ရေနံ - သိန်းဖေမြင့်
ရေနံ - သိန်းဖေမြင့်
ခပ်လှမ်းလှမ်း ဘေးပတ်ဝန်းကျင်၌ကား ဓာတ်မီးတို့သည် တထိန်ထိန်ဝင်းနေလေ၏။ ကူလီရွာကလေးတွင်ကား သူကြီးအိမ်နှင့် လခ ၇ဝ ကျပ်စားလက်သမားဆရာတို့ အိမ်မှတစ်ပါး အားလုံးမှောင်နေလေ၏။ ကောင်းကင်တွင်ကား ပြန့်ကျဲနေသော တိမ်တိုက်များအကြားမှ ကြယ်တာရာ အချို့သည်
မနိုင့်တနိုင် မျက်နှာပြုနေကြလေ၏။
ထိုအချိန်တွင်
“ဘုန်းတော်ကြီးသော ဘုရင်၊
သက်တော်ရှည်ပါစေအောင် ဘုရားကယ်မပါ။ အောင်ပွဲရွှင်ရွှင်ခံလျက်၊ ဘုန်းတော်သမ္ဘာ တိုးတက်စိုးစံပါပဲ။ဆက်ဆက်မတော်မူပါ” ဟူသော သီချင်းသံသည် အမှောင်ထုတွင် နစ်နေသော ကူလီတန်းလျားတစ်ခုဆီမှ ချွဲချွဲငင်ငင် ထွက်ပေါ်လာလေ
၏။
'ဟဲ ကျော်ရင်။ နင့်သီချင်းသံက ကောင်းတော့ကောင်းရဲ့၊ တို့နားမလည်ဘူး၊ ဘာတဲ့တုံး” ဟု ကိုလူတုတ်က အသက်ကိုးနှစ် အရွယ်ရှိ
သားကလေးကျော်ရင်အား မေးလိုက်လေ၏။ ကျော်ရင်သည် ပက်လက်လှန်အိပ်လျက် ပျဉ်ထောင်တွင် ခြေကိုကျားကန်ထားရင်း ဘီအိုစီ ကျောင်းမှ သင်ပေးသမျှ၊ ရသမျှ၊ မှတ်မိသမျှကို ရွတ်ဖတ်
နေလေသည်။
'မင်းဆိုတဲ့ သီချင်းက ဘာတဲ့တုံးကွ”
“ဟာ အဖေကလည်း သီချင်း မဟုတ်ဘူး၊ ဘုရားရှိခိုးဗျ"
"ဆရာက သင်ပေးတာ” ဟု မျက်ခွက်ကို မမြင်ရသော သူ့အဖေအား မျက်စောင်းထိုး၍ ကြည့်ကာ ဖြေလိုက်၏။
“ကြား ကြားဖူးကွာ၊ ဘုရားရှိခိုးကလဲ။ အဓိပ္ပာယ်ပြောစမ်းဦးကွာ။ ဟာ ကိုက်လိုက်တဲ့ ကြမ်းပိုးကလည်း လွန်ရော” ဟုပြောပြီး ကိုလူတုတ်သည် အိပ်ရာမှ ထထိုင်လိုက်လေ၏။ မယား
မဆင့်က မီးခြစ်ပေးပြီး ကြမ်းပိုးရှာကြလေ၏။ ။
“မပြောတတ်ဘူး၊ ကျွန်တော်တို့ ဘုရင်ကြီး ဘုန်းတော်ကြီးပါစေတဲ့။ ကျွန်တော်တို့ဘုရင်ကြီး ရေတွေမြေတွေ အများကြီးတိုးပါစေတဲ့။ ဘုရားသခင်ကို ရှိခိုးပြီး တောင်းရတာ အဖေရ” ဟု ကျော်ရင်သည်
ပြောပြီး ဆယ်နှစ်နှစ်အရွယ်ခန့်ရှိသော အစ်မကလေး မြညွန့်ကို လက်သီးနှင့် လှမ်းထုလိုက်ပြန်၏။
'ဟာကွာ ငါ အိပ်တော့မယ်ကွ။ နင် သိပ်ကျယ်တာပဲ”
“ကျယ်တယ်။ ကျယ်တယ်” ဟု ကျော်ရင်က ပြောပြီး
လက်သီးနှင့် မြညွန့်ကို ဆင့်ကဲဆင့်ကဲ ထုပြန်လေ၏။
