လိမ်ပေးလိုက်ရသောဆရာ
လိမ်ပေးလိုက်ရသောဆရာ
"ဆရာ...ကျွန်မရောက်ပြီ" ကျောင်းပိတ်ရက်တစ်ရက် ကျွန်တော်သတင်း စာဖတ်နေစဉ် ခြံဝမှ အသံကြားလိုက်ရသော ကြောင့် တံခါးသွားဖွင့် ပေးလိုက်သည်။
"ဒေါ်ပုလဲ...မလာတော့ဘူးလားလို့ ကျွန်တော် အပြင်ကိုထွက်တော့မလို့"
"စောစော လာမလိုပါ ဆရာ...သမီးလေးအတွက် ဟင်းချက်ပေးနေ ရလို့ပါ"
"သမီးက ဝန်ထမ်းလား"
"မဟုတ်ဘူးဆရာ...ဒီနှစ် ၁၀ တန်းလေ...ဆရာ့အတန်းမှာလို့ပြောတယ်"
"ဘယ်သူများပါလိမ့်"
"သီတာပါဆရာ"
"သြော်...သီတာက ဒေါ်ပုလဲ သမီးလား"
"ဟုတ်ကဲ့ဆရာ...ဒါပေမဲ့ သမီးလေးကို ကျွန်မ ဒီလိုအိမ်တွေမှာ အဝတ်လိုက်လျှော်နေတယ် ဆိုတာ မပြောပါနဲ့နော်ဆရာ"
ကျွန်တော်နာလည်လိုက်ပါသည်။ ကျွန်တော်က ဒေါ်ပုလဲဟုသာပြောရသည်။ သူမျက်နှာတွင် ဖြူဖွေးတာဆိုလို့ သွားတွေသာရှိသည်။
ဒေါ်ပုလဲဟု သူ့ကိုသိနေသည်မှာ ဈေးထဲက ငါးရောင်းသည့် အမျိုးသမီး မိတ်ဆက်ပေး၍ ဖြစ်သည်။ သူက အိမ်တွေလိုက်ပြီး အဝတ်လျှော်မီးပူ တိုက်သည့်အလုပ်ကို ရပ်ကွပ်ထဲပတ်၍ လိုက်လုပ်ကာ ဝမ်းစာရှာနေသူဖြစ်သည်။
"ဒေါ်ပုလဲ...ယောက်ကျားက ဘာလုပ်လဲ"
"သေသွားပြီဆရာ...အရက်သမားလေ...၂ နှစ် တောင်ရှိနေပြီ...အဲ့ဒါကြောင့် သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ပိုးမွေးသလိုမွေး နေရတာ"
"သီတာက စာတော်ပါတယ်...ဒါပေမဲ့ သမီးလေးကို ကိုယ့်ဘာလုပ် နေတယ်ဆိုတာ အမှန် တိုင်းပြောပြီး ရင်ဆိုင်ခိုင်းတာ မကောင်းဘူးလား"
"မကောင်းပါဘူးဆရာရယ်...သူတို့သူငယ် ချင်းတွေက ပြိုင်နေကြတာ...သူအမေက အဝတ်လိုက်လျှော်နေတာသိရင် စိတ်အား ငယ်သွားပါ့မယ်"
"ဒါဆိုရင် သမီးကို ဘာလုပ်နေတယ်လို့ ပြောထား သလဲ"
"စာလိုက်သင်နေတယ်လို့ ပြောထားတယ်"
"အလို ခဗျားက ကျောင်းဆရာမလား"
"မဟုတ်ဘူးဆရာ...အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်တယ်"
"ဟုတ်လား...ဘွဲ့ရပြီးပြီလား"
"မဟုတ်ပါဘူးဆရာ...ကျွန်မက ငယ်ငယ်ကတည်းက ဘိုအိမ်မှာကြီးလာတာ...သခင်ကြီးတို့ အင်္ဂလန်ပြန်သွားလို့ပေါ့...အဲ့ဒီမှာ မာလီလုပ် နေတဲ့ သီတာတို့အဖေနဲ့ အိမ်ထောင်ကျတာပဲ"
"အံရောဗျာ...အဲ့ဒါနဲ့ပဲ သမီးကို အင်္ဂလိပ်စာ လိုက်သင်နေတယ် ပြောထားတယ်ပေါ့"
"သူ ဂုဏ်မငယ်စေချင်လို့ပါ ဆရာ"
ဒေါ်ပုလဲသည် အင်္ဂလိပ်စာ သိပ်မဖတ်နိုင်ပါ။ သို့သော် အင်္ဂလိပ်လို စကားကို အတော်လေးပြောနိုင်သည်။ ကျွန်တော်ပင် သူ့လောက်မပြောနိုင်ပါ။ သူအိမ်ရောက်စဉ် သူ့ထံမှ ပညာယူရသည်။ ကျွန်တော်က အင်္ဂလိပ်လို မပြောနိုင်အောင် ကြိုးစားရသည်။
"ဒေါ်ပုလဲ...အင်္ဂလိပ်စာသင်မလား...ကျွန်တော် လိုက်စပ်ပေးမယ်"
"ကျွန်မလို ကုလားမကြီးကို ဘယ်သူက အထင်ကြီးမှာလဲဆရာ..."
