တမလွန်သို့ ပေးစာတစ်စောင် - မစန္ဒာ
တမလွန်သို့ ပေးစာတစ်စောင် (မစန္ဒာ)
____________________________________
ခင်/
သိပ်ချစ်ရတဲ့ ခင်စုတ်မလေး၊ နင် ငါ့ကိုခွဲသွားတာ ဆယ်နှစ်ကျော်နေပြီနော်။ ဒီအချိန်အတွင်းမှာ နင့်ကိုငါ ခဏခဏ အိပ်မက်မက်တယ်၊ အိပ်မက်ထဲမှာ စကားတွေ တဝကြီး ပြောကြတယ်။ တစ်ခါတလေကျတော့လည်း အိပ်မက်က မတရားပါဘူးဟာ၊
တွေ့ရုံကလေးပဲရှိသေးတယ်၊ နင့်လက်ကလေးကို ကိုင်ရုံကလေးပဲရှိသေးတယ်၊ အိပ်ရာကနေ လန့်နိုးလာလို့ စကားတောင် တစ်ခွန်းမှမပြောလိုက်ရဘူး။
အခုတစ်လောတော့ ငါစိတ်ညစ်တယ်၊ နင်ကလည်း ငါ့အိပ်မက်ထဲ မလာတာကြာပြီ၊ နင် ဘာလို့မလာတာလဲဟင်။ ငါလွမ်းနေတာကိုရော သိတယ်မဟုတ်လား၊ ဒါမှမဟုတ် ငါ တစ်နေ့ကို ပိုက်ဆံတစ်ဆယ် မှန်မှန်မစုဖြစ်လို့ စိတ်ဆိုးနေတာလားဟင်။
အင်း ... တစ်နေ့တစ်ဆယ်၊ တစ်နေ့တစ်ဆယ်၊ စဉ်းစားမယ်ဆိုရင် အဲဒီနေ့ကိုပဲ အရင်ဆုံးစဉ်းစားမိတယ်။ စဉ်းစားမိတိုင်းလည်း ရင်ထဲမှာ နွေးပြီး ပျော်တယ် ခင်ရယ်၊ အဲဒီနေ့က ငါတို့လက်ထပ်ခဲ့ကြတယ်နော်။
ငါက အကြံအဖန်မရှိတဲ့ ဌာနတစ်ခုက စာရေး ကလေး၊ နင်က အစ်မအိမ်မှာ ကပ်နေပြီး အစ်မကလေးတွေ ထိန်းနေရတဲ့ကောင်မလေး၊ နင့်လက်ထဲမှာ ခြစ်ခြစ်ဖြုတ်ဖြုတ်စုထားတဲ့ ငွေငါးရာရှိတယ်၊ ငါ့လက်ထဲမှာတော့ ရုံးငွေစုငွေချေးက ချေးလို့ရတဲ့ ငွေတစ်ထောင်နဲ့ငါးရာရှိတယ်၊ နှစ်ယောက် ပေါင်းပြီး ရှိတဲ့ငွေနှစ်ထောင်နဲ့ ငါတို့ဘဝကို စခဲ့ကြတယ်နော်၊ မေ့လို့ ငွေနှစ်ထောင်အပြင် ငါ့မှာ အိမ်စုတ်ကလေးတစ်လုံးရှိတယ်လေ၊ မြို့သစ်မှာမို့ ??မလည်းပေါ၊ ရွှံ့လည်းပေါ၊ အိမ်ကလေးကလည်း စုတ်ချာချာဆိုတော့ ငါက နင့်ကို ခေါ်ခဲ့ရမှာ အားနာတယ်။ ဒါပေမယ့် နင်ကတော့ အဲဒီအိမ်စုတ်ကလေးကိုပဲ သဘောကျလွန်းလို့ ပျော်နေတယ်။
