အကြည်တော် ၊ သူခိုး (လုံးချင်း၀တ်ထုရှည်)
အကြည်တော် ၊ သူခိုး (လုံးချင်း၀တ်ထုရှည်)
-အပိုင်း (၁) -
.
“ငပိန်”
နာမည်ကြားတာနဲ့ လူတိုင်းက
“ဟာ ဒီကောင် သူခိုး”
ဆိုပြီး တန်းယိုးကြတော့တာပဲ။
ဟုတ်ပ၊ ငပိန်သူခိုး။ သူခိုးငပိန်။ ဒီကောင် က သူခိုးအစစ်။
သူပြောတာကတော့ မျိုးရိုးကိုက သူခိုး ချည်းပဲဆိုပဲ။
“ငါ့ရဲ့ ဘစ်တော်က အင်းဝနယ်တရိုးမှာ လူပြောများခဲ့တဲ့]ခိုးသားကြီးငတက်ပြား}ဆိုတာပေါ့ကွယ်။
(ဘစ်တော်ဆိုသည်မှာ ဘေးတော်၏ အဘိုးရဲ့အဖေကို ရည်ညွှန်းပုံရ၏။)
အောင်မာ သူကလဲ သူ့ဘစ်တော်လို၊ လိုအပ်ရင် ဘုရားတည်ဦးမတဲ့။
“အေးလေ ဒီခေတ်မှာ သူခိုးဘုရားတည် ဆန်းမှမဆန်းပဲကို”
ဆန်းတာက ငပိန်က သူခိုးလို့သာ သမုတ်ခံရတာ။ (သူ့အပြောအရ)သူ့ဘစ်တော် ခိုးသား
ကြီး ငတက်ပြားလို ရှင်ဘုရင် တွေ၊ သူဌေးသြွူကယ်၊ မူးကြီးမတ်ရာတွေဆီက ခိုးပြီး လူဆင်းရဲတွေကိုပြန် ဝေမျှတဲ့ ခိုးသားကြီးမျိုးမဟုတ်ဘူး။
ထဘီစုတ်ရ ထဘီစုတ်ခိုး။ ဒန်အိုးပေါက်ရ ဒန်အိုးပေါက်ခိုးတဲ့ တကယ့် ကလေကဝသူခိုး။
ယုတ်စွအဆုံး၊ အလှူအိမ်မှာ ဖိနပ်စုတ်ဝင်ခိုးလို့ အချုပ် ခုနစ်ရက် ကျဖူးတဲ့ သူခိုးမျိုး။
ဘယ်လောက်ထိလဲဆို ရပ်ရွာထဲ ဘာလေးပျောက်လိုက် ပျောက် လိုက် ငပိန်ကို ဂုတ်ကဆွဲပြီး ခါချလိုက်ရင် ပြန်ကျလာတာချည်းပဲ။
အချုပ်ဆိုတာလဲ မကြာခဏ ကျပါရဲ့။ ဒါပေမယ့် စိတ်မှတ်မရှိဘူး။
“အချုပ်ကျတော့ ရှာစားရသက်သာတယ်လေ”
အဲ့လိုကောင်မျိုး။ မသိရင် အစိုးရကပဲ သူ့မအေ့လင် ကျနေတာ။
“ငပိန်ဆိုတာ နာမည်ရင်းလား”
ဆိုရင် နာမည်ရင်းလို့ပဲ ပြောရမယ်။
အဖေနာမည် ဦးပိန်၊ အမေနာမည် ဒေါ်ပိန်။ မွေးနာမည် မောင်ပိန်၊ အခုနာမည် ငပိန်။
ပြောရဦးမယ်ဗျ။
ငပိန်တို့က မျိုးကြီးရိုးကြီးဆိုလဲ မှားမယ်မထင်ဘူး။ သူ့အဖေဘက် က အဘိုးရဲ့အဖေရဲ့ အဖေရဲ့ မယားပါသားရဲ့ ဆယ့်ခြောက်ဝမ်းကွဲက အင်းဝနန်းဆောင်ကြီးဖျက်ပြီး အမရပူရနဲ့ မန္တလေးကို သစ်သားတံတား ထိုးခဲ့တဲ့ မြို့စာရေးငပိန်ဆိုပဲ။
အဖေဘက်က မြို့စာရေးငပိန်၊ အမေဘက်က ခိုးသားကြီးငတက်ပြား
ဆိုတော့ စဉ်းစားသာကြည့်တော့။ ဒီလောက်ကောင်းတဲ့မျိုးရိုး ဘယ်နားတိုး ရှာမတုန်း။
သူ့အမေ ဒေါ်ပိန်ကတော့ ပြောရှာပါတယ်။
“ကျုပ်သားလေးငပိန်က မွေးကင်းစကနေ နို့မပြတ်ခင်အချိန်ထိက လူကောင်းပါပဲ၊ နို့ဖြတ်ပြီးမှသာ လူပေါင်းမှားတာ”
လူကောင်းသက်က အတော်ကြာခဲ့တာပဲ။ နို့မပြတ်ခင် အချိန်အထိ ဆိုတော့။
ကဲ ထားပါ။ ငပိန် သူခိုးဖြစ်ရတဲ့အကြောင်း စပြောရမယ်ထင် တယ်။
ငပိန်က ခိုးချင်လို့ခိုးနေတာရယ်တော့ မဟုတ်ဘူး။
မွေးရာပါ လက်ကမြင်းတာ။
လူမှန်းသိကတည်းက သူ့အမေဒေါ်ပိန်ခမျာ ထဘီကို ဂုန်နီအိတ် နဲ့ချုပ်ပြီး လည်ပင်းသိုင်းထားရတာ။
