New Artical

ဥပုသ်သည် - လူထုဒေါ်အမာ

 

ဥပုသ်သည် - လူထုဒေါ်အမာ
•••••••••••••••••••••••••••

အင်္ဂလိပ်စာသင်မိသဖြင့် ခါးချိနေရှာသော မိခင်ကြီးကို မကြည့်ရက်သည့်အားလျော်စွာ ဆယ်တန်းအောင်လျှင်ပင် ကျွန်မက အင်္ဂလိပ်ကျောင်းတစ်ကျောင်းတွင် အသိဖြစ်သော ကျောင်းအုပ်ဆရာကြီးကို အသနားခံ၍ သူငယ်တန်း ပြဆရာမအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရပါသည်။ မူလသော် ဆရာမအလုပ်ကို မနှစ်သက်သည်မှန်ပါ၏။ သို့သော် ကလေးများနှင့် ရောနှောမိသောအခါတွင်ကား သူ တို့ကလည်း “မမ” “မမ” နှင့်ခင်လျက် ကျွန်မကလည်း ကိုယ့်ညီမကလေးများသဖွယ် ခင်မင်၍ ပျော်ရွှင်မိပါ၏။ ကင်ဒါကာတင်တန်းမှာ စာသင်ချိန်နည်းပါး၍ 'ကျောင်းပျော်' အောင်နှင့် ကလေးထိန်းအလုပ်သာသာ ဖြစ်ပါသည်။ နေ့ခင်းတွင် ကစားချိန်၊ အိပ်ချိန်၊ ပုံပြောချိန်များ ပါဝင်လေ ရာ ကျောင်းရောက်စနေ့များ၌ ကလေးများအား ပြောကြားဖို့ ပုံတိုကလေးများ ရှာဖွေထားရသော်လည်း နောင်တွင် သူတို့အချင်းချင်း တစ်လှည့်စီ ကိုယ်တွေ့ပုံကလေးများကို
ပြောခိုင်းကြည့်သောအခါ ကလေးဘဝ ကျွန်မတို့ငယ် ငယ်ကနှင့် မခြားနားသော အပြစ်ကင်းသည့် ကိုယ်၊ စိတ်၊ နှုတ်အမူအရာကလေးများကို တွေ့ရကြားရသဖြင့် ဝတ္ထုကောင်း ဖတ်ရသည်ထက်ပင် စိတ်ဝင်စားဖွယ် ကောင်းပါ သည်။ အောက်ပါပုံကလေးမှာ မခင်တင့် ကလေးမလေး ပြောပြသည့် ပုံပင်ဖြစ်ပါသည်။

“မေမေ ကျွန်မတို့ကျောင်း မနက်ဖြန်ပိတ်တယ်။ ဒီနေ့ အဖိတ်နေ့”

“အေး အေး ဥပုသ်စောင့်ရမယ်။ သမီးရော လိုက်ခဲ့နော် ဇရပ်ကို”

“ဟုတ်ကဲ့မေမေ၊ ကျွန်မလည်း ဥပုသ်စောင့်မယ်နော် မေမေတို့လို။ ဒါပေမဲ့ ထမင်းတော့ စားမှာ”

“အေးပါကွယ်။ ကဲ ကဲ အဝတ်လဲ၊ ကျောင်းကပြန်လာရင်”

ကျွန်မမှာ စာအုပ်လွယ်အိတ်ကလေးကိုထား၍ ရွှေမြ ယူပေးသော အဝတ်အစားတို့ကို ကောက်လဲရင်း နက်ဖြန် မေမေတို့လို စိပ်ပုတီးနှင့် ဇရပ်သွားရမည့်အရေးကို တွေးလျက် ပျော်နေမိပါသည်။ ထိုညတွင် အိပ်မက်ထဲ၌ ဥပုသ် ဇရပ်သို့ ရောက်၍နေပါသည်။ ကုလားထိုင်ပုပုဝိုင်းဝိုင်းကြီး ပေါ်တွင် ဘုန်းကြီးမရှိ၊ ကျွန်မတို့အိမ်သို့ “ဒါနဆန်ကလေး များ မေတ္တာရပ်ပါတယ်ရှင့်” ဟူသော ဆန်ခံနေကျ သီလ ရှင်ကြီးသည် ဘုန်းကြီးကဲ့သို့ တင်ပျဉ်ခွေ၍ ထိုင်နေပါ သည်။ ထိုသီလရှင်ကြီးက “ဟဲ့ မခင်တင့် လာဦး” ဟု ခေါ်၍ ယပ်ခတ်ခိုင်းနေပါသည်။

