New Artical

အကြည်တော် ၊ သူခိုး အပိုင်း ၃

 .                       အပိုင်း (၃) 



#သူခိုး - အကြည်တော်

.


အဲဒီနေ့ကစပြီး အိုးလေးအိုးရွာမှာ ပစ္စည်းတွေ စပျောက်တော့တာပဲ။


ငပိန်ကလဲ ဒိုးကျမှာ မနေတော့ဘူး။ အားရင် အိုးလေးအိုးရွာမှာ လမ်းသလားနေတော့တာ။ သူ့ ကိုကြည့်လိုက်ရင် ရွာလမ်းတလျှောက် ပိတုန်းလေး ပျံနေတဲ့အတိုင်းပဲ။ တစ်ချိန်လုံးကို ခုန်ပျံနေတော့တာ။


လူကလဲ ဘုရားရှေ့အုတ်နံရံမှာ ကပ်နေလိုက်ရင်ကို အုတ်နံရံမှာ သစ်သားဖောင်းကြွရုပ်ကလေး ထုထားတယ် ထင်ရလောက်အောင် ပိန်ပိန်ညောင်ညောင်လေး။


နောက်ပြီး ငပိန်က သူခိုးသာဆိုတယ်။ မျက်နှာချိုသဗျ။ တွေ့ကရာလူ


“ဟာ အရီး”


“ဦးလေးကြီး”


စသည်ဖြင့် ဝင်ရောပြီး အဲ့ဒီအိမ်တွေကို တက်ကြည့်တာ။ သူလိုတာတွေ့ရင် ညကျမှ ပတ်ခိုးတာ။


လူတိုင်းကလဲ “ဒီလောက်ဖော်ရွေတဲ့ကောင်ကို ဘယ်သူက သူခိုး ထင်မလဲလေ နော့” အကြောင်းမှမသိတာ။ ဒါတင်လား..


လူမိုက်သူကြီး ဦးပါကညောကိုလဲ သူ့ယောက်ဖလောက် မှတ်နေတာ။ မျက်နှာချင်းဆိုင်တွေ့တာနဲ့


“ဟာ ပါကညော ပေါကညာ၊ ပေါတာကြီး၊ ဒီနေ့ ဘယ်ဘက် လမ်းသလား”


ဒါတင်မကဘူး။ ဓားထိုးကြမ်းပါတယ်ဆိုတဲ့ သူကြီးတပည့်ဖိုးဌေးလည်း မနေရဘူး။


“ဖိုးဌေး၊ ဘေးထိုးကြီး၊ ဘယ့်နှယ်လဲ ခင်ဗျားဓားကြီး ကြက်သွန်လှီးဖို့ မိန်းမကို ပေးထားသလား၊ ကလိထိုးမှာနော်”


ဆိုပြီး ကလိလိုက်ထိုးလို့ လူမိုက်ကြီးခမျာ လိုက်ထွက်ပြေးနေရသေး။


အစကတော့ အိုးလေးအိုးမှာ ဒီလိုပစ္စည်းတွေ ပျောက်လေ့ပျောက်ထ မရှိတော့ အားလုံးရဲ့စိတ်ထဲမှာ


“ဪ ငါအထားမှားလို့ဖြစ်မယ်၊ ပါကညောတို့ ဖိုးဌေးတို့ရှိတာ ဘယ်သူခိုးက ရွာဝင်ခိုးရဲမှာလဲ” ဒီလိုပဲ ထင်ကြတယ်။ ပါကညောတို့ ဖိုးဌေးတို့ကို အားကိုးတာကိုး။


ဒေါ်ကြီးသီ ဒန်အိုးသုံးလုံး အရင်စပျောက်တယ်။


“အေး ဒန်အိုးတွေ ဘုန်းကြီးကျောင်းမှာပဲ ထားခဲ့မိလေသလား၊ တစ်အိမ်အိမ်တင်ခဲ့မိသလားပေါ့”


ဦးဖိုးသာဂေါင်ကြီး ဘဲတစ်အုပ်ပျောက်သွားပြန်တယ်။


“အေး ဘဲတွေ တောထဲဝင်ပြေးကုန်တာများလား၊ ပါကညောတို့ ဖိုးဌေးတို့ရှိတာပဲ အခိုးခံရတာ မဖြစ်နိုင်ပါဘူး”


