New Artical

အင်းတော်ကြီး နှင့် ရွှေမဥ္ဇူဘုရား



 
အင်းတော်ကြီး နှင့် ရွှေမဥ္ဇူဘုးရား
..........................................
အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏  အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။  ပင်လယ် ရေမျက်နှာပြင် အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည်  (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီး ကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။
အမြင့် ပေ ၁ဝဝဝ ကျော်မှ ၄ဝဝဝ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင် ကြီးများ ဝန်းရံထားပါသည်။ အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဥ္ဇူ စေတီတော် ကို  တည်ထားသည်။အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဥ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး
ဖြစ်သည်။
တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင်
ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီး
နှစ်လမ်း ပေါ်လာတတ်သည်။
ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်
သွားတတ်သည်။
ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့်
စည်ကားလေ့ရှိသည်။
အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းက ​နေထိုင်ခဲ့ကြသည်။
အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း
သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။
စည်ခမ်း အင်းကြီးဟုအစိပ္ပာယ်ရသည်။
စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက
ယင်းဒေသတွင် ရှိခဲ့သောမြို့ကြီး တစ်မြို့ဖြစ်သည်။
သစ်ပင်ပန်းမန် တိရစ္ဆာန်များ အင်းတော်ကြီးကန်ပတ်လည်တွင်
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။
၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊
ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။
မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊
တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော
လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော
အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။
အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင်
အတွေ့ရများသည်။
စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေ
မျိုးစိတ်များ၏ ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။
ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။
ပတ်ဝန်းကျင်ရွာများမှ အညစ်အကြေးများက
ရေအရည်အသွေးကိ ခြိမ်းခြောက်လျက်ရှိသည်။
သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွား
သည်သာဖြစ်သည်။
ထိန်းသိမ်းရေး ..
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော
ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည်
မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင်
ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ
ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေငြာခဲ့သည်။
ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများ
အတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း
ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင်ယ
အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ
ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော
စိန်ခေါ်မှုများ ရှိနေသေးသည်။
#ရွှေမဥ္ဇူဘုရား#
ရွှေမဥ္ဇူဘုရားသည် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ
အင်းတော်ကြီးအိုင်၏ အနောက်ဘက်ကမ်းခြေမှ ပေ ၁၅ဝဝ အကွာ၊ လင်းလုံ သဲသောင်စွယ်ပေါ်တွင် ကိန်းဝပ်တော်မူလျက် ရှိသည်။
ဘုရားပွဲတော်မှာ အနီးစပ်ချုပ်ကျေးရွာများနှင့် ရပ်ဝေးမှဧည့်
သည်များဖြင့် အထူးစည်ကားလေ့ရှိသည်။