"ကျွန်တော့်ကို သင်လေဗျာ...ပိုက်ဆံပေးမှာပေါ့"
"ဆရာ...ဆရာ့ကို ဆရာပြန်မလုပ်ချင်ပါဘူး"
"မဟုတ်ဘူးလေ...ဒေါ်ပုလဲ မီးပူတိုက်နေတုန်း ဖြစ်ဖြစ် ကျွန်တော်နဲ့ အင်္ဂလိပ်လို ပြောရအောင် လေ့ကျင့်တဲ့သဘောပေါ့"
"ဒီလောက်ကတော့ ဆရာရယ်...ပိုက်ဆံပေး စရာလား"
"ကျွန်တော် အလွန်ဝမ်းသာသွားသည်။ ထိုနေ့က စပြီး ဒေါ်ပုလဲကို မျှော်ရသည်။ သူရောက်လာ သည်နှင့် ကျွန်တော် အင်္ဂလိပ်လိုပြောသည်။ ဒေါ်ပုလဲကလည်း မှားလျှင်ပြင်ပေးသည်။
ကျွန်တော်က"ဆရာမကြီး...ကျွန်တော်မှန်ရဲ့လား" ဟုမေးလျှင်
"ဆရာ...ငရဲကြီးပါ့မယ်...ဆရာမကြီးလို့ မခေါ်ပါနဲ့" ဟု ပြောတတ်သည်။
ကျွန်တော်တို့ လေပေးဖြောင့် နေသည်မှာ တစ်လခန့်အကြာတွင်
"ဆရာ... ဆရာ"
"ဟေး...ဘယ်သူလဲကွ"
ခြံဝကိုကြည့်လိုက်ရာ သီတာနဲ့ ခင်စောမူတို့နှစ်ယောက်ဖြစ်သည်။
"ဒေါ်ပုလဲ ...ဟိုမှာ ခဗျား သမီးလာနေတယ်"
"ဟုတ်လားဆရာ...ဒုက္ခပဲ"
"ဘားမှ ဒုက္ခမနေနဲ့"ကျွန်တော်က သူမီးပူ တိုက်နေသည့် အဝတ်တွေကို လုံးထွေးကိုင် သွားပြီး အိမ်ခန်းထဲ ပစ်ထည့်လိုက်သည်။ မီးပူကိုပါဖြုတ်ပြီး သိမ်းလိုက်သည်။
"ဒေါ်ပုလဲ...ဒီမှာထိုင်...ဒီမှာ...ထိုင်ပါဗျ"
"ဘာလုပ်မလို့လဲဆရာ"
"ထိုင်ပါဗျာ"
သူ့ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီး အင်္ဂလိပ်စာအုပ်ကို ရှေ့ချထားကာ
"ထိုင်နေနော်...ကလေးတွေကို တံခါးသွားဖွင့် ပေးလိုက်ဦးမယ်"
ကျွန်တော်က ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်။
"ဟေး...သမီးတို့လာ...ဘာကိစ္စလဲကွ"
"ဆရာကို ကျောင်းအုပ်ဆရာမကြီးက စာတစ်ဆောင်ပေးခိုင်းလိုက်လို့ဆရာ"
"ဟုတ်လား မှန်းစမ်း"
"စာကိုဖွင့်ဖတ်လိုက်ရာ ကျောင်းတွင် စစ်ဆေး ရေးများ ရောက်နေသောကြောင့် မိဘဆရာ ငွေစာရင်းရှင်းတမ်းစာအုပ်ကို ပေးလိုက်ရန် ဖြစ်သည်။
"သမီးတို့ လာခဲ့ကြ ...အိမ်ထဲကို လိုက်ခဲ့ဦး"
ကလေးနှစ်ယောက် အိမ်ထဲကို ဝင်လိုက်သည်။
"ဟာ...မာမား ဆရာဆီမှာ ဘာလာလုပ်နေတာလဲ"
"အလို သီတာ...သမီးက သူ့ကိုသိလား"
"သမီးအမေလေဆရာ"
"ဟုတ်လား"
"ဆရာမကြီး...သမီးရှိတာ မပြောပါလား...ကျွန်တော်အတန်းကတပည့်လေ စာသိပ် တော်တာ"
ဒေါ်ပုလဲက မျက်စိမျက်နှာပျက်နေသည်။
"မာမား ဘာလာလုပ်နေတာလဲ ဆရာဆီမှာ"
"သမီး...အဲ့ဒါဆရာကို အင်္ဂလိပ်စာသင်ပေး နေတဲ့ ဆရာမကြီးလေ"
သီတာလေး၏ မျက်နှာချက်ချင်း ဝင်းလက် သွားသည်။
"ဆရာက အင်တာဗျူးတစ်ခုဖြေစရာရှိလို့ သမီးမမေကိုခေါ်ပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်နေတာ"