ဘွားလှခင် စပါးကျီထဲက ဆန်တစ်တင်းခွဲ ပျောက်သွားတယ်။


“အေး ကြွက်တွေများ စပါးကျီဖောက်တာလား၊ ကြွက်ထောင်ချောက်တော့ လုပ်ရတော့မယ်ထင်တယ်” ဒီလိုပဲတွေးကြတာ။


ဒီလို နေ့စဉ် တစ်အိမ်နည်းနည်းစီ ပျောက်နေကြတာ။ ဘယ်သူကမှ သူတို့အိမ်သူခိုးခိုးတယ်လို့ မထင်မိကြဘူး။ ငပိန်ခိုးနေတယ်လို့ကို မထင်တာ။


နောက်ဆုံး သူကြီးပါကညောကြီးကတော် ထဘီသုံးထည်ပျောက်မှ ဒီအစက ပေါ်လာတာ၊ ရွာမှာ သူခိုးရှိပြီဆိုတာ ပေါ်လာတာ။


+++


ပြောရဦးမယ်ဗျ။ ဒီရွာတွေက ရွာသိမ်ရွာမွှား လေးတွေဆိုပြီး အထင်သေးလို့ မရဘူး။ သူကြီး ပါကညောဆိုတာလဲ အထင်မသေးလေနဲ့နော့။ သူလဲ မင်းမျိုးမင်းနွယ်ဗျ။ သူပြောတာနော်။ သူ့အရင်ဘဝ ရာဇဝင်က ဒီလိုပါတဲ့။


“သူကတဲ့၊ ကုန်းဘောင်အစောပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ မိဖုရားကြီး ရှင်စောပုရဲ့ အစ်မ နှစ်ဝမ်းကွဲ တော်ခဲ့ဖူးတာတဲ့”


သူက ရှင်စောပုထက် အရင်မွေးခဲ့လို့ အဲဒီတုန်းက သူ့ဘွဲ့နာမည်က “အရင်စောပု”တဲ့။


ရှင်စောပုက နောက်မှပုတာ။ သူက ရှင်စောပုထက် အရင်စောပုထားလို့ သူ့နာမည်က "အရင်စောပု" တဲ့။


ဟုတ်မဟုတ်တော့ မသိဘူး။


ဒါပေမယ့် နာမည်နဲ့လူနဲ့လိုက်တယ်။ လိုက်တာမှ အတော်ကြီးကို လိုက်တာ။


လူက တကယ့်ကို ပုပုသေးသေးလေး။ ဘယ်သူနဲ့ ယှဉ်လိုက်ယှဉ်လိုက်၊ တကယ့်ကို ပုပါတယ်ဆိုတဲ့သူတွေထက်ကို အရင်စောပြီး ပုထားတဲ့ အတိုင်းလေး၊ ဒါကြောင့်လ သူ့ကိုခေါ်ကြတယ်။


“သူကြီးကတော် အရင်စောပု"


အရီးအရင်စောပုက ဒီရွာသူမဟုတ်ဘူး။ သစ်ပင်လှ(အနောက်ဖျား) ရွာက။ သူတို့တွေက သူ့တစ်ယောက်တည်း ပုတာမဟုတ်ဘူး။


မျိုးရိုး။


သူ့အဖေ ဗိုဗပုဆိုတာလဲ သစ်ပင်လှမှာ နာမည်ကြီးဂျပု။


ဗိုဗပုနဲ့ သူ့မိန်းမဒေါ်ရှယ်ပု (ပုတာတောင် ရိုးရိုးပုတာမဟုတ်ဘူး နော်၊ ဇွန်းတပ်ပုတာ၊ ရှယ်ကြီးပု) တို့က သားသမီးသုံးယောက်မွေးတာ။


ဦးပါကညောနဲ့ အိမ်ထောင်ကျတဲ့ အရင်စောပုက အငယ်မ။ သူ့ အထက်မှာ အစ်မတစ်ယောက်ရှိသေးတယ်။ နာမည်ကိုက


“နှစ်ဘဝကြိုပု”


ရှင်စောပုထက်ကို အရင်စောပုက ပိုပုသလို၊ အရင်စောပုတို့ ပုတယ်ဆိုတာ ဟိုက ခိုးတောင်ရယ်ဦးမယ်။ ဘယ်သူဘယ်လောက်ပုပု၊ သူတို့ ထက်ကို နှစ်ဘဝကြိုပုထားတာ။


