New Artical

နေရောင်ခြည် အငွေ့အသက်

အမေလည်း ပင်ပန်းလှပါပြီ။ အနားယူရအောင် ကျွန်မနဲ့ တစ်လှည့်လာနေပါတဲ့။ သမီးက စာနဲ့ရေးမှာတာ သုံးစောင်ရှိနေပြီ။ လူကြုံနဲ့ စကားကြုံပါးတာကတော့ ရွာကလူကြုံရှိတိုင်း ပါးနေတော့တာ။ သူကတော့ အညာသူပီပီ အကြေမိုးကိုကြောက်တယ်။ အောက်ပြည်မှာ မိုးရွာတယ်ဆိုတာ မိုးဗြဲဒယ်အိုးထဲ ရေအပြည့်ထည့်ပြီး ဗြုန်းခနဲ သွန်ချသလိုမျိုး ရွာတာဟုတ်လား။ အညာမှာလို တစ်ရက်တစ်မနက် ရွာတာမျိုးလည်းမဟုတ်။ နေ့စဉ်ရက်ဆက်ရွာတာ။ မနက်လည်း ရွာချင်ရွာတာ၊ နေ့လယ်နေ့ခင်းလည်း နေကပွင့်ချင်မှပွင့်တာ။ ညနေပိုင်း ရံုံးဆင်းချိန် ကျောင်းဆင်းချိန်ဆိုရင် အချိန်ကိုက်ရွာတတ်သေးတယ်။ ညဦးရော သန်းခေါင်သန်းလွဲလည်း အစိုးမရဘူး။ နေရထိုင်ရတာ စိုစိစိုဖတ်နဲ့။ အဝတ်အစားတွေ၊ မျက်နှာသုတ်ပဝါတွေ၊ ခေါင်းအုံးစွပ်နဲ့ စောင်တွေ နေရောင်နဲ့ ခြောက်ရသွေ့ရတာမဟုတ်တော့ အောက်သိုးသိုးနဲ့ မှိုနံ့တွေစွဲနေတာကြီးကို ဒေါ်အေးမြ စိတ်ပျက်တာလေ။
‘ အမေလည်း ပင်ပန်းလှပါပြီ ’ တဲ့လား။ အရင်က ကိုယ့်ကိုယ်ကို သတိမထားမိဘူး။ သမီးရဲ့စာကို ခဏခဏ ထုတ်ဖတ်မိပြီး ဒေါ်အေးမြ စဉ်းစားမိတယ်။ လူမှန်းသိကတည်းက ဒီအလုပ်တွေ နေ့တဒူ၀ တကုပ်ကုပ် လုပ်လာခဲ့တာ။ ဘယ်မှာပင်ပန်းလို့လဲ။ သူတို့ဘ၀ ဒီလိုခေါက်ရိုးကျိုးနေတာ အရိုးစွဲနေပြီလေ။ သားနဲ့သမီးကို ဘွဲ့ရအောင် ကုန်းရုန်းရှာဖွေခဲ့ကြတာလည်း ပင်ပန်းတယ်လို့မထင်မိကြဘူး။ မိဘလက်ငုတ် ပဲခင်း၊ နှမ်းခင်းလေးကို ခင်ပွန်းသည် ဦးချစ်ဖူးနဲ့အတူ နှစ်တိုင်း ယက်ထွန်ခဲ့ကြတာ နှစ်တွေကြာလှပြီပေါ့။
အသက်ခြောက်ဆယ်တွင်းချဉ်းလာတော့ ခြေမသယ်ချင် လက်မသယ်ချင်ဖြစ်တဲ့အခါ ဖြစ်ပါရဲ့။ အကြောအချဉ်တွေတက်ပြီး ကိုယ်လက်မအီမသာ ဖြစ်တဲ့အခါ ဖြစ်တယ်။ ညတစ်ရေးနိုးပြီး တော်တော်နဲ့ ပြန်အိပ်မပျော်တဲ့အခါလည်း အိပ်မပျော်ဘူးပေါ့။ ဒိပြင်မိန်းမတွေ သွေးဆုံးချိန်မှာ ဖြစ်တတ်တာမျိုးတွေ ဒေါ်အေးမြ အသက်ခြောက်ဆယ်ချဉ်းမှ ခံစားရတာ မကျန်းမာတာမှမဟုတ်ဘဲ။ ကျန်းမာရေး သရိုးသရီဖြစ်တာနေမှာပါလို့ အောက်မေ့မိတယ်။
