New Artical

မြွေသူတော်မောင်ခြိမ့်နှင့်ပုံရိပ်ပြောင်းပြန်လူသတ်မှု (၁)



မြွေသူတော်မောင်ခြိမ့်နှင့်ပုံရိပ်ပြောင်းပြန်လူသတ်မှု

ဆရာ မင်းခိုက်စိုးစန် ၏ ကလောင်ခွဲဖြစ်သော “ဇော်နိုင်ငံစိုး”၏ အသစ်စက်စက် စုံထောက်အခန်းဆက်၀တ္ထုရှည် (၁)

နိဒါန်း
အသားမည်းလှသော စုံထောက် အင်စပက်တာ ကျီးကန်းဘဦးက ရှေ့ဆုံးမှနေ၍ မြွေသူတော် မောင်ခြိမ့်၊ အာကျယ် ထွန်းရွှေနှင့် အင်စပက်တာ မောင်မောင်စိန်တို့ စုံထောက်အရာရှိတစ်သိုက်သည် စကားတပြောပြောနှင့် ပုလိပ်မင်းကြီးရုံး လှေကားထစ်များအတိုင်း ဆင်းလာခဲ့ကြသည်။
အင်စပက်တာ ကျီးကန်းဘဦး တာဝန်ယူ စုံစမ်းရသော တရုတ်-ဗမာ အဓိကရုဏ်းအတွင်း လူသတ်မှု ကျူးလွန်ခဲ့သည့်တရားခံကို လက်သည်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သောကြောင့် သူတို့ အားလုံး စိတ်လက်ပေါ့ပေါ့ပါးပါး ဖြစ်နေကြလေသည်။
၁၉၃၁ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် တရုတ်-ဗမာ အရေးအခင်း စတင်ဖြစ်ပွားခဲ့သကတည်းက ယခု ဧပြီလကုန်အထိ သူတို့ ဟုတ်ဟုတ်ငြားငြား အနားယူခွင့် မရကြသေးချေ။ ထို့ကြောင့် အင်စပက်တာ ဘဦးက-
"ကျုပ်ကတော့ဗျာ... ခုတစ်ပတ် မြင်းပွဲသွားပြီး အပန်းဖြေလိုက်ဦးမယ်ဗျို့။ အိတ်ကပ်ထဲမှာ လစာ ထုတ်ထားတဲ့ ငွေယားလေး ရှိနေတုန်း နည်းနည်းတော့ဖြုန်းလိုက်ဦးမလား စိတ်ကူးတယ်"
မြင်းဆိုလျှင် ခြေလေးလေးချောင်းပါပြီး အပြေးမြန်သည်ဆိုသော အချက်မှလွဲ၍ ဘာမှမသိသော မြွေသူတော် မောင်ခြိမ့်ကတော့ ပြုံးဖြီးဖြီးနှင့် ခေါင်းတညိမ့်ညိမ့် လုပ်နေလေသည်။ အသန့်အပြန့် အလွန် ကြိုက်၍ အဝတ်အစား ဇီဇာကြောင်သော အိုင်ပီမောင်မောင်စိန်ကတော့-
"ခင်ဗျားနှယ်ဗျာ...။ မြင်းပြိုင်ပွဲထဲမှာ တိုးရဝှေ့ရနဲ့ လူတကာ ချွေးစော်က နံပါဘိသနဲ့ဗျာ"
ဟု ရှုံ့ရှုံ့ မဲ့မဲ့ ပြောလိုက်သည်။ အင်စပက်တာ ထွန်းရွှေကတော့-
"ကျုပ်ကို လူရည်မလည်ဘူးပြောလည်း ခံရရုံပဲဗျို့...။ အရင် ဂေါ်ဒွင်လမ်း (ယခု မြို့မကျောင်း လမ်း) ဘေး မြင်းပြိုင်ပွဲ အဟောင်းကနေ တာမွေက ကျိုက္ကဆံ မြင်းကွင်းအသစ်ကို ပြောင်းကတည်းက တစ်ခါမှ မရောက်ဖူးသေးဘူး"
ပြိုင်ကွင်းအဟောင်းက ရန်ကုန်ကောလိပ်နှင့် ကပ်နေသော မီးရထားလမ်းဘေးတွင်ရှိသည်။ မြင်းပွဲ အဆောက်အဦကား လူငါးရာစာလောက်သာ ဆန့်သည်။ ပက်ဒေါက်(Paddock)ဟုခေါ်သော မြင်းများကို လှည့်ပတ်ပြသရာနေရာကလည်း အလွန်ကျဉ်း၏။ မြင်းလမ်းကလည်း သဲလမ်းနှင့် ပြိုင်ပွဲလမ်း နှစ်လမ်းသာ ရှိသည်။ ထို့ကြောင့် မိုးတွင်းဆိုလျှင် ကွင်းပျက်စီးမှာစိုးသောကြောင့် ပြိုင်ပွဲမလုပ်ချေ။
နောက်ပြီး ကွင်းကို ဘေးက အကာအရံမရှိသဖြင့် ကောလိပ်ကျောင်းရှိ ဗွိုင်းလမ်း (Voyle) ဘော်ဒါဆောင်မှ ကြည့်သူကြည့်၊ ပိုင်းတန်းအပြင်က မတ်တပ်ရပ်ကြည့်သူကြည့်၊ လောင်းကစားလုပ်သူလုပ် နှင့် အမြင်ဆိုးလှသည်။ ပုလိပ်ကဖမ်းလိုက်၊ ပြေးလိုက် တစ်ခါပြန်လာလိုက်နှင့် လုံးလည်ချာလည် လိုက်နေတော့သည်။
ထို့ကြောင့် မြင်းပွဲလူကြီးများက မြင်းဘက်ဆိုင်ရာမှာ ပါရဂူတစ်ယောက်ဟု ခေါ်ဆိုလောက်သည့် မစ္စတာပါဝယ်ကို နေရာရှာခိုင်း၏။ မစ္စတာပါဝယ်က မြို့ပြင်ရှိ ယခု ကျိုက္ကဆံမြင်းကွင်းနေရာကို သဘောကျသည်။ တကယ်တော့ ထိုနေရာကား ပြန့်ပြန့်ပြူးပြူးမဟုတ်။ သစ်ပင်များ ပေါက်နေသော တောင်ကုန်းကလေး ဖြစ်သည်။
