ်တရက်ကြီး မျက်လုံးအအုပ်ခံရလို့ထင်တယ်။ လှမေလန့်သွားတယ်။ နောက် ငပိန်ရဲ့လက်ကို လိမ်ချိုးပြီး
“ဟင် ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူကြီးလဲ”
ဆိုပြီး ငပိန်ကို ကိုင်ဖွတ်ချလိုက်တယ်။ နောက် အမှောင်ထဲမှာ ဖြူဖွေးသန့်စင်နေတဲ့ အင်္ကျီအဖြူ၊ ပိုးပုဆိုးအဝါကိုမြင်တော့ အံ့အားသင့်သွားပြီး
“ရှင်၊ ရှင်ဘယ်သူလဲ”
လှမေရဲ့အမေးကို ငပိန်က အလောတကြီးနဲ့
“လှမေ၊ ကိုယ်လေ၊ ငပိန်လေ ငပိန်”
ဆိုတာကို လှမေက သူ့ရဲ့လက်ကိုချိုး၊ လဲကျသွားတဲ့ ငပိန်ရဲ့ လည်မျိုကို ခြေဖနောင့်နဲ့နင်းပြီး
“နင် ငပိန်မဟုတ်ဘူး၊ ငပိန်က ဒီပုံစံ ဒီအနံ့မဟုတ်ဘူး၊ သူခိုးဗျို့ သူခိုး သူခိုး”
“ဟာ”
လှမေရဲ့ အော်သံကျယ်ကျယ်။
ငပိန်လဲ လန့်သွားပြီး၊ လှမေဖနောင့်အောက်က အတင်းရုန်းပြီး
“လှမေ ကိုပိန်ပါ၊ လှမေရဲ့ ကိုပိန်ပါ”
“သူခိုးဗျို့ သူခိုး သူခိုး”
လှမေရဲ့ အော်သံက ရွာကို လှုပ်နှိုးလိုက်သလိုပဲ။ ငပိန် လှမေရဲ့ ဖနောင့်အောက်ကနေ ရုန်းကြည့်သေးတယ်။
ရဘူး။ ဟိုကလေးမက ငယ်ထဲကနေ လယ်လုပ်လာသူဆိုတော့ အတင်းသန်တာကိုး။
“လှမေ လှမေ ကိုယ် ကိုယ်”
အသံက ဗလုံးဗထွေးပဲ။ ကြည်မြနေတဲ့အသံက
“သူခိုးဗျို့ သူခိုး သူခိုး”
အဲ့ဒီအသံနောက်မှာတော့
“ဟေ့ သူခိုးတဲ့ဟေ့၊ သူခိုးတဲ့”
“ဘယ်မှာလဲ သူခိုး၊ ဘယ်မှာလဲ သူခိုး”
“ဖွားလှခင်တို့ခြံထဲမှာဟေ့ လိုက်ကြဟေ့ လိုက်ကြ”
“သူခိုးမျိုးဖြုတ်မယ်ဟေ့ ဓားဖိုးဌေးလာပြီ”
သိပ်မကြာဘူး။ တစ်ရွာလုံး မီးအိမ်တွေ မီးတုတ်တွေနဲ့ ရောက်လာတော့တာ။
“ဘယ်မှာလဲ သူခိုး၊ ဘယ်မှာလဲ သူခိုး”
“ဒီမှာ ဒီမှာ လှမေ လည်မျိုနင်းထားတာ”
“လှမေခြေထောက်အောက်မှာတဲ့ဟေ့၊ ကြည့်ကြဦး”
“ဘယ်ကောင်လဲဟ၊ ဘယ်ကသူခိုးလဲ၊ ပါကညောလာပြီ၊ ပါကညော ဆော်ပြီ”
ဆိုပြီး မီးအလင်းမှာကြည့်လိုက်တော့
“ဟာ”
“ငပိ ငပိန်ပဲ”
“ဟာ ဒိုးကျရွာက သူခိုးငပိန်ဟ”
သူခိုးငပိန်အသံကြားတော့ လှမေလန့်သွားတယ်။ ဒါကြောင့် လိမ် ထားတဲ့လက်၊ နင်းထားတဲ့လည်မျိုကို လွှတ်ပြီး
“ဟင် ကိုပိန်လား၊ ကိုပိန် တကယ်ကြီးလား”
ဆိုပြီး အလန့်တကြားမေးတယ်။ ဒါကို ငပိန်က မျက်နှာရှုံ့မဲ့ပြီး
“နင့်ကို ငါ အစကတည်းက ပြောတယ်လေ၊ ကိုပိန်ပါလို့ ဟီး”
ငပိန်ရဲ့ငိုသံဝဲစကားကို လှမေက ပါးစပ်ကလေးအုပ်ပြီး
“လှမေ၊ လှမေ၊ ကိုပိန့်အနံ့ကို မမှတ်မိဘူး”
“ငင့်”
ငပိန်နင်သွားတယ်။ နောက်မှ ငိုသံဝဲကြီးနဲ့
“အီး နင်ပဲလာခိုးရင် ရေချိုးထားပါဆိုလို့ ငါ့မှာ တရော်ကင်ပွန်းနဲ့ ရေချိုးခဲ့တာ သုံးခါ၊ နံ့သာဆွတ်တာ ရှစ်ခါ၊ ဟီး ...”