"ဟဲ့ ငကျော်၊ ဖိနပ်စာ ဖြစ်ချင်လား။ အိပ်ပစေ”ဟု မဆင့်ဟန့်လိုက်ရ၏။
“မင်းတို့ ပြောတာထဲမှာ ကျွန်တော်တို့ဘုရင်ဆိုတာ ဘယ်သူလဲကွ။ တို့မှာ ဘုရင်မရှိဘူး ငကျော်ရ။ တို့ဘုရင် ပါသွားတာ ကြာပြီ”
“အဖေကလည်း အလွဲချည်းဗျာ။ ဟို ဟို အဝေးကြီးက ဘိလပ်က ဆိုလားဗျာ။ အဲ့ဒီမှာ နေတယ်တဲ့”
‘နင့် ဘယ်သူက သင်သလဲ”
“ဆရာက”
“မှားတယ်”
“မမှားဘူး”
“ဝီခေါ်နေအောင် မှားတယ်။ စာအုပ်တစ်အုပ် ငါ့မှာရှိတယ်။နင်ဖတ်ကြည့်၊ ကဲ ဒါထားပါဦး၊ နင် ဘုရားရှိခိုးများကော ရှိခိုးသံ မကြားပါဘဲလား”
“ခုနင်ကဟာ ဘုရားရှိခိုးပဲ အဖေရ”
'ဒါက သီချင်းတွေကွ။ ဩကာသတို့၊ ဣတိပိသောတို့မရဘူးလား”
“မရဘူး” ပြောပြီး နံရံကို ခြေဖြင့် ပေါက်လိုက်၏။
“မရရင် ကျက်ရမယ်။ ဘုရားရှိခိုးရမှ လူနဲ့တူတာ” ဟု ပြောပြီး ကိုလူတုတ်သည် သား၏ နဖူးတွင် လက်ဖဝါးအုပ်ပြီး အထက်သို့ သပ်ပေး၏။
“ဒါဖြင့် ကျက်မယ်။ ဘယ်မလဲ စာအုပ်'ဟု ထမင်းဆာနေရာ ဇွန်းသံ၊ ပန်းကန်သံကို ကြား၍ နားစွင့်သူကဲ့သို့ အာရုံစိုက်ပြီး ကျော်ရင်က
မေးလေ၏။
“မယ်ဆင့်ရေ မီးထွန်းစမ်းကွာ”
“ရေနံ မရှိဘူးတော့” ဟု မဆင့်က ညည်းလိုက်၏။
“အစ်မရာ ရေနံတွေ ပြည့်နေတာပဲ”
“ဝယ်မှရတယ်တော့။ အလကား မရဘူး၊ ကဲ ကဲ အိပ်ကြတော့လေ၊ မရှိဘူး” ဟု ပြောပြီး မဆင့်သည် တစ်ဖက်သို့ စောင်းက မျက်စိကို ဇွတ်မှိတ်လိုက်လေ၏။
“အရင်တုန်းကတော့ ရေနံ အလကားရတယ်။ ခုတော့ မရဘူး၊ ကဲ ကဲလေ၊ ငွေရှင်းတဲ့နေ့တော့ ဝယ်တာပေါ့”
‘ဝယ်လို့ မဖြစ်ဘူး၊ အကြွေးလည်း ပေးရဦးမယ်။ ဆန်လည်း ဝယ်ရဦးမယ်။ မြညွန့်ဖို့ အင်္ကျီလေးလည်း ဝယ်ရဦးမယ်။ ရှင်ရမယ့် နေ့တွက်တွေတောင်လောက်မှာ မဟုတ်ဘူး”
မဆင့်က စီကာပတ်ကုံး ကန့်ကွက်လျှင် ကိုလူတုတ်မှာသက်ပြင်းကြီးသာ ချနေရလေ၏။ ။
ကျော်ရင်သည် သူ့အဖေပြောပုံနှင့် ဆရာသင်ပုံမှာ တောင်နှင့်မြောက်လို ဖီလာကန့်လန့်ကျပုံကို တွေးမိလေ၏။
“အဖေ လိမ်ပြောတာလား”
“မလိမ်ပါဘူးဟ၊ တို့မြန်မာဘုရင်ဟာ မရှိဘူး၊ မင်းရှိခိုးတာ တို့ဘုရားရှိခိုး မဟုတ်ဘူး၊ မင်းအမှန်တွေကို ငါ အဖတ်ခိုင်းမယ်”