သားက ရွာနဲ့လေးတိုင်လောက်ဝေးတဲ့ ‘ စခန်းသာ ’ မှာ ကျောင်းဆရာတစ်ဘက်၊ မိန်းမဘက်က ယာတစ်ဘက်နဲ့။ တောင်သူကြီးစာရင်းမဝင်ပေမယ့် လင်ရောမယားပါ ကျောင်းဆရာတွေဆိုတော့ ရွာရဲ့အိမ်ဦးခန်းမှာ နေရတယ်။ မိဘဆိုတာ ကိုယ့်သားကိုယ့်သမီးကို ကြက်သားအုပ်မကြီးလို ထိန်းကျောင်းနေချင်ပေမယ့် အရွယ်ရောက် လူလားမြောက်တော့ ကိုယ့်ဘဝကိုယ် လျှောက်ကြတာပဲဟုတ်လား။ သားကြီးက ‘ စခန်းသာ’ ရောက်၊ သမီးက ရန်ကုန်ရောက်ပေါ့။ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ သမီးခမျာ ရွာကိုမပြန်နိုင်တာ နှစ်တွေချီကြာခဲ့ပြီ။ ဒီတော့ အမေ့ကို တွေ့ချင်မှာပေါ့။ မတွေ့ချင်တဲ့အမေရယ်လို့ ဘယ်မှာရှိပါ့မလဲ။
သမီးဆီသွားကြဖို့ ဦးချစ်ဖူးကို သူအဖော်စပ်တယ်။
“ မင်းပဲသွားပါကွာ၊ ထန်းသုံးပင်အခင်းက ပေါင်းလိုက်ရဦးမှာ၊ ပဒူအုံအခင်းက မြေဆီပက်ရဦးမယ် ” ရေမြုပ်တဲ့ယာခင်းတချို့ ပြန်ပြီးထွန်ယက်ရမယ့်အကြောင်းတော့ မပြောဘူး။ ဦးချစ်ဖူးလည်း အကြေမိုးကိုကြောက်တယ်။ အကြေမိုးထက် ပိုကြောက်မိတာကတော့ သမီးနေတဲ့ ခုနှစ်ထပ်အမြင့်ကြီးကို ပိုကြောက်တာ။ တစ်ခါတက်ရင် သုံးနေရာ လေးနေရာနားပြီးမှ တက်ရသလို မတော် ငလျင်များလှုပ်လိုက်မှာဖြင့် ဖွဟဲ့လွဲပါစေ ဖယ်ပါစေ၊ မတွေးကောင်းတာတွေတဲ့။
“ အရီးအေး နေကောင်းရဲ့လား ”
“ ဟဲ့ အေးမြ နင်ပိန်နေပါလား ”
“ ဒေါ်ဒေါ်အေး စားလို့သောက်လို့ကောင်းရဲ့လား၊ ဒီနေ့ ဘာဟင်းချက်သလဲ ”
“ ရီအေးမြကြည့်ရတာ ပိန်သွားသလိုပဲ ”
သူ့ကို ပိန်သွားတယ်လို့ ဝလာတယ်လို့ အကဲဖြတ်ကြတာတွေ ကြားဖူးလှပြီ။ ဒီလိုပြောကြတာ လူချင်းတွေ့ရင် နှုတ်ဆက်ကြတဲ့ ပဋိသန္တာရစကားလို့တောင်မှ သူထင်မိတယ်။ ဒါပေမဲ့ ဒီလိုပြောကြတဲ့အထဲမှာ ဒီရက်ပိုင်း ပိုပိုစိပ်လာပြီး ပြောကြတဲ့လူတိုင်းက ပိန်တယ်၊ ပိန်သွားတယ်လို့ချည်း ပြောနေကြတယ်။ ဝတယ်လို့ ပြောသံမကြားရတော့ဘူး။
