“ရင့်ကျက်ခြင်းရဲ့ အဓိပ္ပါယ်”
“ရင့်ကျက်ခြင်းရဲ့ အဓိပ္ပါယ်”
ကလေးလေးတစ်ယောက် လမ်းသွားရင်း အရုပ်ဆိုင်ရှေ့က ဖြတ်တော့ သူလိုချင်တာကို လှမ်းတွေ့ပြီး ၀ယ်ပေးဖို့ သူ့အမေကို ပူဆာတယ်။ အမေက အိမ်မှာ အရုပ်တွေများနေပြီ ဆိုပြီး ၀ယ်လည်း မပေးရော၊ အကြီးအကျယ် အော်ငိုပါလေရော။ အမေဖြစ်သူက ကလေး ငိုလို့ စိတ်ရှုပ်သွားပေမဲ့ ဘေးက ရပ်ကြည့်နေတဲ့ ကျွန်တော်ကတော့ ကလေးလေးကို ကြည့်ပြီး အားကျနေမိတယ်။ လူတွေက ပြောကြတယ်၊ ကလေးဆိုတာ အပူအပင်ကင်းသတဲ့။ တကယ်တော့ မဟုတ်ဘူး။ ကလေးမှာလည်း သူ့အတိုင်းအထွာနဲ့သူ အပူအပင် ဆိုတာ ရှိတယ်။ ခုဆိုပဲ ကြည့်လေ၊ လိုချင်တဲ့အရုပ် ၀ယ်ခွင့်မရခြင်းဟာ သူ့အတွက် အပူအပင်ပဲပေါ့။ ဒါပေမဲ့ သူ့မှာက သူ လိုချင်တာကို တောင်းဆိုလို့ ရတယ်။ မိဘ အဆင်ပြေလား မပြေလား ခေါင်းထဲ ထည့်စဉ်းစားစရာ မလိုဘူး။ လိုချင်တာ မရတဲ့အခါမှာလည်း အော်ဟစ်ပြီးတော့ ငိုလို့ ရတယ်။ ကျွန်တော်တို့အရွယ်တွေမှာရော လိုချင်တာတွေ မရှိဘူးလား။ ဖြစ်ချင်တာတွေ မရှိဘူးလား။ ရှိတာပေါ့။ လိုချင်တာတွေ ရှိတယ်။ ဖြစ်ချင်တာတွေ ရှိတယ်။ ပိုင်ဆိုင်ချင်တာတွေ ရှိတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်လို အော်ငိုလို့တော့ မရတော့ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ဦးစားပေးလာရတယ်။ ဆန္ဒတွေ၊ စိတ်ခံစားချက်တွေကို ချုပ်ထိန်းလာရတယ်။ တစ်ဖက်လူရဲ့ အနေအထားကို ထည့်စဉ်းစားတတ်လာရတယ်။
ကလေးဘ၀က လိုချင်တာ မှန်သမျှ ပူဆာခဲ့ရာကနေ အသက်တွေ ကြီးလာ၊ ကျောင်းတွေတက်၊ တက္ကသိုလ်တွေ တက်တဲ့အရွယ် ရောက်လာတော့ ကိုယ့်မိဘရဲ့အဆင်မပြေမှုတွေကို မြင်တတ်လာတယ်။ ပူဆာချင်တဲ့စိတ်ကို ထိန်းရင်း “သား အဲ့ဒါ မလိုပါဘူး” ရယ်လို့ အမေ့ကို ပြုံးပြီး ပြောတတ်လာတယ်။ အဲဒီကနေမှ တစ်ဆင့် ကိုယ့်အားကိုယ်ကိုးမှ ရတော့မယ် ဆိုတဲ့ အတွေးတွေ ၀င်လာစေတယ်။ ငါ့မိဘကို ငါ ပြန်ကြည့်ရမယ် ဆိုတဲ့ တာ၀န်ယူမှုတွေ ရှိလာတယ်။အဲ့လိုနဲ့ လုပ်ငန်းခွင်တွေထဲ ရောက်လာတယ်။ စစချင်းတော့ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတယ်။ အဆင်မပြေတာ တွေ့ရင် အထက်ကို ဝေဖန်တယ်။ ပြောရဲဆိုရဲတယ်။ တဖြည်းဖြည်းနဲ့ ပညာတွေ များလာ၊ အတွေ့အကြုံတွေ များလာတော့ နေရာတွေ ပြောင်းကုန်တယ်။ ဒီတော့ ရှုထောင့်တွေလည်း ပြောင်းသွားတယ်။ အမြင်တွေ မတူတော့ဘူး။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စဉ်းစားတတ်လာတယ်။ ဒီတော့ ပြောတာ ဆိုတာ၊ တွေးတာ ခေါ်တာတွေကလည်း တစ်ယူသန် မဆန်တော့ဘူး။ ငယ်ငယ်ကဆို အမေ့ကို မျက်စိအောက်က အပျောက်မခံဘူး။ ဒီလိုနဲ့ ကျောင်းစတက်တော့ ခွဲခွာခြင်း ဆိုတာကို စပြီး လက်ခံလာရတယ်။ တချို့တွေဆို မိဘတွေနဲ့ သေကွဲ ကွဲရတဲ့ အကြီးမားဆုံး စိတ်ဒုက္ခကို လူမှန်း မသိတတ်ခင်၊ လူလားမမြောက်ခင်ကတည်းက ကြုံတွေ့ခဲ့ကြရတယ်။စစချင်းတော့ နေရ ထိုင်ရ အဆင်မပြေဘူး။
ကိုယ်ရပ်တည်နေတဲ့ ကမ္ဘာကြီး ပျောက်ကွယ်သွားသလို ခံစားရတယ်။ နောက်တော့ အခြေအနေနဲ့ အံ၀င်ခွင်ကျဖြစ်အောင် ကြိုးစားနေထိုင်ရတယ်။ ဒဏ်ရာက တစ်သက်လုံး အမာရွတ် ကျန်နေမှာဆိုပေမဲ့ နည်းနည်းတော့ အနာကျက်သွားတယ်။ အဲဒီအနာနဲ့ပဲ ဘ၀ကို ဆက်လက်ရှင်သန်တယ်။ ကြိုးစားနေထိုင်တယ်။အရင်ကတော့ အချစ်တစ်ခုရဲ့ အဆုံးသတ်ဟာ ပေါင်းစပ်ခြင်းလို့ ထင်ခဲ့တယ်။ လူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။ ပြီးရင် ပေါင်းကြမယ်ပေါ့။အရွယ်တစ်ခု ရောက်လာတော့ မေတ္တာတရားဆိုတာကို ပိုခံစားတတ်လာတယ်။ ပိုင်ဆိုင်ဖို့ထက် ချစ်နေဖို့ကသာ အဓိကလို့ ခံယူတတ်လာတယ်။ မတူညီမှုတွေ များလွန်းတဲ့ အခြေအနေမှာ အချစ်တစ်ခုတည်းနဲ့ ကျော်ဖြတ်မယ် ဆိုတာ ရုပ်ရှင်ထဲလောက် ပြောကောင်းတဲ့ အရာမှန်း လက်ခံတတ်လာတယ်။ ဇာတ်ကားထဲမှာတော့ မင်းသားနဲ့ မင်းသမီးက အားလုံးနဲ့ အတိုက်အခံလုပ်ပြီး ပေါင်းသွားကြလေသတည်း ဆိုပေမဲ့ တကယ့်လက်တွေ့ဘ၀မှာက အဲ့ဒီပေါင်းစပ်ခြင်းရဲ့ နောက်မှာ အများကြီး ရှိသေးတယ်။ တခါတလေမှာ ရှေ့ဆက်မတိုးတာဟာ မနီးချင်လို့ မဟုတ်ဘူး၊ ဝေးမသွားချင်လို့ ဆိုတာကို ပိုသဘောပေါက်လာတယ်။လမ်းမမှာ ကားတစ်စီး စည်းကမ်းမဲ့ ရပ်ထားတယ်။
အရင်ကတော့ ဓါတ်ပုံရိုက်၊ ဖေ့စ်ဘွတ်တင်ပြီး အပြစ်ပြော။ ခုတော့ သူ့မှာ ဒီလို မဖြစ်မနေ ရပ်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုများ ရှိနေမလားလို့ တွေးတတ်လာတယ်။ အဲ့လိုပဲ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ၊ အများအမြင်မှာ မသင့်တော်ဘူး ဆိုတဲ့ အပြုအမူတွေ၊ ဖေ့စ်ဘွတ်ပေါ် မြင်တွေ့နေရတဲ့ အပြစ်တင်စရာတွေမှာလည်း သူ့အကြောင်းနဲ့သူ ရှိနေနိုင်တာပဲလို့ မြင်တတ်လာတယ်။ ကိုယ်သေချာမသိတဲ့ ကိစ္စတစ်ခုကို ၀င်ပြီး အဆုံးအဖြတ် မပေးတော့ဘူး။ ကိုယ်နဲ့ မသက်ဆိုင်တဲ့ တံဆိပ်တော်တော်များများကို ရခဲ့ပြီးတဲ့နောက်မှာ သူတစ်ပါးကိုလည်း တော်ရုံတန်ရုံနဲ့ တံဆိပ်ပြန်မကပ်တော့ဘူး။ အားလုံးခြုံကြည့်လိုက်တော့ အရွယ်တစ်ခု ရောက်လာတာနဲ့အမျှ ကိုယ့်စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်လာတယ်။ မဖြစ်နိုင်တာကို ငြင်းပယ်တတ်လာပြီး ဖြစ်သင့်တာတွေကို ဦးစားပေးတတ်လာတယ်။ ဖြစ်လာသမျှကိုလည်း လက်ခံတတ်လာတယ်။ ကိုယ့်ဒုက္ခ၊ ကိုယ့်ပြဿနာမှ အကြီးကြီးလို့ မထင်တော့ဘူး။ တစ်ဖက်သားရဲ့ ခံစားချက်နဲ့ အခြေအနေတွေကိုလည်း ထည့်စဉ်းစားပေးတတ်လာတယ်။
ဒါတွေဟာ ရင့်ကျက်ခြင်းရဲ့ လက္ခဏာတွေပဲပေါ့။အပြောင်းအလဲ ဆိုတဲ့ စကားလုံးကို တကူးတကကြီး ပြောနေကြပေမဲ့ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ဟိုးအရင် ကလေးဘ၀နဲ့ မတူတော့တဲ့ အပြောင်းအလဲတွေ ကျွန်တော်တို့မှာ အများကြီး ရှိနေတာကို သတိထားမိလိမ့်မယ်။တချို့အရာတွေက ကျွန်တော်တို့ဆန္ဒ မပါဘဲ၊ ကျွန်တော်တို့ မရွေးချယ်ပါဘဲနဲ့ ဘ၀ရဲ့ ရှောင်လွှဲမရတဲ့ ဒုက္ခတွေ၊ အခက်အခဲ ပြဿနာတွေ၊ ထင်မှတ်မထားတဲ့ အဖြစ်အပျက်တွေ၊ ကံဆိုးမှုတွေက မသိမသာ ပြောင်းလဲပေးခဲ့တာ၊ ရင့်ကျက်စေခဲ့တာ။ ပညာလေ့လာတာ၊ အလုပ်ကြိုးစားတာတွေကတော့ ကျွန်တော်တို့ အသိစိတ်နဲ့ ကျွန်တော်တို့ကိုယ်တိုင် အပြောင်းအလဲကို ဖန်တီးခဲ့တာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေဟာ ပြောင်းတော့ ပြောင်းလဲခဲ့ကြတာပဲ။ ရှေ့ဆက်ပြီးလည်း ပြောင်းလဲနေကြရဦးမှာပဲ။ မပြောင်းလဲနိုင်တဲ့သူဟာလည်း ဘယ်လိုမှ ရှင်သန်ရပ်တည်နိုင်မှာ မဟုတ်ဘူး။ဒါကြောင့် ဘဝကြီးဆီက များများသင်ယူမယ်။ ကိုယ် ပိုပြီး ရင့်ကျက်လာစေဖို့ သူက ပေးလာဦးမယ့် အဆိုးတရားတွေကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်မယ်။ ပညာတွေ လေ့လာမယ်။ ရှုထောင့်စုံစုံနဲ့ အမြင်ကျယ်ကျယ် ကြည့်နိုင်အောင် ကြိုးစားမယ်။ ခုနေများ ကျွန်တော့်ကို ‘လူပီပီသသနဲ့ ဘ၀မှာ ကောင်းကောင်းမွန်မွန် ဖြတ်သန်းသွားနိုင်ဖို့အတွက် အလိုအပ်ဆုံး အရည်အသွေးဟာ ဘာလဲ’ လို့များ တစ်ယောက်ယောက်က လာမေးရင် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနိုင်ဖို့ရယ်၊ ကိုယ်မဖြစ်ချင်ဘဲ ဖြစ်လာရတာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေထိုင်နိုင်ဖို့ရယ်၊ အဲဒီနှစ်ခုကိုပဲ ရွေးချယ်ချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
Credit- burmesenoted
No comments