မစ္စတာပါဝယ်က တောင်ကုန်းကို ဖြိုချပြီး နောက်ဖက်က ချိုင့်ဝှမ်းအနိမ့်ကို ဖို့စေသည်။ မင်းဘားစတင်းကိုလည် Clark & Greig ကို ကန်ထရိုက်ပေးပြီး လူတစ်သောင်းလောက်ဆန့်အောင် ဆောက်စေ၏။ ၁၅၉လမ်းမှ ၁၆၇လမ်းအထိ အကွက်ရိုက်ပြီး မြင်းရှင်များ၊ ထရိန်နာများအတွက် အိမ်နှင့် မြင်းဇောင်းများ ဆောက်လုပ်ဖို့ အကွက်ချပေးလိုက်ရာ အရှေ့တောင်အာရှတွင် အကောင်းဆုံး မြင်းပြိုင်ကွင်းအဖြစ် နာမည်ကျော်ခဲ့လေသည်။
"ဒါနဲ့ မြင်းပွဲမှာ ဘွတ်ကီဒိုင်တွေ မထားတော့ဘဲ ဖြုတ်ပစ်တော့မလိုလို ဘာလိုလို ပြောသံ ကြားနေရပါကလား"
ဟု အင်စပက်တာထွန်းရွှေက ပြောလိုက်ရာ ကျီးကန်းဘဦးက-
"အခုထိတော့ ပြီးပြီးပြတ်ပြတ် မဆုံးဖြတ်ရသေးဘူးဆိုပဲဗျ။ ကျုပ် မနေ့ကတင် မြန်မာ့အလင်းသတင်းစာမှာ ဖတ်လိုက်ရသေးတယ်။ ၁၉၃၁ နဲ့ ၁၉၃၂အတွက် မြင်းပွဲ စတီးဝပ် လူကြီးတွေ အရွေးခံရတဲ့ သတင်းမှာ ပါတာလေ"
"ဘယ်သူတွေ အရွေးခံရရသတုန်းဗျ...။"
"စတီးဝပ်လူကြီး ခြောက်ယောက်ရွေးတယ်။ တရားဝန်ကြီး ဦးဘ၊ မစ္စတာ ဘုဂရေဗလီ၊ မစ္စတာ ချန်ချောခိုင်၊ မစ္စတာ ဖဲယားဝဲသား၊ မစ္စတာ ဝပ်ဆင်းနဲ့ ဦးသာဒင်ကြီးဗျ။"
အင်စပက်တာ မောင်မောင်စိန်က ဝင်ပြီး-
"မစ္စတာ ချန်ချောခိုင်ကိုတော့ ကျုပ်သိတယ်ဗျို့။ တရုတ်သူဌေးကြီး ချန်မာဖီးရဲ့ ဒုတိယမြောက် သားပဲ။ သူ့အစ်ကိုက ချန်ချောလှိုင်တဲ့။ အင်မတန် ချမ်းသာကြတာကလား...။ မန္တလေးမှာဆိုရင် ညတိုင်း အငြိမ့်ပွဲခံနေကြတာပဲ"
ကျီးကန်းဘဦးကလည်း ဝင်ပြီး-
"ဦးသာဒင်ကြီးကိုလည်း ကျုပ် ရင်းရင်းနှီးနှီး သိတယ်ဗျ။ သူက စမော်ကော်ရုံးမှာ တရားသူကြီးချုပ်လေ...။ မြင်းပွဲဒါရိုက်တာတွေနဲ့ စတူးဝပ်တွေထဲမှာ မြန်မာဆိုလို့ ဆာဦးခင်နဲ့ ဦးသာဒင်ကြီး နှစ်ယောက်ပဲရှိတယ်"
ထိုသို့ ဂုဏ်ယူဝင့်ကြွားစွာ ရည်ညွှန်းပြောဆိုနေသော ဦးသာဒင်ကြီး၏ စတူးဝပ်မင်းဘား ပါတီပွဲသို့ လွန်စွာမှ အကွက်စေ့စေ့ ကြံစည်တတ်သော လူသတ်သမားတစ်ယောက် လာရောက်လိမ့်မည်ကိုတော့ သူတို့အားလုံး မည်သူမျှ ကြိုမသိခဲ့ကြပါချေ။
အခန်း ( ၁ )
Cozy Villa အိမ်ကြီး၏ မြေအောက်ခန်းတွင် ဟောင်ကောင်ဓာတ်ပုံတိုက်ပိုင်ရှင် ကိုတင်မောင် တစ်ယောက် ဓာတ်ပုံကူးနေ၏။ ကိုတင်မောင်က ဓာတ်ပုံတိုက်ကို ပိုင်ဆိုင်ရုံမက သူကိုယ်တိုင်လည်း ဓာတ်ပုံဆရာ အကျော်အမော်တစ်ယောက် ဖြစ်လေသည်။
သူက ဖလင်ကော်ပြားပေါ်တွင် Silver Bromide ကို ကပ်လိုက်သည်။ ပြီးနောက် ထိုဓာတ်ဆားမှုန့် လေးများ ကွာမသွားအောင် ဂျယ်လတင်နှင့် အုပ်သည်။ အလင်းနှင့် ထိလိုက်သောအခါ ငွေဓာတ်ဆားမှုန့်လေးများက လင်းသည့်နေရာလင်း၊ မှောင်သည့်နေရာမှောင်နှင့် ပုံပေါ်လာ၏။
အမှောင်ခန်းထဲတွင် ဆေးနေခြင်းကြောင့် ဖလင်သားပေါ်က Silver Halide များကို လျှော့ချပေးနိုင်မည့် Solution ကို သုံးလိုက်သည်။ ပြီးသွားသည့်အခါ သူက ဖလင်ပေါ်က ဓာတ်ဆားများကို Sodium သွိုင်ယိုဆာလဖိတ်နှင့် ဆေးပစ်လိုက်၏။ ထို့နောက် ရလာသည့် နဂ္ဂတစ်ဖလင်ကို ရေသန့်သန့်နှင့် ဆေးလိုက်သည့်အခါ သူလိုချင်သည့် ပုံကောင်းတစ်ပုံ ထွက်လာလေသည်။
အားလုံးပြီးဆီးသွားတော့ ကိုတင်မောင်က ပစ္စည်းများကို သူ့နေရာနှင့်သူ သိမ်းဆည်းကာ အပြင်သို့ ပြန်ထွက်လာသည်။
ဧည့်ခန်းထဲရောက်သောအခါ စာရင်းတွက်နေသည့် ဇနီးဖြစ်သူ မကျင်စွမ်ကို တွေ့ရ၏။ မကျင်စွမ် က-
"ကဲ... လာ..ထိုင်တော်မူပါဦး...။ ရှင့်ကို ကျွန်မ ပြောစရာရှိလို့"