“နှစ်ဘဝကြိုပု”


နှစ်ဘဝကြိုပုပြီးမှ အရင်စောပု။


အဲ ... အငယ်ကောင်ကျတော့ ဝဝဖိုင့်ဖိုင့်လေး။ သူက တရားတစ်ဖက်၊ ဓားတစ်လက်နဲ့လူမျိုး။


အေးရင်နော်။ တစ်ချိန်လုံး တရားထိုင်တယ်။ ပုတီးစိပ်တယ်။ အဲ ... ကြမ်းပြီဆိုရင်လဲ ဓားနဲ့ကိုပတ်ထိုးတာ။


ဒါကြောင့် သူ့ကို အသွင်နှစ်မျိုးနဲ့ (အသွင်ပြောင်းနိုင်လို့)ကင်ပွန်း တပ်ကြတယ်။


“သမန်းဝက်”


ခင်ဗျားတို့ကြားဖူးတာ၊ သမန်းကျားပဲ ကြားဖူးမှာပေါ့။ လူတစ်ပိုင်း ကျားတစ်ပိုင်းလေ။ အေး သူကလဲ အဲဒီလိုမျိုးပဲ။ အသွင်တော့ နှစ်မျိုးပြောင်းနိုင်တယ်။ ဒါပေမယ့် လူက ဝဝကြီးနဲ့ ဝက်ကြီးလိုဖြစ်နေလို့ ခေါ်ကြတယ်။ ဒဏ္ဍာာရီလာက သမန်းကျားလို့မဟုတ်ဘူး။


“သမန်းဝက်”


ကျောမှာလည်း ဝက်ခုံးပုံကြီး စုတ်ထိုးထားတာ။


သစ်ပင်လှမှာ “သမန်းဝက်ဟေ့”ဆို တစ်ရွာလုံး တုန်ဆင်းနေတာ။


ပါကညောကြီးနဲ့ အရင်စောပု ညားတာလဲ သမန်းဝက်ကြောင့် သတင်းလွေ့လွေ့ပေါင်းဖက်တွေ့တာပဲ။


ဖြစ်ပုံက ဒီလို။


အဲဒီအရင်စောပုရဲ့မောင် တရားတစ်ဖက် ဓားတစ်လက် သမန်း ဝက်မှာ လူမိုက်တပည့်လေးတွေရှိတယ်။


“အကြာကြီးမဲ”


ဒီကောင်ကလဲ အသားမည်းတာ ခုနေရောင်ထိလို့၊ ရေစားလို့၊ ဆေး စားမှားလို့ ရောဂါဖြစ်လို့ စသည်ဖြင့် ဖြတ်ခနဲမည်းတာမဟုတ်ဘူး။ ဒီကောင် မဲတာ အတော်ကြာပြီ။ တော်တော်လေးကို ကြာပြီ။ ဒါကြောင့် သူ့ကို ခေါ် ကြတာ။


“အကြာကြီးမဲ”


အဲဒီအကြာကြီးမဲနဲ့ သူ့ညီ ကြိုတင်မဲ (ကြိုတင်ပြီးကို ရည်ရွယ်ချက် ရှိရှိ မည်းထားတာ)တို့နှစ်ယောက် ဘုမသိဘမသိ အိုးလေးအိုးရွာမှာ ဝင်သောင်းကျန်းမိလို့ ပါကညောနဲ့ ဖိုးဌေးတို့ ဗျင်းလိုက်တာ။ (အဲ့တုန်းက သမန်း ဝက်ငယ်ငယ်ပေါ့)


အဲကအစ ပါကညောနဲ့ သမန်းဝက်တို့ ငြိကြတာ။ နောက်တော့ ဟိုညှိဒီညှိနဲ့ ပါကညောကြီးနဲ့ သမန်းဝက်ရဲ့ အစ်မငယ် အရင်စောပုတို့ အကြောင်းပါကြတယ်။ ဒါပဲ။


ထားပါတော့။


ဒီဆွေမျိုးတွေအကြောင်း ပြောရရင် ကုန်မှာမဟုတ်ဘူး။ သူတို့ စကားပုံလေးနဲ့ပဲ ဆွေမျိုးစပ်ခြင်းကို သိမ်းလိုက်ရအောင်။ သူတို့ဆွေမျိုး စကားပုံက 


“မည်သူမပြု၊ မိမိပု”