"ရန်ကုန်လို မြို့ကြီးတစ်မြို့မှာ ကိုယ်ပိုင်နေရာလေး တစ်နေရာရှိတာ ဘယ်လောက်အားရှိစရာကောင်းသလဲ မောင်ရဲ့ ၊ နောင် ပြေလည်လာတော့လည်း အသစ်ကလေးတစ်လုံးလောက် ဆောက်ကြတာပေါ့"တဲ့။
အခန်းထဲဝင်တော့ ငါ့ရဲ့ ကွပ်ပျစ်က ဆီးကြိုတယ်။ ငါ့အခန်းထဲမှာ ကွပ်ပျစ်တစ်လုံးရယ်၊ စောင်တစ်ထည်ရယ်၊ ခေါင်းအုံးတစ်လုံးရယ်၊ နောက်ပြီး ခြင်ထောင် ညစ်ညစ်တစ်လုံးရယ် ရှိနှင့်တယ်။ နင်ပါလာတဲ့ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်နဲ့ ပေါင်းလိုက်တော့ ပြည့်စုံတယ်ဆိုပါစို့။ ဒါပေမဲ့ ခက်တာက ခြင်ထောင်၊ ငါ့ခြင်ထောင်က တစ်ယောက်အိပ်၊ နင်ပါလာတဲ့ခြင်ထောင်ကလည်း တစ်ယောက်အိပ်၊ တစ်ယောက်အိပ် ဖြစ်တဲ့အပြင် ပိတ်တွေ ဇာတွေကို ချွေတာပြီး အတွန့်မပါဘဲ တိတိတိုင်းတိုင်းလေး ချုပ်ထားတာတွေဆိုတော့ ဘေးကိုဖြန့်ပြီးတော့လည်း ကားလို့မရတဲ့ ဘုရားစူးရစေ့ တစ်ယောက်အိပ် ခြင်ထောင်အစစ်ကလေးတွေ။ ခြင်ထောင်မပါဘဲ အိပ်ရင်လည်း ငါတို့မြို့သစ်က ခြင်တွေ ဝိုင်းတွယ်လို့ နောက်တစ်နေ့ကျရင် ခန္ဓာကိုယ်ထဲမှာ သွေးတောင် ကျန်မှာမဟုတ်ဘူး။
"ဒါဆိုရင် ကိုယ့်ခြင်ထောင် ကိုယ်ထောင်ပြီး အိပ်ကြတာပေါ့"လို့ နင်က အတည်ပေါက်နဲ့ပြောသေးတယ်၊ နင် အားကြီး အမြင်ကပ်စရာကောင်းတာပါ။
"မင်္ဂလာဦးညမှာ နင်ကငါ့ကို ဒီလိုပဲ ရက်စက်မလို့လား ခင်စုတ်မရဲ့ "လို့ ငါက ဆောင့်ကြီးအောင့်ကြီးပြောတော့ နင်ကရယ်လိုက်တာလေ၊ အခုတောင် မြင်ယောင်သေးတယ်။
နောက်ကျတော့ ခြင်ထောင်နှစ်လုံးကို ကွပ်ပျစ်ပေါ်မှာ ယှဉ်ပြီးထောင်၊ ပြီးတော့ အလယ်က ခြင်ထောင်အနားနှစ်ဖက်ကို အပေါ်လိပ်တင်ပြီး တွယ်ချိတ်တွေနဲ့ချိတ်၊ အောင်မာ ငါတို့ရဲ့ မင်္ဂလာခြင်ထောင်က အလယ်မှာ အလိပ်တွေ ၊ အတွန့်တွေ ၊ တွယ်ချိတ်တွေနဲ့ ဟုတ်ပဲဟုတ်သေးတော့။ နံရံတွေကလည်း မလုံတော့ အပြင်လေတိုးပြီး ခြင်ထောင်ဇာတွေက လှိုင်းအိသလို ပြေပြေလေးလွန့်နေတယ်။ မီးအားမပြည့်ဘဲ မှိန်မှိန်လေးလင်းနေတော့ ညစ်ပေနေတဲ့နံရံတွေကိုရော၊ ငါဘယ်တော့မှ မရှင်းခဲ့ဖူးတဲ့ ပင့်ကူအိမ်တွေကိုရော အသေအချာမမြင်ရတော့ ငါတို့ရဲ့ မင်္ဂလာအခန်းကလေးဟာ လှတပတ ဖြစ်နေတယ်။