“ရေနံမရှိတာ ခက်တာပဲ အဖေရာ”
သူတို့နေသော တန်းလျားတွင် အိမ်ထောင်စုံ ငါးဦးနေရရာ သူတို့တောင်ဘက်က ကပ်လျက်ရှိသော အခန်းတွင် ညားခါစ လင်မယားတစ်စုံ နေကြလေသည်။ သူတို့သည် ညားပြီးခါစ ရယ်ကာ
မောကာဖြင့် ပျော်ပျော်ပါးပါး မနေရဲရှာကြ။ တစ်ဖက်ခန်းက ကြားမည်ကို ရှက်နေကြလေသည်။ “ဟိုဘက်ကကြားကုန်မယ် တိုးတိုး
ပြောပါ” ဟု မယားဖြစ်သူက တောင်းပန်ရှာလေ၏။
“ရေနံရအောင် ကြံမယ်ကွာ။ ငါ့သားကသာ မပျင်းနဲ့၊ စာဖတ်”
ဟု ကိုလူတုတ် ပြောသံမှာ တောင်ဘက်ခန်းတွင် ပဲ့တင်ထပ်၍ လာလေ၏။
'ကဲ အိပ်ကြစို့ကွာ” ဟု လင်ဖြစ်သူက ပြောလေရာ “နေပါဦး၊ဟိုဘက်ခန်းက မအိပ်ကြသေးဘူး” ဟု မယား၏ အဖြေကို ကြားလိုက်လေရာ လင်တော်မောင်မှာ ဟီးခနဲ သက်ပြင်းကြီးချပြီး စိတ်အရှုပ်
ကြီး ရှုပ်သွားလေ၏။
“ဗျို့ ကိုလူတုတ်”
“ဘာတုန်း”
“ဘယ်အချိန်လောက် ရှိပလဲ၊ တော်တော် ညဉ့်နက်ပြီ ထင်တယ်နော်”
“အေး” ဟု ကိုလူတုတ်က အလိုက်တသိ ဖြေပြီး တိတ်တိတ် နေလိုက်ကြလေသည်။
ကိုလူတုတ်ကား အိပ်၍မပျော်။ သူ့သားငယ်အကြောင်းကိုသာ တွေးမိလေ၏။ “ငါ့သားဟာ မဟုတ်တာတွေကိုသာ တတ်နေတယ်။ ဒီအရွယ်ရောက်တောင် ဘုရားရှိခိုးမှ မတတ်ဘူး၊ စာဖတ်တာကတော့ ကောင်းပါရဲ့။ မမှန်တာ မကောင်းတာကို ဖတ်နေရတာ ခက်လှတယ်” ဟု တွေးပြီး လက်နှစ်ဖက်ကို ခေါင်းရင်းသို့ ဆန့်လိုက်လေ၏။ ဆိတ်ငြိမ်နေသော ရွာကလေးကို ဖောက်ထွင်း၍
စက်မောင်းသံများသည် ဟိန်း၍ဟိန်း၍ ထွက်ပေါ်နေလေ၏။
“ငါ့သား စာဖတ်ဖို့ ရေနံဆီ မဝယ်နိုင်ဘူး၊ ငါတို့ကလည်း ကံတယ်ဆိုးတာကိုး။ ငါအလုပ်လည်း ဒီလောက်လုပ်ရဲ့ သားနဲ့ ကြွေးဘယ်တော့မှ
လည်း မပြေဘူး၊ ဒီဝဋ်က ဘယ်တော့ကျွတ်ပါ့မလဲနော်” ဟု တစ်ကိုယ်ကြား ညည်းညူနေဆဲ တောင်ဘက်ခန်းမှ ခစ်ကနဲ ရယ်သံသည် အိမ်မြှောင်စုပ်သတ်သံလို ကျယ်လောင်စွာ ပေါ်လာသဖြင့် ကိုလူတုတ်၏အတွေးမှာ သဲလွန်စပျောက်သွားလေ၏။ ။
ကိုလူတုတ်သည် ဒူးကိုထောင်၍ နဖူးပေါ်လက်အုပ်ကာ စဉ်းစားပြန်လေ၏။ “ငါ့သားအတွက် ရေနံဆီ ဘယ်လိုရအောင် လုပ်ရပါ့မလဲနော်။ အင်း ပင်လယ်ခေါင် ရေငတ်တာနဲ့တော့ တူနေပြီ”ဟု တွေးမိရင်း ဘီအိုစီ ကုမ္ပဏီဆိုင်၌ တပ်ထားသော ရေနံပိုးများကို