မနက်လင်းသော် ဆွမ်းပန်းကိစ္စဖြင့် မေမေတို့ကား စောစောထ၍ ကျွန်မလည်း ခပ်စောစောပင် အိပ်ရာမှထပါ သည်။ နိုးလာလျှင်ပင် ဇရပ်သို့လိုက်ရန် သတိရသဖြင့် မျက်နှာသစ်ပြီးပြီးချင်း ရွှေမြအား အဝတ်လဲပေရန် ပြောပါ သည်။ ကျောင်းသွားတိုင်း ဝတ်နေကျဂါဝန်ကို မဝတ်ချင်၊ ဥပုသ်သည်ကြီးတစ်ယောက်နှင့် တူစေရန် ထဘီကလေး နှင့် ရင်ဖုံးအကျီကလေးကို ဝတ်ပေးရန်ပြောပါ၏။ မှန်ထဲ တွင် ကြည့်လိုက်သောအခါတွင်ကား မေမေတို့လို ခံ့ခံ့ညားညားကြီး မဟုတ်စေကာမူ ဥပုသ်သည်လို ဣနြေ္ဒ ရရနှင့် ထည်ထည်ဝါဝါရှိသည်ဟု အောက်မေ့မိပါသည်။ လူကြီး တွေလို ဥပုသ်စောင့်လိုသော သူအဖို့ ဒူးအထိပေါ်နေသော ဂါဝန်ကလေးနှင့် မသင့်တော်သည်ကို သတိပြုမိပါသည်။ ဆံပင်ကလေးကိုခွဲ၍ ဖြီးပြီးနောက် စိပ်ပုတီးတစ်ကုံး လက်တွင် ပတ်လိုသောစိတ်သည် တားမနိုင်ဆီးမရဖြစ်၍နေ ပါ၏။

“မေမေ ကျွန်မ စိပ်ပုတီးတစ်ကုံးပေး။ မေမေတို့လို လက်ပတ်ချင်တယ်။ ဒီနေ့ ရွှေလက်ကောက်မဝတ်ချင်ဘူး”

“သမီးရယ် မေမေ့ဟာ မယူနဲ့ကွယ် ပျောက်သွား လိမ့်မယ်၊ မေမေ မစိပ်ရဘဲနေမှာပေါ့”

“အို မေမေကလည်း ပေးပါ၊ လက်ပတ်ထားချင်တယ်”

“လိမ္မာသားနဲ့ ကလေးဆိုတာ မဝတ်ရဘူး။ သမီး က ဆော့ကဆော့နဲ့ ပြတ်သွား၊ ပျောက်သွားရင် ဘယ့်နှယ် လုပ်မလဲ”

ကျွန်မကား စိပ်ပုတီးမရလျှင် မနေနိုင်ပြီ။ ဥပုသ် သည်နှင့်မတူတူအောင် တမင် ရွှေမြကို သနပ်ခါးအလိမ်း မခိုင်းဘဲ နေခဲ့ပါလျက် စိပ်ပုတီးမပါလျှင်ကား သင်္ကန်းမပါသော ဘုန်းကြီးလို ရှိပေလိမ့်မည်။ မရလျှင် မအေးနိုင်ပါ။ ဘုရားပန်းလဲနေသော မမရှိရာသို့ ရောက်ခဲ့ပါ၏။

“မခင်တင့် မဆော့နဲ့နော်၊ ပန်းအိုးကွဲကုန်ရင် အရိုက် ခံရလိမ့်မယ်"