အိပ်ရာထဲရောက်တော့ နင်က ငါ့ရင်ခွင်ထဲကို တိုးဝင်ရင်း"နက်ဖြန်ကျရင် စုဘူးကြီးကြီးတစ်ခု ဝယ်ကြရအောင် မောင်ရယ်"တဲ့။ "တစ်နေ့ကို တစ်ဆယ်စုကြမယ်ကွာ”တဲ့။ "တစ်နေ့ကိုတစ်ဆယ်ဆိုရင် တစ်လဆိုတော့ သုံးရာ၊
တစ်နှစ်ပြည့်ရင် သုံးထောင်နဲ့ ခြောက်ရာ့ငါးဆယ်ရရော"တဲ့။
"ဒါဆိုရင် နှစ်ယောက်အိပ်ခြင်ထောင်တစ်လုံးရယ်၊ စောင် ဆင်တူလေး နှစ်ထည်ရယ်၊ ငွေပိုသေးရင် ခင်းအိပ်စရာ ဂွမ်းကပ်ကြီးကြီးတစ်ခုရယ် ဝယ်ရအောင်"တဲ့။"ခင်တို့တွေ ပိုက်ဆံ တစ်နေ့တစ်ဆယ်ကို တစ်သက်လုံးစုကြမယ်နော်၊ မောင်ကတိပေး"တဲ့။ ငါ့ဆီက ကတိကို နင်ရအောင် တောင်းခဲ့သေးတယ်နော် မိခင်ခင်။
အင်း၊ ပြန်တွေးရတာ လွမ်းလိုက်တာကွာ၊ နောက်တစ်နေ့ကျတော့ နင်က ဈေးထဲကနေ စုဘူးတစ်ခု ဝယ်လာတယ်။ နို့မှုန့်ဘူးကို အပေါ်က ဂဟေနဲ့ပိတ်ပြီး အပေါက်ဖောက်ထားတဲ့ သံဖြူစုဘူးလေ။
"သိပ်မလှပေမဲ့ ပိုက်ဆံများများ ဆံ့တယ် မောင်ရဲ့ "တဲ့။ ငါ့ဆီက ပိုက်ဆံတောင်းလို့ နေ့စဉ် မှတ်တမ်းစာအုပ်ကြားထဲမှာ ညှပ်ထားတဲ့ ဆယ်တန်အသစ်ကလေး ဆယ်ရွက်ထဲက တစ်ရွက်ပေးလိုက်ရတယ်။ နင်က အဲဒီဆယ်တန်လေးနဲ့ စုဘူးကို တဖတ်ဖတ်ရိုက်တယ်။ ပါးစပ်ကလည်း "သူတော်ကောင်း ဈေးဦးဖောက်" လို့ ရွတ်သေးတယ်။ ဒါက ဈေးရောင်းတာလည်းမဟုတ်ဘဲနဲ့ ငပေါမလေး။
အဲဒီနေ့ကစပြီး ငါတို့ တစ်နေ့တစ်ဆယ် မှန်မှန်စုခဲ့ကြတယ်နော်။ တစ်လကို သုံးရာစုမယ်ဆိုရင် အတော်ဝန်လေးပေမယ့် တစ်နေ့ကို တစ်ဆယ်ဆိုတာကတော့ ကြံဖန်ပြီး ဖြစ်သွားတာပဲ။ နင်ကလည်း နင့်အစ်မဆီက တတ်လာတဲ့ပညာနဲ့ ဆီးယို၊ အုန်းယို၊ ခရမ်းချဉ်သီးယိုလေးတွေ ထိုးပြီး အိမ်ရှေ့မှာ ဗန်းလေးနဲ့ချပြီး ရောင်းသေးတာနော်။ အဲဒီကရတဲ့ အမြတ်ကလေးတွေကိုလည်း စုဘူးထဲပို့ရတာပဲ။