ဘယ်သူ့ပယောဂမှ မပါဘူး။ ကိုယ့်သဘောနဲ့ကိုယ် ပုထားတာ။


“ဘယ်သူမပြု မိမိပု”


အခုပြောချင်တာက သူကြီးကတော် အရင်စောပု ထဘီသုံးကွင်း ပျောက်ရာကနေ ဒီဇာတ်လမ်းစတော့တာပဲ။


+++


“ဒူ ဒူ ဒူ” 


သူကြီးအိမ်က မောင်းသံကြားတော့၊ တစ်ရွာ လုံး လုပ်လက်စအလုပ်တွေ ပစ်ချပြီး သူကြီးအိမ်ဖက် မျှော်ကြည့်ကြတယ်။


ဟုတ်တယ်လေ။ တော်ယုံတန်ယုံ အရေးအကြောင်းဆို အရေးကြီးသူကို သူကြီးက လူလွှတ်ပြီး ပြောနေကျ။ ခုလို မောင်းသံကြားပြီဆို တစ်ရွာလုံး အရေးမှန်း လူတိုင်းသိကြတယ်။ ဒါကြောင့် ရွာရှိသမျှ လူအားလုံး သူကြီးအိမ်ရှေ့စုရတယ်။ ဒါကြောင့် လုပ်လက်စအလုပ်တွေ ထားခဲ့ပြီး သူကြီးအိမ်ရှေ့ လူစုဖို့ သွားကြရတာပေါ့။


“ဒူ ဒူ ဒူ” 


အိုးလေးအိုးရွာက မောင်းသံကြားတာနဲ့ မလက်တိုထန်းတဲမှာ ဘဲသားနဲ့ ထန်းရည်ခဲနေတဲ့ငပိန် ခေါင်းထောင်သွားတယ်။ ပြီးတာနဲ့ ထန်းရည်ခွက်ကိုပစ်ချပြီး ဘေးနားက မောင်စိန်ကို လက်ဆွဲကာ


“ဟာ ဟေ့ကောင် ခွင်ကောင်းပဲ လာ လာ”


ဆိုပြီး အိုးလေးအိုးကိုပြေးတာ။


“အာ ဒီကောင် ဘာလဲဟ”


ဆိုပြီး မောင်စိန် ယက်ကန်ယက်ကန်နဲ့ လိုက်ပါသွားတယ်။


အိုးလေးအိုးရောက်တော့ သူထင်တဲ့အတိုင်းပဲ။ ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံး သူကြီးအိမ်ရှေ့ လူစုဖို့ သွားကြပြီကိုး။


“ဟေ့ကောင် တွေ့လား၊ ငါထင်တာမှန်တယ်၊ ဟီဟိ”


ဆိုပြီး ရွာထဲမှာ သူလိုသမျှ ပတ်ခိုးတာ။ ပြီးတော့ မောင်စိန်ကို ပေးပြီး


“ဟေ့ကောင် ဒါတွေကို မလက်တိုဆိုင်မှာ သွားဖွက်ထား၊ ဟိုမှာ ဘာဖြစ်နေလဲ ငါ စနည်းသွားနာလိုက်ဦးမယ်”


ဆိုပြီး ခိုးထားသမျှတွေ မောင်စိန်ကိုပေးပြီး သူက သူကြီးပါကညော အိမ်ရှေ့ကို သုတ်ချေတင်တော့တာ။


+++


ငပိန်ရောက်တော့ သူကြီးအိမ်ရှေ့မှာ လူစုံနေပြီ။


သူကြီးကတော် အရင်စောပု အိမ်ရှေ့ချထားတဲ့ လေးပေစားပွဲပေါ် တက်လိုက်တယ်။ ဟုတ်တယ် လေ။ အဲ့ဒီလိုတက်လိုက်မှ သူ့အရပ်က လူစဉ်မီတာ ကိုး။ သူ့လက်ထဲမှာ မကြာသေးခင်ကမှ မွေးထားတဲ့ သားငယ် ဗြောင်ကြီးပုကို ချီထားတယ်။ သားကြီး ထာဝရပုက အိမ်လှေကားမှာ ပုပုကလေး ထိုင်ငေးနေတယ်။ အကြည့်ပုပုကလေးနဲ့ပေါ့။