“အဲတော့၊ လှမေက ကိုပိန့်ကိုဆို ထန်းရည်နံ့လေး ချွေးနံ့လေးမှတ်ထားတာ၊ နောက်ပြီး ဝတ်ထားတာကလဲ ကိုပိန်မဟုတ်သလိုပဲ”
ရွာသားတွေက သူတို့ကို ကြောင်ကြည့်နေကြတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းမသိကြပဲကို။
နောက်မှ အနည်းငယ်ရိပ်မိတဲ့ သူကြီးပါကညောက မျက်မှောင်ကျုတ်ပြီး
“နေပါဦး၊ နေပါဦး၊ နင်တို့က လာခိုးပါတို့ အနံ့မမှတ်မိဘူးတို့ဆိုတော့ နင်တို့က သမီးရည်းစားတွေလား”
ပါကညောအမေးကြောင့် လှမေ ရှက်ကိုးရှက်ကန်း ဖြစ်သွားတယ်။ ငပိန်ကသာ ခိုးရာပါလုံချည်နဲ့ မျက်ရည်သုတ်ပြီး
“အီး..သမီးရည်းစားမို့ လာခိုးတာပေါ့ဗျ၊ ဒီရောက်မှ သူက ကျုပ်ကိုသူခိုးတဲ့ အီး”
လှမေ မျက်နှာပျက်သွားတယ်။ ဘေးမှာကလည်း ခိုးရာလိုက်ဖို့လုပ်ထားတဲ့ အထုပ်တွေ အစီစီအရီရီကိုး။ လှမေ ခေါင်းလေးငုံ့ပြီး
“ကိုပိန်ကလဲ၊ လှမေက ကိုပိန့်အနံ့ကို မှတ်ထားတာ၊ အနံ့မတူ အရောင်မတူတော့ သူခိုးထင်တာပေါ့”
“နင်ပဲ ရေချိုးလာဆို ဟီး ... အခုမှ အနံ့မမှတ်မိလို့ သူခိုးထင်တယ် တဲ့ ဟီး ...”
သူတို့အငြင်းအခုန်စကားကို ပါကညောက လက်ကာပြပြီး
“နေကြစမ်းပါဦး၊ ငါမရှင်းလို့ မေးပါရစေဦး၊ နင်တို့ သမီးရည်းစားဆိုတော့ သူက ပါးလေးမနမ်းဘူးလား”
ပါကညောအမေးကို လှမေက ရှက်ကိုးရှက်ကန်းနဲ့
“နမ်းတယ်”
“နမ်းတော့ နင် သူ့ကို မကြည့်မိဘူးလား”
“ဦးလေးကလဲ ရှက်တော့ မျက်လုံးမှိတ်ထားတာပေါ့”
လှမေက ရှက်ပြီး တစ်ဖက်ကို လှည့်သွားသေး။ ပါကညောကပဲ ဆက်ပြီး
“ဒါဖြင့်ရင်ကွာ၊ နဖူးလေးနမ်းတော့ရော”
“ဦးလေးကလဲ ရှက်လို့ပါဆို၊ ဘယ်လိုမျက်လုံးဖွင့်ကြည့်ရဲမလဲ”
“ဒါဖြင့် လည်တိုင်လေးနမ်းတော့ရော”
လှမေ မျက်လုံးပြူးသွားပြီး
“အဲ့ဒါတော့ မျက်လုံးဖွင့်ကြည့်ထားရတယ်”
“ဟင် လည်တိုင်နမ်းတော့ မျက်လုံးဖွင့်ကြည့်တယ်၊ ဘာလို့လဲ”
“သူ ဆွဲကြိုးဖြုတ်ခိုးမှာစိုးလို့”
“ဟာ”
အားလုံးဆီက တသံတည်း ထွက်လာကြတယ်။ ဒီတော့မှ ဖွားလှခင်က ရှေ့ထွက်လာပြီး
“လှမေရယ်၊ ငါဖြင့်ရှက်လိုက်တာ၊ နင် ဒီကောင်သူခိုးမှန်း နင်မသိဘူးလား”