"ဟောဒီမှာ မောင်ရေ၊ ဆယ်ရက်အတွက် တစ်ရာ တစ်ခါတည်းထည့်လိုက်ပြီ၊ ရက်မှတ်ထားနော်"လို့ မျက်နှာလေးချီပြီး ပြောတတ်တာကို မြင်ယောင်ကြားယောင်မိသေးတယ် ခင်ရယ်။ အင်း နင့်မှာ မရှိရင်လည်း ငါ့ကို အတင်းထည့်ခိုင်းတာပဲ၊ စုဘူးထဲကို မနက်မထည့်နိုင်ရင် ညနေကျတော့ ထည့်ရတာပဲ၊ မထည့်ဘဲကိုမနေရဘူး၊
ငါက ပိုက်ဆံမရှိဘူးကွာလို့ ပေကပ်ပြီး မထည့်ရင် "ဒါဆိုရင် နက်ဖြန်ကျတော့ ငါးပိရည်ကျို မ၀ယ်တော့ဘူး၊ တစ်ဆယ်သား ရှစ်ကျပ်ဆိုတဲ့ငါးပိက ဝင်းပြီးဝါနေတာ၊ ငါးပိရည်ပျစ်ပျစ်ထဲကို ဆင်ခရမ်းသီးလေး မီးအုံးပြီး ထည့်ပြီးဖျော်ပေးမလို့၊ တော်ပြီ လက်ကျန်ရည်ကျဲထဲကို ရေထပ်ရောပြီး ကျဲကျဲပဲစားပေတော့"လို့ ပြောတဲ့အခါပြော။
"နက်ဖြန်ဈေးဖိုး ငွေနှစ်ဆယ်ပဲရှိတာ မောင်ရဲ့ ၊ ဘဲဥလေးလုံး ဝယ်မလို့ဟာ အခုတော့ နှစ်လုံးစာ ထည့်လိုက်တော့မယ်၊ မနက်တစ်လုံး၊ ညတစ်လုံး ကြက်သွန်များများနဲ့ ခေါက်ကြော်ပြီး နှစ်ယောက်အတူတူ စားကြတာပေါ့"လို့ ပြောတဲ့အခါပြော။
တစ်ခါတလေကျတော့လည်း ခရမ်းချဉ်သီးသုပ်တစ်ခွက်တည်းနဲ့ ငါ့ကိုချော့မော့ပြီး ကျွေးလိုကျွေး၊
"အိမ်ရှေ့က ကိုသာဖြိုးကြီး ပေါင်မုန့်တစ်လုံး ကိုင်လာတာတွေ့လို့ ခရမ်းချဉ်သီးယို နည်းနည်းကို ပေါင်မုန့်နဲ့သုတ်စားဖို့ဆိုပြီး လက်ဆောင်ပေးလိုက်တာ ကြိုက်သွားပြီ မောင်ရေ့၊ မနေ့တုန်းက ဝယ်ချင်လို့တဲ့ လာမေးနေတယ်၊ သုံးဆယ်လောက် မြတ်အောင်လုပ်နိုင်ရင်၊ သုံးရက်စာစုလို့ရပြီ"လို့ ဝမ်းသာအားရ ပြောတဲ့အခါပြော။ အင်း ခင်စုတ်မလေးရယ်၊ နင့်ကို ငါလွမ်းလိုက်တာ။
တစ်နှစ်ပြည့်ပြီး စုဘူးဖောက်တဲ့နေ့ကျတော့ ပျော်လိုက်တာနော်။ တွန့်ကြေနေတဲ့ ပိုက်ဆံခေါက်ကလေးတွေကို အသေအချာ ဖြန့်ပြီးထပ်ရင်း "နှစ်ယောက်အိပ်ခြင်ထောင်အကြီးကြီးကို အတွန့်တွေ အများကြီးနဲ့ ဝယ်ရမယ်၊ ဒါမှ ဘေးဘက်ကိုကားပြီး ဖြန့်လို့ရမှာ၊ လူဦးရေက တိုးဦးမှာ မောင်ရဲ့ "လို့ ရှက်ပြုံးလေးနဲ့ ပြောတယ်နော်။