ဟု မျက်စောင်းထိုးကာ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
ကိုတင်မောင်နှင့် မကျင်စွမ်က အသက်ကြီးမှ အိမ်ထောင်ကျသည်မို့ သားသမီး မထွန်းကားခဲ့ချေ။ မကျင်စွမ်က တရုတ်သွေး ၄ ပုံ ၃ ပုံ ပါသည်။ ဘိုးဘွားဘီဘင်များက မြန်မာပြည်သို့ လာရောက်ပြီး စီးပွားရှာရာမှ ချမ်းသာကြွယ်၀လာကြခြင်းဖြစ်သည်။ ထိုအခါမှစပြီး မကျင်စွမ်တို့ ဆွေစဉ်မျိုးဆက်အားလုံး မြန်မာပြည်တွင် အခြေချနေထိုင်လာခဲ့ကြခြင်းပင်။
ကိုတင်မောင်က ဇနီးဖြစ်သူ၏ ပြောဆိုဆက်ဆံပုံကို မနှစ်မြို့ဟန်ဖြင့် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ မကျင်စွမ်ရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်သည်။ မကျင်စွမ်က-
"ရှင် ဘိလပ်ကနေ ပရင်းတင်းပေပါ(printing paper)တွေ မှာထားတယ်ဆို။ ဟုတ်လား"
"အေး... ဟုတ်တယ်လေ။ ဘယ်မလဲ...။ အခုရောက်ပြီလား"
"ရောက်ပါပကောတော်။ စောစောကတင် စာတိုက်က လာပြောလို့ ပိုက်ဆံ ၆၀၀၀ိ/- လုံးခနဲ ခဲခနဲ ရှင်းလိုက်ရပါရောလား...။ ရှင်က ပိုက်ဆံကို ဘာမှတ်နေလဲ။ ကျောက်ခဲသလဲများ မှတ်နေသလား ဟင်..."
"မဟုတ်ပါဘူးကွာ...။ ရှမ်းပြည်က မိုးမိတ်စော်ဘွားကြီးရဲ့ ဈာပနကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကူးရမှာမို့လို့ပါ။ အခုလက်ရှိ မိုးမိတ်စော်ဘွားအသစ် စပ်ခွန်ချိုရဲ့ မဟာဒေဝီက ကိန်းဘရစ်(ဂျ) တက္ကသိုလ်ဆင်း မျက်နှာဖြူ အမျိုးသမီးဆိုတော့ ဘိလပ်က အရည်အသွေးအတိုင်း လိုချင်တယ်လို့ ပြောလို့ မှာလိုက်ရ တာပါကွာ။ မင်းလည်းသိတဲ့အတိုင်းပဲ။ ရှမ်းပြည်နယ် ကော်မရှင်နာမင်းကြီးရဲ့ မျက်နှာကို ထောက်ရဦးမှာ မဟုတ်လား"
ရှမ်းပြည်နယ် ကော်မရှင်နာမင်းကြီး ဖိလစ်ဖော်ဂါတီက ရှမ်းစော်ဘွားများအကြောင်းစာအုပ် ရေးသား ပြုစုသည့်ထဲတွင် ထည့်သွင်းဖော်ပြရန် ဓာတ်ပုံများကို ဟောင်ကောင်ဓာတ်ပုံတိုက်မှ ဓာတ်ပုံပညာရှင် ကိုတင်မောင်ကိုခေါ်ပြီး ရိုက်ခိုင်းရာမှ ဟောင်ကောင်ဓာတ်ပုံတိုက်မှာ နာမည်ကြီးသွားခြင်း ဖြစ်သည်။ မည်မျှ နာမည်ကြီးဆိုလျှင် ဟောင်ကောင်ဓာတ်ပုံတိုက်ကို ဘိလပ်က အသိအမှတ်ပြုရသည် အထိပင်။
မကျင်စွမ်က ကိုတင်မောင့်စကားကို ကြားသည်နှင့် တပြိုင်နက် မျက်နှာကို ရှုံ့မဲ့လိုက်ပြီး-
"ရှင်ပဲ အဲဒီလူတွေနဲ့ သွားပလူးနေ။ ခိုင်းကောင်းလို့ ခိုင်းနေတာကို အဟုတ်ကြီး ထင်မနေနဲ့။ အဲဒီလို နာမည်ကြီးတဲ့သူတွေနဲ့ သိရတော့ရော ဘယ်နှစ်ပြား ကိုယ့်အိတ်ထဲ ဝင်မှာမို့လို့လဲ။ လောကမှာ အရေးကြီးတာ ပိုက်ဆံရှင့်... ပိုက်ဆံ"
မကျင်စွမ်၏ ပြောပုံဆိုပေါက်ကား ပိုက်ဆံချမ်းသာသူပီပီ လင်ယောကျ်ားအပေါ် နိုင့်ထက်စီးနင်း ဆန်ပြီး စီးစီးပိုးပိုး ရှိနေ၏။ ကိုတင်မောင်နှင့် လက်ထပ်ကြစဉ်အခါက ကိုတင်မောင်ဘက်က ဆင်းရဲခဲ့သည်။ ထို့ကြောင့် ချမ်းသာသော မကျင်စွမ်က ကိုတင်မောင်အပေါ် ခင်ပွန်းယောကျ်ားရယ်ဟု မလေးစားဘဲ လက်အောက် ငယ်သားတစ်ယောက်လိုသာ အမြဲဆက်ဆံသည်။ ကိုတင်မောင်က စိတ်ပျက်လက်ပျက် လေသံဖြင့်-
"အေးလေကွာ။ ငါလည်း ပိုက်ဆံရအောင် လုပ်နေတာပဲ။ ငါ့ဓာတ်ပုံတိုက်ကလည်း ဝင်သင့်သလောက်တော့ ဝင်ပါတယ်"
"အံမယ်... အဲဒီ ဓာတ်ပုံတိုက်ဆိုတာရော ရှင့်အရည်အချင်းနဲ့ ထောင်နိုင်တယ်များ မှတ်နေသလား။ ဒီအိမ်... ဒီခြံ... အို... အားလုံးက ကျွန်မပိုင်တဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာပဲဥစ္စာ..."
