New Artical

ဘတ်ဂျက် - သိပ္ပံမောင်ဝ

 

ဘတ်ဂျက် - သိပ္ပံမောင်ဝ
••••••••••••••••••••••••

နံနက်စောစော ကာဖီသောက် ပြီးကြလျှင် သတင်းစာကို လုကြခြင်းသည် မောင်လူအေးနှင့် ခင်သန်းမြင့်တို့၏ နေ့စဉ်အလုပ် ဖြစ်ကြလေသည်။

ယနေ့နံနက်တွင် သတင်းစာကို ခင်သန်းမြင့် ဦးသွားသောကြောင့် မောင်လူအေးသည် စာရေးစားပွဲသို့ သွားကာ အမှုတွဲများကို ဖတ်နေ၏။ ခင်သန်းမြင့်လည်း လိုက်လာပြီးလျှင် စားပွဲအနားရှိ ပက်လက်ကုလားထိုင် ပေါ်တွင်ထိုင်ကာ သတင်းစာကို ဖတ်နေလေသည်။

၁၀ မိနစ်ခန့် စကားမပြောပဲ ငြိမ်နေကြကုန်၏။ ထို့နောက် ခင်သန်းမြင့်က စတင်၍ “သည်ကနေ့ သတင်းစာမှာ ဘာမှမပါဘူး။ တစ်စောင်လုံး ဘတ်ဂျက် အကြောင်းချည်းပဲ။ စိတ်ပျက်စရာ တယ်ကောင်း”

မောင်လူအေးကလည်း အမှုတွဲ တစ်တွဲကို ဖတ်နေရာမှ “ဘယ့်နှာ ပြောပါလိမ့် ဘတ်ဂျက်ဟာ တစ်တိုင်းပြည်လုံးမှာ အရေးကြီးဆုံး မဟုတ်ပါလား။ ဘတ်ဂျက် မရှိရင် တိုင်းပြည်ကြီးကို အုပ်ချုပ်လို့ ရမှာ မဟုတ်ဘူး။ အားလုံး ကြောက်စရာ ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်။ ဘတ်ဂျက် ရှိလို့သာ တိုင်းပြည်မှာ ငွေဝင်ဘယ်လောက်၊ အသုံးစရိတ်က ဘယ်လောက်၊ အကြွေးက ဘယ်လောက်၊ အမြတ်က ဘယ်လောက်ဆိုတာ သိတာပေါ့။ နို့မဟုတ်ရင် ခက်ကုန်မှာပဲ” ဟုပြောလိုက်လေ၏။

“အောင်မယ် ကိုယ်တို့ ယောက်ျားတွေပဲ စာရင်းတွေ အင်းတွေကို အရေးတကြီး လုပ်လုပ်ပြီးတော့ ပြောနေကြတယ်။ ဘတ်ဂျက် မရှိရင်လည်း ဖြစ်မှာပါပဲ။ ရတဲ့ငွေကို လောက်အောင်သုံးရင် အကြွေး မတင်ဘူးပေါ့။ အလွယ်ကလေးကို ခက်အောင်လုပ်ချင်နေကြတဲ့ လူတွေပဲ”
“သည်လိုလည်း မဟုတ်သေးဘူးလေ။ တိုင်းပြည်ကို မဆိုထားနဲ့ ကိုယ့်အိမ်မှာပဲ ကြည့်တော့၊ ဘတ်ဂျက် မလုပ်ထားတဲ့အတွက် တစ်လကို ဘယ်လောက်သုံးလို့ ဘယ်လောက်မြတ်တယ်၊ ဘယ်အတွက် ဘယ်လောက် ကုန်တယ်ဆိုတာ သေသေချာချာ မသိဘူး မဟုတ်လား။ စင်စစ်တော့ ဘတ်ဂျက်ဆိုတာ ငွေဝင်နဲ့ အသုံးစရိတ်ကို မျှတအောင် လုပ်ထားတာမျိုးပဲ။ ကိုယ်တို့ အိမ်မှာလည်း လစဉ် ဘတ်ဂျက် လုပ်ထားဖို့ရာ ကိုယ်က အဆို တင်သွင်း ချင်တာပဲ”
“ကိုယ်က အဆိုတင်သွင်းလို့ ဘယ်သူက ထောက်ခံဦးမှာလဲ”
“မြင့်က ထောက်ခံမှပေါ့။ ဘတ်ဂျက် ဆိုတာမျိုးဟာ ကောင်းတဲ့ အလုပ်ပဲ။ ရှေ့လက စပြီးတော့ ကိုယ်တို့ အိမ်အတွက် ဘတ်ဂျက် ထားရအောင်လေ၊ ထောက်ခံစမ်းပါဗျာ”
“ကိုယ့်သဘောပဲ၊ ဘတ်ဂျတ်တွေ ဘာတွေကို နားမလည်ဘူး”
“နားမလည်ရင် နားလည်ရအောင် အခု ဘတ်ဂျက် လုပ်ပြမယ်။ သဘောတူရင် အတည်ပြု၊ သဘောမတူလည်း ပယ်ချပေါ့လေ”

