New Artical

အဆိပ်သင့်မေတ္တာမိုး - ဟမ်စိုင်း(ဆေး-မန်း)

 

အဆိပ်သင့်မေတ္တာမိုး - ဟမ်စိုင်း(ဆေး-မန်း)
•••••••••••••••••••••••••••••••••••••••••

ညနေပိုင်းတွေမှာ မိုးအုံ့ပြီးမိုးနံရတာ ရက်အတော်ကြာပေပြီ။ ဒီညနေမှ မိုးသည်း ထန်စွာ ရွာသွန်းလာသည်။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှ ကုန်စိမ်းသီးနှံတွေကို အိမ်ပေါ်သို့
ပြောင်းတင်ရသည်။ မရောင်းရသည့် ကိုက်လန့်ရွက်နှင့်ကန်စွန်းရွက်များက အစိမ်း
ရောင်မှ ဝါကြန့်ကြန့်ဘက် ရောက်နေပြီ။ အသီးတချို့က ခပ်နွမ်းနွမ်း။ မှိုတွေက ပွင့်အာနေသည်။
`သားသတိထားဦး၊လက်ရှမိဦးမယ်´
မျက်နှာပေါ်မှ မိုးရေစက်တွေ သုတ်ရင်း ပလပ်စတစ်အိတ်တွေနှင့် ဝါးကပ် အိမ်အမိုး
အပေါက်တွေကို ဖာထေးနေသော သားကြီးကို သတိပေးရသည်။
`အမေ့ကုန်စိမ်းတွေက မိုးရေထဲထားလည်း မိုးမိမှာပဲ ။အိမ်ပေါ်တင်လည်းမိုးစိုမှာပဲ။ သိမ်းမနေနဲ့တော့။´
သားကြီးစကားကြားတော့ ကုန်စိမ်းများကို နေရာတကျ စီပေးနေသည့် သမီးနှစ်
ယောက်နှင့်အတူ ရယ်မိကြသည်။ ကျွန်မတို့ မိသားစု မှီခိုအားထားရာ မြင်းမိုရ်တောင်
ကြီး ပြိုလဲသွားတာ သုံးနှစ်ပြည့်ရော့မည်။ ကြက်မ, တွန်လို့ မိုးမလင်း ဟုပြောကြသော်လည်း ကိုဘခင် တိမ်းပါးသွားကတည်းက ဝါးကပ်မိုး ထရံအကာ သုံးခန်းတွဲအိမ်လေး အရှေ့မှာ
ကုန်စိမ်းဆိုင်လေးဖွင့်ပြီး မိသားစု ဝမ်းရေးကို ဖြေရှင်းရသည်။ ကိုဘခင်က ကျောင်းဆရာပီပီ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်သည်။ သားကြီးနှင့်သမီးလတ် တက္ကသိုလ်
ကျောင်းစရိတ်တွေကြောင့် အဆင်ပြေစဉ်က စုဆောင်းခဲ့သော ရွှေထည်တွေက တဖြည်းဖြည်း
ပျောက်ပျက်ကုန်သည်။ နောက်နှစ်ဆိုလျှင် အငယ်မက တက္ကသိုလ် တက်ရတော့မည်။ ဝါနွမ်း
နေသည့်ကိုက်လန်ရွက်တွေခွာရင်း သက်ပြင်းတိုးတိုးချ၍ စကားတစ်ခွန်း ဆိုမိသည်။
`မိုးရာသီဝင်လာပြီဆိုတော့ အိမ်အမိုးအသစ် မိုးဖို့ ပိုက်ဆံစုရဦးမယ် ´
`အမေ သား ကျောင်းထွက်ပြီး အလုပ်လုပ်မှာ လက်ခံတော့ဗျာ ´