မမကား အလွန်ဆိုချင်၊ မာန်ချင်ရှိလှပါသည်။ သူ မေမေ့ကို တိုင်သဖြင့် ကျွန်မမှာ ခဏခဏ အရိုက်ခံရပါ၏။ ယခုလည်း အနားသို့ သီခါမျှနှင့် သူ့ပန်းအိုးတွေအဝေးကြီးကို မတို့ရခင် ကွဲလိမ့်မည်ဟု ဆီး၍ဆို၏။ သို့သော် အရွဲ့တိုက်၍ သူနှင့်မဖြစ်သေး။

“ဟုတ်ကဲ့ပါ မမ၊ ဒီမယ် မခင်တင့်ကို စိပ်ပုတီးတစ် ကုံး ပေးပါလားဟင်၊ ဥပုသ်စောင့်မလို့”

“ဥပုသ်သည်ဆိုတာ မဆဲရဘူး၊ မလိမ်ရဘူး၊ ထမင်း မစားရဘူး၊ မဆော့ရဘူး၊ ညည်းနေနိုင်ပါ့မလား”

“အို ထမင်းတော့ စားမှာပေါ့၊ ကဲပါလေ ပေးပါမမရာ နော်။ ကျွန်မ လက်ပတ်ထားချင်တယ်။ အဘွားသစ် ကြီးလို နားတော့ချိတ်မထားချင်ပါဘူးနော် မမနော်”

“ဖျောက်မပစ်နဲ့နော်၊ ဒါဖြင့် ကောင်းကောင်းဝတ်ထား၊ ဇရပ်ကျတော့ မမပေး”

“ဟုတ်ကဲ့”

သူကျေနပ်အောင် အင်းလိုက်ရပါသည်။ စိပ်ပုတီးရ သော် လက်တွင် နှစ်ပတ်ရစ်၍ ဝတ်ကြည့်ပါ၏။ စိပ်ပုတီး မှာ အကျယ်ကြီးဖြစ်သဖြင့် နှစ်ပတ်ရစ်၍ လက်တွင်ဝတ် လိုက်သော် အကျယ်ကြီးဖြစ်၍ လျှောကျသွားပါသည်။ သုံးပတ်ရစ်၍ ဝတ်ကြည့်ပြန်ပါလည်း လက်မဝင်တော့ပါ။ နားရွက်ကို အဘွားသစ်ကြီးလို ချိတ်ပြန်ပါလည်း အငုံ့လိုက်တွင် ပြုတ်ကျပြန်သည်။ အချို့ အမယ်ကြီးများလို လည်ပင်းဆွဲထားရန်ကလည်း စိပ်ပုတီးမှာ ခေါင်းတန်လောက်အောင် မကြီးသဖြင့် လက်လျှော့ထားရပါသည်။ အရာရာပြည့်စုံပြီးဖြစ်ပါလျက် စိပ်ပုတီးမပါလျှင် ဥပုသ်သည်အတွက် အင်္ဂါကြီးတစ်ခု လျော့နေသဖြင့် ကျွန်မကား မကျေနိုင်မချမ်းနိုင် ရှိလှသည်။ နောက်ဆုံးတွင် လက်ခလယ်ကို အထပ်ထပ်ရစ်၍ကြည့်မှ စိပ်ပုတီးဆောင် ဥပုသ် သည်ဖြစ်၍ သွားပါတော့သည်။ လက်ကလေးခမျာကား အသားတွေ အထစ်ထစ်နှင့် ငါးချဉ်ထုပ်ကလေးလိုနေ၍ အဖျားတွင် ညိုမည်း၍နေတော့သည်။ သို့သော် မဟတ် နိုင်တော့ပြီ။ ဖြစ်သမျှနှင့် ကျေနပ်ရပါသည်။

ဥပုသ်ဇရပ်သို့ ထွက်ခဲ့ကြပါသည်။ အလှူငွေထည့်ရန် မေမေ့ဆီက ပိုက်ဆံတစ်ပြားတောင်း၍ လက်ထဲတွင် ဆုပ်လျက် စိပ်ပုတီးပတ်ထားသော လက်ကလေးကိုလည်း ရဲရဲမရမ်းဘဲ အခြားသူများ မမြင်မည်စိုး၍ ခပ်မြှောက်မြှောက် ခပ်ကားကားထား၍ လျှောက်ခဲ့ပါ၏။