ပြေးမြင်မိလေ၏။ ဘီအိုစီဆိုင်သို့ သူသည် လော်ရီကားဖြင့် ခဏခဏ ရောက်ရ၏။ ကုန်လှောင်ဂိုဒေါင်ရှေ့၌ လော်ရီကားကိုရပ်ထားပြီး ဂိုဒေါင်တွင်းသို့ သူတစ်ယောက်တည်း ဝင်ရန်လည်း မခဲယဉ်းလှ။
စောင့်သူမှာ သူ့ကိုယုံကြည်သဖြင့် လော်ရီမှ ကုန်ချဆဲတွင် သူမျက်နှာလွှဲထားလေ့ရှိ၏။ တွေ့ပြီ။ ဤသည်ပင် အကွက်ကောင်းတည်း။ လူလစ်ခိုက်တွင် ရေနံတစ်ပုံကို ကားပေါ် တင်သွင်းနိုင်သည်။
“မကောင်းပါဘူးလေ။ ခိုးတာဟာ အဒိန္နဒါန အပြစ်ကြီးပဲ၊ ငါငရဲကြီးနေမယ် ထင်တယ်” ဟု တွေးမိပြန်ပြီး ကိုလူတုတ်သည် သက်ပြင်းကြီး
ချမိပြန်လေ၏။ ဒူးတစ်ဖက်ကို လျှော့ချလိုက်ပြီး ခြေဆင်းထားလိုက်၏။
“ဒီရေနံဟာ တို့လုပ်လို့ရတဲ့ရေနံပဲ။ တို့တူးလို့ထွက်တာပဲ”ဟု ဆင်ခြေပေါ်လာပြန်ပြီ။ အလုပ်သမားများ တွင်းတူးနေသည်ကို မြင်လာလေ၏။ ဆယ်နာရီ သံချောင်းခေါက်သံ ကြားရလေ၏။
ကိုလူတုတ်သည် လက်နှစ်ဖက်ကိုထပ်ပြီး ရင်ဘတ်ပေါ်တွင် တင်ထားလေ၏။
“ပြီးတော့ ဒီမြေတွေဟာ တို့မြန်မာတွေဆိုပဲ။ ရာဇဝင်
အစကတည်းက တို့လူမျိုးတွေ ပိုင်သတဲ့။ တို့မြေက ထွက်တဲ့ရေနံကို တို့ပိုင်မှာပေါ့။ ဘာဖြစ်လို့ ငရဲကြီးမလဲ၊ တို့ဟာတို့ပြန်ယူတာပဲ။ ခိုးမယ် ခိုးမယ်”
သို့ ဆုံးဖြတ်ခိုက် သူသည် သူ၏အသက်ရှူသံကို သူပြန်၍ ကြားနေရလေ၏။
ထို့ကြောင့် ရက်အတန်ငယ်ကြာသော် လူတုတ်၏ အခန်းတွင် ညဉ့်အခါ၌ မီးခွက်ကလေးတစ်လက်လက်ဖြင့် ဖြစ်နေလေ၏။
ကျော်ရင်၏ စာဖတ်သံမှာ တစာစာနှင့်ကြားနေရလေ၏။ ထိုတန်းလျားကလေးတွင် ငါးအိမ်ထောင်ရှိသည့် အနက် မြောက်ဘက် အစွန်းဆုံးအခန်းမှ အဘိုးကြီးကား ကျော်ရင်ဘုရားရှိခိုး ဖတ်သံကို
ကြားရ၍ သာဓုခေါ်၏။ ကပ်လျက်မြောက်ဘက်အခန်းမှမူ နားငြီးသည်ဟု ငြူစုကြ၏။ တောင်ဘက်အခန်းမှမူ သူတို့လင်မယား စောစော မအိပ်ရ၍ ကျော်ရင်၏ စာဖတ်ခြင်းတွင် ငိုချင်းသံလိုသာ
ကြားယောင်ယောင်ရှိနေလေ၏။ တောင်ဘက် အစွန်းဆုံးအခန်းတွင်နေသူ အိမ်သားတစ်စုကား “ဟိုဘက်ခန်းက ကောင်ကလေး တယ်စာဖတ်နေပါကလား။ ဘုန်းကြီးလူထွက်သားမို့ ထင်တယ်” ဟု