သားကြီးက အေးစက်သော လက်အစုံနှင့် ကျွန်မနောက်ကသိုင်းဖတ်ရင်းအပ်ကြောင်း
ထပ် စကားဆိုလာသည်။
`အခုတောင် တတိယနှစ်ရောက်နေပြီ။ ဘယ်နှစ်ခါပြောရမလည်း ဘယ်သူမှ မထွက်ရဘူး´
`ကိုကြီးပြောတာ သမီးတော့ထောက်ခံတယ်။ သမီးလည်း ကျောင်းထွက်ပြီး စက်ချုပ်သင်တော့
မယ်။အငယ်မကိုပဲ ကျောင်းဆက်ထားရအောင် ´
`တော်စမ်း၊ နင်တို့အနာဂါတ်တွေ လှပဖို့ ဘွဲ့ရမှဖြစ်မယ်။အမေ့ကိုချစ်ရင် ကျောင်းဆက်နေကြ ´
`ရွာထဲမှာ ဘွဲ့ရပြီး အလုပ်မရလို့ လယ်တောပြန်ဆင်းနေတဲ့လူတွေ အများကြီးပါ အမေရာ။
သားတို့မောင်နှမရမယ့် ရိုးရိုးဘွဲ့တွေအတွက် အလုပ်အကိုင် အာမခံချက် ရှိလို့လားအမေ။အမေလည်း ပင်ပန်းလှပါပြီ"
အမှန်တရားတွေ ပြောလာသော သားကြီး စကားအောက်တွင် ကျွန်မမှာ ပြန်ပြောစရာ
စကားရှိမနေခဲ့ပေမယ့် ခေါင်းကိုခါယမ်းပစ်လိုက်သည်။ဘာပဲဖြစ်ဖြစ် ကိုဘခင် ဖခင်ဝတ္တရားကျေပွန်ခဲ့သလို ကျွန်မလည်း မိခင်ဝတ္တရားကျေပွန်အောင် ကြိုးစားရမည်။သားသမီးတွေ ဘွဲ့ရပညာတတ်ဖို့ မဖြစ်ဖြစ်သည့်နည်းနှင့် ကြိုးစားရပေမည် ။
»»»»»»»»»»»»»»»»»»»»»»»»»»
ကောင်ကင်းတွင် တိမ်မညိုဘဲနှင့် မိုးက ဝေါခနဲ့ ရွာချလိုက်သည်။ကျောက်ဆည်မြို့
ဈေးလေးထဲမှ ဈေးဝယ်သူများ ဟိုပြေးသည်ပြေးနှင့် နီးစပ်ရာ အမိုးအောက်တွင် မိုးခိုကြသည်။ ကျွန်မနှင့် ဦးအောင်က ဈေးရုံးခန်းအမိုးအောက်တွင် မိုးခိုမိသည်။ဦးအောင်က ကျွန်မနားရည်
ဝနေပြီဖြစ်သော `လက်ထပ်ပါရစေ´ဆိုသောစကားကို ထပ်ပြီးပြောလာပြန်သည်။
နံနက်ခင်းတိုင်း ကျောက်ဆည်ဈေးလေးထဲသို့ ကုန်စိမ်းလာဝယ်ရင်း
ဈေးကောက်ဦးအောင်နှင့် ခင်မင်ခဲ့သည်။ ဦးအောင်အသက်က ငါးဆယ့်ငါးနှစ်၊ကလေးနှစ်
ယောက်အဖေ မုဆိုးဖို။ အရပ်မြင့်မြင့် ပိန်ပါးပါးနှင့်အသားညိုသည်။ ဦးအောင် ကလေး
နှစ်ယောက်စလုံးက သူ့အိမ်ထောင်နှင့်သူ။ ကျွန်မက ကလေးသုံးယောက်အမေ မုဆိုးမဆိုတာကိုလည်း ဦးအောင်သိသည်။ချို့တဲ့စွာ ကျောင်းတက်နေသော သားသမီးများနှင့် မိုးယိုနေသော
ဝါးကပ်မိုးကို မြင်ယောင်လာသည်။
ဦးအောင်နှင့် လက်ထပ်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ သားကြီးမရှိခိုက် သမီး