ငပိန်ချွတ်ခိုးမှာစိုးလို့။
လက်သရမ်းတယ် ဆိုရမလားပဲ။ သူ့မျက်စိရှေ့က လွယ်တာမှန် သမျှ အကုန်ယူသွား
တော့တာ။ ပန်းပင်ရပန်းပင်၊ ဖိနပ်ရဖိနပ်။ ဘာမှမရ ရင်တောင် ချိုင်းမွှေးလောက် ခိုးနှုတ်သွားတာ။
ဒါကို သူက ခိုးတယ်လို့လဲ မှတ်ပုံမရဘူး။ ယူခွင့်ရှိလို့ ယူတယ်လို့ ပဲ မှတ်ထားတာ။ မသိရင် တလောကçလုံး သူ့အကြွေး ရှိတယ်များ မှတ်နေ လားပဲ။
သူပထမဆုံး သူခိုးဘွဲ့ရတာ ဒီလိုဗျ။
+++
ရွာမှာက မြေဝိုင်းဇာတ်ဆိုတာ တစ်နှစ်မှ တစ်ခါဖြစ်တာရယ်။
မြေဝိုင်းဇာတ်ဆိုသော်ငြား ဇာတ်ကြီးဇာတ် ကောင်းတွေ မဟုတ်ပါဘူး။ တောသူကြီးမေတင်တို့၊ လင်္ကျာစိမ့်စိမ့်စိုးတို့လိုမျိုး လူမသိသူမသိတွေပါပဲ။
မြို့မှာဆိုရင်တော့ ဘယ်သူမှမကြားဘူးတဲ့ ဝိုင်းတွေပေါ့။ ဒါပေမယ့် ဒီက သစ်ပင်လှ(နှစ်ရွာ) တို့၊ ဒိုးကျတို့၊ မြင်သာတို့၊ အိုးလေးအိုးတို့လို ရွာနီး ချုပ်စပ်တွေမှာတော့ ဒိတ်ဒိတ်ကြဲတွေပေါ့။ မရှိရှိရာ ကြည့်ရတာကိုး။
အဲ..ငပိန်တို့နေတဲ့ ဒိုးကျရွာက မြို့နဲ့ သိပ်မစိမ်းတော့ စီးပွားရေးလဲ အတန်ငယ် ပြေလည် တာပေါ့။ ဒါကြောင့် ဒီနယ်တရိုးမှာတော့ ဒိုးကျက ပွဲဖြစ်အများဆုံး။
“မြေဝိုင်းဖြစ်ပြီဟေ့”ဆိုရင် ဘာရယ်မဟုတ်ဘူး။ ရွာနီးချုပ်စပ် အကုန်လာကြတာ။ ရွာကြီးများသာမက ဟိုး..တောဘက် မြင်သာရွာကပါ တက်လာကြတာ။
အဲ့ဒါမျိုးပွဲဖြစ်ပြီဆိုရင် ငပိန်အတွက်ကတော့ အခွင့်ကောင်းပဲ။ ပွဲကြည့်ဖို့မဟုတ်ဘူးရယ်။ အားလုံးပွဲခင်းထဲရောက်နေပြီဆို ရွာပတ်ခိုးတာ။
ရွာကလူတွေ မြေဝိုင်းမှာ သွားငေးနေတုန်း ရွာလုံးကျွတ်ကိုခိုးတာ။
အဲ..ပြောရဦးမယ်။ ဒီနှစ်က ငပိန်ပိုပြီးကံကောင်းတဲ့နှစ်လို့ ပြောရမယ်။ ငပိန် ဆုကြီးပေါက်ထားတယ်လို့ပြောရင် ပိုမှန်မယ်။
ဘာလို့လဲဆိုတော့ ဒီမြေဝိုင်းမဖြစ်ခင် ပြီးခဲ့တဲ့ရက်ပိုင်းက ဒိုးကျ အနောက်ပိုင်း မလက်တိုထန်းတဲမှာ ထန်းရည်သောက်ရင်း အပျော်သဘော နဲ့ ပါလာတဲ့ကြက် ထုတ်တိုက်တာ။
အဲ့မှာ ဘယ်သူပါလာလဲဆိုတော့ အိုးလေးအိုးရွာက သူကြီး ဦးပါကညောကြီး ပါလာလေရော။ ပါကညောဆိုတာကလဲ လူကြိုက်လို့ သူကြီးဖြစ်တာမဟုတ်ဘူး။ လူမိုက်လို့ သူကြီးဖြစ်လာတာ။ လူမိုက်ကမှ တကယ့်လူမိုက်။ ဒီကြားထဲ လောင်းကစားက ဖက်သေး။
ဒါပေမယ့် လူမိုက်က သူကြီးလုပ်တော့ ရွာအေးသဗျ။ သူ့ရွာကို ဘယ်သူမှ လာမထိရဲဘူး။ ထိရဲထိကြည့်။ ပါကညောကြီးနဲ့ မီးပွင့်သွားမှာ။ ဓားက ပါသကိုး။
ငပိန်တို့လို ခြေဆော့လက်ဆော့သူခိုးတောင် အိုးလေးအိုးသွားရင် ကိုယ့်လက်ကိုယ် ချုပ်ထားရတာ။ ခိုးမိမှာစိုးလို့။ ဘာလေးပဲခိုးခိုး သူကြီး ပါကညောသိရင် အတွယ်ခံရပြီသာမှတ်။
သူပြောတတ်တဲ့ စကားရှိတယ်။
“ဗိုက်ထဲ ဓားထည့်ပြီး သံချေးတက်မှ ပြန်ထုတ်တတ်တဲ့ ပါကညော နော.. ဘာထင်လဲ”