“ ကိုချစ်ဖူးရယ် လူတွေက ကျွန်မကိုတွေ့ရင် ပိန်သွားတယ်လို့ ပြောပြောနေကြတယ်။ တကယ်ပိန်နေတာလား ” ဘုရားပွဲဈေးက ဝယ်လာတဲ့ သစ်သားပေါင်တပ် ကြည့်မှန်လေးကို လိုအပ်သလို လှည့်ရွှေ့ရင်း ခေါင်းငဲ့ရင်း၊ မှန်ကို ရှေ့တိုးနောက်ငင်လုပ်ရင်း မေးလိုက်တယ်။
ခပ်အေးအေးနေတတ်ပြီး အကောင်းမြင်လေ့ရှိတဲ့ ခင်ပွန်းသည်ကတော့
“ ပိန်တော့ဘာဖြစ်သေးလဲ။ သူများတွေများ ပိန်ချင်လို့ ညစာရှောင်သူနဲ့ အဆီချဆေး ဝယ်သောက်သူသောက်ရသတဲ့။ တကူးတကကို ဒုက္ခခံနေကြတာ ”
ဟင်း သူ့စကားကလည်း ဘယ်လိုကြီးမှန်းလည်းမသိဘူး။ ဒါပေမဲ့ ပိန်နေတယ်ဆိုတာကို ထောက်ခံနေသလိုပဲ။ ဆန်ဆေးနေရင်းနဲ့ ဒန်အိုးထဲမှာပေါ်တဲ့ သူ့ပုံရိပ်ကို ဒေါ်အေးမြ ကြည့်နေမိပြန်ရော။ အင်း ပါးချောင်နားချောင်တွေ ကျနေသလိုလိုပါလား။
×××××××××××××××××××××××

ဒီမိုးကုန်ရင်တော့ သမီးဆီသွားဦးမှဆိုတဲ့ ဒေါ်အေးမြ သမီးတွေ့ချင်ဇောနဲ့ ခုနှစ်ထပ်အမြင့်ကို သုံးနေရာတည်းနားပြီး တက်လာခဲ့တယ်။ နဖူးနားထင်မှာ ချွေးစလေးတွေစို့နေတဲ့၊ မောပြီး စကားမစနိုင်သေးတဲ့အမေ့ကို မမျှော်လင့်ဘဲတွေ့လိုက်ရတော့ သမီးသိပ်ပျော်သွားတာပေါ့။ လက်ဆွဲအိတ်ကတော့ မသယ်နိုင်လို့ လှေကားထစ်နေရာမှာ ထားခဲ့ပြီဆိုတာကို သမီးက အရင်ဆင်းပြေးယူရသေးတယ်။ ပြီးတော့ သောက်ရေသန့်ဘူးပိုက်ခေါင်းကိုလှည့်ပြီး အမေ အမောပြေစေဖို့ ရေတစ်ခွက်လှမ်းတယ်။
ဒေါ်အေးမြ “ မင်းသမီးလုပ်မယ့်နှစ်ကျမှ သီချင်းအဆန်းက ပေါ်လာတယ် ” ဆိုတဲ့ စကားလိုပဲ။ မုတ်သုန်ရာသီ မြန်မာပြည်က ထွက်ခွာသွားပြီဆိုပေမယ့် တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်က မုန်တိုင်းတွေ တစ်ခုပြီးတစ်ခု ဧည့်စာရင်းမတိုင်ဘဲ လာလည်နေကြတယ်လေ။ အညာမှာတောင် မိုးတွေသည်းလို့ ချောင်းရေတွေလျှံလို့ဆိုပါလား။ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တစ်ထောင် ကျိုက်ဝိုင်းဘုရားတွေ စုံအောင်ဖူးလိုက်မဟဲ့ဆိုတဲ့ သူ့စိတ်ကူးတွေ ပင်လယ်ကိုဗဟိုပြုတဲ့ မုန်တိုင်းတွေရဲ့ မိုးရေထဲမှာ နစ်မွန်းသွားပြီ။ ဒီလိုနဲ့ သမီးရဲ့တိုက်ခန်းမှာ ခြေချုပ်မိတာကို အနားယူတယ်လို့ ဖြေသိမ့်မိတယ်။