နှစ်ယောက်နှင့် တိုင်ပင်ဖြစ်သည်။
`သမီးကတော့ လုံးဝသဘောမတူဘူး။ ရှက်စရာကြီးပါအမေရာ´
`သမီးဆယ်တန်းဖြေခါနီးမှ စိတ်ညစ်အောင်လာလုပ်နေတယ်။ အီး ဟီးဟီး´
သားသမီးတွေ ကျောင်းဆက်နေနိုင်ရေး၊ မိသားစု ပြေလည်ဖို့ အရေးဟုတွေးပြီး သမီးနှစ်ယောက် မျက်ရည်တွေကို ကျွန်မဥပေက္ခာ ပြုလိုက်သည်။
ညနေခင်းရောက်တော့ သားကြီးနှင့် ရင်ဆိုင်ရပြန်သည်။ မျက်မှောင်ကြုတ် ထားသော
မျက်ခုံးအောက်က သားကြီးမျက်လုံးတွေက မီးတောက်ပမာ၊ လက်နှစ်ဖက်ကိုကျစ်ကျစ်ပါ
အောင်ဆုတ်ရင်း အံကြိတ်ထားသည့်မေးရိုးများက ခေါထွက်နေသည်။
`အမေက ငါးဆယ်နားနီးနေတာတောင် ဒီကိစ္စကို တပ်မက်တုန်းလား´
`ဖြန်း´
ကျွန်မ လက်ဖဝါးကိုတစ်လှည့် သားကြီးပါးကို တစ်လှည့်ကြည့်ရင်း မျက်ရည်တွေ အလိုလို
စီးကျလာရင်း
`နင်တို့မောင်နှမတွေ ကောင်းစားဖို့ဟဲ့၊ နင်တို့တစ်တွေ ပညာရေးဆုံးခန်းတိုင်ဖို့အတွက်ဟဲ့´ လို့အော်မိသည်။
`ပထွေးနဲ့ဆိုရင် ဘယ်တော့မှ ပျော်ရွှင်တဲ့မိသားစု ဖြစ်လာမှာ မဟုတ်ဘူးသားတို့အတွက်ဆိုရင် သားတို့ ကျောင်းထွက်မယ် ။ အမေနဲ့ ဒိုးတူဘောင်ဖက် လုပ်စား မယ်။ ဒါဆို သားတို့ပျော်မှာပဲ´
ကျွန်မ သက်ပြင်းရှည် တစ်ချက်ချရင်း အံကြိတ်လိုက်မိသည်။ သားသမီးတွေဘွဲ့ရမှ
ကျွန်မ စိတ်အေးနိုင်မည်။ နံရံအထက်ဝယ် ကပ်ထားသော မိဘဝတ္တရားငါးပါးမှ အတတ်သင်
စေဆိုသည့် အချက်ကိုမြင်တော့ ကျွန်မ ဆုံးဖြတ်ချက်တွေ မှန်ကန်မည်ဟု အားတင်းနိုင်ခဲ့
သည်။
»»»»»»»»»»»»»»»»»»»»»»»»»»»
မိုးဖွဲဖွဲရွာသည့် ညနေမှာပင် ဦးအောင်က အိမ်သို့ပြောင်းရွေ့လာသည်။ သမီးနှစ် ယောက်က ညစာမစားဘဲ အခန်းတံခါးပိတ်ပြီး ဆန္ဒပြကြသည်။ သားကြီးကတော့ အိမ်ပြန်မအိပ်ဘဲ
ဦးအောင်ကို ကြိုဆိုသည်။ ဦးအောင်က ကျွန်မလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း နားလည်
သည်ဆိုသည့် အပြုံးဖြင့် ပြုံးနေခဲ့သည် ။ဦးအောင်ရောက်ပြီး မကြာမီမှာပင် အိမ်ထရံနှင့်