"ဟုတ်ပါပြီကွာ... ဟုတ်ပါပြီ...။ ကဲ... မင်းပြောလို့ ပြီးပြီမဟုတ်လား။ ငါ ဓာတ်ပုံရိုက်ဖို့ရှိလို့ သွားဦးမယ်...။"
ကိုတင်မောင်က ပြောပြောဆိုဆိုနှင့် ထိုင်ရာမှထလိုက်ပြီး လှမ်းထွက်လိုက်၏။
"ကြွ... ကြွ... မြန်မြန်ကြွ။ ရှင့်မျက်နှာလည်း မမြင်ချင်ပါဘူး။ တကတည်းတော်... ပိုက်ဆံ ၆၀၀၀ ကိုများ တစ်ပဲခြောက်ပြား မှတ်နေသလား မသိဘူး။ ဒင်းက သူသာ မရှာနိုင်တာ လက်ကတော့ ဖွာလိုက်တာ လွန်ပါရော။ အတော်ဖြုန်းတီးတဲ့ ယောင်္ကျားပဲ.. ဟွန့်..."
ကိုတင်မောင်၏ နောက်ဖက်တွင်တော့ မကျင်စွမ်၏ ဗျစ်တောက် ဗျစ်တောက် အသံများက ကျန်နေရစ်ခဲ့တော့သည်။
အခန်း ( ၂ )
ကိုတင်မောင်၏ ဖို့ဒ်ကားလေးက မားချင့်လမ်း (ကုန်သည်လမ်း) အတိုင်း မောင်းနှင်လာရင်း ဘာသဇာကုမ္ပဏီ (ယခင် အမေရိကန်သံရုံး) ဘေးရှိ ဟောင်ကောင်ဓာတ်ပုံတိုက်ရှေ့တွင် ကားကို ရပ်လိုက်သည်။ ထို့နောက် သူက ဓာတ်ပုံတိုက်ထဲသို့ မဝင်ဘဲ လမ်းထောင့်ကို လျှောက်လာပြီး လန်ချားကိုငှားကာ (Fytch Square) ပိုက်ချ် စကွဲယားပန်းခြံ (ယခု မဟာဗန္ဓုလပန်းခြံ) ဆီသို့ ဆွဲခိုင်းလိုက်၏။ တကယ်တော့ ကိုတင်မောင်က High Court (တရားလွှတ်တော်)ကို လှမ်းမြင်နေရသော Queen Victoria ရုပ်တုအနီးတွင် လူတစ်ယောက်နှင့် ချိန်းဆိုထားခြင်းဖြစ်သည်။
ထိုသူမှာ အခြားမဟုတ်။ လွန်ခဲ့သည့် ၁၅ ရက်ခန့်က မန္တလေး အိုးဘိုထောင်မှ လွတ်လာသော မြေခွေးထွန်းကြိုင် အမည်ရှိ လူဆိုးတစ်ယောက် ဖြစ်လေသည်။
"ဘယ့်နှယ့်လဲ ထွန်းကြိုင်... တည်းစရာ ခိုစရာနေရာရော ရပြီလား"
ကိုတင်မောင်က နှုတ်ဆက်မေးလေး မေးလိုက်၏။ မြေခွေးထွန်းကြိုင်က -
"ရပြီ ဆရာ။ တာမွေမြင်းပြိုင်ကွင်းနားက အဆောင်လေးတစ်ခုမှာ တစ်လ ငွေ ၁၀ နဲ့ အခန်းလေးတစ်ခု ငှားထားတယ်"
"ဟ... မင့် အခန်းက ဈေး အပေးရသားနော်"
"ပေးရမှာပေါ့ ဆရာရဲ့။ နယ်က မြင်းသမားတွေ ရန်ကုန်လာတဲ့အခါ မြင်းစောင်းတွေနဲ့ နီးနီးနားနား တည်းလို့ရအောင် စီမံပေးထားတဲ့ အဆောင်ပဲဥစ္စာ။ သူတို့ မြင်းသမားတွေက သိတဲ့အတိုင်း လက်ဖွာ ကြတယ် မဟုတ်လား။ နေရာတကာ အကောင်းကြိုက်ကြတယ်လေ။ အဲဒါကြောင့် တယ်လီဖုန်းလည်း သွယ်ထားပေးသေးတာ။ ဆရာကလည်း ကျွန်တော့်ကို တယ်လီဖုန်းပါတဲ့အခန်း ယူစေချင်တယ်လို့ ပြောတာနဲ့ ဟန်ကျပြီဆိုပြီး ငှားလိုက်တာ"
"ဒါပေါ့ကွ။ မင်းနဲ့ငါ လုပ်မယ့်အလုပ်တွေက လူကိုယ်တိုင် တွေ့စရာမလိုဘဲ တယ်လီဖုန်းနဲ့ပဲ ပြောလို့ရပြီး ကိစ္စပြတ်ရင် ပိုလုံခြုံတာကိုး။ ဒါကြောင့် ငါက ပိုက်ဆံကို မနှမြောဘဲ ဖုန်းပါတဲ့အခန်းကို ငှားခိုင်းရတာ"