တကယ်လည်း သူဘာမှမလုပ်ရဘူး။ သမီးက အိပ်ရာက စောစောထပြီး တစ်နေ့တာအတွက် အကုန်စီစဉ်ပေးခဲ့တယ်။ အမေ့ကို တကယ်အနားရစေချင်တာဟုတ်လား။ အမေရောက်ခိုက် အညာမှာ မစားရတဲ့ဟင်းတွေ၊ အမေကြိုက်တတ်တဲ့ဟင်းတွေ၊ တစ်မျိုးပြီးတစ်မျိုး စီစဉ် ချက်ပြုတ်ကျွေးတယ်။ ရေနွေးဓာတ်ဘူးကို ရေနွေးအပြည့်ဖြည့်ပြီး စော်ဘွားနှုတ်ခမ်းမွေး လက်ဖက်ခြောက်ကို အိုးကင်းပေါ်မှာတင်ပြီး လှော်တာလေးခပ်ပေးခဲ့သေးတယ်။
ဘုရားရှိခိုး၊ မေတ္တာပို့၊ လမ်းလျှောက်ပုတီးစိပ်၊ ရေနွေးသောက်၊ တရားစာအုပ်ဖတ်၊ လမ်းလျှောက်ပရိတ်ရွတ်၊ ဆီးသွား၊ ထမင်းစားချိန် ပလတ်စတစ်အုပ်ဆောင်းလှပ်စား၊ နေ့လယ်တစ်မှေးမှေး၊ လမ်းလျှောက်၊ ပုတီးစိပ်၊ ရေနွေးသောက်၊ ဆီးသွား၊ ဒါ ဒေါ်အေးမြနေ့စဉ်လုပ်တဲ့ အနားယူပုံပဲ။
အရပ်ဆယ်မျက်နှာ မေတ္တာပို့တဲ့အထဲမှာ ဆွေကြီးမျိုးကြီး၊ ဘိုးကြီးဘွားကြီးတွေရဲ့ နာမည်မှတ်မိသလောက် ထည့်ပို့မိတယ်။ ဦးချစ်ဖူးဘက်က ဆွေမျိုးတွေ၊ သားနဲ့သမီးဘက်က ဆွေမျိုးတွေပါမကျန်ဘူး။ ရွာမှာတော့ ဒီလောက် လူစေ့တက်စေ့ မေတ္တာမပို့နိုင်ဘူးလေ။
ယံမင်္ဂလံ ဒွါဒသဟိ စိန္တယိံသု အစချီတဲ့မင်္ဂလာသုတ်၊ ပဏိဓာနတော ပဋ္ဌာယ အစချီတဲ့ ရတနသုတ်၊ ယဿနုဘဝတော ယက္ခအစချီတဲ့ မေတ္တသုတ်တွေလည်း ရွတ်ဖတ်မိတယ်လေ။
ပုတီးပတ်စေ့၊ တရားစာအုပ်ဖတ်လို့ ငြီးငွေ့တဲ့အခါ လေးပေလောက်ကျယ်တဲ့ ကြွေပြားစီဝရန်တာလေးကို ထွက်ရပ်လိုက်တဲ့အခါထွက်၊ မိုးလေမကင်းရင် တရုတ်ကတ်မှတ်တွေနောက်ကနေ ပတ်ဝန်းကျင်ကို ငေးမောနေတတ်တယ်။ အကျယ် ၁၅ ပေ အရှည်ပေ ၄၀ ရှိတဲ့ တိုက်ခန်းမြင့်မြင့်မှာ ဧည့်သည်လာလုပ်နေရတာဟုတ်လား။ အညာကိုသတိရ ရွာကို လွမ်းမိတာပေါ့။