#ရွှေမဥ္ဇူဘုရားသမိုင်းကြောင်း#
အင်းတော်ကြီး ဘုရားသမိုင်းသုတေသီများ အဆိုအရ
ဂေါတမမြတ်စွာဘုရားသည် နာဠာဂီရိတောင် (ဆင်ခေါင်းတောင်)ပေါ်၌ ရပ်တန့်တော်မူကာ
"နောင်သော်အခါ အင်းကြီး ဖြစ်တည်မည်၊ ငါဘုရားရှင်၏
ဓာတ်တော် မွေတော်များ ကိန်းဝပ်သော ဘုရားစေတီများ
ပေါ်ထွန်းမည်"ဟု မိန့်ကြားတော် မူခဲ့ကြောင်း သိရသည်။
၁၁ ရာစုခန့်တွင် အင်းတော်ကြီးနယ် တောင်သုံးလုံး၌
သီတင်းသုံးတော်မူလျှက်ရှိသော တောရဆရာတော် ဦးညီဆူသည် သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဌာန်းဂုဏ်တို့နှင့် ပြည့်စုံသော
ဒကာများနှင့်အတူ အဓိဌာန်ပြုထားသော ကျောက်တုံးသုံးလုံးကို
လှေပေါ်တင်ဆောင်၍ ဖာနန်းမုံဒေသမှ ထွက်ခွာခဲ့ရာ
ယခု ရွှေမဥ္ဇူဘုရား ကိန်းဝပ်ရာသဲသောင်သို့ ရောက်ရှိတော်မူသည်။ ဆရာတော်သည် သဲသောင်ပြင်ထိပ်တွင် တောင်ဝှေးကို အဓိဌာန်ပြု စိုက်ထူလိုက်ပြီး၊
တင်ဆောင်လာသော ကျောက်တုံးသုံးလုံးဖြင့် ညှပ်ထားခဲ့သည်။
ထိုနေရာတွင် ဘုရားတည်ရန် ဆရာတော် ဦးညီဆူ၏
ညွှန်ကြားချက်အရ ဆရာတော် ဦးသောဘိတသည် ၁၂၃၀ ပြည့်နှစ်တွင် ပန္နက်ရိုက်တော်မူသည်။
၁၂၃၁-ခုနှစ်၊ ကဆုန်လဆန်း (၁၃) ရက်(၁၈၆၉ ခုနှစ် ဧပြီလ ၄ ရက်)နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှ ပင့်ဆောင်လာသော
မြတ်စွာဘုရား၏ သရီရဓာတ်တော်ငါးဆူတို့ကို ရွှေသေတ္တာ၌
ထည့်ကာ ရတနာရွှေစင်ဖြင့် ပြုလုပ်ထားသော လှေပေါ်တွင်တင်၍ ဌာပနာခဲ့သည်။
နယုန်လဆန်း (၆)ရက်နေ့တွင် ထီးတော်တင်လှူခဲ့သည်။
ဉာဏ်တော်မှာ ၁၅ ပေကျော်ရှိသည်။
ယင်းသို့ ဌာပနာသည့် ရွှေသံတင်း၊ ရွှေသေတ္တာကို အစွဲပြု၍
မဥ္ဇူသာဟု ခေါ်တွင်ရာမှ ပါဠိသက် "ရွှေမဥ္ဇူ"ဟူ၍ ဖြစ်လာသည်။
အင်းတော်ကြီးဘုရား မြောက်ဘက် ဘုရားပေါ်တက်ရန်
အဆင့်တွင် "အမျိုးသမီးများ မတက်ရ" စာတန်း စိုက်ထူထားရသည့်အ ကြောင်းမှာ ဤသို့ဖြစ်သည်။
ဓာတ်တော် မွေတော်များ ဌပနာရာတွင် မူလက ဖိနပ်တော်ပလ္လင် အထက်၌ ဖြစ်သော်လည်း နောင် စေတီတော်၏ ဖိနပ်တော်ကို
အကြိမ်ကြိမ် ပြန်မြှင့်ခဲ့သည့်အတွက်
ဓာတ်တော်၊ မွေတော်များမှာ စေတီတော် ပလ္လင်အောက်၌
တည်နေကြရပြီး၊ လောင်းလှေပေါ်၌ ရွှေသေတ္တာ၊
ရွှေကြုပ်ဖလားတို့ဖြင့် တည်၍ ဌာပနာထားသော ဓာတ်တော်များသည် မိုးကာလ ရေမြင့်တက်လာသော် အထက်သို့
ရောက်ရှိလာသည်ဟု ယူဆရသည်။
သတိပေးဆိုင်းဘုတ်ကို မတွေ့ဘဲ အထက်သို့ အမျိုးသမီးများ
တက်မိသော် မည်မျှပင် ကြည်လင်နေသော ရာသီဥတုပင် ဖြစ်စေ၊ မိုးမှောင်ကျလာပြီး၊ လေပြင်း တိုက်ခတ်လာတတ်သည်။
ရွှေမဥ္ဇူဘုရားကို အဆက်ဆက် ပြုပြင်ထိန်းသိမ်း မွမ်းမံခဲ့​သော
​ကြောင်​့ ယနေ့အခါတွင် ဉာဏ်တော် ပေ(၅၀)၊
ဖိနပ်တော်(၃၉)ပေ(၁၀)လက်မအထိ တည်ရှိနေတော်မူသည်။
စေတီတော်၏ ပစ္စယာ အဆင့်ဆင့်၌ မုခ်ငယ်များ
တည်ဆောက်ကာ ကျောက်ဆင်းတုတော်များ စံပယ်တော်မူလျှက်ရှိသည်။
အရန်စေတီငယ်ပေါင်း ၁၅၂ ဆူကိုလည်း တည်ထားသည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ထင်ရှား၍ တင့်တယ်သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော် မူလျက်ရှိသည်။
ထူးခြားမှု..
ကချင်ပြည်နယ်၏ အထင်ကရ စေတီတော်ကြီးဖြစ်သည်။
တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန်နီးကပ်လာလျှင်
ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန်
သဲလမ်းမကြီး နှစ်လမ်း ပေါ်လာတတ်သည်။
ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ​ရေထဲ ပြန်မြုပ်သွား
တတ်သည်။
ယခုအခါတွင် အုတ်လမ်းခင်းပြီးဖြစ်သည်။
ပွဲတော်ပြီးလျှင်လည်း လေများတိုက်ခတ်ပြီး ပွဲတော်ကျင်းပရာမှ ကျန်ရှိသောအမှိုက်များ လေထဲပါသွားသည်။
ကိုးကား ..
ဦးသန်းဖေမြင့် (ဇူလိုင်၊ ၂၀၀၀). ကချင်ပြည်နယ်
၊ မိုးညှင်းမြို့နယ် နန့်ပတဲရွာအနီးမှ ထူးခြားဆန်းပြား အံ့ဖွယ်ရာများနှင့် တည်နေတော်မူသည့် အင်းတော်ကြီး ရေလယ်ဘုရား.
နက္ခတ္တရောင်ခြည်, ၅၇။
မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃). မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ ပထမတွဲ။

 

No comments