စားပွဲအောက်ထိုင်ခုံမှာမှ သူကြီးပါကညော မျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ ထိုင်နေတယ်။ အရင်စောပုက လူကသာ လက်တစ်ဆစ်။ စိတ်ကလဲ လက်တစ်လုံး။ စိတ်က ထစ်ခနဲဆို ဖင်ကပါ ဗျစ်ခနဲ လူစားမျိုး။ ဒါကြောင့် လိုရင်းကိုပဲ ဒဲ့ပဲအော်မေးလိုက်တယ်။


“ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ” 


“ဟင်” 


“ဟာ”


သူ့စကားကြောင့် အားလုံးကြောင်ကုန်တယ်။ ရွာသားတွေထင်တာ က သူကြီးအရေးတကြီး ခေါ်တာဆိုတော့ ရပ်ရေးရွာရေး သာရေးနာရေး ထင်နေတာ။ အခုတော့ “ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ”တဲ့။


ဒါကြောင့် ခေါင်းချင်းတွေဆိုင်ပြီး ကျွတ်စီကျွတ်စီ ဖြစ်ကုန်တယ်။


“သူ့ထဘီသုံးကွင်း ဘယ်သူခိုးလဲတဲ့”


“ဘာလုပ်ဖို့ သူထဘီ၊ ကလေးတောင် အနှီးထုပ်မရတာကို” 


“ခိုးစရာလား သူ့ထဘီ၊ လေတင်ဘက်က သူ့ထဘီယက်ရင်တောင် လေအောက်ဘက်က အသက်ရှူကြပ်နေတာကို”


အားလုံး ပွစိပွစိ ဖြစ်ကုန်တယ်။ ဒါကို အရင်စောပုက ဂရုမစိုက်ဘဲ အသံကိုမြှင့်ပြီး ထပ်အော်ပြန်တယ်။


“ငါ့ထဘီသုံးကွင်း ဘယ်သူခိုးသလဲ” 


အားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြပြန်တယ်။ ဒါမျိုး ဘယ်တုန်းကမှ အမေးမခံဘူးတော့ ဘယ်သူမှ ရုတ်တရက် ပြန်မပြော တတ်ဘူး။ ဒါကို နှုတ်သွက်သွက်ရှိတဲ့ ဖွားလှခင်က


“ဟဲ့ ရင်စောပု၊ နင့်ထဘီကွင်းခိုးရအောင် ငါတို့ရွာသူခိုးရှိတာမှ မဟုတ်တာ၊ သူခိုးရှိလဲ နင့်လင်သူကြီးပါကညောကြီး အုပ်လို့ အသက်တောင် ရှင်မှာမဟုတ်ဘူး”


အားလုံး ခေါင်းညိတ်ထောက်ခံကြတယ်။


ဦးပါကညော ရင်ကော့သွားတယ်။ ဟုတ်တယ်လေ။ ဒီရွာမှာ ပါ ကညောရှိရင် ပွဲသိမ်းနေတာကို။ ဒါကို ဖွားလှခင်က ဆက်ပြီး


“ငါတို့လဲ နင့်ထဘီသုံးကွင်း ခိုးဖို့မပြောနဲ့၊ စပါးကျီထဲ သိမ်းထားတဲ့ စပါးတစ်တင်းခွဲ ဘယ်လိုပျောက်သွားလဲကို မစဉ်းစားတတ်ဘူး ဖြစ်နေတာ”


ဖွားလှခင်စကားကြောင့် အားလုံး လှုပ်လှုပ်ရွရွ ပြန်ဖြစ်ကုန်တယ်။ ပြီးမှ အားလုံး မျက်လုံးပြူးပြီး


“ဟင် ငါ့အိမ်ကလဲ ဒန်အိုးသုံးလုံး ပျောက်နေတာပဲ” 


“ဟာ ငါ့ဘဲ ငါ့ဘဲတစအှုပှ”


“ငါလှမ်းထားတဲ့ ငါးခြောက်ပြားတွေ”


“ဟင် ငါသိမ်းထားတဲ့ ဆီပုလင်း”


“ဟာ ငါတို့အိမ်မှာလဲ” 


“ဟင် ငါတို့အိမ်မှာလဲ”


စသည်ဖြင့် အားလုံး ကျွတ်ကျွတ်ညံသွားတယ်။ မပျောက်ဘူးတဲ့ အိမ်မှ မရှိတာကို။


ဘယ်လောက်ထိလဲဆို ရွာဘုန်းကြီးကျောင်းက ကပ္ပိယကပါ


“ဟား ငါ့အလှူခံဖလားကြီး ပျောက်နေတာ အခိုးခံရတာပေါ့နော်”