ကုက္ကိုပင်၊ ထနောင်းပင်၊ မန်ကျည်းပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ သူတို့အိမ်ကလေး။ စံပယ်ပန်းရုံ၊ ဇွန်ပန်းရုံတွေနဲ့ ခြံဝင်းထဲမှာ ဘုရားပန်းတင်၊ ဘုန်းကြီးလှူ၊ အိမ်နားနီးချင်းတွေလာခူးကြနဲ့။ စံပယ်ရနံ့၊ ဇွန်နံ့သင်းနေတဲ့ သူတို့အိမ်ကလေး ကြက်ဟင်းခါး၊ ဒန့်သလွန်၊ ခွေးတောက်၊ ရုံးပတီသီး၊ ဘူးသီး၊ ခဝဲသီးဝယ်မစားရရုံမက ဦးလေးချစ်ဖူး ဒန့်သလွန်သီး တစ်ခါချက်လောက်၊ အရီးအေးမြ ခဝဲသီးတစ်ခါဆွတ်လောက်နဲ့ ဆွေမျိုးဉာတကာကို မျှဝေနိုင်တဲ့ ခြံဝင်းကျယ်ကျယ်၊ ခြံနီးနားချင်း၊ ရွာလယ်၊ ရွာဖျားမှာရှိတဲ့ တမာပင်တွေ၊ ပိတောက်ပင်ကြီးတွေ အချိန်အခါလိုက်ဖြန့်ဝေတဲ့ ပန်းရနံ့သင်းသင်းတွေ။ ကျဲကျဲတောက်ပူနေတဲ့ နေရောင်အောက်က လေပူတွေက လူကိုပူအိုက်တာမှန်ပေမယ့် နေနံ့သင်းသင်းနဲ့ ခြောက်သွေ့ထားတဲ့ အဝတ်အစားတွေကိုတော့ ဒေါ်အေးမြ သဘောကျမိတယ်။
မနက်အိပ်ရာထ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ တိုက်ခန်းမြင့်မြင့်တွေကို စတွေ့ရတော့တာပဲ။ အဖြူပျက်နံရံတွေမှာ မိုးရေစက်တွေ နှိပ်စက်ထားလို့ ရေညှိမည်းညစ်ညစ်တွေက အကြည့်ရဆိုးလှတယ်။ သမီးရဲ့အခန်းက အလယ်နားခပ်ကျကျ၊ လမ်းသွယ်လေးတစ်ခုရဲ့အတွင်းပိုင်းမှာ ဆောက်ထားတဲ့ တိုက်ခန်းဆိုတော့ ဒိပြင်တိုက်ခန်းတွေရဲ့ နောက်ဖေးအပိုင်းတွေကိုချည်း မြင်ရတာလေ။ နောက်ဘက်ပိုင်းမှာ ဝရန်တာသဘောမျိုး အခန်းဖွဲ့ပါတဲ့တိုက်ကပါ။ အရေးပေါ်ထွက်ပေါက် သံလှေကားလေးတပ်တဲ့ တိုက်ခန်းတွေက တပ်ထားနဲ့။ နောက်ဖေးပိုင်းဆိုတာ တိုက်တစ်ခုလုံးနဲ့ အရုပ်ဆိုးဆုံးအပိုင်းလို့တောင်မှ ပြောလို့ရသေးတယ်။
နောက်ဖေးဝရန်တာလေးကို သံပန်းနဲ့ကာတဲ့ အခန်းက ကာထားသလို၊ နေရောင်ကာအမိုးခုံးခုံးကလေး ဇွတ်ကာ ဖျစ်ညှစ်တပ်သူက တပ်ထားတယ်။ အရောင်လွင့်နေတဲ့ ယင်းလိပ်တွေနဲ့ကာတဲ့ အခန်းတွေကာ၊ ပလတ်စတစ်နဲ့ ကာသူလည်းရှိရဲ့။ တိုက်ခန်းရဲ့နောက်ဖေးဆိုတာ တစ်မိသားစုလုံးရဲ့ အသုံးမတည့်တဲ့ပစ္စည်းတွေ လာပြီး စုပုံထားတဲ့နေရာမဟုတ်လား။ ကလေးဝတ်၊ လူကြီးဝတ်၊ ကျားဝတ်၊ မဝတ်၊ အတွင်းခံ၊ ဂါဝန်၊ စကတ်၊ အကုန်လှမ်းကြတာဆိုတော့ တိုးလို့တွဲလောင်းတွေ မြင်နေရတာပေါ့။