ကျွန်မ တစ်ခုမေ့နေပါသေးသည်။ မမတို့၊ မေမေတို့လို တဘက်တစ်ထည် ပခုံးတင်လိုက်ရလျှင် တကယ် သီလသည်ကြီးလို ဟန်ကျမည်ထင်သဖြင့် မမဆီ လည်စည်းတစ်ခုကို တောင်းသဖြင့် မမက လည်ပင်းတွင် ပတ် ပေးပြီး ခေါ်ခဲ့ပါသည်။ ထဘီ၊ ရင်ဖုံးအကျီ၊ သနပ်ခါးမပါသော မျက်နှာ၊ စိပ်ပုတီးစွပ်သော လက်နှင့်လည်ပင်းတွင် မာဖလာကလေးပတ်ထားသည့် ပြည့်ပြည့်စုံစုံ ဥပုသ်သည် အဖြစ်ကို လာခါနီး နောက်ဆုံးအကြိမ် မှန်မကြည့်ခဲ့ရသည် ကိုကား များစွာစိတ်မကောင်းပါ။

ဘုရားဝိုင်းထဲသို့ ရောက်ခဲ့လေပြီ။ မိုးဦးကျအချိန်ကား ပရိဝုဏ်တစ်ခုလုံး မြက်ပင်ကလေးများ၊ ဗျောက်သီး ပင်ကလေးများနှင့် စိမ်းလန်းလှပေ၏။ မေမေ့လက်ကိုဆွဲထားသော ကျွန်မလက်ကို အသာလွှတ်ခဲ့၍ လျှောက်သီးပင် များရှိရာသို့ အပြေးအလွှား သွားမိ၏။

“ဟဲ့ မခင်တင့် ဘယ်တုံး”

“ဗျောက်သီးခူးမလို့ မေမေ”

“ဥပုသ်သည်ဆိုတာ မဆော့ရဘူး၊ ငြိမ်ငြိမ်ကလေး နေရတယ်၊ လာလေ”

ဟုတ်ပေသည်။ မမလည်း အထပ်ထပ်မှာခဲ့သည်။ ဣနြ္ဒရေရ ငြိမ်ငြိမ်နေမှသာ ဥပုသ်သည်နှင့် တူပေတော့မည်။ ဗျောက်သီးတွေကား အပြာပွင့်ကလေးတွေအကြားတွင် မည်းမည်းကလေးတွေ ထိုးထိုးထောင်ထောင်နှင့် မည်မျှ ခူးချင်စရာကောင်းသနည်း။ ဟယ် ညနေမှ ဘိုးသိန်းကလေးတို့နဲ့ တစ်ခေါက်လာတော့မယ်။ သူတို့ ဗျောက်သီး မှည့်ချိန်မှန်း မသိကြသေးဘူး။ ရေကန်ထဲ တစ်ဆုပ်ကြီး များ ချလိုက်ရရင်ကွာ...အစရှိသဖြင့် အဆင်ပြေစွာ တွေးမိ
သော်လည်း စိတ်ကို အနိုင်နိုင်ချုပ်တည်း၍ မေမေစောင့်နေရာသို့ ပြန်ခဲ့ရပါသည်။ ထိုအချိန်ကား ဥပုသ်သည်အဖြစ် ကို ပထမစိတ်ပျက်မိသော အချိန်ပေတည်း။

ဇရပ်သို့ရောက်ကြသော် လူကြီးလူငယ် လူလတ် အဘိုးအို၊ အဘွားအိုမှစ၍ အတော်စုံလင်ပေပြီ။ ဘုန်းကြီး ကား သူ့နေရာတွင်မရှိသေး။ ကန်တော့ပွဲများ ဆွမ်းအုပ်များ သာ ပြင်ဆင်၍ထားသည်။ ဘုန်းကြီးထိုင်လျှင် ယပ်ဆွဲအလုပ်ကို အစဉ်လုပ်လေ့ရှိသော ဒေါ်ဇာယုလည်း တိုင်ကြီး တစ်တိုင်ကို မှီ၍ ထိုင်နှင့်လေပြီ။