မလိုတမာ မှတ်ချက်ချနေကြလေသည်။
ကျော်ရင်၏ အစ်မမြညွန့်ကား မီးရောင်မျက်စိကို ထိုးသောကြောင့် အိပ်မပျော်နိုင်သဖြင့် မောင်ငယ်ကို ငြူစုမိလေ၏။ မြညွန့်တွင် မိုးကြိုးလက်စွပ်ကလေးတစ်ခုရှိရာ မီးရောင်တွင် နီကျင့်ကျင့်
အရောင်ပေးပြီး လက်၌ အလွန်ထင်ရှားလျက် ရှိနေလေ၏။
ကိုလူတုတ်ကား မိမိလက်သံကို မိမိကြားပြီး ရွှင်မြူးနေသောတယောသမားကဲ့သို့ သားကလေး စာဖတ်သံ၊ ဘုရားရှိခိုး ကျက်သံကြောင့် အလွန်အကြူး ပျော်မြူး၍ နေလေ၏။ ။
“ငါ့သားတော့ ဟန်ပြီ။ စာလည်းကောင်းကောင်း တတ်မယ်။ အမှန်တွေလည်း သိတော့မယ်။ ဘုရားရှိခိုးလည်း တတ်တော့မယ်။ ငါ့သားမှ လူနဲ့ တူတာ။ ဒီပြင်ကလေးတွေထဲက တစ်ယောက်မှ
ငါ့သားလိုတော်တာ မရှိဘူး။ ငါ့သားဟာ ဇော်ဆွဲကပြီ”ဟု သား အတွက် မာနတက်နေမိလေ၏။ ။
သို့ကလို သားအတွက်နှင့် ချမ်းမြေ့ရွှင်မြူးကာနေ၍ ရက်အတန်ကြာသော် မြညွှန့်သည် မျက်နှာကို ခေါင်းအုံးတွင် မြုပ်၍ အိပ်လျက်ရှိ၏။ ကျော်ရင်သည် စာဖတ်၍ မောသွားပြီး စာအုပ်ကို
ရင်ပေါ်အုပ်လျက် အိပ်ပျော်နေ၏။ မဆင့်သည်ခြေရင်း၌ ဆေးလိပ်လိပ်လျက် ရှိ၏။ ကိုလူတုတ်ကား အပေါက်ဝတွင် တင်ပလ္လင်ချိတ်၍ ထိုင်လျက်ရှိ၏။
မီးရောင်တွင် အခန်းတစ်ခုလုံးကို ကောင်းစွာ မြင်ရလေ၏။အခန်းမှာ ဆယ်ပေပတ်လည်မျှရှိပြီး အမိုးနိမ့်ကလေးဖြင့် ဖြစ်၏။ကြမ်းများမှာ တစ်လက်မဆီ ကွာခြားကာ ခင်းထား၏။ သူတို့အိပ်ရာ
ခေါင်းရင်းတွင် ဖိနပ်များကို စီတန်းထားကာ ထမင်းအိုးဟင်းအိုးများကား ဖိနပ်များအနီး၌ မှောက်လျက်နေကြ၏။ ပန်းကန်ပြားများ
လည်း ဟင်းအိုးများအနီးတွင်ပင် ရှိလေသည်။ ခြေရင်းဘက်၌ကား ခြောက်လက်မမျှရှိသော ဆန်အိတ်တစ်အိတ်ရှိ၍ ထိုဆန်အိတ်ပေါ်တွင် ထဘီများကို အခေါက်လိုက် တင်ထားလေသည်။ တောင်ဘက်နား၌ သနပ်ခါးကျောက်ပျဉ်တစ်ချပ်ရှိရာ ကျောက်ပြင်ပေါ်သို့ မဆင့်သည် ဆေးလိပ်တောင်းကို တင်ထားလိုက်လေ၏။
မဆင့်သည် ဆေးလိပ်တစ်လိပ်ကို ယူပြီး မီးညှိ၏။ ဘယ်ဘက်ခြေကို ခွေထားပြီး ညာဘက်ခြေကိုဆန့်လျက် ဆေးလိပ်ကို ဖွာနေလေသည်။
“ကိုလူတုတ် ဟိုဒင်း ကြားရလား”