ဒီကြားထဲ ဖိုးသူတော်ကလဲ


“ဟင် ဟုတ်ပ၊ ကျုပ်ဆရာတော်တွေအတွက် ဆွမ်းခံထွက်ရင်တီး တဲ့ ကြေးစည်ကြီး မရှိတော့ဘူး”


“ဟာ ဆရာတော်ဘုရား ဦးပြည်းရိတ်တဲ့ဓားတောင် မတွေ့လို့ ကျုပ်ကို ခေါ်မေးနေသေး”


“ဟာ”


“ဒုက်ခပါပဲ”


“ရွာမှာ သူခိုး သူခိုးရှိပြီပေါ့နော်”


သူကြီးကတော် အရင်စောပု ထဘီသုံးကွင်း ပျောက်ရာကစပြီး တစ်ရွာလုံး အခိုးမခံရဘူးသူ မရှိလောက်တဲ့ ရွာလုံးကျွတ်ခိုးမှုဆန်းကြီး ပေါ် လာတော့တယ်။ အားလုံးကလဲ ရွာထဲ ခုမှစပြီး အခိုးခံရတော့ ဘယ်ကစ ဘယ်လိုဖြေရှင်းရမှန်း မသိဘူး။ အခိုးခံရတော့လဲ ရွာလုံးကျွတ်ကြီးလေ။ 


“ကဲ ဘယ်လိုလုပ်ကြမလဲ၊ တို့ရွာတော့ သူခိုးပေါ်ပြီ”


ဦးပါကညောကြီးကတော့ မျက်နှာအပျက်ပျက်အယွင်းယွင်း။


“ဒီကောင် ဘယ်ကကောင်လဲ စုံစမ်းရမှာပေါ့” 


စသည်ဖြင့် တိုင်ပင်နေကြတယ်။ နောက်မှ ရွာက ရှေ့မီနောက်မီလူကြီး ဖိုးသံလုံးကထပြီး


“ဟဲ့ ပါကညော ပါကညောရှိရင် ဘယ်သူခိုးသူဝှက်ကမှ ရွာနား မကပ်ဘူးဆို၊ ခုကျ တစ်ရွာလုံးတင်မက ဆရာတော်ဘုရားပါမကျန် နင့်မိန်းမထဘီတောင် ဖြုတ်ခိုးသွားတာ နင်မသိဘူးလား”


အားလုံးရဲ့ အာရုံက သူကြီးပါကညောဆီ စုပြုံရောက်ကုန်တယ်။


“အေးလေ၊ ပါကညောရှိရင် ရွာအေးချမ်းတယ်ဆို” 


“ပါကညောရှိရင် ပါကညောသိတယ်ဆို” 


“ပါကညောရော အင်္ဂါစုံသေးရဲ့လား ပြန်ကြည့်ပါဦး၊ ဟိုက ဖြုတ် ခိုးချင်ခိုးသွားမှာ” 


စသည်ဖြင့် စကားသံတွေ ညံလာပြန်တယ်။ ပါကညောကြီး မျက်နှာ အပျက်ပျက်အယွင်းယွင်း။


အမှန်တော့ သူကိုယ်တိုင် ပိုးပုဆိုးတစ်ထည် အခိုးခံထားရတယ်လေ။ ဒါပေမယ့် ပြောလို့မဖြစ်ဘူး။ ငပိန်ခိုးတယ်ဆိုတာ။ ကြက်ကိစ္စက ရှိ သေးတာကိုး။ ပါကညော မျက်နှာပျက်နေရာကနေ ရုပ်တည်လိုက်ပြီး ရွာသားတွေကို လက်ကာပြတယ်။ ရွာသားတွေ ငြိမ်သွားတယ်။ ပါကညောက ရွာမှာ အဲလိုဩဇာကြီးတာ။ ပြီးတော့ “အဟမ်း” ခနဲ ချောင်းဟန့်ပြီး


“ပါကညောသိတယ်၊ ဒါပေမယ့် အခုဟာက”


ပါကညော သူ့အိတ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်တယ်။ ထွက်လာတာက သူနဲ့ ဘာမှမဆိုင်တဲ့ ပုတီးကုံးကြီး။