ဟု ပြောပြီး ကိုတင်မောင်က လူရိပ်လူခြေ အကဲခတ်ရင်း သူလုပ်ချင်သည့် အကြံအစည်များကို တခြားသူတွေ သတိမထားမိအောင် မြေခွေးထွန်းကြိုင်အား ခပ်တိုးတိုးပြောပြလိုက်၏။ မြေခွေးထွန်းကြိုင်က နယ်ဘက်တွင်ရှိသော သူ့အဆက်အသွယ် ဓားပြများနှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး တိုက်ရာပါ ရွှေထည် ပစ္စည်းများကို ဈေးနှိမ်ဝယ်ကာ ရန်ကုန်မြို့ပေါ်တွင် လျှို့ဝှက်စွာ ထုခွဲရောင်းချဖို့ပင် ဖြစ်သည်။ တိုက်ရာပါ ပစ္စည်းများ ဖြစ်နေခြင်းကြောင့် မည်သူမဆို ထုခွဲရောင်းချလိုပါက ဒီအတိုင်း ပစ္စည်းချည်း သက်သက်ထက် အရည်ပြန်ကြိုပြီး ပုံဖျက်သည်က ပိုပြီး အဆင်ပြေသည် မဟုတ်လား။
ထို့အတွက် ကိုတင်မောင်က နာမည်ဝှက်တစ်ခုဖြင့် ပန်းတိမ်လုပ်ငန်းတစ်ခု လုပ်မည်ဖြစ်ပြီး ထွန်းကြိုင်ကို ဦးစီးခိုင်းမည်။ လုပ်ငန်းအတွက် နေရာကိုတော့ ကန်ဘဲ့ရေကူးဘူတာရုံလမ်းတွင် အိမ်တစ်လုံး ငှားဖို့ စီစဉ်ထားသည်။
"အဲဒါပဲ ထွန်းကြိုင်ရေ...။ ဘယ့်နှယ့်လဲ... ငါစီစဉ်ထားတာကို မင်းသဘောကျရဲ့လား"
"ဟာ... ကျတာပေါ့ ဆရာရယ်။ ကျွန်တော့်လို ထောင်ထွက်တစ်ယောက်ကို လုပ်ငန်းကြီးတစ်ခုလုံး ယုံယုံကြည်ကြည်နဲ့ ဦးစီးခိုင်းတာဆိုတော့ ကျွန်တော့်အတွက် ထီပေါက်တဲ့ အတိုင်းပါပဲဗျာ။ ဟား ဟား ဟား။ အဲ... ဒါပေမယ့် အိမ်က ရေကူးဘူတာရုံလမ်းဆိုတော့ နည်းနည်းများ ခေါင်နေမလားဘဲ"
"ခေါင်နေတော့ ကောင်းတာပေါ့။ ငါတို့အလုပ်အတွက် ပိုအဆင်ပြေတာပေါ့ကွ... မဟုတ်ဘူးလား"
"ဟုတ်တယ်... ဟုတ်တယ် ဆရာ"
"အဲဒါဆိုရင် မနက်ဖြန်ပဲ အိမ်ကိုငှားဖို့ မင်း လုပ်လိုက်တော့"
"ဟုတ်ကဲ့ ဆရာ"
"ကဲ... ရော့... ဒီမှာ အိမ်ငှားဖို့ရယ်၊ မင်းအတွက် စရံရယ် ပိုက်ဆံ ၁၀၀ ယူထား။ သြော်..ပြီးတော့ ဒီကအပြန် ရိုးကုမ္ပဏီကိုဝင်ပြီး Kodak အမျိုးအစား ပိုလာရိုက် (Polaroid) ကင်မရာတစ်လုံး သွားဝယ်လာခဲ့"
ကိုတင်မောင်က ပြောပြောဆိုဆို ပိုက်ဆံ ၁၀၀ နှင့်အတူ ကင်မရာဝယ်ရန် ပိုက်ဆံ၂၀ ထပ်ဆောင်း ပေးလိုက်၏။ မြေခွေးထွန်းကြိုင်က လှမ်းယူလိုက်ရင်း-
"ကင်မရာ... ဟုတ်လား ဆရာ။ ကျွန်တော်က ကင်မရာနဲ့ ဘာလုပ်ရမှာလဲ"
"သြော်... ထွေထွေထူးထူး မဟုတ်ပါဘူးကွာ။ ဘူတာရုံလမ်းက မင်း အလုပ်လုပ်ရမယ့် အိမ်မှာနေတဲ့အခါ ကင်မရာတစ်လုံးနဲ့ဆိုတော့ ဓာတ်ပုံဆရာလိုလို ဘာလိုလို ပြောလို့ရတာပေါ့ကွာ။ နို့မို့ဆို လူတွေက ဘာလဲညာလဲ စပ်စုနေကြလိမ့်ဦးမယ်။ အဲဒီကိုသွားရင်းနဲ့ မင်း ဓာတ်ပုံလေးဘာလေး တစ်ပုံတစ်လေ ရိုက်ပေါ့ကွာ။ ဗိသုကာအဆောက်အဦးတွေ ဓာတ်ပုံရိုက်တဲ့သူလို့ ထင်သွားတော့လည်း ငါတို့လုပ်ငန်းအတွက် ပိုလုံခြုံတာပေါ့"
"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ဆက်ဆက်သွားဝယ်လိုက်ပါ့မယ်။ ဒါနဲ့ဆရာ... ပိုလာရိုက် ကင်မရာဆိုတာ ဘယ်လိုမျိုးလဲ။ တော်ကြာ မှားဝယ်မိမှာစိုးလို့"