ဥပုသ်သည်များကို လက်ဖက်ကမ်းသောသူများလည်း ကျွန်မတို့ရှိရာသို့ ရောက်၍လာကြ၏။ မိုးလင်းကတည်းက ဘာတစ်ခုမှမစားခဲ့ရသော ကျွန်မသည် လက် ဖက်ပန်းကန်မြင်လျှင် ဆုပ်၍လွေးလိုက်ချင်၏။ “သမီး
တော်ရုံစား၊ မတည့်ဘူး”ဟု ဟန့်သဖြင့် ပထမတစ်ခါသာ အများကြီးနှိုက်၍ နောက်တစ်ကြိမ် နည်းနည်းသာယူပြီး စားရပါသည်။ အဘွားကြီးတွေကား လက်ဖက်စားပြီးလျှင် လက်သုတ်ပဝါကိုမရှာ၊ စိပ်ပုတီးကိုသုတ်၍ အရောင်ထွက်အောင်ဟုဆိုလျက် လက်ဝါးနှစ်ခုကြားတွင် ပွတ်၍နေ၏။ အရောင်ထွက်နေသော ပုတီးသည် အစိပ်များလွန်း၍ဟု ဂုဏ်ယူလိုဟန်ရှိပါသည်။

မေမေနှင့်ကပ်လျက်ထိုင်နေသော မိန်းမကြီးက သူ့ ချွေးမပျင်းရိပုံ၊ ယောက်ျားကို ပမာမခန့်ပုံများကို မဲ့ရွဲ့ကာနှင့် ပြော၍နေ၏။ ကျွန်မကား ဘုန်းကြီးလှူရန် ပစ္စည်းများ ကို စိတ်ဝင်စားစွာကြည့်နေမိပါသည်။ ဟင်းတွေအများကြီး ရလင့်ကစား ဖက်ခွက်နှင့်ဖြစ်၍ ဟင်းချို့တို့၊ ချဉ်ရည်တို့ မပါသဖြင့် ကောင်းမည်မထင်မိပေ။ တောင်လိုပုံနေသော သရက်သီးကြီးများသည် တစ်ပြိုင်တည်းမှည့်၍နေသော် မည်သူတွေ ကုန်အောင်စားကြမည်နည်း။ ဘုန်းကြီးဆိုသော လူမျိုးသည် လောကတွင် ငှက်ပျောသီး၊ အုန်းသီး အကြိုက်ဆုံးသော လူမျိုးပေတည်း။ ဘယ်အခါမဆို သူတို့ မပါသည်မရှိ။ အုန်းရေဖောက်၍ရသော် ကန်တော့ပွဲထဲရှိ အုန်းသီးကြီးကို အိမ်သို့ပိုက်၍ ပြန်လိုလှပေ၏။ သို့သော်... “ဟော ဘုန်းကြီးကြွလာပြီ” ဟူသော အသံများကြောင့် လှမ်း၍ကြည့်လိုက်ရာ ဘုန်းကြီးနှစ်ပါးသည် ယပ်တောင် ကြီးတွေကိုထမ်း၍ ဝင်လာကြတော့သည်။ ဘုန်းကြီးတွေ ကား သူတကာထက် ထူး၍လည်း ခွန်အားကောင်းပုံမ ပေါ်။ သို့ပါလျက် ဤမျှကြီးမားသော ယပ်ကြီးများကို မည်သို့ကိုင်၍ ခတ်ပါသနည်း။ ဘုန်းကြီးများထိုင်သော် အားလုံးထိုင်၍ ရှိခိုးကြ၏။ ကျွန်မလည်း သူများနည်းတူ လိုက်၍ ရှိခိုး၏။ “ကန်တော့ကြစို့ဗျာ” ဟူသော အသံကြီးကြောင့် လန့်၍သွားပြီးနောက် “သြကာသ၊ သြကာသ” ဟု လိုက်၍ ဆိုပါ၏။