“ဟင် ပုတီးကြီး” 


“အေး သူနဲ့ ဘာဆိုင်လို့လဲ ပုတီးက”


ပါကညောကို ပုတီးကြီးနဲ့မြင်တော့ တစ်ရွာလုံး အံ့အားသင့်သွားကြတယ်။


ဦးပါကညောက ပုတီးကုံးကို ထောင်ပြပြီး


“ပါကညော ခုတလော ဘုရားတရားလုပ်နေလို့၊ ပါကညော မဖမ်းသေးတာ”


လူမိုက်ပါကညောကို ပုတီးကြီးနဲ့မြင်လိုက်ရတော့ ရွာသားများတင်မက သူ့မိန်းမ အရင်စောပုပါ ကြောင်သွားတယ်။ ဒါကြောင့် မျက်မှောင်ကျုတ်ပြီး


“ဟင် ရှင်က ဘယ်တုန်းက ပုတီးသမား ဖြစ်သွားတာလဲ”


ဦးပါကညော မျက်လွှာလေးချပြီး


“မင်းသတိမထားမိလို့ပါ၊ ပါကညောလုပ်တယ်၊ ပုတီးစိပ်တယ်၊ ပါကညော ပုတီးစိပ်တယ်”


သူ့စကားကို သူကြီးကတော် သူ့ရင်ခွင်ထဲ ပိုက်ထားတဲ့ သားငယ် ဗြောင်ကြီးပုကို ခါးထစ်ခွင်တင်လိုက်ပြီး အသံကျယ်ကျယ်နဲ့


“အောင်မလေးဟယ် နေ့နေ့ညည ထဘီပဲ လာလာဆွဲနေတဲ့သူက ချက်ချင်းပုတီးသမား ဖြစ်သွားရတယ်တဲ့၊ အံ့ဩပါ့တော်”


ပါကညောကြီး မျက်နှာပျက်သွားတယ်။ ပြီးတော့ ရုပ်က ဖရိုဖရဲ ကြီးနဲ့


“မင်းကလဲကွာ၊ အဲဒါက မင်းထဘီတွေ လျှော်ပေးချင်လို့ပါကွာ ဟီးဟီး”


သူကြီးကတော် ဘေးဘီဝေ့ကြည့်ရင်း


“ရှင်က ပုတီးသမား ဟုတ်ပါပြီ၊ ဒါဖြင့် ရှင့်တပည့် ဓားဖိုးဌေးက ဘယ်ရောက်နေလဲ ဟင်”


သူ့စကားလဲဆုံးရော ဓားဖိုးဌေးကြီး သူကြီးအိမ်အောက်ကနေ ဝတ်ဖြူစင်ကြယ်နဲ့ ထွက်လာတယ်။ ပြီးတော့ မျက်လွှာလေးချပြီး


“အဟမ်း သူကြီးကလဲ အဟမ်း၊ ပုတီးသမားဖြစ်နေတော့ အဟမ်း သူ့တပည့် ကျွန်တော် ဖိုးဌေးကလဲ အဟမ်း ပါရမီဖြည့်ဖက်အနေနဲ့ တရားထိုင်”


“တော့် ကိုဖိုးဌေး”


သူ့စကားပင်မဆုံးလိုက်။ သူကြီးကတော်က ဖြတ်ပြီး ဟန့်တယ်။ ဖိုးဌေးမျက်လုံးကလယ်ကလယ်နဲ့


“ဗျာ သူကြီးကတော်” 


“တော်ခြုံထားတာ ကျွန်မသားငယ်ဗြောင်ကြီးပုရဲ့ အနှီးတွေ သွားပြန်လှန်းထားလိုက်”


“ဪ ဟုတ်ကဲ့ ဟုတ်ကဲ့၊ အနိစ္စ ဒုက္ခ အနတ္တ”


ဆိုပြီး ယောင်လည်လည်နဲ့ ရုတ်လာတဲ့အနှီး သွားပြန်လှန်းတယ်။ သူ့ခမျာ သူကြီးက အိတ်ထဲက ပုတီးထုတ်ပြလိုက်တော့ လုပ်မိလုပ်ရာ ကလေးအနှီးခြုံလာရတာပ။


ဇာတ်လမ်းက မပြီးသေးဘူး။


“ဒီမှာ ကိုပါကညော”