ဤသို့ဆိုပြီးလျှင် စက္ကူလွတ် တစ်ရွက်ကို ယူကာ ဘတ်ဂျက် စာရင်းကို စိတ်ပါလက်ပါ လုပ်နေ၏။

ခင်သန်းမြင့်လည်း သတင်းစာကို တစ်ရွက်ပြီးလျှင် တစ်ရွက် ဆက်လက်၍ ဖတ်နေလေသည်။ အတန်ကြာလျှင် ...

“ကိုင်း ... ဘတ်ဂျက်စာရင်းတော့ ပြီးပြီ။ ခေါင်းစဉ် တစ်ခုစီကို ဖတ်ပြမယ်။ သဘောတူရင် အတည်ပြု၊ သဘောမတူရင် ပယ်နိုင်တယ်။ နို့ပေမဲ့ အကျိုးအကြောင်း ပြပြီး ပယ်ရလိမ့်မယ်။ နောက်ပြီးတော့လည်း ခေါင်းစဉ် တစ်ခုစီကို စဉ်းစားရမယ်။ ဘတ်ဂျက် တစ်ခုလုံးကို သဘောမတူဘူး ဆိုပြီး အကြောင်းမပြဘဲ မပယ်ရဘူး ကြားလား”
“အောင်မယ်လေးဟဲ့ စကားကြောတွေ ရှည်ရာမကော၊ ဖတ်ပြမှာ မဖတ်ပြသေးဘူး”

၁။ အိမ်သုံးစားရိတ်
(က) ဈေးဖိုး- တစ်နေ့ ၂ ိ- တစ်လ ၆၀
(ခ) လက်ဖက်ရည်၊ ကာဖီ။ ၂၀
(ဂ) အဖျော်နှင့် ရေခဲဖိုး။ ၁၅
(ဃ) ဆေးလိပ်၊ စီးကရက်။ ၁၅
(င) ဧည့်ဝတ်စောင်ဝတ်။ ၁၅
(စ) အထွေထွေ။ ၃၀

“အင်း ဒီအတိုင်း ဆိုရင်တော့ ဒိုဘီခ၊ ဟင်းဖိုး၊ ရေနံဆီဖိုး၊ ပေါင်ဒါဖိုး၊ ခေါင်းလိမ်းဆီဖိုးတွေကို ဘယ်ကငွေနဲ့ ပေးရမှာတုန်း”
“အထွေထွေအတွက် သတ်မှတ်ထားတဲ့ ငွေ ၃၀ိ ထဲက သုံးရမှာပေါ့”
“သည်ငွေ ၃၀ိနဲ့ အားကြီး လောက်ပါလိမ့်မယ်။ တော်တော်ကြာရင် တောက်တိုမယ်ရတွေ ဝယ်ဖို့ ပေါ်လာဦးမယ်”
“ပေးထားတဲ့ ငွေနဲ့ လောက်အောင် သုံးရမယ်။ ဘတ်ဂျက်ဆိုတာ ပေးထားတဲ့ငွေထက် မကျော်လွန်စေပဲ သုံးစွဲဖို့ ပြုလုပ်ထားတာ မဟုတ်ဘူးလား”
“ကိုင်း ဒါဖြင့် စကားမများနဲ့၊ ဒီခေါင်းစဉ်မှာ ပါတဲ့ အသုံးစရိတ် ဘတ်ဂျက်စာရင်းကို ပယ်ချလိုက်ပြီ၊ ဒုတိယခေါင်းစဉ်ကိုသာ ဖတ်ပြပေတော့”