“ဘယ်ဒင်းလဲဟေ့”ဟု ကိုလူတုတ်သည် သမင်လည်ပြန်လှည့်ကြည့်ကာ မေးလိုက်လေ၏။
“ဆိုင်ဂိုဒေါင်စောင့်တဲ့ ဦးမုန်း ဒဏ်တပ်ခံရသတဲ့”
မဆင့်က ပြောပြလိုက်ရာ ကိုလူတုတ်သည် ပို၍စိတ်ပါလက်ပါ မေးမြန်းပြန်သဖြင့် “ရေနံပုံး ဂိုဒေါင်က ပျောက်လို့တဲ့ တော်ရဲ့”ဟု မဆင့်က ထပ်ဖြေပြန်လေ၏။ ။
“အင်း ဖြစ်မှဖြစ်ရလေကွာ” ဟု ကိုလူတုတ်သည် အက်သော အသံဖြင့် ညည်းမိလေ၏။
သူသည် ပဒေသာလို မြိုင်နေသော ဓာတ်မီးပွင့်များဆီသို့မျှော်ကြည့်လိုက်၏။ ဓာတ်မီးတစ်ပွင့်ကို နှစ်ပွင့်ပွား၍ မြင်နေမိ၏။သူသည် စဉ်းစား၍မရ။ ဦးမုန်းကြီးမဲ့နေမည့် မျက်နှာကိုသာ မှန်းထားမြင်ယောင်မိလေ၏။ သူ့မျက်လုံးတွင် ဦးမုန်း၏ မျက်နှာနှင့်ရေနံဆီပုံးကို ကားပေါ် တိတ်တိတ် သူတင်ထားခဲ့ပုံသည် တစ်လှည့်စီ ပေါ်နေလေသည်။ သူ့ရင်သည် တဒိတ်ဒိတ် ခုန်နေ၏။
“ရော့ ဆေးလိပ်” ဟု မဆင့်ကလှမ်း၍ ဆေးလိပ်ပေးလာရာ ကိုလူတုတ်သည် ခေါင်းခါ၍ ပြလိုက်လေ၏။ ။
“ငါ ခိုးတာ၊ ငါ ခိုးတာ။ ငါ ခိုးလို့ ကိုမုန်းဒဏ်ရိုက်ခံရပြီ”ဟု ကိုလူတုတ်သည် သဘောပေါက်ပြီး သူ့ကိုယ်သူ မုန်းလာလေ၏။သူ့ကိုယ်သူ ရွံလာလေ၏။ ။
'ငါ ယုတ်မာလို့ တစ်ဖက်သား ဒုက္ခရောက်ရပြီ။ ကိုမုန်း ခင်ဗျားကတော့ မသိရှာဘူး၊ ခင်ဗျား နှိပ်စက်တာကျုပ်ဗျ။ ဒီကခွေးမျိုးဗျ”
ကိုလူတုတ်သည် မတ်တတ်ရပ်လိုက်၏။ ရင်ကိုကော့ မထားနိုင်ဘဲ ပျော့ထားရပြီး ခါးကို ကုန်းလိုက်၏။ ခေါင်းကို ငိုက်စိုက်ချပြီး အောက်သို့ ဆင်း၏။
'ကိုလူတုတ်၊ ဘယ်လဲ ညဉ့်နက်ပြီ” ဟု မဆင့်က ဆေးလိပ်ကို ချထားပြီး မေးလေ၏။
“ဒီနားတင်ပါကွ” ဟု ပြောပြောဆိုဆို တန်းလျားရှေ့တွင် လေးကန်စွာ လူးလာသွားလာနေ၏။
“ငါ မိုက်မိတာ၊ ငါဟာ တစ်ခုမှ ဒီလို မခိုးဖူးဘူး၊ မယုတ်မာဖူးဘူး။ ဟော ငါယုတ်မာလို့ တခြားတစ်ယောက် ဒုက္ခရနေပြီ။ငါဟာ ခွေး၊ ငါဟာ လူနဲ့မတူဘူး၊ ဟောဒီ လူလောကနှင့် မတော်ဘူး။
ဒီသူဌေးတို့ကလည်းဗျာ နည်းနည်းပါးပါးပျောက်တာ အသာမထားဘူး၊ မဆိုင်တဲ့လူကို နှိပ်စက်သေးတယ်။ သူတို့မှာ တစ်နေ့ကုဋေကုဋာ ရေနံတွေ ရနေလျက်နဲ့၊ ဘယ့်နှာကြောင့် ခွက်တစ်ဆယ်ပျောက်ရုံနဲ့ လူတစ်ယောက်ကို အပြစ်ပေးရတာတုံး။ ခင်ဗျားတို့ မသနားတော့ဘူးလား၊ ဒီရေနံဟာ ကျုပ်တို့ ရေနံတွေပဲ။ ဘာကြောင့် ကျုပ်တို့ရေနံ ဖျောက်ပစ်တာကို အပြစ်ပေးနိုင်ရသလဲ၊ ပြောစမ်း”