ငါက "ဟင် တကယ်"လို့ တအံ့တသြမေးတော့ လက်နှစ်ချောင်းထောင်ပြရင်း ခေါင်းလေးညိတ်ပြတယ်။ အဲဒီတုန်းက ကွပ်ပျစ်ပေါ်ကို နေရောင်ထိုးလို့ လင်းနေတယ်။ နင်ဝတ်ထားတဲ့အင်္ကျီက ပန်းရောင်လေး၊ နင့်မျက်နှာကလည်း ပန်းသွေးရောင် ပြေးနေတယ်၊ ဒီလိုအချိန်မှာ ဇီဇဝါပန်းရနံ့လေး သနပ်ခါးပန်းရနံ့လေး မွှေးနေရင် ဘယ်လောက် ယစ်မူးကြည်နူးရမလဲ။ ဒါပေမယ့် ပန်းနံ့မမွှေးဘဲ မီးဖိုချောင်က တညင်းသီးပြုတ်နံ့ ဝဲနေလို့ ငါက "ကဗျာမဆန်လိုက်တာနော်"လို့ တွေးနေမိသေးတယ်။
ပြုံးပျော်နေတဲ့နင့်ကို ငေးကြည့်ရင်း "ကလေးတွေ ဘာတွေနဲ့ ဖြစ်လာရင် ဒီလို ဆက်စုနိုင်ပါဦးမလား ခင်ရဲ့ "လို့ ငါကပြောတော့ နင် မျက်မှောင်ကုတ်သွားတယ်၊ ငါ့ကို မျက်စောင်းတွင်တွင်ထိုးရင် "အို စုရမှာ၊ တစ်သက်လုံးကို စုရမှာ၊ ကုန်ကုန်ပြောမယ်နော်၊ ခင်သေသွားရင်တောင် မောင်က ဒီအတိုင်းပဲ ဆက်ပြီးစု"လို့ ရန်လိုတဲ့အသံ၊ အမိန့်ပေးတဲ့အသံလေးနဲ့ ပြောခဲ့တယ်နော်။
မိခင်ခင်ရယ်၊ နင်ဘာလို့ အဲဒီလိုပြောခဲ့ရတာလဲဟင်၊ အဲဒီလို နိမိတ်မရှိ နမာမရှိ စကားတွေကို ဘာဖြစ်လို့ နင့်ပါးစပ်ကထွက်ခဲ့ရတာလဲ၊ ငါ စဉ်းစားရင်းတောင် စိတ်ဆင်းရဲလိုက်တာဟာ၊ နင်ဟာ နင့်စကားအတိုင်းပဲ ကိုယ်ဝန်ခြောက်လလောက်မှာ အပြင်းဖျားပြီး ဗြုန်းစားကြီး သေခဲ့ရတယ်နော်၊ နင် ဘာကြောင့် သေတာလဲ ငါခုထိကို အသေအချာမသိပါဘူး။ ငှက်ဖျားလိုလို၊ အပြင်းစားတုပ်ကွေးလိုလို၊ သူများပြုစားသလိုလို၊ ယုန်ထင်ကြောင်ထင် အမျိုးမျိုးပြောကြတယ်။ ဆေးရုံရောက်ခဲ့ပေမယ့် ဆုံးခါနီး မှ ရောက်တယ်ဆိုရုံပဲဆိုတော့ ဘာမှလည်း ထိထိရောက်ရောက် မကုခဲ့ရ မသိခဲ့ရပါဘူး ခင်လေးရယ်။