"ပိုလာရိုက်ဆိုတာ အခု ဓာတ်ပုံရိုက်၊ အခု ချက်ချင်း ပုံထွက်လာတဲ့ ကင်မရာမျိုးလေ။ အိုင်အိုဒိုကွီနင်းဆာလဖိတ်ပုံဆောင်ခဲလေးကို ပလပ်စတစ်သား နဂ္ဂတစ်မျက်နှာပြင်ပေါ်မှာ ဖိသိပ်ထားတာ။ ဓာတ်ပုံရိုက်တဲ့အခါ အဲဒီနဂ္ဂတစ်မှာ ပုံကထင်ရော။ အဲဒီပုံအတိုင်း နောက်က ပရင်းတင်းပေပါပေါ်မှာ အိုင်အိုဒိုကွီနင်း ဆာလဖိတ်တွေက ဆေးဆိုးသလိုမျိုး ပုံကူးပေးလိုက်တာ။ အပြင်လေနဲ့လည်း ထိလိုက်ရော အိုင်အိုဒို ကွီနင်းတွေက လေနဲ့ဓာတ်ပြုပြီး ဓာတ်ပုံပေါ်လာတာပေါ့ကွာ"
(မှတ်ချက်။ ။ Polaroid Camera ကို အက်ဒွင်ဟားဘတ်လန်း (Edwin Herbert Land) က တီထွင်ပြီး Negative ကနေ ဓာတ်ပုံကူးသည့်စနစ်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ စက္ကန့် ၆၀ အတွင်း ပုံထွက်သည်။)
မြေခွေးထွန်းကြိုင်က ခေါင်းကို မသိမသာကုတ်ပြီး
"ဆရာပြောတာတွေ ကျွန်တော် သိပ်တော့နားမလည်ဘူး။ ဓာတ်ပုံသမား အခေါ်အဝေါ်တွေဆိုတော့ ကျွန်တော်နဲ့ အတော်စိမ်းနေတယ်ဗျ။ ဒါပေမယ့် ဆရာပြောတဲ့ အမျိုးအစားအတိုင်း ရိုးကုမ္ပဏီမှာ သွားမေးပြီး ဝယ်ထားလိုက်ပါ့မယ်"
"အေး...အေး.. ကောင်းတယ်ကွာ။ ကင်မရာဝယ်တဲ့အခါ ဘောင်ချာဖြတ်ရင်လည်း မင်းနာမည်နဲ့ပဲဖြတ်နော်။ ငါက မင်းကို အပိုင်ပေးတာ။ ကြားလား"
"ဟုတ်ကဲ့..စိတ်ချပါ ဆရာ"
"သြော်..ဒါနဲ့ မင်း ဘာနဲ့လာတာလဲ"
"တက္ကစီငှားပြီး လာခဲ့တာ ဆရာရေ။ ကားခကတော့ နင့်နေတာပဲ။ တစ်နာရီကို (၃) ကျပ်တောင်ပေးရတယ်။ အခု ပန်းခြံအပြင်ဘက်မှာ စောင့်ခိုင်းထားတော့ နာရီတွေ ဘယ်လောက်တောင်တက်နေပြီလဲ မသိဘူး"
ကိုတင်မောင်က မျက်မှောင်ကုတ်လိုက်ပြီး-
"ဟ..ဒါဆိုရင်တော့ တယ်မဟန်သေးဘူးကွ။ မင်းကို ငါထုတ်ပေးသမျှ ပိုက်ဆံ အကုန်လုံး ကားငှားစီးတာနဲ့ ကုန်လိမ့်မယ်။ ကဲ..ကဲ..ဒီလိုလုပ် ပန်းဆိုးတန်း နေရှင်နယ် မော်တော်ကုမ္ပဏီကနေပြီး ကိုယ်တိုင် မောင်းလို့ရတဲ့ ကားတစ်စီးကို လပေးနဲ့ ငှားလိုက်ကွာ။ ရော့..ဟောဒီမှာ ငါးဆယ် ထပ်ယူသွား"
"ဟုတ်ကဲ့ပါ ဆရာ။ ဒါဆို ကျွန်တော့်ကို အခု ဘာခိုင်းစရာ ရှိသေးလဲခင်ဗျ"
"မရှိတော့ပါဘူးကွာ။ သြော်... ခဏလေး။ မင်း ငါ့ကို အခု ငှားနေတဲ့ အဆောင်လိပ်စာ ပေးထားစမ်းကွာ။ အခန်း နံပါတ်ပါ အတိအကျပေးထား"
"ဟုတ်ကဲ့ ဆရာ"
မြေခွေးထွန်းကြိုင်က ပြောပြောဆိုဆိုနှင့် ကိုတင်မောင် ထုတ်ပေးသော ဖောင်တိန်နှင့် စာရွက်ကို ယူကာ ရေးပေးလိုက်၏။
"အေးကွာ... ဒီလိုသိထားတော့ တစ်ခုခုအရေးဟယ် အကြောင်းရယ်ဆို မင်းဆီ တိုက်ရိုက် လာဆက်သွယ်လို့ ရတာပေါ့။ နောက် သုံးလေးရက်နေရင် မင်းနဲ့ငါ ဘယ်မှာ ထပ်တွေ့ကြမလဲဆိုတာ ဖုန်းဆက်ပြီး ချိန်းလိုက်မယ်။ ကဲ... ကဲ သွားတော့ သွားတော့။ တော်ကြာ ကားခတွေ မတန်တဆ တက်နေဦးမယ်"