“ဗျာ မစောပု”


“တစ်ရွာလုံး အခိုးခံရတာ ရှင်ကြားပြီးပြီနော်”


“အေး အေးပါဟာ ပါကညောရှိတယ်၊ ပါကညော” 


ဦးပါကညော အသံတွေပါ တုန်နေတယ်။ ဟိုက သူ့မျက်နှာ စေ့စေ့ ကြည့်ပြီး


“အဲ့ဒီထက် ကျွန်မထဘီသုံးကွင်း”


သူ့စကားမဆုံးလိုက်။ ကြားလိုက်ရတဲ့အသံက


“တစ်ကွင်းတည်းပါ အရီးရာ”


“ဟင်” 


“ဟာ”


“ဘယ်လို”


အားလုံး အသံလာရာ ဝေ့ကြည့်ကြတယ်။


“ငပိန်”


ငပိန်ကို လူအုပ်ကြားထဲမြင်တော့ အားလုံးကြောင်နေတယ်။ ငပိန် က မျက်နှာကို ခပ်ဖြဲဖြဲလုပ်ရင်း


“အမှန်တော့ အရီးထဘီက လူကြီးထဘီတစ်ကွင်းတည်း၊ အဲ့ဒါကို အရီးအရပ်နဲ့ အရီးဖြတ်ပြီး သုံးကွင်းလုပ်ထားတာ၊ အမှန်တော့ တစ်ကွင်းတည်း အဆင်တူကွင်း အနံတူ”


ငပိန်ကိုမြင်တော့ သူကြီးကတော် အရင်စောပု ကြောင်နေမိတယ်။ သူကြီးပါကညောမျက်နှာကတော့ အပျက်ပျက်အယွင်းယွင်း။ ဓားဖိုးဌေးဆို ခုန တန်းပေါ်ပစ်တင်လိုက်တဲ့ ကလေးအနှီး ပြန်ဆွဲခြုံထားမိတယ်။ သူကြီး ကတော်က ငပိန်ကိုမှ မမြင်ဘူးတာ။


သူကြီးကတော် အံ့အားသင့်ပြီး ငပိန်ကို လက်ညှိုးထိုးကာ


“နင်က ဘယ်သူ၊ နင် ဒီရွာက မဟုတ်ပါဘူး” 


အားလုံး ငပိန်ကို ကြောင်ပြီး ကြည့်တယ်။ တချို့ကလဲ ငပိန်ကို သိတာ မကြာသေးဘူး။ တချို့ကလဲ ငပိန်ကို လုံးဝမမြင်ဘူးသေးတာ။


ငပိန်က အားလုံးကို စပ်ဖြဲဖြဲပြန်ကြည့်ကာ


“ကျွန်တော်လား၊ ဟိုဖက်ရွာကပါဗျာ၊ ဒီမှာ လူစုနေတာမြင်လို့ ဝင် လာတာ၊ ဘာမှမဟုတ်ဘူး၊ ကဲ သွားပြီနော်၊ သွားပြီ”


ဆိုကာ လူအုပ်ကြားက ခုန်ပေါက်ပြေးလွှား ထွက်သွားတယ်။ အံမယ် ခပ်ဝေးဝေးရောက်တော့ ကိန္နရီ ကိန္နရာပါ ကပြပြီးမှ ထွက်ပြေးသွားတာ ဗျား။


ငပိန်ပျောက်ကွယ်သွားမှ သူကြီးကတော် အရင်စောပု ကြောင် တောင်တောင်နဲ့


“သူက ဘယ်သူ၊ ငါတို့ရွာသားလဲ မဟုတ်ဘူး”


နောက် မျက်လုံးကြီးပြူးပြီး


“ဟဲ့ ငါ့ထဘီတစ်ကွင်းကို သုံးကွင်းဖြတ်ဝတ်တာ၊ အဆင်တူ အနံ တူနေတာ သူဘယ်လိုသိတာ”


တွေးမိပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ မျက်လုံးကြီးပြူး ပြီး အသံကုန်အော်လိုက်တယ်။


“သူခိုး သူခိုး သူခိုး အဲ့ကောင်သူခိုး အဲ့ကောင်သူခိုး”


ငပိန်ကိုတော့ ခြေစခြေနတောင် မမြင်ရတော့ဘူး။


+++


>>> အပိုင်း (၄) ဆက်ရန် <<<

No comments