မောင်လူအေးက အခြားခေါင်းစဉ် တစ်ခုကို ဖတ်ပြပြန်၏။

၂။ မော်တော်ကားစရိတ်
(က) မော်တော်ကား ဓာတ်ဆီဖိုး ၅၀ိ
(ခ) မော်တော်ကား ပြင်ရန်စရိတ် ၂၀ိ

“ဒီဘတ်ဂျက်မှာ ဓာတ်ဆီဖိုးသာ ပါတယ်။ စက်ဆီဖိုးတော့ မပါ ပါကလား”
“စက်ဆီဖိုးဟာ ဓာတ်ဆီဖိုးထဲ ပါရမှာပေါ့။ ဆီချင်း အတူတူပဲဟာ”
“မတူနိုင်ပေါင်၊ စက်ဆီက တခြားပဲဟာ။ ပေးထားတဲ့ ငွေနဲ့ ဘယ်လောက်နိုင်မတုန်း”
“မလောက်ပေမဲ့ လောက်အောင် ချွေတာပြီး သုံးရမှာပေါ့”
“ဘယ်လို သုံးနိုင်မလဲ၊ သွားစရာရှိရင် သွားရမယ်။ မသွားလို့ ဖြစ်မလား။ ကိုင်း ... စကားကြာ ရှည်မနေနဲ့။ ဒီခေါင်းစဉ်မှာ ပါတဲ့ ဘတ်ဂျက်စာရင်းကိုလည်း ပယ်တယ်။ တတိယ ခေါင်းစဉ်မှာ ပါတဲ့ ဘတ်ဂျက်စာရင်းသာ ဖတ်ပြပါတော့”

မောင်လူအေးက မျက်နှာရှုံ့မဲ့ပြီးလျှင် တတိယ ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်၏။

၃။ ပညာရေး
(က) မြန်မာသတင်းစာ၊ မဂ္ဂဇင်း ၁၀ိ
(ခ) အင်္ဂလိပ်သတင်းစာ ၁၀ိ
(ဂ) မြန်မာစာအုပ် ၅ိ
(ဃ) အင်္ဂလိပ်စာအုပ် ၁၀ိ

“အောင်မယ် မြန်မာစာအုပ် အတွက်တော့ ၅ ကျပ်ထဲ ထားတယ်၊ အင်္ဂလိပ်စာအုပ် အတွက်တော့ ၁၀ိတောင်၊။ ဒါ မတရားဘူး။ အင်္ဂလိပ်စာအုပ်အတွက် ၁၀ိ ထားရင် မြန်မာစာအုပ်အတွက် ၁၀ိ ထားရမယ်”
“သည်လိုလည်း မဟုတ်ဘူးလေ၊ အင်္ဂလိပ်စာအုပ် အဖိုးကြီးတာကိုး။ တစ်အုပ်ကို အနည်းဆုံး ၅ိ လောက် ပေးမှ စာအုပ်ကောင်းကို ဖတ်ရတယ်။ မြန်မာစာအုပ်ကတော့ ၅ိ ဖိုး ဆိုရင် သုံးလေးအုပ် ရတယ် မဟုတ်လား”
“အင်္ဂလိပ်စာအုပ် အဖိုးကြီးရင် မဖတ်ရုံ ရှိတာပေါ့။ မြန်မာစာအုပ်အတွက် ၅ိ ထားရင် အင်္ဂလိပ်စာအုပ် အတွက်လည်း ၅ိ ထားရမယ်”
“ဟာ ... မဖြစ်ဘူးလေ၊ ၁၀ိ လောက်ထားမှ နေရာကျမယ်”
“ကိုင်း ... ဒါဖြင့် သည်ဘတ်ဂျက်စာရင်းကိုလည်း ပယ်ချတယ်”
“စဉ်းစားပါဦး၊ သည်အဆိုကို ပြန်နှုတ်ပါ”
“မနှုတ်နိုင်ဘူး ပယ်တယ်၊ ကျန်တဲ့ စာရင်းတွေကိုသာ ဖတ်ပေတော့”

မောင်လူအေးလည်း မကျေမနပ်သော မျက်နှာထားနှင့် စတုတ္ထ ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်လေသည်။

၄။ အပျော်အပါး
(က) ကာလပေါ်ဓာတ်ပြား ၇ိ-၈ဲ
(ခ) ရေဒီယိုဝယ်ရန် ၁၅ိ
(ဂ) ပျော်ပွဲစားအတွက် ၁၅ိ