မြေခွေးထွန်းကြိုင်က "ဟုတ်ကဲ့"ဟု ပြောပြီး ထွက်သွား၏။ ကိုတင်မောင်ကတော့ မြေခွေးထွန်းကြိုင် ရေးပေးသည့် လိပ်စာ စာရွက်ကိုကြည့်ကာ လျှို့ဝှက်စွာ ပြုံးနေလေတော့သည်။
အခန်း ( ၃ )
နောက် ၂ ရက်ခန့် အကြာတွင် ဦးသာဒင်ကြီးက စတီးဝပ်လူကြီးအဖြစ် အရွေးခံရသည့် အထိမ်းအမှတ်ဖြင့် ဂျော်ကီများကို ပါတီပွဲပေးလေသည်။ ဦးသာဒင်ကြီးက ၁၉၃၁-၁၉၃၂ ခုနှစ်အတွက် စတီးဝပ်လူကြီး ၆ ယောက်ထဲတွင် တစ်ယောက်အပါအဝင် အရွေးခံရခြင်းပင်။
စတီးဝပ်လူကြီးဆိုသည်မှာ မြင်းအကြောင်းကို ကောင်းကောင်းနားလည်ပြီး မြင်းပွဲကို ကြည့်ရှု ထိန်းသိမ်းရန် တာဝန်ရှိသူဖြစ်သည်။ မြင်းကွင်းတွင် စတူးဝပ် ၆ ယောက်ထားသည်။ မြင်းပြိုင်ပွဲတွင် တစ်နေ့ကို စတူးဝပ် ၃ ယောက်က စတူးဝပ်အော့ဖ်သဒေး Stewards of the day ဆိုကာ တာဝန်ကျအုပ်ချုပ်သူလုပ်ကြရ၏။ မိမိတာဝန်ကျသည့်နေ့၌ မြင်းပွဲတွင် မည်သူ မတော်မတရား လုပ်သလဲ၊ မည်သို့ ဖြစ်သလဲ ဆိုသည်ကိုကြည့်ပြီး အဆုံးအဖြတ်ပေးရသော တရားသူကြီးများပင်။
စတူးဝပ် ဦးသာဒင်ကြီး၏ ပါတီပွဲကား လူစုံတက်စုံနှင့် စည်ကားနေလေ၏။ ထိုအထဲတွင် ဦးသာဒင်ကြီး၏ မိတ်ဆွေ ကိုတင်မောင်တစ်ယောက်လည်း အပါအဝင်ပင်။ တက်ရောက်လာကြသည့် အထင်ကရ ဂျော်ကီများမှာ- ဖိုးဝန်၊ မြစ်ခြေက ဖိုးအုံ၊ ကံသာနှင့် စံညွန့် စသဖြင့် နာမည်ကြီးများပင်ဖြစ်သည်။ စံညွန့်က ‘ကောလိပ်စိန်’ ဆိုသော မြင်းကို စီးသူဖြစ်ပြီး ဖိုးအုံကတော့ နာမည်ကြီး ‘ဝင်းသိန်းတူး’ ကို စီးသည့် ဂျော်ကီ ဖြစ်၏။
ဝင်းသိန်းတူး ဆိုသည့်မြင်းက ဆယ်လီနီမျိုး ဖြစ်သည်။ ပိုင်ရှင်မှာ အညာသားဦးသိန်း ဖြစ်သည်။ ရန်ကုန်က မြင်းပိုင်ရှင်များကား ကွင်းပိတ်ခေါ်သော မတ်လကွင်းပိတ်သည့်အခါ ဝင်းသိန်းတူးကို အင်မတန်လိုချင်ကြ၏။ သို့သော် ဦးသိန်းက မရောင်းပေ။ ဝင်းသိန်းတူးအရောင်က အင်္ဂလိပ်လိုခေါ်တော့ ချက်စနတ် ဟု ခေါ်ကြသည်။ နာမည်နှင့် လိုက်အောင်ပင် ရွှေရောင် တဖိတ်ဖိတ်တောက်နေ၏။ ဂျော်ကီဖိုးဝန် စီးသော မြင်းမှာ ဆေးပွဲစားကြီးဦးသာကြွယ်နှင့် ဒေါ်သီတို့ ပိုင်သော ‘မြဆင်’ ဆိုသော မြင်းဖြစ်သည်။ တလောက စိန်လယ်ဂျာ မြင်းပြိုင်ပွဲတွင် ဖိုးဝန် ဖြစ်ပျက်သွားပုံကို တစွန်းတစ ကြားထားသော ကိုတင်မောင်က-
"ဟေး... ဖိုးဝန်။ မင်းကို မြင်းသူဌေး ဦးသာကြွယ်က ပိတ်ကန်လို့ဆိုကွ"
ကိုတင်မောင်၏အမေးကြောင့် တခြားဂျော်ကီများက တဟီးဟီး တဟားဟားနှင့် ပွဲကျသွား၏။ ဖိုးဝန်က-
"ဟုတ်တယ် ကိုတင်မောင်ရေ။ ပြောပြရရင် ကျုပ်အဖြစ်က ငိုအားထက် ရယ်အားသန် ဆိုသလိုပဲဗျို့..."