မေမေတို့ ၊ မမတို့မှာ ကျွန်မ မရသော ဘုရားရှိခိုး အရှည်ကြီးတွေကို ဆို၍နေကြသဖြင့် ရတာလိုက်ဆို၍ မရတာကို တစ်ခါတစ်ရံ ဝါး၍လည်းကောင်း၊ တစ်ခါတစ်ရံ ပါးစပ်ကိုပိတ်၍လည်းကောင်း နေလိုက်ပါတော့သည်။ ရှိခိုး ၍ ပြီးသောအချိန်တွင် ဘုန်းတော်ကြီးတွေသည် ဘာတွေ မှန်းမသိ၊ ဆိုကြပြန်လေပြီ။ ဥပုသ်သည်အားလုံး၏အသံ များ တိတ်၍သွားလျှင် လေယပ်ဘီးသံသည် “ကျိ” ခနဲ “ကျိ'' ခနဲ မြည်၍လာ၏။ လေယပ်ရှိရာသို့ မော့၍ကြည့်ရာ မှာ ဇရပ်တိုင်ကြီးတွေကို သတိပြုမိသည်။ လက်အုပ်ချီထား
သောလက်မှာ ဘယ်အချိန်က ပြုတ်၍သွားသည်မသိ။ ဤ ဇရပ်ကြီးအတွင်းတွင် ခွေးမတို့၊ လှရွှေတို့၊ သောင်းမေတို့၊ သာအေးတို့နှင့် 'တိုင်ဦးတန်း' ကစားရသော်...

ခွေးရူးမမြင်အောင် တစ်ယောက်ကိုတစ်ယောက် အချက်ပေး၍ တိတ်တိတ်ကလေး ကူးလိုက်လျှင် လွတ်နိုင် သည်၊ ခွေးရူး ဟိုဘက်အပြေးတွင် 'ဟေး' ခနဲ အော်၍ ဇွတ် ပြေးကူးလိုက်လျှင် လွတ်နိုင်သည်။ မည်မျှပျော်စရာကောင်း မည်နည်း။ အတော်မောကြလျှင် ဖျာတွေ ပေါ်ထိုင်၍ ကြက်ဥဝှက်တမ်း ကစားကြမည်။ ဖုန်မပေ၊ ခြေမပွန်းဘဲ သားသားနားနာ ကစားနိုင်သည်။ မဆုံးတမ်း၊ မမောတမ်း ရွတ်ဖတ်၍နေသော ဘုန်းကြီးများ၏ အသံများကား တိုးသည်ထက် တိုး၍ သဲ့သဲ့ကြားရပြီးနောက် ဇရပ်ရော၊ ဘုန်းကြီးရော၊ လူတွေပါ အားလုံးပျောက်ကွယ်၍ သွား ကြလေတော့သည်။ ကျွန်မလည်း မေမေ့ခါးကိုမီ၍ အိပ် ပျော်လျက်ရှိလေ၏။

“သမီးရေ ထ ထ ခါးကို ပူလို့ကွယ်၊ ဘယ့်နှယ်လဲ ဥပုသ်သည်ကြီး အိပ်ပျော်နေပါပကော”

ဟုပြော၍ ရယ်မောသော မေမေ့မျက်နှာကိုကြည့်လျက် ရှက်ကိုးရှက်ကန်းနှင့် ပြန်လှန်ရယ်မောရပါတော့သည်။

ညနေတွင် ဗျောက်သီးခူးလာရန်ကား မမေ့။ တပ်မက်သော မျက်လုံးများနှင့် လှည့်ကြည့်လှည့်ကြည့်လုပ်လျက် ပြန်ခဲ့ပါတော့သည်။

အတွဲ-၇၊ အမှတ်-၇၊ ၁၉၃၉၊ ဇူလိုင်၊ ကြီးပွားရေးမဂ္ဂဇင်း

စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် မြန်မာဝတ္ထုတို (၁၉၁၂ - ၁၉၆၄) ပထမအုပ်၊
စာမျက်နှာ ၆၀ - ၆၃။

စာရိုက် - crd-စလေ ငနော့ မှကူးယူပါသည်

No comments