ဒီလိုနဲ့ပဲ နင် ငါ့ကို ဗြုန်းစားကြီးခွဲသွားခဲ့တယ်။ ငါ့ရဲ့အိမ်စုတ်ကလေးမှာ တစ်ယောက်တည်းကိုပဲ ပြန်ပြီးထားရစ်ခဲ့တယ်။ အနေခက်လိုက်တာမှ ခင်ရယ်၊ ရင်ထဲမှာ အမြဲလစ်ဟာနေတာပဲ၊ နင်နဲ့အတူတူ တစ်နှစ်ခွဲလောက်နေခဲ့ရတဲ့ အချိန်လေးတွေကို ပြန်စဉ်းစားရင်း၊ တွေးရင်း၊ ငေးရင်း၊ လွမ်းရင်းနဲ့ ကုန်ခဲလှတဲ့အချိန်တွေကို ခဲခဲယဉ်းယဉ်းဖြတ်သန်းခဲ့ရတယ်။
နင် အမိန့်ပေးခဲ့တဲ့အတိုင်း တစ်နေ့တစ်ဆယ်ဆိုတဲ့ငွေကို ငါဆက်ပြီး စုခဲ့ပါတယ် ခင်ကလေးရယ်။ စုဘူးထဲကို ပိုက်ဆံထည့်တိုင်းလည်း နင့်ကို သတိရတယ်၊ မျက်ရည်ကျရတယ်၊ ချစ်သောသူနဲ့ကွေကွင်းရခြင်း ဆင်းရဲဆိုတာ တကယ်ကိုကြီးတဲ့ဒုက္ခဆိုတာ ကိုယ်တွေ့ကြုံမှ သိရတော့တယ်ဟာ။
အဲဒီနှစ်က ငါ စုဘူးမဖောက်ဘူး၊ နင်ဆုံးတဲ့နေ့ကျမှဖောက်တော့ တစ်နှစ်ခွဲစာလောက်မို့ ငါးထောင်ကျော်ကျော်ရတယ်၊ အဲဒီ ငွေငါးထောင်နဲ့ နင့်အတွက် ငါ အိမ်မှာ ဘုန်းကြီးဆယ်ပါး ဆွမ်းကျွေးခဲ့တာ နင်သိတယ်မဟုတ်လား။ ချက်ပေးတာက ကိုသာဖြိုး ကြီးရဲ့မိန်းမလေ၊ သူက ဟင်းချက်ကောင်းတော့ မြိုင်နေအောင်ကို ချက်ပေးရှာတာ။ ကြက်သားဆီပြန်ကလည်း မွှေးလို့၊ ဝက်သားကိုတော့ ပုန်းရည်ကြီးနဲ့ အချဉ်လေးချက်တယ်၊ ငါးဖယ်သုပ်ကလည်း ကောင်းလိုက်တာ၊ အသည်းအမြစ်နဲ့ အစိမ်းကြော်ကြော်ပြီး ငါးရံဆန်လှော်ဟင်းချိုလေးကလည်း စပါးလင်နံ့တသင်းသင်းနဲ့မို့ ကိုယ်တော်တွေဆိုတာ မြိန်လွန်းလို့ ဆွမ်းတော်တော်လိုက်ယူရတယ်။ ပိုတဲ့ငွေကို သင်္ကန်းတစ်စုံနဲ့ နဝကမ္မဝတ္ထုငွေအဖြစ် ဆရာတော်ကြီးကို လှူလိုက်တယ်၊ အဲဒီ အလှူရဲ့အဖို့ဘာဂကို နင်သာဓုခေါ်ခဲ့တယ်မဟုတ်လားဟင်။
ငါ နင့်အတွက် နှစ်စဉ်နှစ်တိုင်း ဆွမ်းကျွေးခဲ့ပါတယ် ခင်ရယ်၊ နောက်နှစ်ကျတော့ ဆယ်ပါးမတတ်နိုင်တော့လို့ ဘုန်းကြီးငါးပါး ဆွမ်းကပ်ခဲ့တယ်။ အဲဒီလို စုံစုံလင်လင်ပါပဲ။ တစ်နှစ်တုန်းကတော့ ကိုသာဖြိုးမိန်းမက "ဘုန်းကြီး သုံးပါးဆိုရင် တော်ရောပေါ့"တဲ့။ အင်း ...သူက ငါးပါး ဆွမ်းစားပြီးရင် သူ့အိမ် သယ်ဖို့ မကျန်မှာစိုးလို့ ပြောတာလေ။ သူက ချက်ပြုတ်ပေးနေတဲ့သူဆိုတော့ ငါလည်း ဘယ်တားသာမှာလဲ။ နောက်ပြီး ပြောသေးတယ်။ "ကိုအဝှာကြီးရေ .... တစ်နေ့တစ်ဆယ်နဲ့တော့ မရတော့ဘူး၊ တိုးပြီးစုဦး"တဲ့။ စိတ်ညစ်ရတာတွေထဲမှာ အဲဒါလည်း ပါတယ်။