တကယ်လဲ အဲ့လိုလူမျိုး။
ထားတော့။
အဲဒီနေ့ ဒိုးကျရဲ့ အနောက်ဖျားမှာရှိတဲ့ မလက်တိုထန်းတဲမှာ ငပိန်ရယ်၊ မောင်စိန်ရယ်၊ တင်ဖိုးရယ် ထန်းရည်တစ်မြူကြေး အပျော်တမ်း ကြက်ပွဲလေး ခြေစမ်းခွပ်နေတာ။ ပွဲကြီးတိုက်တာ မဟုတ်ဘူး။ ခွပ်လက် ထိုးတာပေါ့။
တကယ့်ပွဲတွေကျရင် ကြက်တွေခွပ်သားကျအောင်။
အဲ့လိုကြက်ပွဲတွေမှာဆိုလဲ ငပိန်ကြက်က အနိုင်များတယ်။
ကြက်ကောင်းလို့မဟုတ်ဘူး။ ငပိန်က ကြက်စွဲကောင်းတာ။
သူ့ခန္ဓာကိုယ်လေးနဲ့ ကြက်ပွဲမှာဆို ပိတုန်းလေး ကျနေတာ။ ကြက်တွေအပေါ် ခုန်ပျံပြီးနေတာ။
ကြက်ဖင်ကို ဘယ်လိုရေမှုတ်ရမှာ၊ ကြက်အတက်က အမှိုက်တွေ ဘယ်လိုယူရှင်းရမှာ ငပိန်သိတယ်။
ငပိန်အကျွမ်းဆုံးကတော့ ကြက်ကောက်ကျွမ်းတာပဲ။
သူ့ကြက် ခွပ်ပန်းကျပြီဆို ငပိန်လုပ်ပြီ။ ကြက်ကို စည်းထဲမှ ကောက်လို့မှမရတာ။ အဲဒီတော့ သူ့ပါးစပ်ထဲ ရေအပြည့်ထည့်ပြီးတော့ ကြက်ဖင်ကို ရေနဲ့ တအားထိုးထိုးမှုတ်တာ။ အထီးကြီးက ဖင်ရေစိုတော့ ဘယ်နေနိုင်မလဲလေနော့။ ဖူးခနဲမှုတ်လိုက်တိုင်း သူ့ခမျာ ပစ်မှတ်ရွှေ့ပေး ရတာပေါ့။
ကြက်က လန့်လန့်ပြီး ချိုးထားတဲ့စည်းနားရောက်ပြီ ဆိုတာနဲ့ ကြက်ကောက်ပြီ။
ပြီးတော့ သူ့ကြက်ကို အာခေါင်တွေနှိုက် ချွဲတွေရိုက်ပြီး ပြန်လွှတ် လိုက်ရင် ကြက်ကအကောင်းဗျာ။ လန်းလန်းဆန်းဆန်းကို ပြန်ခွပ်နိုင်တာ။
ဒါကြောင့် ဒီအနီးအနား ကြက်ပွဲမှာ “ကြက်စွဲက ငပိန်”ဟေ့ ဆိုရင် အတော်များများက ဂါရတယ်။
ဒါက ငပိန်အစွမ်း။ နောက် ကြက်နိုင်အောင်တိုက်နည်း အတော် များများလဲ ငပိန်သိတယ်။
ဖြစ်ချင်တော့ အဲ့ဒီနေ့ မလက်တိုထန်းတဲမှာ ငပိန်တို့ ထန်းရည် လေးသောက်ပြီး ပါလာတဲ့ကြက်ကို ခွပ်လက်စမ်းနေတာ။
ဘာရယ်မဟုတ်ပါဘူး။ ထန်းရည်တစ်မြူကြေးလောက်ပါပဲ။ ဘယ်သူနိုင်နိုင် သောက်ကြပေါ့။
ကြက်ပွဲအရှိန်ကောင်းနေတုန်းမှာပဲ။ ကြားလိုက်ရတဲ့ အသံက
“ဟေ့ကောင်တွေ မင်းတို့ ဘာလုပ်နေကြတာလဲကွ ဟေ”
ကြည့်လိုက်တော့ အိုးလေးအိုးသူကြီးပါကညော။
ပါကညောကို မြင်တာနဲ့ ငပိန်တို့ တုန်ဆင်းသွားတယ်။
“ဟာ ပါကညောကြီးဟ၊ ငါတို့တော့ အထုခံရပြီ”
“ဟေ့ကောင် ကြက်တွေသိမ်း”
“ချထားတာတွေ ကောက်ပါဟ”
ဆိုပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်တာ။ အပြေးသန်တဲ့ တင်ဖိုး ကတော့
“ငါတော့ ပြေးပဟ၊ ပါကညောနဲ့ အထောင်းမခံနိုင်ဘူး”
ဆိုပြီး ဖျတ်ဆိုပျောက်သွားတာ။
ငပိန်တို့ မောင်စိန်တို့ကသာ ကြက်ကောက်ရင်း ပြေးမခင်သေးဘူး။
ပါကညောကြီးက သူတို့နားရောက်လာပြီ။ ပါနေကျဓားကြီးကို ဆွဲပြီး
“မင်းတို့ ဘာလုပ်နေတာလဲကွ ဟေ”
ကြည့်လိုက်တော့ သူ့တပည့် ဓားဖိုးဌေးရယ် သူရယ် နှစ်ယောက်။ဓားဖိုးဌေးဆိုတာကလဲ နှယ်နှယ်ရရလား။ ဒီနယ်တရိုးမှာတော့ ပါကညော ပြီးရင် ဖိုးဌေးဟေ့ဆို မော်မကြည့်ရဲဘူး။ ဒီတစ်ခါတော့ သူ့လက်ထဲကိုင်နေကျ ဓားကြီးပါမလာဘူး။