"ပြောစမ်းပါဦးဗျ။ ဘယ်လို ဘယ်ပုံ ဖြစ်တယ်ဆိုတာကို"
ဖိုးဝန်က မဖြေဘဲ ပြုံးစိစိလုပ်နေသဖြင့် ဝင်းသိန်းတူးကို စီးသူ ဖိုးအုံက တစ်ချက်ရယ်မောလိုက်ပြီး-
"ဒီလို ကိုတင်မောင်ရေ... စိန်လယ်ဂျာပွဲမှာ ဖိုးဝန်စီးတဲ့မြင်း ‘မြဆင်’ က ရှေ့ကနေ ပြေးလာတယ်။ နောက်က လိုက်လာတာက ‘အမရစ်တင်’ ဆိုတဲ့ တရားသူကြီး ဂျပ်စတစ်ဘရောင်းရဲ့မြင်း။ ဖိုးဝန်က ဂျော်ကီဘုတ်ကို ပန်းတိုင်မှတ်ပြီး ဇက်သတ်လိုက်တော့ ဟိုမြင်းက ပန်းတိုင်အဝင်မှာ လည်တစ်ကိုင်း ခေါင်းတစ်လုံး အသာနဲ့ နိုင်သွားတာပေါ့။ ဖိုးဝန်ကတော့ သူနိုင်တယ် ထင်နေတာကိုး...။ ပြီးတော့မှ ဟား ဟား ဟား"
ဖိုးအုံက ပြောရင်း ရယ်ချင်လာပုံနှင့် ဆက်မပြောဘဲ တဟားဟား အော်ရယ်လိုက်သည်။ ပါတီပွဲမို့ ယမကာလေးများကလည်း ဝင်ထားပြီဆိုတော့ လိုသည်ထက် ပိုပြီး အူမြူးနေကြတာလည်း ပါသည်။ ဖိုးအုံ က ရယ်ရင်းတစ်ချက် တံတွေးသီးသွားတာကြောင့် ဖိုးဝန်ကိုပဲ ဆက်ပြောလိုက်ဟု ဗလုံးဗထွေး ပြောရာ ဖိုးဝန်က-
"ဟုတ်တယ်လေဗျာ... တာလွှတ်ကတည်းက ကျုပ်မြင်း မြဆင်က အပြတ်အသတ်ဆိုတော့ ကျုပ်မြင်းပဲ နိုင်ပြီ အောက်မေ့တာပေါ့။ အဲဒါနဲ့ မြင်းတွေ ပန်းဝင်ပြီးသွားတော့ မြင်းတွေကို အလေးချိန်တဲ့ အခန်းထဲ ရှေ့က ပြေးလာပြီး အားရဝမ်းသာနဲ့ ကျုပ်သူဌေး ဦးသာကြွယ်ကို "ကဲ ဆရာ ကျွန်တော်စီးတာ ဘယ့်နှယ့်တုန်း" ဆိုပြီး မေးမိတာပေါ့။ အဲဒီမှာ ဦးသာကြွယ်က ဘာမပြော ညာမပြောနဲ့ ဆဲပြီး ခြေထောက်နဲ့ လိုက်ကန်တော့ ကျုပ်မှာ ဖနောင့်နဲ့တင်ပါး တသားထဲကျအောင် ပြေးခဲ့ရပါလေရောလား..."
"ဟား...ဟား...ဟား... ဖိုးဝန်... ဖိုးဝန် မင်းကတော့ ဖြစ်ရမယ်"
စံညွန့်က ဝင်ပြီး-
"ဟေ့ကောင် ဖိုးဝန်... အဲဒီပွဲပြီးတော့ မင်းကို ပြောစမှတ်တွင်သွားတဲ့အကြောင်းလေး ရှိပါသေးတယ်။ ဘာတဲ့... 'ဖိုးဝန်ဟာ အညာသား၊ ဂျော်ကီဘုတ်ကို (ဝင်းနင်းပို့စ်) ပန်းတိုင်ထင်တယ်' ဆိုတာလေ။ ဟား ဟား ဟား..."
အားလုံးက ပွဲကျသွားကြ၏။ ဖိုးဝန်လည်း ရှက်ရှက်နှင့် လိုက်ရယ်သည်။ ကိုတင်မောင်က အားလုံးနှင့် အတူတူ ရောရောယောင်ယောင် ပွဲကျနေရသော်လည်း သူ့စိတ်ကတော့ မြင်းသမားများ တည်းခိုသော အဆောင်ဆီသို့သာ ရောက်နေလေသည်။
ထို့ကြောင့် ညပါတီပွဲပြီးသောအခါ ကိုတင်မောင်တစ်ယောက် မှောင်ရိပ်ခိုပြီး ပြန်လာရင်း မြေခွေးထွန်းကြိုင် အခန်းငှားနေသော အဆောင်ရှိရာဆီသို့ ဦးတည်လိုက်သည်။ ဒီအချိန်ဆိုလျှင် မြေခွေးထွန်းကြိုင်တစ်ယောက် သူ ပေးထားသော စရံငွေများဖြင့် တာမွေမဂျစ်လမ်းပေါ်ရှိ အိစ်အင်းပျော်ပွဲစားရုံတွင် ထုံးစံအတိုင်း ယမကာလေး တမြမြနှင့် ဇိမ်ယူနေလောက်ပြီမှန်း သူကျိန်းသေပေါက် သိထား၏။
ထို့ကြောင့် သူက စိတ်ချလက်ချပင် မြေခွေးထွန်းကြိုင်၏ အခန်းထဲသို့ ခိုးဝင်လိုက်သည်။ ခြေရာ လက်ရာ မပျက်အောင် သတိထားပြီး တစ်စုံတစ်ရာကို အခန်းအနှံ့ အသည်းအသန် ရှာဖွေနေသည်။ ထိုအရာမှာ အခြားမဟုတ်။ ဟိုတစ်နေ့က သူကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်ခိုင်းလိုက်သည့် ပိုလာရိုက် ကင်မရာလေးပင်။
ဟော... တွေ့ပါပြီ။
ကုတင်ပေါ်တွင် သက္ကလပ်စောင် အပြာရောင်နှင့် ဖြစ်သလို ပတ်ထားသော တစ်စုံတစ်ရာကို သူ "မ" ကြည့်လိုက်၏။ သူထင်သည့်အတိုင်းပင်။ Kodak အမျိုးအစား ပိုလာရိုက်ကင်မရာလေးတစ်လုံး ဖြစ်နေသည်။ သူက ထိုကင်မရာလေးကို လောင်းကုတ်အင်္ကျီ ရင်ဘတ်ထဲသို့ ထိုးထည့်ပြီး ပတ်ဝန်းကျင် အခြေအနေကို တစ်ချက်ကြည့်ကာ လူမမြင်အောင်သုတ်ခြေတင်တော့၏။
သူကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်ခိုင်းထားသည့် ကင်မရာကို သူဖာသာ ဘာကြောင့် ပြန်ခိုးရသလဲ ဆိုသည့် အကြောင်းကိုတော့ ကိုတင်မောင်မှလွဲ၍ မည်သူမျှ သိနိုင်လိမ့်မည် မဟုတ်ပါချေ။

 ဇော်နိုင်ငံစိုး

No comments