“ရေဒီယိုအတွက် ၁၅ိ ထားတာ နည်းလွန်းတယ်၊ ၃၀ိ ထားမှ ဖြစ်မယ်။ ၁၅ိ ဆိုရင် ဘယ်တော့မှ ရေဒီယို ဝယ်ဖြစ်တော့မှာ မဟုတ်ဘူး။ တစ်လ ၃၀ိ ထားတာတောင် တစ်နှစ်ကျော်ကျော် စောင့်ရမယ်။ ၁၅ိ ဟာ နည်းလွန်တယ်”
“မနည်းပါဘူးဗျာ။ ၁၅ိ ဟာ များတောင် များဦးမယ်။ ရေဒီယို ဆိုတာမျိုးက မရှိရင်လည်း ဖြစ်တာမျိုးပဲ။ တဖြည်းဖြည်းမှ ဝယ်တာ ကောင်းတယ် ထင်တယ်”
“ဒါဖြင့် သည်ဘတ်ဂျက်ကို ပယ်တယ်။ စကားမများနဲ့၊ ကိုင်း ဆက်ပြီးတော့ ဖတ်”

မောင်လူအေးက ပဉ္စမ ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြလေသည်။

၅။ အစေခံများ လခ
(က) အစေခံနှင့် မော်တော်ကားမောင်းသမား လခ ၉၆ ိ

“ဒါကတော့ သည်အတိုင်းပဲ ရှိစေတော့ သဘောတူတယ်။ အတည်ပြုလိုက်ပါ”
“အင်း သည်တစ်ခုကိုပဲ အတည်ပြုသေးတယ်၊ အစေခံတွေ ထွက်ကုန်မှာတော့ တယ်ကြောက်သကိုး ( ပြုံးလျက်ပြော)။ ထို့နောက် ဆဌမ ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်၏။

၆။ ပန်းခြံစရိတ်
(က) ပန်းစေ့၊ သစ်စေ့ဖိုး ၃ိ
(ခ) မြေဩဇာဖိုး ၅ိ

“ပန်းစေ့ဖိုးဟာ မနည်းဘူးလား။ နောက်ပြီးတော့ တူရွင်း၊ ပေါက်တူး၊ ရေပုံး၊ ကတ်ကြေး၊ ခက်ရင်းတို့ကို ဝယ်ဖို့လည်း ငွေမပေးဘူး။ သည့်ထက် ပိုမပေးရင် ပယ်ရလိမ့်မယ်”
“ပယ်ချင်ရင်လည်း ပယ်၊ သည့်ထက်တော့ ပိုမပေးနိုင်ဘူး”
“ဒါဖြင့် ပယ်တယ်၊ ရှိသေးရင် ဖတ်ပြပါဦး”

မောင်လူအေးက သတ္တမ ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်၏။

၇။ အိမ်အသုံးအဆောင်
(က) စားပွဲ ကုလားထိုင်တို့ ဝယ်ရန်နှင့် ပြင်ရန် ၁၀ိ
(ခ) ကန့်လန့်ကာ ခန်းဆီးများ ဝယ်ရန် ၁၀ိ
(ဂ) အိပ်ရာခင်း၊ ခေါင်းအုံးစွပ် ဝယ်ရန် စသည်တို့ ၁၀ိ

“စားပွဲကုလားထိုင် ဝယ်ဖို့ငွေ ၁၀ိ နဲ့ ဘာလောက်မတုန်း။ သည်လ စာအုပ်ထည့်ဖို့ ဘီရိုတစ်လုံး ဝယ်မယ် ကြံထားတယ်၊ အနည်းဆုံး ၅၀ိ တော့ ပေးရမယ်။ သည် ၁၀ိ ဟာ ဘာလုပ်ဖို့လဲ”
“အဲဒါဟာ ဘတ်ဂျက်ကို နားမလည်လို့ ပြောတဲ့စကား ဖြစ်တယ်။ တစ်လကို တစ်ဆယ်ဆိုရင် ငါးလကြာ ၅၀ိ ရရော မဟုတ်လား။ သည်တော့ စာအုပ်ဘီရိုတစ်ခု ဝယ်လိုက်တာပေါ့”
“အောင်မယ်လေးဟဲ့၊ ၅၀ိ တန် ဘီရိုတစ်လုံး ဝယ်ဖို့ဟာ ငါးလတောင် စောင့်ရဦးမတဲ့၊ ရယ်ချင်လိုက်တာ”
“ရယ်ချင်ရင်သာ ရယ်ရမယ်။ ဘတ်ဂျက် ဆိုတာမျိုးဟာ သည်လိုပဲဟာကိုး”
“ဒါဖြင့် သည်ဘတ်ဂျက်ကို သဘောမကျနိုင်ဘူး၊ ပယ်လိုက်ပြီ”
“ပယ်ချင်ရင်လည်း ပယ်၊ ဘတ်ဂျက်စနစ်ကို ဖျက်လို့ ဘာရမလဲ”
“အေး စကားကြော မရှည်နဲ့၊ နောက်ခေါင်းစဉ် တစ်ခုကို ဖတ်ပြပါဦး”