ဘယ်ကဘယ်လို သိမ်းလာတယ်မသိတဲ့ တိုက်ကြက်ကြီး တစ်ကောင် ပိုက်လာတယ်။
ငပိန်က တုန်တုန်ယင်ယင်နဲ့ …
“ကျွန် ကျွန်တော်တို့ ခွပ်လက်လေး စမ်းနေတာပါ။ အသပြာကြေး နဲ့ မဟုတ်ပါဘူး”
သူ့စကားကို ဦးပါကညောက ကိုင်လာတဲ့ဓားကို ဆတ်ခနဲပစ်ချပြီး
“ဒီလိုလုပ်လို့ ဘယ်ရမလဲကွ”
“ခင်ဗျာ၊ ကျွန်တော်တို့ အပျော်၊ အပျော်”
“လာ ငါ့ကြက်ဖနဲ့ ခွပ်လက်စမ်းမယ်”
“ဟင်”
ဦးပါကညောကြီးစကားကြောင့် ငပိန်၊ မောင်စိန်ကြောင်သွားတယ်။
ဦးပါကညောကတော့ တပည့်ကျော်ဖိုးဌေး ကမ်းပေးတဲ့ကြက်ကို လှမ်းယူရင်း မြေပေါ်မြှောက်မြှောက်ချတယ်။
“ငါ့ကောင်လဲ ခွပ်လက်မချရတာ ကြာပြီကွ၊ ဘက်မရှိလို့၊ လာ လေကွာ၊ ချလေ”
ငပိန်က ပါကညောလက်ထဲကကြက်ကို ကြည့်လိုက်တယ်။ ဦးပါကညောကြက်က သူ့ကြက်ထက်ကြီးတယ်။ ဒါပေမယ့် ကြည့်တာနဲ့ သိတယ်။ သူ့ကြက်က တိုက်ကြက်အစစ် မဟုတ်ဘူး။ အသားပွတယ်။ ခြေကျမခိုင်ဘူး။ ကြက်က မျိုးမမှန်ရင် သိပ်မခံဘူးရယ်။ ဒါကြောင့် တစ် ဆင့်တက်ပြီး
“အာ ဦးလေးပါကညောကလဲ ခွပ်လက်ချမယ်ဆို ဦးလေးပါကညော ကြက်က ကြီးနေတာ၊ ကျုပ်ကြက်က နာမှာပေါ့၊ နာမယ့်အတူတူ ခွပ်လက် တော့ ချမနေဘူး၊ ချချင်းချ ဒဲ့ချမယ်”
သူ့စကားကြောင့် ပါကညောက ပြန်မော့ကြည့်တယ်။ ပြီးတော့ ငပိန်ကို မေးငေါ့ရင်း
“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ”
ဦးပါကညောအမေးကြောင့် ငပိန်ကျုံ့ဝင်သွားတယ်။ ဟိုက စိတ် ဆိုးပြီး ထထုရင်ခံရမှာကိုး။ ဒါပေမယ့်လဲ တုန်တုန်ယင်ယင်နဲ့ပဲ
“ခွပ်လက်တော့ မချနိုင်ဘူး၊ တိုက်ချင်းတိုက် ဒဲ့တိုက်မယ်လို့”
သူ့စကားကြားတာနဲ့ ပါကညောခုန်ထလာပြီး
“ကြိုက်ပြီ၊ အဲဒါမျိုးကို ကြိုက်ပြီ၊ ဟားဟား ငါက အဲ့လို ကြက်သမားမျိုး လိုက်ရှာနေတာ၊ ကောင်းပြီ ဒဲ့ချမယ်၊ ဘယ်လောက်ကြေး လဲ ပြော”
ပါကညောက သူ့ကြက်က အကောင်ကြီးတော့ အသာချည်းပဲ တွက်နေတာကိုး။ ငပိန်က ခေါင်းကုတ်ပြီး
“အသပြာတော့ မရှိပါဘူးဗျာ၊ ကြက်ချင်းပဲ ထပ်တိုက်မယ်”
ပါကညောကြီး မောင်ပိန်ကိုကြည့်လိုက်၊ ကြက်ကိုကြည့်လိုက် လုပ်တယ်။ ပြီးတော့ သဘောကျဟန်နဲ့ ပြုံးပြီး
“ငဌေး”
“ဗျာ ပါပါကြီး”
ဖိုးဌေးက ဦးပါကညောကို ပါပါကြီးပဲ အဖျားဆွတ်ခေါ်တာကိုး။
“မင်း ဒီမနက် ထန်းရည်လေးနဲ့ ကြက်ကြော် မလွေးချင်ဘူးလား”
“လွေးချင်တာပေါ့ ပါပါကြီးရာ၊ ကျုပ်လဲ ဒီအခွင့်အရေးကို စောင့်နေတာဗျ”
နှစ်ယောက်သားက အူမြူးနေတဲ့အသံနဲ့
“လွေးချင်ရင် မလက်တိုကို မီးမွှေးခိုင်းထားလိုက်လေ၊ ဘာစောင့် နေတာလဲ”
ပါကညောစကားကို ဖိုးဌေးက ဝမ်းသာအားရ ရင်ခေါင်းသံကြီးနဲ့
“ဟုတ် ဟုတ် မလက်တိုရေ ကြက်ကင်ဖို့ မီးမွှေးပေးစမ်းပါဗျို့”