တီရှပ်တွေ၊ ရှပ်အင်္ကျီတွေ လှမ်းထားပေမယ့် အဲဒီအခန်းရဲ့ နောက်ဖေးကို ဘယ်ယောက်ျားမှ လာတာမတွေ့ဘူးတော့ သူ အစက နားမလည်ဘူး။ နောက်တော့ တောသူမ သူ့သမီးကိုယ်တိုင် တီရှပ်အင်္ကျီတွေ ဝတ်တာတွေ့တော့မှ ဒေါ်အေးမြ သဘောပေါက်တယ်။
ရတဲ့နေရာမှာ ပန်းအလှပင်ကလေးတွေ ကပ်ကပ်သပ်သပ်စိုက်ပျိုးကြသူတွေ မြင်တော့ သူမချင့်မရဲဖြစ်မိတယ်။ အရေးပေါ်ထွက်ပေါက်လှေကားမှာ ပန်းအိုးတွေတင်ထားသူလည်း ရှိတယ်လေ။ တိုက်ခန်းနောက်ဖေး ရေဆိုးထုတ်တဲ့ပိုက်တစ်လျှောက် ကပ်ညှပ်ပေါက်နေတဲ့ ညောင်ပင်တွေ၊ နွယ်ပင်တို့လို တွဲလွဲတွေကြည့်ပြီး ကန်ထရိုက်တိုက်ဆောက်သူတွေက မဆလာဖျော်တုန်းမှာ ဒီသစ်စေ့တွေ တမင်တကာထည့်ရောစပ်ခဲ့လေသလားလို့ တွေးမိသေးတယ်။ တစ်ခါတလေ ဘယ်အခန်းကမှန်းမသိ လေထဲပျံဝဲလာတဲ့ ဟင်းနံ့ကျွေးနံ့ ခပ်စူးစူးတွေကလည်း ခေါင်းကိုက်ချင်စရာပဲ။
ညက အိပ်ရေး၀၀အိပ်ခဲ့ရတဲ့ မနက်ခင်း မျက်နှာ ပြည့်ဖောင်းဖောင်းဖြစ်တာကိုပဲ၊ သူအနားယူတာလုံလောက်ပြီး အညာကိုပြန်မှထင်ရဲ့လို့ အတွေးဝင်လာတယ်။ လေးငါးဆယ်ရက်နဲ့ ဘယ်ချက်ချင်းတော့ ပြန်ဝလာပါ့မလဲ။ တင်းတိပ်တွေစွဲပြီး ညိုမည်းမည်းဖြစ်နေတဲ့ သူ့ပါးနှစ်ဖက်ကို ဒေါ်အေးမြ အမြန်ပြန်ပြည့်စေချင် ဖောင်းလာစေချင်လှပြီ။ သတိရတဲ့အခါ လက်မောင်းတွေ လက်ဖျံတွေကိုလည်း ကြည့်မိသေးတယ်။ နည်းနည်းတော့ ဝလာသလိုပဲ။
ကျီးကန်းတွေ လာလာနားတတ်တဲ့ တီဗီအင်တင်နာတွေ ဂြိုဟ်တုစလောင်းတွေကလည်း တောင်တစ်ခု မြောက်တစ်ခုနဲ့ မျက်စိနောက်စရာ၊ ကျီးကန်းတွေကလည်း ကျီးကန်းတွေပဲ။ ဒီပစ္စည်းတွေဟာ သူတို့ အညောင်းပြေ အညာပြေနားရအောင် တမင်တကာ တပ်ဆင်ပေးထားတာလို့ အောက်မေ့တယ်ထင်ပါရဲ့။ သူတို့ကိုကြောက်တဲ့ အခန်းရှင်တွေက လှမ်းထားတဲ့ အသားတွဲတွေ ကျီးတွေ နှုတ်သီးထဲပါမသွားဖို့ မှန်တွေ ချိတ်ထားကြသေးတယ်။