မောင်လူအေးက အဌမမြောက် ခေါင်းစဉ်တွင်ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်၏။

၈။ အသင်းကြေးများ
(က) ကလာပ်ကြေး ၂၀ိ
(ခ) မြန်မာစာပေ ပြန့်ပွါးရေးအသင်း ၁ိ
(ဂ) သုတေသနအသင်း ၁ိ
(ဃ) ဆေးရုံ ၅ိ
(င) သားဖွားရေးအသင်း ၅ိ
(စ) မြန်မာ့ယုဝ စာဖတ်အသင်း ၂ ိ

“ကလာပ်ကြေးဟာ များလွန်းတယ်၊ ၁၀ိ လောက်ပဲ ထားဖို့ ကောင်းတယ်”
“၂၀ိ ဟာ အနည်းဆုံးပဲ၊ ၂၀ိ ထက်နည်းရင်တော့ ကလာပ် မသွားဖို့ ရှိတော့တယ်”
“မသွားရင်သာ နေရမယ်၊ ၂၀ိ ဟာ များတယ်၊ ဘယ်သဘောတူနိုင်မလဲ”
“ကလာပ် မသွားလို့ ဘယ့်နှယ့် လုပ်မလဲ၊ အားလုံး အရာရှိတွေ သွားကြတာပဲ၊ကိုယ်လည်း သွားမှပေါ့”
“သွားချင်သွား၊ မသွားချင်နေ ၁၀ိ ထက်တော့ ပိုမပေးနိုင်ဘူး”
“သေသေချာချာ စဉ်းစားဦးမှပေါ့”
“စဉ်းစားပြီးပြီ၊ ၁၀ိ ထက်ပိုရင် သည်ဘတ်ဂျက်က ပယ်ရလိမ့်မယ်”
“ပယ်ရင်သာ ပယ်ရမယ်၊ ၂၀ိ ထက်တော့ မအောက်နိုင်ဘူး”
“ကိုင်း ... ဒါဖြင့် ပယ်တယ်”
“ပယ် ... မတတ်နိူင်ဘူး”
“နောက်ခေါင်းစဉ် တစ်ခုကို ဖတ်ပြပါဦး”

နဝမမြောက် ခေါင်းစဉ်တွင် ပါသော ဘတ်ဂျက်ကို ဖတ်ပြပြန်လေသည်။

၉။ လက်ဆောင်
(က) ဆွေမျိုးများ မင်္ဂလာလက်ဆောင် ၁၀ိ
(ခ) မိတ်ဆွေများ မင်္ဂလာလက်ဆောင် ၁၀ိ
(ဂ) ဆွေမျိုး ဧည့်သည်များအတွက် လက်ဆောင် ၁၀ိ
(ဃ) မိတ်ဆွေ ဧည့်သည်များအတွက် လက်ဆောင် ၁၀ိ