“အေးဟေ့၊ ပါကညောလာတာနဲ့ ငါလဲ မီးမွှေးဖို့အဆင်သင့်ပဲ”
သူတို့ဟာသူတို့တော့ အတိုင်အဖောက် ညီနေတယ်။ ဟုတ်လဲ ဟုတ်တယ်။ ဦးပါကညောကြီး ထန်းတောလာပြီဆို တစ်ခုမရ တစ်ခု ကြော်စား ဖုတ်စားက လုပ်နေကျ။ မရောင်းချင်တဲ့ ကြက်ကလေး ဘဲကလေး များရှိရင် ပါကညောမြင်တာနဲ့ တောထဲမောင်းထားရတာ၊ တော်ကြာ လက်ညှိုးထိုးပြီး
“ဟိုအကောင်လေး လုပ်လိုက်စမ်း”
ဆို အငြင်းရခက်လို့။ တစ်ခါကလဲ မွေးထားတဲ့ငန်းဖိုကြီး ချက်စား ပြီးပြီ။ ငွေအသပြာကတော့ တောင်းသလောက်ပေးပါရဲ့။ ဒါပေမယ့် မွေး ထားတဲ့ ငန်းကြီးဆိုတော့ မလုပ်ရက်ဘူး။
ဒါပေမယ့် မရပါဘူး။ ငန်းကြီးလဲ ခုတော့ ပါကညောကောင်းမှုနဲ့ သေရှာပြီ။
အခုလဲ ဘယ်ကြက် မီးဖိုထဲရောက်မလဲတော့ မသိ။ မီးမွှေးထား ပေးရမှာပ။
“ကဲ မောင်စိန်၊ ကြက်ကုဖို့ ရေနှစ်ဖလား ခပ်ခဲ့ကွာ”
“အေး အေး ငါသွားယူခဲ့မယ်”
ကြက်တိုက်ရင် ကြက်ကုဖို့က အဓိက ရေလိုတာကိုး။ ငပိန်က ထန်းတဲဆီပြေးသွားတဲ့ မောင်စိန်ကို လှမ်းခေါ်ရင်း အသံတိုးတိုးနဲ့
“ဟေ့ကောင် ငါ့ဖလားမှာ ထုံးစံအတိုင်းလုပ်ခဲ့နော်”
သူ့စကားကို မောင်စိန်က ခေါင်းကိုညိတ်ပြီး
“ငါသိပါတယ်ကွ၊ ဟေ့ကောင် မင်းပိရိပါစေနော်၊ တော်ကြာ ဦး ပါကညောကြီး မိသွားလို့ ငါတို့ အထောင်းခံနေရဦးမယ်”
“အေးပါကွာ၊ ငါသိပါတယ်”
ဆိုပြီး ပြေးသွားတယ်။
သိပ်မကြာဘူး။ ကြက်ကုဖို့ ရေဖလားနှစ်လုံးနဲ့ ပြန်ပြေးလာတယ်။
“ကြက်စွဲဖို့ ရေရပါပြီ”
ဟိုဖက်ကကြက်စွဲမယ့် ဓားဖိုးဌေးက ထလာပြီး
“ဟေ့ကောင် ပြစမ်း မင်းရေဖလားတွေ”
ငပိန်ရော မောင်စိန်ပါ မျက်နှာပျက်သွားတယ်။ ဖလားနှစ်ခုမှာ တစ်ခုက သူတို့အတွက် ဆားနဲ့ ငရုတ်သီးစိမ်း ကျေညက်အောင် ခြေထည့် ထားတာတစ်ခွက် ပါနေတာကိုး။
ဒါက ကြက်တိုက်မကျွမ်းကျင်ရင် ခံရမယ့်အကွက်တွေ။
ကြက်ကုတဲ့သူတွေဟာ တခါတလေ အဲ့လိုပဲ အကျင့်ယုတ်ကြတယ်။
ကိုယ့်ကြက်ကိုယ် ရေမှုတ်သလိုနဲ့ အဲ့ဒီဆားတွေ ငရုတ်သီးစိမ်းတွေ စိမ်ထားတဲ့ရေတွေကို တပါးသူကြက်ရဲ့ မျက်နှာထဲ မှုတ်ထည့်လိုက်တာပဲ။ တဖက်ကြက်က စပ်ပြီး ငိုင်သွားတဲ့ အချိန်ကျမှ ကိုယ့်ကြက်ကို ဖိခွပ်ခိုင်း တာ။ ပြီးတော့မှ ခွက်ကို တိုက်မိသလိုလို လုပ်ပြီး ကြက်ကုဖို့ကျ ရေသန့် ပြန်သုံးကြတာ။ ဒါမျိုးမသိရင် ခံရပြီသာမှတ်။
အခု သူတို့လုပ်ထားတဲ့ရေကို ဓားဖိုးဌေးကြီး တောင်းကြည့်တော့ နှစ်ယောက်လုံး တုန်တုန်ယင်ယင် ဖြစ်သွားတယ်။ ဓားဖိုးဌေးသိသွားရင် အထောင်းခံရဖို့ သေချာနေပြီကိုး။
ဓားဖိုးဌေးက ခွက်နှစ်ခွက်ကို အသေအချာကြည့်။ အနံ့ခံကြည့် တယ်။ ပြီးမှ
“အင်း ပိုသန့်တဲ့ ဒီဖလား ငါသုံးမယ်၊ ဒီဖလား မင်းတို့ယူ”
ဆိုပြီး သူတို့လုပ်ထားတဲ့ဖလားကို သူတို့ဆီ ပြန်ပေးတယ်။ ဟုတ် တယ်လေ။ သူတို့ဖလားက ဆားခတ်၊ ငရုတ်ရေခတ်ထားတော့ ဟိုဖလား လောက် ဘယ်ကြည်ပါ့မလဲ။