သူသည် အခန်းဆီသို့ လှမ်းကြည့်လိုက်၏။ မဆင့်သည် စောင်းလျက် အိပ်နေ၏။ မီးခွက်ကလေးကား တစ်ခန်းလုံးကို အသက်သွင်းပေးနေလေ၏။ သူသည် အခန်းပေါ်သို့ ပြန်တက်ပြန်၏။
“ကိုမုန်းတော့ ဒဏ်ရိုက်ခံရပြီ။ ငါ့ကြောင့်သူ့မှာ ဒဏ်ရိုက်ခံရတာ။ ငါ ဒဏ်ငွေပေးရမှာ။ ငါသာ ပေးထိုက်တယ်။ သူနဲ့ မဆိုင်ဘူး၊ ငါ စိုက်ပေးမယ်။ ငါ ငွေရှာမယ်”
သူသည်ဒဏ်ငွေကို ရနိုင်ရန် ကြံ၏။ ဟိုကြည့်သည်ကြည့် ၊ကြည့်ကာ ငွေရနိုင်မည့်လမ်းကို တွေး၏။ မြညွန့်သည် ပက်လက်လှန် လျက် အိပ်ရင်း ဘယ်လက်ကလေးကို ရင်ပေါ်သို့ တင်ထား၏။
မီးရောင်တွင် မိုးကြိုး လက်စွပ်ကလေးသည် တလက်လက် နေ၏။ ကိုလူတုတ်သည် လက်စွပ်က မျက်စပစ်သည်ကို မြင်မိလေ၏။
“ဟော တွေ့ပြီ၊ ဒီလက်စွပ်ကလေးကို ယူပြီး တိတ်တိတ် ကိုမုန်းဆီကို ပို့လိုက်မယ်။ ဟန်ပြီ၊ နေရာကျပြီ။ ဒီလက်စွပ်ကို ရောင်းရင် သုံးကျပ်တော့ အဖျင်းဆုံး ကိုမုန်းရနိုင်တယ်။ ငါ ပို့တာမှန်း မသိအောင် ပို့မယ်။ ဟီး ဟုတ်ပြီ”
သူသည် သမီးအနားသို့ တိုးသွားပြီး လက်ကလေးကို ဆွဲကိုင်ထားလိုက်၏။ သေးသွယ်လှပသော လက်ချောင်းကလေးများနှင့် လက်စွပ်ပနံစားနေသည်ကို ကြည့်ပြီး လက်စွပ်ကို မချွတ်ရက်
သေးဘဲ ငေးနေမိ၏။
နံနက် လင်းသောအခါ မြညွန့်သည် အိပ်ရာမှနိုးလျှင် သူ့အဖေကို အနီး၌ မတွေ့ရတော့ချေ။ သူသည် မျက်နှာသစ်ပြီးနောက် မျက်နှာသုတ်သောအခါ လက်စွပ်ပျောက်နေသည်ကို တွေ့ရလေ၏။
မြညွန့်သည် စောင်ကလေးများကို ခါ၍ ရှာ၏။ မတွေ့။ချေးအထပ်ထပ်ဖြင့် မည်းနေသော ခေါင်းအုံးကို ဟိုရွေ့ သည်ရွေ့ အထပ်ထပ်ရွေ့ပြီး ရှာ၏။ မတွေ့။ ကြမ်းပြင်တစ်ခုလုံးတွင် လိုက်ရှာ
၏။ မတွေ့။ နောက်အမေအား လက်နှင့်လှုပ်နှိုးလျက် “အမေ အမေ၊ကျွန်မလက်စွပ်ပျောက်နေတယ်” ဟု တိုင်လေ၏။ ။
မဆင့်သည် ပစ်တိုင်းထောင်ရုပ် ထောင်သလို ငေါက်ခနဲထပြီး မျက်စိကို လက်ဖြင့်ပွတ်၏။