“မိတ်ဆွေ မင်္ဂလာလက်ဆောင်အတွက် ထားတဲ့ငွေ ၁၀ိ ဟာ မနည်းလွန်းဘူးလား”
“ဘယ်နည်းရမတုန်း၊ များတောင် များဦးမယ်၊ မိတ်ဆွေထဲက လတိုင်း မင်္ဂလာဆောင်နေကြတာမှ မဟုတ်ဘဲ။ တစ်လကို ၁၀ိ ဆိုရင် တစ်နှစ်မှာ ၁၂၀ိ ရမယ်။ အဲသည် ၁၂၀ိ နဲ့ လက်ဆောင်တွေ ဝယ်ပါလေ့”
“မိတ်ဆွေထဲက မင်္ဂလာဆောင်တာတွေဟာ တစ်နှစ်မှာ ၁၂ ဦး ထက် နည်းမလား၊ အခုလထဲမှာပဲ ဖိတ်စာသုံးစောင် ရောက်နေပြီ။ သည်ငွေ ၁၀ိ နဲ့ ဘာဝယ်ပေးမလဲ”
“တော်သလို ကြည့်ဝယ်ပေးလိုက်တာပေါ့ဗျာ”
“ဟာ ... ဘယ့်နှယ် ပြောပါလိမ့်၊ ငွေ ၁၀ိ နဲ့ မင်္ဂလာလက်ဆောင် သုံးမျိုး ဘယ်လို ဝယ်ရမတုန်း၊ မဖြစ်ပါဘူး၊ သည်ဘတ်ဂျက်ကို ပယ်ချမှပဲ”
“ပယ်ချင် ပယ်လေ၊ မတတ်နိုင်ဘူး၊ ဘတ်ဂျက်ကို သည်ထက်တော့ တိုးမပေးနိူင်ဘူး။ ၁၀ိ ဟာတောင် များနေပြီ”
“ဒါဖြင့် ပယ်တယ်ရှင်”
“ပယ်ဗျာ”
“နောက်ခေါင်းစဉ် တစ်ခုကို ဖတ်ပြပါဦး”

ဒဿမမြောက် ခေါင်းစဉ်မှာ ပါသော ဘတ်ဂျက်ကို မောင်လူအေး ဖတ်ပြပြန်၏။

၁၀။ အလှူအတန်း
(က) ဘုန်းကြီး၊ ရဟန်း ၂၀ိ
(ခ) လူကြီးသူမ ၁၀ိ
(ဂ) ဖုန်းတောင်းယာစကာ ၅ိ
(ဃ) လူလိမ်လူကောက် ၅ိ