ဒီတော့မှ ငပိန်ရော မောင်စိန်ပါ သက်ပြင်းချနိုင်တယ်။ ဒီဖလား ရရင် သူတို့နိုင်ဖို့ တစ်ပန်းသာပြီကိုး။
“ကဲ ကြာတယ်၊ ကြက်ကို လွှတ်ကွာ”
ဦးပါကညောကြီးရဲ့ စိတ်မရှည်တဲ့အသံ။ ဟိုဖက်က ဓားဖိုးဌေး ရော ဒီဖက်က ငပိန်ပါ ကြက်နှစ်ကောင် ခေါင်းချင်းဆိုင်တယ်။ ပြီးတာနဲ့ ကြက်ကို ပြိုင်တူချတယ်။ ကြက်ချတာတောင် ငပိန်က သူ့ကြက်ကို အနောက်ဖက် ပစ်ချတယ်။ ဟိုကြက် သူ့ဆီလိုက်အောင်လို့။
ထင်တဲ့အတိုင်းပဲ။ ပါကညောကြက်က ပြေးလာပြီး ငပိန်ကြက်ကို ဖြုန်းခနဲ ပြေးခွပ်တယ်။
ငပိန်ကြက်က ကြက်ပါးပဲ။ ဟိုက ခြေအကျမှာမှ ရင်ဝကို ဆောင့် ခွပ်တယ်။
ဖြုန်းခနဲအသံကြားတာနဲ့ ဦးပါကညောကြီး အားရသွားတယ်။
“ဟေ့ကောင် ဖိုးဌေး တွေ့လား၊ သန်လိုက်တဲ့ခြေကွာ၊ ဒါမှ စစ် တကောင်းအစစ်ကွ”
မြန်မာကြက်မှာ စစ်တကောင်းမျိုးဆိုတာ နာမည်ကြီးပဲကိုး။
“ကြက်မှာ စစ်တကောင်း၊ လက်ဖက်မှာပင်လောင်း”
ဆိုရိုးရှိတာလေ။
ဖြုန်းခနဲအသံကြားတိုင်း ဦးပါကညောကြီး ခုန်ခုန်ထလာတယ်။
“ပြင်းလိုက်တဲ့ခြေချက်ကွာ၊ ဟေ့ကောင်ဖိုးဌေး မင်းကြားတယ်နော်”
“ဟုတ်ပါ့ ပါပါကြီးရာ၊ ဒီလိုကောင်မျိုးနဲ့ ခွပ်လက်ချဖို့တောင် မတန်ဘူး၊ အားရတာဗျာ”
အမှန်တော့ သူတို့ကြက်က ခံနေရတာ။ သူတို့စစ်တကောင်းဆို တာကြီးက ခပ်တုံးတုံးနဲ့ အဝင်ကြမ်းနေတာ။ ငပိန်ကြက်က ကြက်ပါး။ ဟိုက ဝင်လာတိုင်း နောက်ဆုတ်ပြီး ဟိုက ခြေအကျမှ သူကခုန်တာ။ ကြက်မှာ နောက်ဆုတ်ပြီးခုန်တတ်ရင် တကယ့်ကြက်ပါးပဲ။
စကားပုံတောင် ရှိတယ် မဟုတ်လား။ စကားပြောနည်းမှာ
“ကြက် ဆုတ် ခွပ် ပစ်”
ဒါကြောင့် ဖြုန်းခနဲအသံကြားတိုင်း ဟိုကောင်ချည်း ခံနေရတာ။ ဒါပေမယ့် ကြက်သမားပါးမဝတဲ့ ဦးပါကညောနဲ့ ဖိုးဌေးတို့ကတော့
“အားရတယ်ကွာ”
“ဒါမှ တိုက်ကြက်ကွ”
စသည်ဖြင့် အော်ဟစ်နေတယ်။ ငပိန်က သိတယ်။ ဒီအတိုင်း တိုက်ရင်လဲ သူ့ကြက်နိုင်မယ်ဆိုတာ။ သူတို့ကြက်က ခွပ်သားမချထားတဲ့ အတွက် သက်လုံလဲမကောင်းဘူး။
နှုတ်သီးက ဟနေပြီ။ သူ့ခန္ဓာကိုယ်ကြီး နဲ့ ခုန်ခုန်နေရတော့ ခြေထောက်ကလဲ မခိုင်တော့ဘူး။ တစ်ခါခုန်ပြီးတိုင်း နောက်ပြန်လဲမလိုဖြစ်နေတာ။ ဒါကိုတောင် ဘာမှမသိတဲ့ ဦးပါကညောနဲ့ ဖိုးဌေးတို့ကတော့ အားတွေရပြီး
“ဟေ့ကောင် တွေ့လား၊ တို့ကြက်က အခွပ်ချည်းပဲ ကြမ်းတာ မဟုတ်ဘူးနော်၊ ကြက်ကျကလဲ လှပါ့”
“ဟုတ်ပ၊ ပါပါကြီးရာ၊ ဒီလိုခြေကျလှတဲ့ကြက်က ရှားသဗျ။ ကြည့် စမ်းပါဦး၊ သူ့ခြေကျက ရွှေခြေကျင်း မငွေမြိုင်ကျနေတာ”
အံမယ်။ ကြက်ကိုတောင် ခိုင်းနှိုင်းနေသေး။ ငပိန်ကတော့ ခွင် ကောင်းကိုစောင့်နေတယ်။ ဒီအခြေ ဒီအခြေကို ကြက်ကြောနပ်တဲ့သူတွေ သိတယ်။ သိပ်မကြာခင် ဦးပါကညောကောင်ကြီး ပွဲသိမ်းတော့မယ်ဆိုတာ။