နောက်ဖေးဘက်ဆိုတာ အဝတ်လှန်းရုံ၊ အဝတ်ရုပ်ရုံ လူတွေ ခဏတစ်ဖြုတ်လေး ထွက်လာပြီးတော့ အိမ်ထဲ လှစ်ခနဲ ပြန်ဝင်သွားကြတာလေ။ ဒီအထဲကကိုပဲ သူတို့ရွာကမိတ်ဆွေ ဒေါ်ခင်အေးနဲ့တူတဲ့ အမျိုးသမီးကို တစ်ခါတလေ လှမ်းမြင်လိုက်ရသေးတယ်။ ဒေါ်ခင်အေးက ရန်ကုန်မြို့မပြောနဲ့ မန္တလေးမြို့တောင် ရောက်ဖူးတဲ့သူမဟုတ်ဘူး။ အောက်ဘက်နား ခပ်ကျကျ ညာဘက်အခန်းက ကူဖော်လောင်ဖက် ကလေးမလေးကတော့ ရွာက ကိုချစ်တီးသမီး စမ်းစမ်းနဲ့ ဆင်တူလိုက်တာ။ အဲဒီလို လူတွေမြင်ရင် ဒေါ်အေးမြ ရွာကိုပိုသတိရမိတယ်။
ကိုယ့်အခန်းတံခါးကိုယ်ပိတ်ပြီး တစ်ဦးနဲ့တစ်ဦး ဘာအဆက်အသွယ်မှမရှိဘဲ နေကြတဲ့ လူနေမှုပုံစံကြီးက သူ့စိတ်ကို မွန်းကျပ်စေတယ်လေ။ သမီးကလည်း ဘယ်သူနဲ့မှ အခေါ်အပြောမလုပ်သလောက်ဘဲ။ သူ့ကိုလည်း ခေါင်းလောင်းသံကြားရင် တံခါးကိုအရင်မဖွင့်နဲ့နော်။ ဟောဒီ ချောင်းကြည့်ပေါက်ကလေးကနေ အသာချောင်းကြည့်။ မျက်နှာသိ မဟုတ်ရင် ဖွင့်မပေးနဲ့၊ အမေနော် ဒါ ရန်ကုန်နော်တဲ့။
နောက်ဖေးမှာ ထွက်လှန်းကြတဲ့ အဝတ်အစား၊ အသုံးအဆောင်တွေရဲ့ အရောင်တွေ ဒီဇိုင်းတွေပဲ အပြောင်းအလဲရှိတယ်။ မည်းညစ်ညစ်နံရံတွေ၊ သံချေးရောင်သံပန်းတွေ၊ ဖွင့်တဲ့ပြတင်းကဖွင့်၊ ပိတ်တဲ့ပြတင်းကပိတ်နဲ့ ကိုးရိုးကားရားနိုင်လှတဲ့ တိုက်ခန်းတွေကို မကြည့်ချင်မြင်ရင်သား၊ ပတ်ဝန်းကျင်မြင်ကွင်းက ပုံသေကားချပ် တစ်သတ်မတ်တည်းကြီး။
ပုတီးသာစိပ်နေတာ စိတ်က ယာထဲကိုပြန်ရောက်နေတယ်။
ပရိတ်သာရွတ်နေတာ စိတ်က ဇွန်ပန်းရုံလေးကို ရေလောင်းနေတယ်။
မေတ္တာသာပို့နေတာ အာရုံက စာအုတို့ ချိုကုပ်တို့အတွက် နှမ်းဖတ်နဲ့ ကောက်ရိုးနဲ့ နယ်နေမိတယ်။
သမီးစီစဉ်ခဲ့တဲ့ မုန့်ဟင်းခါးကို စားနေပေမယ့် မုန့်ပေါက်ကြော်၊ မုန့်ရည်ပါးတွေကို မြင်ယောင်မိတယ်။
ပတ်ဝန်းကျင်က အုံ့မှိုင်းလေလေ အညာနေ၊ အညာလေကို တမ်းတမိလေလေပဲ။