“ဘုန်းကြီးရဟန်းအတွက် ၂၀ိ ဆိုတာ ရှိပါစေတာ့၊ လူကြီးသူမအတွက် ၁၀ိ ထားတာလည်း ရှိပါတေစတော့၊ ဖုန်းတောင်းယာစကာ အတွက် ၅ိ ဆိုတာလည်း ရှိပါစေတော့၊ လူလိမ်လူကောက်တွေ အတွက် ဘာဖြစ်လို့ ၅ိ ထားရတာလဲ။ သည်အတွက် သဘောမတူနိုင်ဘူး။ ဘာတွေကို လျှောက်ထည့်ထားမှန်း မသိပါဘူး။ မသုံးသင့်တဲ့ နေရာမှာသုံး၊ သုံးသင့်တဲ့ နေရာမှာတော့ စေးနဲ တော်တော်ခက်တဲ့လူပဲ”
“နေဦးလေ၊ ဒေါသက တယ်ကြီးတာကိုး၊ ရှင်းလင်းပါရစေဦး၊ သည်လိုပါ၊ လူလိမ်လူကောက် ဆိုတဲ့ အကောင်တွေဟာ စာအုပ်ကြီးတွေ ဖြတ်ပိုင်းကြီးတွေနဲ့ မိဘမဲ့ကျောင်းက၊ သူအိုရုံက၊ ဘုရားမီးထွန်းရေး အသင်းကနဲ့ ဆိုပြီး ရုံးခန်းထဲ ဝင်လာပါရော။ ဝင်လာပြီးတော့ စကားဟောင်ဖွာ ဟောင်ဖွာ အချိန်ကို ဖြုန်းပါလေရော။ ပိုက်ဆံမပေးသမျှ မသွားဘူး။ သူတို့နဲ့ စကားပြောနေရတာနဲ့ အလုပ် မလုပ်ရတော့ဘူး။ မပေးဘူးဆိုလည်း မရ၊ တောက်တဲ့ ကပ်သလို ကပ်နေတော့ ခက်တာပေါ့။ သည်တော့ တစ်ကျပ်စ၊ နှစ်ကျပ်စ ဆိုသလို ပေးလိုက်မှ ထွက်သွားကြတယ်။ တကယ်သာ မပေးဘူးဆိုရင် သူတို့ အချိန်ဖြုန်းတာကပဲ သုံးလေးကျပ်ထက် မနည်းဘူး။ ငွေပေးတာကတောင် သက်သာမယ်ဆိုပြီး ပေးလိုက်တာပါပဲ။ အဲသည်အတွက် ဘတ်ဂျက်စာရင်းမှာ ထည့်ထားဖို့ လိုတယ်။ မထည့်ထားဘူး ဆိုရင် လူလိမ်လူကောက်တွေ ဘယ်ကလောက် အချိန်ဖြုန်းမယ် ဆိုတာကိုသာ ကြည့်ပေတော့”
“အဲသည် လူလိမ်လူကောက်တွေ ပေါနေတာဟာ ကိုယ်တို့လို အရာရှိတွေ များနေတဲ့ အတွက်ပေါ့။ လူလိမ်လူကောက်တွေကို နှိပ်ကွပ်ဖို့ ခန့်ထားတဲ့ အရာရှိတွေ ကိုယ်တိုင်ကပဲ လူလိမ်လူကောက်တွေကို အားပေးနေကြတော့ပဲ။ လူလိမ်လူကောက်တွေ ပေါက်လာပြီလား ဆိုရင် တရားအတိုင်းဖြစ်အောင် စစ်ဆေးစုံစမ်းမယ် စိတ်မကူးဘူး။ စကားနည်းရန်စဲ အချိန်မဖြုန်းရအောင်ဆိုပြီး ငွေထုတ်ပေးလိုက်ရော၊ သည်တော့လူလိမ်လူကောက်တွေက အတင့်ရဲကြတာပေါ့၊ ကြည့်ပါလား၊ လူလိမ်လူကောက်တွေဟာ ဘယ်ကိုမှ လက်ဦးဆုံး မသွားဘူး။ အစိုးရ အရာရှိတွေဆီကိုသာ သွားတော့တာပဲ။ ပြီးတော့ အရပ်ထဲမှာ ပိုက်ဆံသွားကောက်ခံတယ်။ ဘယ်အရာရှိက ဘယ်လောက် ထည့်လိုက်တယ်။ ဘယ်အရာရှိက လက်မှတ် ပေးလိုက်တယ်နဲ့ ပြောပြီး ကောက်ခံတော့ အရပ်ထဲမှာ ရှိကြတဲ့လူတွေကလည်း အရာရှိတွေတောင် ပိုက်ဆံထည့်ကြတော့ လူကောင်းတွေလို့ အယူရှိပြီး ထည့်ကြတာပေါ့။ သည်တော့ လူလိမ်လူကောက်တွေ မပေါဘဲ နေပါ့မလား။ စင်စစ်တော့ ကိုယ်တို့လို အရာရှိတွေ များတဲ့အတွက် လူလိမ်တွေ ပေါတာ။ ဒါကြောင့် သည်ဘတ်ဂျက်စာရင်းကို ပယ်တယ်”
“ပယ်ဗျာ။ မတတ်နိုင်ဘူး”
“နောက်ခေါင်းစဉ်မှာ ပါတဲ့ ဘတ်ဂျက်စာရင်းကို ဖတ်ပြပါဦး”