ငပိန်က အကြံသမားဆိုတော့ ဒီလောက်နဲ့တော့ ပွဲမြန်မြန်မသိမ်း ချင်သေးဘူး။
ဒါကြောင့် အသာစီးရတော့မယ့် သူ့ကြက်ကို ဖတ်ခနဲ လှမ်းကောက် လိုက်တယ်။
ငပိန်ရဲ့အပြုအမူကြောင့် ပါကညောကြီးရော ဖိုးဌေးပါ အံ့အား သင့်သွားကြတယ်။ မောင်စိန်ဆို ကြောက်လွန်းလို့ အသားပါ တုန်တက် သွားတယ်။
“ဟေ့ကောင် မင်းဘာလုပ်တာလဲကွ ဟေ”
ဦးပါကညောကြီးရဲ့အမေး။ ဒါကို ငပိန်က သူ့ကြက်သူကြည့်ပြီး
“ဦးပါကညောကလဲဗျာ၊ ကြက်မှ မမျှတတာ မြင်ရဲ့သားနဲ့၊ ဦးပါ ကညောကြက်က အကောင်လဲကြီး အားလဲကြီး၊ ကျုပ်ကြက်က ညှက်ညှက် လေး၊ ဆက်ခွပ်ရင် ကျုပ်ကြက်သေမှာပေါ့ဗျ”
ဦးပါကညောက ခပ်တည်တည်ပဲ။
“သေရင် မီးဖုတ်စားမယ်လေ၊ ဟိုမှာ မလက်တိုတောင် မီးဖိုပြီး သွားပြီ”
ဆိုပြီး မလက်တို သူတို့အတွက်ဖိုထားတဲ့ ထင်းမီးဖိုကိုပြတယ်။ မီးက အတော်ကောင်းနေပြီ။ ထင်းသားတွေရဲနေပြီ။
ငပိန်ကသာ ငိုမယောင်ယောင်လုပ်တယ်။ မျက်ရည်သုတ်တယ်။ ပြီးမှ
“ဒီလိုလုပ်ဗျာ”
ဦးပါကညောရော ဓားဖိုးဌေးရော ငပိန့်ကို ]ဘာလဲ}ဆိုတဲ့ အကြည့် နဲ့ကြည့်တယ်။
“ကျုပ်ကြက်လေး ရှုံးမယ့်အတူတူ ရလိုရငြား လောင်းကြေးထပ် တင်မယ်၊ ဆယ်လေး တစ်လေးတော့ပေး”
“ဘာ”
သူတောင်းတဲ့ အဆက မနည်းလှဘူး။ တော်ရုံလောင်းကစား သမားတွေဆို ဒါမျိုး လက်မခံဘူး။ ဆယ်ဆ တစ်ဆဆိုတာ နည်းတာမှတ် လို့။
ဒါပေမယ့် ပါကညောဆိုတာ လူမိုက်ပေကိုး။
“ကဲ ပြော၊ ဘယ်ဟာကို ဆယ်ဆ တစ်ဆ လုပ်ချင်တာလဲပြော”
ငပိန်က သူ့ကြက်ကိုကြည့်လိုက်၊ မလက်တိုရဲ့ ထန်းတဲကို ကြည့် လိုက်လုပ်တယ်။ ပြီးမှ
“ကျုပ်ကြက်နိုင်ရင် မလက်တိုထန်းတဲမှာ ထန်းရည် ဆယ်ရက် အဝတိုက်ဗျာ၊ ဦးပါကညောကြီးနိုင်ရင် ကျုပ်ဒီအေ့၊ ဟောဒီကြက်နဲ့အပြင် ထန်းရည်အဝတိုက်မယ်၊ ဘယ့်နှယ်လဲ”
သူ့စကားကို ဦးပါကညော ပုဆိုးကို ခါးတောင်းကျိုက်ပြီး အသံ ကျယ်ကျယ်နဲ့
“ဆယ်နှစ်လုပ်လိုက်၊ ဆယ်နှစ်၊ ငါနိုင်ရင် မင်း ဆယ်ရက်ပဲတိုက်၊ ဘယ့်နှယ်လဲ ကဲ ပြတ်ပြီနော့၊ ဘယ့်နှယ်လဲ ဖိုးဌေး”
ဦးပါကညောက သူ့လက်ရင်းတပည့် ဖိုးဌေးကို လှမ်းပြောတယ်။ ဖိုးဌေးကလဲ ခနဲ့တဲ့တဲ့ မျက်နှာပေးနဲ့
“ပါပါကြီးရယ်၊ ကလေးတွေကို နှိပ်စက်သလိုလဲ ဖြစ်နေပါဦးမယ်၊ ရက်လျှော့လို့ရသေးရင် လျှော့ပေးလိုက်ပါဦး”
ငပိန် ကြိတ်ပြီး ထçကçချင်စိတ်ပါ ဖြစ်သွားတယ်။ မောင်စိန်ဆိုတာ မနေနိုင်လို့ တစ်ဖက်လှည့်ပြီး ခိုးရယ်ယူရတယ်။
သူတို့ဆင်ထားတဲ့ခွင်ထဲ ဝင်လာပြီကိုး။ ဒါကို ငပိန်က အတည် ပြုချက်ယူတဲ့အနေနဲ့
“မလက်တိုကြားတယ်နော်၊ ဒီမှာ ဦးပါကညောကြီးပြောနေတာ”
မလက်တိုကလဲ တဲထဲ ထည်းရည်စစ်ရင်းက
“ငါ နားစွင့်နေပါတယ်အေ၊ နင်တို့သာ ကတိတည်ကြ”
ငပိန်ကြိတ်ပြီး ပျော်နေတယ်။ သူထွင်တဲ့ခွင်ကြီးက အမှန်အကန် ကြီးကို