အမိုးတွေက အသစ်ဖြစ်ကုန်သည်။ ဦးအောင်က နံနက်ခင်းတိုင်း ဆွမ်းတော်တင် အမျှဝေသည်။ ကလေးများ ၏ကျောင်းစရိတ်ကို လိုသလောက်ပေး နိုင်ရန် ကျွန်မကိုငွေပုံအပ်ထားသည်။
ဦးအောင်တွင် အပြစ်ပြောစရာဆို၍ ညပိုင်းတွင် အရက်သောက်ခြင်းသာ ရှိသည်။
နံနက်ခင်း ကျောက်ဆည်တက္ကသိုလ်သို့ ဆိုင်ကယ်အသစ် တစ်စင်းကို အတူစီးသွားသော အကြီးနှစ်ယောက်နှင့် ဖြူစိမ်းအသစ်ဝတ်ပြီး စက်ဘီးအသစ်စီးကာရွာကျောင်း သို့ သွား သော ဆယ်တန်းကျောင်းသူအငယ်မမြင်တော့ ရင်ထဲကြည်နူးရသည်။
သာသမီး မျက်နှာမထောက်တဲ့ လင်တာရူးမ၊ပိုင်းလုံးမဟု ပတ်ဝန်းကျင်မှ ပြောလာ သော
စကား ကျည်ဆန်များကို လူတွေကြားမှာ လူတန်းစေ့နေနိုင်သော ကလေးတွေကို ကြည့်ရင်း ဖြစ်ပေါ်လာသော စိတ်ချမ်းမြေ့မှုကျည်ကာနှင့် ကာထားနိုင်ခဲ့သည်။ ကျွန်မတို့မိသားစု
တိမ်ညိုဖုံး၍ နေရောင်ပျောက်ခဲ့သော ညနေခင်းများ ကုန်လွန်ကာ ဆည်းဆာအလှကို
ခံစားရတော့ပေမည်။
»»»»»»»»»»»»»»»»»»»»»»»»»»»
ကောင်းကင်တခွင် တိမ်ကင်းစင်နေရာမှ ရုတ်တရက် မိုးတွေမှိုင်းကာ ညိုမဲလာသည်။
နေဝင်လို့ဝင်မှန်းမသိ အလင်းရောင်က ပျောက်ကွယ်သွားသည်။ လေအေးအေး တွေက
အိမ်ရှေ့ပြတင်းပေါက်ကိုဖြတ်ကာ ကျွန်မဆီသို့ တိုက်ခတ်လာသည်။ လေအေး အေးတွေ
ကြောင့် လက်ဖျားတွေ အေးစက်နေသော်လည်း ကျွန်မရင်တွင်းက ပူလောင်နေသည်။ ပြန်မလာဘူးဆိုတာ သိလျက်နှင့် ထိုင်ရာမှထပြီး အိမ်ပေါက်ဝပြတင်းမှ တဆင့် ဝိုင်းအဝင်လမ်းကို မျှော်မိသည်။ သမီးလတ်ရေးထားခဲ့သော စာကို အထပ်ထပ်ဖတ်ရင်း မျက်ရည်တွေက အလိုလို စီးကျလာသည် ။
`သမီးချစ်သူက အိမ်ကျဉ်းကျဉ်းလေးမှာ ပထွေးနဲ့အတူနေတာ စိတ်မချဘူးဆိုလို့ သူခေါ်ရာ
လိုက်သွားပြီ။ သမီးကိုစိတ်မပူပါနဲ့။ ပထွေးနဲ့နေရတဲ့ဘဝထက်တော့ လုံခြုံမှာပါ။´
ကျွန်မ မျက်လုံးအစုံတင်းတင်းပိတ်ပြီး နားထင်နှစ်ဖက်ကို လက်ဖနှောင့်နဲ့ဖိကပ် ရင်း အရုပ်ကြိုးပျက် ထိုင်ချလိုက်သည် ။
`အခုတော့ သမီးက လင်နောက်လိုက်ပြီ။ သားသမီးတွေကောင်းစားဖို့လို့ အသံကောင်း ဟစ်ဦး ။မေတ္တာရှင် မေမေရေ အေ့..အေ့...´