သမီးဝယ်ပေးထားတဲ့ စာအုပ်ထဲက မောရသုတ်မြန်မာပြန်၊ ခန္ဓသုတ်မြန်မာပြန် စာလုံးတွေလည်း ေ၀ဝါးလာပြီး အိမ်က ခံတောင်းထဲက မတ်ပဲဆန်တွေ၊ ပဲနောက်ဆန်တွေ ဖြစ်ကုန်ကြပြီလေ။
ညောင်ဇင်ကျောင်းဆရာတော် အစ၊ ဦးချစ်ဖူး အလယ်၊ သားကျောင်းဆရာ မိသားစုတွေရဲ့ ကျန်းမာရေးကို ပူမိတယ်။ ဝပ်နေတဲ့ ကြက်မလည်း အကောင်တွေပေါက်နေပြီထင်ပါရဲ့။ အင်း တစ်ခါတလေ ဓာတ်ဆီဓာတ်စံ တိပ်ခွေလေးနားထောင်ရရင် အပျင်းပြေမှာပဲ။ တိုးလုံနဲ့ ဇော်ဝိတ်တို့နှစ်ကောင် ထမင်းကျွေးဖို့ မမေ့တန်ကောင်းပါဘူး။
သူတို့နေကြတဲ့အခန်းနဲ့ ဝါးသုံးပြန်လောက်ပဲဝေးတဲ့ တိုက်ခန်းနောက်ဖေးဝရန်တာမှာ အဝတ်လှန်းတဲ့ စင်ကလေးတစ်စင်ရှိတယ်။ အဲဒီစင်ကလေးမှာ ယောက်ျားဝတ်တွေရော မိန်းမဝတ်တွေပါ လှန်းလေ့ရှိတယ်လေ။ ဒီနေ့တော့ ဘာအဝတ်မှမလှန်းဘဲ ဆန်ကောတစ်ချပ် လာတင်ထားတယ်။ လက်ရာသိပ်မကောင်းတဲ့ ဆန်ကောဟောင်းတစ်ချပ်ပါပဲ။ ဆန်ကောထဲမှာ ပဲစေ့၊ ပဲဆန်လေးတွေ နို့ဆီတစ်ဘူးလောက်ရှိမယ်ထင်ရဲ့။ အဲဒီ ဆန်ကောဟောင်းလည်း မြင်လိုက်ရော ခင်ပွန်းသည် ဦးချစ်ဖူးကို ချက်ချင်းသတိရမိတယ်။ သူက နှီးတွေ ဝါးတွေ အလွန်နိုင်တဲ့လူ။ ဆန်ကော၊ ဆန်ခါ၊ ဗန်းနဲ့တောင်းတွေကို ကျွမ်းကျွမ်းကျင်ကျင် ရက်တတ်တယ်။ လက်ရာ သိပ်သေသပ်တယ်။ အပျို လူပျိုဘဝမှာ သူ့လက်ရာမြောက် ဆန်ကော ဆန်ခါတွေ လက်ဆောင်ပေးပြီး ရင်းနှီးအောင် လုပ်ခဲ့တာပေါ့။ မင်္ဂလာဦးကတည်း ရိုရိုသေသေကိုင်ခဲ့တဲ့ ဗန်းတွေဆန်ခါတွေတောင် အိမ်မှာ အခုထက်ထိ သုံးနေရတုန်း။
ဒေါ်အေးမြ ရွာကို ပြန်ခဲ့တယ်။
ဒီတစ်ဆောင်းတော့ သမီးရှိရာ ရန်ကုန်မှာ ဆောင်းခိုလိုက်ဦးမယ်ဆိုတဲ့ ဒေါ်အေးမြရဲ့ စိတ်ကူးဟာ တရုတ်ပင်လယ်ပြင် ဗဟိုပြုတဲ့ မုန်တိုင်းမိုးစက်တွေထဲမှာ မျောသွားတာလား။ ဆန်ကောဟောင်းတစ်ချပ်ထဲမှာ ထည့်ပျာလိုက်တာလားမသိ။

ညီပုလေး
ကလျာမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၅

No comments