“ကဲ ကြာတယ် ကြာတယ်ကွာ၊ ကြက်ကို မြန်မြန်ပြန်ချ၊ ငါ ကြက်သားစားချင်လှပြီ”
ဦးပါကညောကြီး လောဆော်တယ်။
ငပိန်က သူ့ကြက်ကိုသူ နည်းနည်းပြင်တယ်။ ပြီးတော့ ဓားဖိုးဌေး နဲ့အတူ စည်းထဲအတူ ပြန်ဝင်တယ်။
ပြီးတော့ ကြက်နှစ်ကောင်ကို ခေါင်းချင်းဆိုင်ပြတယ်။ ပြီးတော့
“လွှတ်ကွာ”
ကြက်နှစ်ကောင်ကို စည်းထဲ ပြိုင်တူပစ်ချလိုက်တယ်။
ထုံးစံအတိုင်း ငပိန်က သူ့ကြက်ကို အနောက်ဖက် ပစ်ချတယ်။ အထာမနပ်တဲ့ ဓားဖိုးဌေးက ရှေ့တိုးပစ်ချတယ်။
ကြက်က ခဏအနားရထားတဲ့အတွက် အားရှိနေတာကိုး။ ပါကညော ကြက်က ဖြုန်းခနဲ အားနဲ့မာန်နဲ့ ပြေးခွပ်လိုက်တယ်။
“အဲ့ဒါပဲ..ငါကြားချင်နေတာ အဲ့ဒီအသံပဲ၊ အားရတာကွာ”
ဦးပါကညောကြီး ထအော်တယ်။ ဖိုးဌေးကလဲ
“လုပ်လိုက်စမ်း သားကြီး၊ ဒီကောင့်ကို ဝါးစားပစ်လိုက်စမ်းပါ”
ဖြုန်းခနဲ ဖြုန်းခနဲ အသံကြားတိုင်း ငပိန်က ကြိတ်ဝမ်းသာနေတယ်။ မောင်စိန်ဆိုတာ ရယ်မိမှာစိုးလို့ သူ့မျက်နှာသူ လုံချည်နဲ့ ပြန်အုပ်ထားရတယ်။
နည်းနည်းထပ်ခွပ်တာနဲ့ ပါကညောကြက်ကြီးက ခြေကျချင်နေ ပြီ။ အဲဒီအချိန်မှ ငပိန်က ကြက်ကုဖို့ ရေငုံလိုက်တယ်။
ပြီးတော့ သူ့ကြက်ကို ရေနဲ့မှုတ်ဟန်နဲ့ ဟန်ပြမှုတ်တယ်။ ဟိုဖက် က ဖိုးဌေးဆိုတာ ဖင်ပါထောင်ယူရတယ်။ ငပိန်ကတော့ အေးဆေးပဲ။ လေသာတဲ့အချိန်ကို စောင့်တယ်။ ကြက်ခွပ်သံ တဖြုန်းဖြုန်းနဲ့ ကြားနေရ တုန်း။ ဦးပါကညောနဲ့ ဖိုးဌေးကလဲ
“အေး ဒါမှ ငါ့သားကြီးကွ၊ ဟေ့ကောင်ဖိုးဌေး ရေမှုတ်ပါဟ”
“စိတ်ချပါ ပါပါကြီးရာ၊ မကြာခင် ကြက်သားနဲ့ထန်းရည် မြည်းရ မှာပါ၊ ဖူး..”
ငပိန်ကတော့ အေးဆေးပဲ။ သူ့ကြက်ခြေထောက်လေး ရေတောက် လိုက်၊ အမှိုက်ရှင်းလိုက် လုပ်နေတယ်။ သူ့ကြက် အထက်လေရောက်တဲ့ အထိကို စိတ်ရှည်ရှည်စောင့်တယ်။
သူ့ကြက် လေသာတဲ့အချိန်လဲရောက်ရော
“ဖူး”
ငပိန် ငုံထားတဲ့ ရေတွေကို သူ့ကြက်ကို မှုတ်သလိုနဲ့ ပါကညော ကြက်ရဲ့မျက်နှာထဲ မှုတ်ထည့်လိုက်တယ်။
“ကရော့်”
ပါကညောကြက်ကြီးအော်သံ။ မောင်စိန် ရေခွက်ကို မှောက်ချပြီး နောက်တစ်ခွက် သွားပြေးခပ်တယ်။ အဲဒီအချိန်မှာပဲ
“ဖြုန်း ဖြုန်း ဖြုန်း ဖြုန်း”မြည်သံနဲ့အတူ ငပိန်ကြက်ခြေတက်လာ တယ်။ ပါကညောကြက်က ရေနဲ့စပ်ပြီး ငိုင်ကျသွားတာကိုး။
“ဟာ ဘယ်လိုဖြစ်တာလဲ”
“ဟာ လုပ်ပါဦးဟ ကြက်က ဘာဖြစ်သွားတာလဲ”
ဓားဖိုးဌေးက သူ့ရေခွက်ကိုယူပြီး သူ့ကြက်ကို ရေနဲ့ တဖူးဖူး မှုတ်တယ်။ ဒါပေမယ့် မမီတော့ဘူး။ ငပိန်ရဲ့ကြက်က ငိုက်ကျနေတဲ့ ပါကညော ကြက်ရဲ့ အမောက်ကို အမိအရကိုက်ပြီး အပီဗြင်းတာ။
ကြက်ကလေး ငါးချက်ပဲ ခုန်ရပါသေးတယ်။
“ကရော် ကရော် ကရော်”
မြည်သံပေးပြီး ပါကညောကြက်ကြီးပြေးတာ မနည်းပြန်လိုက်ဖမ်း ယူရတယ်။
+++ +++ +++
>>> အပိုင်း (၂) ဆက်ရန် <<<
No comments