အမေတစ်ယောက်အတွက် ဂုဏ်ယူသော မျက်နှာဖြင့် ကြည့်လိုက်သည့် မျက်လုံးများကို ကျွန်တော်အသိဆုံးဖြစ်သည်။
"ရော့သမီး...ဆရာမကြီးကို ဒီစာအုပ်ပေးလိုက်"
သီတာက လှည့်ထွက်မယ် လုပ်ပြီးမှ "မားမား...အေးအေးဆေးဆေးပြန်လာခဲ့...သမီး ထမင်းချက်ထားလိုက်မယ်"
"အေး...အေး"
ကလေးနှစ်ယောက် ထွက်သွားသောအခါ ဒေါ်ပုလဲတစ်ယောက် ချုံးပွဲချငိုတော့သည်။
"ဟီး...ဟီး...ဟီး...ကျေးဇူးတင်လိုက်တာ ဆရာရယ်...ကျေးဇူးတင်လိုက်တာ...ကျွန်မ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး
" မြန်မာလို မပြောတတ်ရင် အင်္ဂလိပ်လိုပြောဗျာ"
"ဆရာ...ဘုရားသခင်စောင့်ရှောက်ပါစေ...ဆရာသိပ်တော်တာပဲ"
"ဒေါ်ပုလဲ...အချို့သောကိစ္စတွေဟာ ကြာရှည် ဖုံးထားရင် အကောင်းထက်...အဆိုးဖြစ်သွားဖို့ ပိုများတယ်...သမီးလေးကို အမှန်တိုင်း ရင်ဆိုင်တတ်အောင် ပြောပါလား"
"ဆရာရယ်...မပြောပါရစေနဲ့...စောစောက ဆရာက ကျွန်မကို ဆရာမကြီးလို့ ခေါ်လိုက် မိချိန်မှာ သမီးလေး မျက်နှာဖြစ်သွားတဲ့ ပီတိ အပြုံးလေးကို သဘောကျလိုက်တာ.... အဲ့ဒီအတိုင်း ဆက်ရှိနေစေချင်လို့ပါ"
ထိုနှစ်အတွင်း သီတာ ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာဖြင်အောင်သည်။ အင်္ဂလိပ်စာ၊ သချာင်္နှစ်ဘာသာဖြစ်သည်။ တစ်နေ့ ကျွန်တော်ဆီကို သီတာရောက်လာသည်။
"ဆရာ"
"ဘာလဲသမီး"
"သမီး ကန်တော့ပါရစေ"
"ဆရာ...."
"သမီး"
"သမီးမာမား...ရပ်ကွက်တွေထဲလိုက်ပြီး အဝတ်လျှော်နေတယ်ဆိုတာ သမီးသိတာကြာပြီ"
"ဟုတ်လား"
"ဒါပေမဲ့ ဆရာက မာမားကို ဆရာကိုစာသင် ပေးနေတဲ့ ဆရာမကြီးလို့ ပြောတယ်နော်"
"အေးလေ"
"ဆရာ...မာမား အဝတ်လိုက်လျှော်နေတယ် ဆိုတာ သမီးသိတယ်လို့ မပြောလိုက်ပါနဲ့ဆရာ"
"ဘာဖြစ်လို့လဲကွ"
"မာမားက အိမ်မှာ နင့်ဆရာကို ငါက စာသင် ပေးနေတာလို့ ဂုဏ်ယူပြီး ပြောနေတယ်ဆရာ"
"အေးလေ ဟုတ်တာပဲ"
"ဆရာရယ်...ဆရာကို ကျေးဇူးတင်လိုက်တာ မာမားကို သမီးက အရမ်းသိမ်ငယ်မှာစိုးတာ. ဒါပေမဲ့ ဆရာကျေးဇူးကြောင့် မာမားလေ သူ့ကိုယ်သူ ယုံကြည်မှုတွေရှိလာတာ"
"သမီး...အဲ့ဒါပဲ ...အဲ့ဒါ သမီးမာမားက သမီးကို အကောင်းဆုံးပေးနိုင်တဲ့ သင်ခန်းစာပဲ""ဆရာ.... သမီးကန်တော့ပါတယ်" သီတာ့ပါးမှာ မျက်ရည်တွေကျနေသည်။
"သမီးမာမားက တကယ့် ဆရာမကြီးပါကွာ" ဟု ကျွန်တော်ပြောလိုက်ပြီး ဆုပေးလိုက်သည်။
Credit : တင်ညွန့် − ကျောင်းဆရာဇာတ်လမ်း
No comments