ဧကာဒဿမမြောက် ခေါင်းစဉ်မှာ ပါသော ဘတ်ဂျက်စာရင်းကို ဖတ်ပြပြန်၏။

၁၁။ အဝတ်အစား
(က) မောင်လူအေးအတွက် ၁၅ိ
(ခ) ခင်သန်းမြင့်အတွက် ၂၀ိ

“အောင်မယ်လေး၊ ကိုယ့်အတွက် တစ်လ ၁၅ိ တောင်၊ ဘာတွေ ဝယ်မလို့တုန်း။ ဘာများ လှနေချင်နေသေးလို့လဲ။ ကိုယ့်ကိုယ်ကို ကာလသား ကလေးများ မှတ်နေလေရော့သလား။ ကိုယ့်အတွက် ၁၅ိ ဟာ များတယ်။ မြင့်အတွက် ၂၀ိ ဟာတော့လည်း မနည်းလွန်းဘူးလား။ တစ်လ ၂၀ိ နဲ့ ဘာမှ ဝယ်လို့ဖြစ်မှာ မဟုတ်ဘူး။ အခုကာလမှာ အသစ်အဆန်းတွေ ပေါ်လိုက်တာ ခုတင်ခု၊ ပေါ်တိုင်း ပေါ်တိုင်း မဝယ်ပြန်ရင်လည်း ခေတ်ကို မမှီတော့ဘူး။ အသစ်အဆန်းပေါ်တိုင်း ဝယ်တာတောင် ခေတ်ဆန်ဖို့ ခပ်ခက်ခက်။ ခေတ်ဆိုတာကလည်း တစ်လတစ်ခါ၊ ၁၅ ရက်တစ်ခါ ပြောင်းနေတော့ တစ်လ- ၂၀ိ ဘယ်နည်းနဲ့မှ မလောက်နိုင်ဘူး”
“အခုရှိတဲ့ အဝတ်အစားတွေကိုပဲ ကုန်အောင် ဝတ်ပါဦးဗျာ”
“အို ပြောနေတာ မကြားဘူးလား၊ အခု ရှိနေတာတွေဟာ ရိုးကုန်ပြီ၊ ဘယ်မှ တိုးလို့ မပေါက်တော့ဘူး။ အသုံးချလို့ မရတော့ဘူး”
“နို့ အသုံးချလို့ မရရင် ဘာလို့ သိမ်းထားသေးသလဲ၊ ပေးပစ်တာ ပေးပစ်၊ မီးရှို့ပစ်တာ ပစ်ပါတော့လား”
“ယောက်ျားများဟာ ခေတ်အကြောင်း နားမလည်ဘူးဆိုတာ တယ်မှန်ပါကလားနော်။ ကြည့်ပါဦး။ ကိုယ့်အဝတ်တွေ မဝတ်ရင် မီးရှို့ပစ်ရမတဲ့။ သည်အဝတ်တွေကို မဝတ်ပေမဲ့ ကိုယ့်ဆီမှာ ဘယ်လောက်ရှိတယ် ဆိုတာ လူလာရင် ပြရသေးတယ် နားလည်ရဲ့လား ကိုယ်တော်ရဲ့”
“အင်း-အင်း သည်လိုကိုး”
“အင်း- အင်း လုပ်မနေနဲ့။ သည်ဘတ်ဂျက်စာရင်းကိုလည်း ပယ်ရလိမ့်မယ်”
“ပယ်သာ ပယ်၊ အရင် စာရင်းတွေကိုလည်း ပယ်ပြီးပြီးဟာ မထူးတော့ပါဘူး”
“နောက်ရှိသေးသလား ဖတ်ပြဦး”
“ရှိလည်း မရှိတော့ဘူး၊ ထူးလည်း မထူးတော့ဘူး”
“အဲဒါပဲ ကောင်းတယ်၊ အရင်အတိုင်း သုံးစွဲတာပေါ့၊ ဘတ်ဂျက်လေး ဘာလေးနဲ့။ အင်မတန် ရှုပ်ချင်တဲ့သူတွေပဲ၊ ရတဲ့ငွေနဲ့ သုံးတဲ့ငွေ ကိုက်သွားရင် ပြီးတာပဲ မဟုတ်လား။ အကြွေးမတင်ရင် ပြီးရောပေါ့”
“အင်းလေ သဘောရှိပါပဲ၊ မင်းတိုင်ပင် အဖွဲ့မှာသာ မိန်းမတွေ ကြီးစိုးမယ် ဆိုရင်တော့ ခက်မှာပဲ။ ဘတ်ဂျက်တွေကို လုပ်လို့ရမှာ မဟုတ်ဘူး”
“အောင်မယ်၊ မင်းတိုင်ပင် အဖွဲ့မှာသာ အားလုံး အမတ်တွေဟာ မိန်းမတွေ ဖြစ်ပါစေ။ အခုထက် ကောင်းကောင်း အုပ်ချုပ်ပြလိုက်စမ်းချင်တယ်”
“တော်ပြီ၊ စကားကြော ရှည်မနေနဲ့တော့၊ ၁၀ နာရီတောင် ထိုးသွားပြီ၊ ရုံးသွားရတော့မယ်၊ သည်ဘတ်ဂျက် ရှုပ်တာနဲ့ သည်မနက် အလုပ် မလုပ်ရတော့ဘူး၊ အချိန်ဖြုန်းတယ်”
“ဘယ်သူက စပြီး ဘတ်ဂျက်စကား ပြောတာလဲ၊ ကိုယ်ကပဲ ပြောပြီးတော့”

“တော် တော် တော်” ဆို၍ မောင်လူအေး ထသွား၏။

“မတော်ပေါင် တော်” ဆို၍ ခင်သန်းမြင့်လည်း နောက်က လိုက်သွားလေသတည်း။

သိပ္ပံမောင်ဝ
သူရိယ မဂ္ဂဇင်း၊ မေလ၊ ၁၉၃၇။ 

No comments