ရင်တွင်းတွင် ပူနေသော အပူတွေက သားကြီးထံမှ အရက်နံတထောင်းထောင်း နှင့် စကားသံတွေကြောင့် အသည်းနှလုံးကို လောင်ကျွမ်းသွားစေသည်။ သားကြီးကို တံခါးပေါက်မှဆွဲခေါ်ကာ တိုးတိုးတိတ်တိတ်ပြောရသည်။
`သား အော်ကြီးဟစ်ကျယ်လုပ်မနေနဲ့ ´
သားကကျွန်မကို ပေစောင်းစောင်းကြည့်ရင်း စကားတစ်ခွန်းပြောလာသည်။
`အော်တော့ဘာဖြစ်လဲ၊ခင်ဗျားလင်ကြီးနိုးမှာ စိုးလို့လား။ ခင်ဗျားလင်က အလတ်မကို ရိသဲ့သဲ့လုပ်တယ်လို့ အငယ်မကပြောတယ်´
`သားကြီး ၊ဦးလေးမင်းအတွက် အိပ်ရာပြင်ပြီးပြီ ။မူးလာရင်အိပ်တော့နော်´
`ထွီ...သူတော်ကောင်းယောင် ဆောင်မနေနဲ့။ ပထွေးက ပထွေးနေရာနေ ကျုပ်ကိုလည်း သားလို့မခေါ်နဲ့ ´
`အောင်မယ် ငါရှာပေးတဲ့ ပိုက်ဆံနဲ့ ကျောင်းတတ်နေပြီတော့များ ´
`ခင်ဗျားတို့ဖာသာ ကြီးမှ ဝက်သက်ပေါက်ကြတာလေ။ကျုပ်အမေကို ယူထားမှတော့ သူ့သားသမီးတွေကိုကျောင်းထားရမှာပေါ့တဏာရူးရဲ့´ ရိုင်းပြသော သားကြီးစကားများကြောင့် ကျွန်မစိတ်ထဲ ထောင်းခနဲ့ ဒေါသထွက်သွားကာ
လက်ဖဝါး ရွယ်လိုက်မိသည်။ အငယ်မ၏ တရှုံ့ရှုံ့ငို သံကြောင့် ရုတ်တရက် ထွက်ပေါ်လာသော ဒေါသကို ထိန်းချုပ်လိုက်နိုင်သည်။ ကျွန်မ ပေါက်ကွဲလို့မဖြစ် ကျန်ရှိတဲ့ ကလေးနှစ်ယောက် ဘဝကို အလှပဆုံး ထုဆစ်ဖို့ ကျိုးစားရဦးမည် ။ဦးအောင်ကိုသာ အိပ်ရာထဲဝင်ဖို့ တောင်းပန်ရသည်။
`ကျုပ်လည်း ပထွေးရှိတဲ့ အိမ်မှာ မနေဘူး။ မနက်ဖြန် ရှမ်းပြည်တက်တဲ့ အဖွဲ့နဲ့ လိုက်သွားတော့မယ် ပိုက်ဆံရှိတဲ့တစ်နေ့ ကျုပ်ညီမကိုလာခေါ်မယ်´
သားကြီးမူးတုန်းပြောတဲ့ စကားလို့ မှတ်ထင်ခဲ့သော အတွေးတွေက နံနက်ရောက်မှ မှားမှန်းသိရသည်။ ဦးအောင်နှင့် လက်ထပ်ပြီးလျှင် ပျော်ရွှင်သောမိသားစု ဘဝ ထူထောင်နိုင်မည်ဟု မျှော်လင့်ထားခဲ့သမျှ အကြီးနှစ်ယောက် အိမ်က လွင့်စင်သွားချိန်တွင် ယိုင်လဲပြိုကျကုန်သည်။
»»»»»»»»»»»»»»»»»»»»»»»»
မိုးမချုပ်ခင် ကောင်းကင်တစ်ခွင်လုံး မိုးရိပ်တွေက ပြိုတော့မလို အုံ့မှိုင်းလာပြန် သည်။