သူ့အဖွားအမေးကို လှခင်က မူနွဲ့နွဲ့နဲ့ ခေါင်းငုံ့ပြီး
“သိသားပဲ”
သူ့မြေးရဲ့အဖြေကို ဖွားလှခင် မျက်လုံးပြူးပြီး
“ဟဲ့ ဒီကောင် သူခိုးမှန်းသိရဲ့သားနဲ့ နင် ဘာလို့ ပြန်ကြိုက်ရတာလဲ လှမေရဲ့”
သူ့အဖွားစကားကို လှမေက သူ့လက်နှစ်ချောင်းသူ ပူးလိမ်ပြီး
“သူခိုးနေပုံလေးက ချစ်စရာလေး”
“ဟေ”
အားလုံး မျက်လုံးတွေကို ပြူးကုန်တာ။ ပြီးမှ လှမေက
“ဒီလိုလေး သူခိုးပုံလေးက”
ဆိုပြီး ငပိန်ပစ္စည်းခိုးနေပုံတောင် လုပ်ပြနေသေး။ ဒါကို ငပိန်ကလည်း ပြန်လုပ်ပြတယ်။
ဟုတ်တော့လဲ ဟုတ်တယ်။ ခြေတစ်ဖက်ကို ဒူးကွေး၊ ခြေတစ်ဖက်က မြှောက်ပြီး မျက်ခုံးလေးပင့် မျက်လုံးလေးမှေးထားတာ တကယ့်ချစ်စရာ လေး။
တချို့ရွာသားတွေတောင် လိုက်လုပ်ကြည့်နေကြသေး။
နောက်မှ သတိရကြပြီး
“ဘာပဲဖြစ်ဖြစ် ဒီကောင် ငါတို့ရွာကို မွှေနှောက်ဝင်ခိုးသွားတဲ့ သူခိုး ပဲ”
“ဟုတ်တယ်၊ အခု လက်ပူးလက်ကြပ်မိတုန်း၊ ဒီကောင့်ကို ရွာမှာ မချုပ်နဲ့၊ ထောင်ကြီးချုပ်ပို့ရမယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ထောင်ကြီးချုပ်ပို့သင့်တယ်”
ငပိန် မျက်နှာပျက်သွားတယ်။ ထောင်ကြီးချုပ်ဆိုတာ မြို့မှာရှိတဲ့ အချုပ်ကိုပြောတာ။
ထောင်ကြီးချုပ်ရောက်ရင် ခြောက်လ တစ်နှစ်လောက်ကြာပြီပဲ။ ဒါကြောင့် မျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ပဲ
“မလုပ်ကြပါနဲ့ဗျာ၊ ကျုပ်ကို ထောင်ကြီးချုပ်မပို့ဘဲ ဦးပါကညောရဲ့ထိတ်တုံးမှာသာ”
သူ့စကားမဆုံးဘူး။ ပါကညောကြီး ဖိုးဌေးကို လက်ကုတ်ပြီး ထွက်သွားတယ်။ သူတို့ ကတိရှိထားကြတာကိုး။
နောက် ... ကြားရတဲ့အသံက
“ကဲ ရွာသားတွေ သူခိုးငပိန်ကို ထောင်ကြီးချုပ်ပို့ဖို့ ပြင်ကြဟေ့”
ငပိန် ပျော့ကျသွားတယ်။ ဒါနဲ့ မထူးပါဘူးဆိုတဲ့ အတွေးနဲ့ထင်တယ်။ လှမေခိုးရာလိုက်ဖို့ယူလာတဲ့ အထုပ်ထဲက သူလိုချင်နေတဲ့ စုဘူးလေးကိုပဲယူပြီး ပိုက်ထားလိုက်တော့တယ်။
+++
>>> အပိုင်း (၆) ဆက်ရန် <<<
No comments