“ဘာဖြစ်တယ်၊ လက်စွပ်ပျောက်တယ်”
“ဟုတ်တယ်” ။
‘ဟဲ့ ကျော်ရင်၊ ထ စမ်း”
မြညွန့်သည် ကျော်ရင်ကိုလှုပ်နိုး၏။
“အား၊ ဘယ်သူလဲ။ သွား၊ မနှိုးနဲ့'ဟု ကျော်ရင်က ငေါက်သော်လည်း မြညွန့်သည် ဇွတ်နှိုးပြန်လေ၏။
“အား ဘာလဲဟ”
“ငါ့လက်စွပ် ပျောက်တယ်၊ နင် ယူထားသလား”
“အောင်မာ၊ နှင့်လက်စွပ် ငါ ဘာလို့ ယူရမလဲ”
“နင် ယူမှာ၊ ပေးပါဟဲ့”
“မယူဘူး၊ သွား ငါ အအိပ်ပျက်အောင် မလုပ်နဲ့၊ ငါထိုးလွှတ်မှာ။ သွားဆိုတာ သွား”
“မသွားဘူး၊ ခွေးကလေး နင်ခိုးတာ”
ကျော်ရင်သည် သူ့အား ဇွတ်အကြောင်းမဲ့ သူခိုးယိုးသည်ကို မခံမရပ်နိုင်ဖြစ်ပြီး ခြေနှင့်ကန်လေ၏။
မြညွန့်လည်း လက်သီးနှင့် သူ့မောင်ခေါင်းကို ထိုးလေ၏။
'ကဲဟာ ငါ့ကို ထိုးဦး ဟု အော်ပြီး ကျော်ရင်သည် မြညွန့်၏ဆံပင်ကို ဆွဲဆောင့်လေ၏။
'နင်မယူရင် နင့်မီးခွက်ကြောင့် ငါ့လက်စွပ်ကို လူမြင်ပြီး ချွတ်ယူတာ။ အီး အီး” ဟု ဆိုပြီး ကျော်ရင်ကို ဆက်၍ဆက်၍ရိုက်လေ၏။ထိုအခိုက် ကိုလူတုတ် ရောက်လာပြီး “ဟဲ့ ဘာဖြစ်ကြတာလဲ” ဟု မေးပြီး ပြေးလာလေ၏။ ။
မှိုင်တွေကာ သားနှင့်သမီး ရန်ဖြစ်သည်ကို မဖျဉ်ဘဲ ကြည့်နေသော မဆင့်က လက်စွပ်ပျောက်လို့ ရန်ဖြစ်ကြတာတဲ့” ဟု တိုင်လိုက်လေ၏။
“ဟ မဖြစ်ကြနဲ့၊ တော်။ ငါ နှစ်ယောက်လုံး ရိုက်လိုက်မယ်"
ရန်ပွဲကား စဲသွား၏။ ကိုလူတုတ်သည်တွေပြီး သားနှင့်သမီးကို ကြည့်နေလေ၏။ လက်စွပ်ပျောက်၍ ငိုမဲ့မဲ့ဖြစ်နေသော သမီးကို မြင်ပြီး တငွေ့ငွေ့ တမြေ့မြေ့ ဆွေးနေလေ၏။ စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ရေနံကိုသာ စိတ်နာလာလေ၏။
အတန်ကြာလျှင် ရေနံဆီပုံးကို ယူ၍ အောက်သို့ ဆင်းကာ အပေါက်ဖွင့်၍ မှောက်လိုက်လေ၏။
“ဂြိုဟ်မွှေတဲ့ရေနံ၊ ငါ့သား ငါ့သမီးချင်း ရန်ဖြစ်စေတဲ့ ရေနံ၊ငါ့သူငယ်ချင်းကို ဒုက္ခပေးတဲ့ရေနံ၊ ငါ့ကို လူယုတ်မာဖြစ်စေတဲ့ရနံ၊သောက်ရေနံ၊ သွားဟာ သွားဟာ´ဟု ရေရွတ်ပြီး ရေနံရေစက်
ချလျက်ရှိလေသတည်း။
--------------
သိန်းဖေမြင့်
မြန်မာ့အလင်းနှစ်သစ်မင်္ဂလာသတင်းစာ၊ ဧပြီ၊ ၁၉၃၈။
#Typing_crd_ZawOo
See less
No comments