လေပြည်အဝေ့မှာ မိုးနံတွေက အပြည့်။ လျှပ်စီး တဖျတ်ဖျတ်လတ်ပြီး မိုးချိန်းကာ မိုးသည်းထန်စွာ ရွာသွန်းလာသည်။ သားကြီးနှင့် မတွေ့ရတာ သုံးလပြည့်တော့မည်။ မိုးယိုပေါက်တွေ
ဖာထေးရင်း ပျော်ရွှင်ခဲ့ရသည့် မိသားစုဘဝကို တမ်းတမိ သည်။
ညစာစားပြီးချိန်ထိ မိုးကသဲသဲမဲမဲရွာသွန်းနေသည်။ ခေါင်းတစစ်စစ်ကိုက်ကာ သန်းဝေလာပြီးအိပ်ရာထဲပဲ ခွေနေချင်သည်။ ဦးအောင်အိပ်ရာဝင်ရင်း ပြောလာသော စကားတွေက ကြားတစ်ချက် မကြားတစ်ချက်။ မျက်ဝန်းအစုံက တဖြည်းဖြည်းမှေးစင်းလာကာ အိပ်ပျော်သွားသည်။
`ပထွေးနဲ့ဆိုရင် ဘယ်တော့မှ ပျော်ရွှင်တဲ့မိသားစု ဖြစ်လာမှာ မဟုတ်ဘူး။
သားတို့အတွက်ဆိုရင် သားတို့ကျောင်းထွက်မယ် ။ အမေနဲ့ဒိုးတူဘောင်ဖက်လုပ်စားမယ်။ ဒါဆို သားတို့ပျော်မှာပဲ´
`အေမ့ အေမ့´
သားကြီး စကားသံတွေက အိပ်မက်လိုလို။ သားမီးငယ်စကားသံက အိမ်မက်လိုလို အပြင်
မှာလိုလိုနှင့် တဖြည်းဖြည်း ပီပြင်ထင်ရှားလာသည်။ အိပ်ရာဘေးကို လက်နှင့် စမ်းကြည့်ရင်း ကျွန်မစိတ်ထဲ စိုးရိမ်စိတ်ဝင်သွားမိသည်။
`ဦးလေး မူးနေရင်သမီးအခန်းထဲက ထွက်သွား အမေရေ အမေ့´
`လိမ္မာစမ်းပါသမီးရာ ဒီမှာသမီးအတွက်ဆွဲကြိုးနဲ့ ပိုက်ဆံ´
`အို မလိုချင်ဘူး ကျွန်မအသားကိုမထိနဲ့ အခုလွှတ်ပေး အမေ့ လာဦး အမေ့ ´
`အော်မနေနဲ့၊ နင့်အမေညစာထဲ ဘာမီတွန်ထည့်ထားတယ်´
မိုးချိန်းသံတဂျိန်းဂျိန်းကြားက သမီးငယ်ကို အိပ်ရာထဲဆွဲလှဲပြီး ဗလက္ကာရပြုဖို့ ကြိုးစားနေတဲ့ ဦးအောင်ကို မြင်တော့ ကျွန်မခေါင်းတွေ မူးမိုက်ကုန်သည်။ ရင်ဝတွင် အလုံးတစ်လုံးဆို့တတ်လာပြီး အသားတွေ တဆတ်ဆတ်တုန်လာသည်။ နံရံပေါ်က ဓား ဆွဲထုတ်ပြီး ဦးအောင်
ကျောကို တစ်ချက်ပြီးတစ်ချက် ထိုးချလိုက်သည်။
ကျွန်မပခုံးကို ကိုင်လှုပ်ပြီး ပြောနေသော အငယ်မ စကားတွေက မသဲကွဲတော့။
ကြမ်းပြင်က သွေးအိ်ုင်ထဲ လဲကျနေသည့် ဦးအောင်ကိုသာ တွေတွေကြီး စိုက်ကြည့်နေမိ
တော့သည် ။

ဟမ်စိုင်း(ဆေး-မန်း)
မြဝတီမဂ္ဂဇင်း။August,2015

PS အဖေရင်း၊ အမေရင်း မဟုတ်တဲ့လူတိုင်း ဦးအောင်လို မဟုတ်ပါ။ ဘဝဇာတ်ခုံပေါ်က အဖြစ်အပျက်တစ်ခုကို တင်ပြတာပါ 


No comments