ခင်ရယ် နင်ပြောသွားခဲ့တဲ့စကား ငါဘယ်ပယ်ရှားချင်ပါ့မလဲ။ တစ်သက်လုံး နားထောင်ချင်တာပေါ့။ ကိုသာဖြိုး မိန်းမပြောသလို တစ်ဆယ်မက နှစ်ဆယ်တိုးပြီးစုနိုင်ရင် ပိုကောင်းတာပေါ့။ ဒါပေမယ် ...ဒါပေမယ့် ခင်ရယ်။ ခင်ရယ် နင်မသိဘူးနော်၊ ငါပိုက်ဆံဆက်စုဖို့ အတော်ကို ခက်နေတာ အမှန်ပါပဲ။ တစ်ဆယ်တန်ဆိုတာ အတော်ကိုရှားနေတယ်ခင်ရဲ့ ၊ ဒါဆို နှစ်ဆယ်စုမယ်လို့ ကြိုးစားရင်လည်း နှစ်ဆယ်တန်လည်း ရှားတာပါပဲကွယ်။ ငါးဆယ်တန်၊ တစ်ရာတန်၊ နှစ်ရာတန် အကုန်လုံး သိပ်မတွေ့ရဘူး၊ ငါက အစပ်စပ် အဖာဖာ၊ ပိုက်ဆံအဟောင်းကြီးတွေကိုလည်း အလှူလုပ်ဖို့တော့ မစုချင်ဘူးခင်ရဲ့ ။ ဒါနဲ့ပဲ ငါလည်း ဆယ်ရက်နေမှ တစ်ခါစုလိုက်၊ ဆယ့်ငါးရက်နေမှ တစ်ခါစုလိုက်၊ ငါ နင့်စကားကို နားမထောင်တာသိရင် စိတ်ဆိုးမှာလား ခင်ကလေးရယ်၊ မစုနိုင်တဲ့အချိန်တွေ များနေလို့ ငါလည်း ရင်ထဲမှာနာနေတာပါပဲ။
ဘဲဥက တစ်လုံးတစ်ရာ့နှစ်ဆယ်ဆိုတော့ တစ်လလုံး ဘဲဥပြုတ်ပြီး မနက်တစ်ခြမ်း ညတစ်ခြမ်းပဲရမယ်ဆိုရင်တောင် အလုံးသုံးဆယ်မို့ သုံးထောင့်ခြောက်ရာကုန်တယ် ခင်စုတ်မလေးရဲ့ ၊ ငါမလောက်ဘူး။
ဒီနှစ် စုဘူးဖောက်ရမှာ ငါလန့်နေတယ်၊ ဒါပေမယ့် ထင်သလောက် မဆိုးပါဘူးဟာ၊ ခုနစ်ထောင့်နှစ်ရာနဲ့ လေးဆယ်ရတယ်၊ မနက်တုန်းက ဈေးထဲမှာဝင်ပြီး မေးခဲ့သေးတယ်၊ ဝက်သားတစ်ပိဿာ ခြောက်ထောင်တဲ့၊ မနက်ဖြန်ကျရင် ဝက်သားတစ်ပိသာ ဝယ်မယ်၊ ဆီ ကြက်သွန်ဖြူ နီနဲ့ ငရုတ်သီးမှုန့်လည်း ဝယ်ရမှာပေါ့။ နောက်ပြီး ငါကိုယ်တိုင် ချက်မယ်၊ ဝက်သားလောက်တော့ ငါလည်း ကောင်းအောင် ချက်တတ်ပါတယ် ခင်ကလေးရယ်၊ စိတ်မပူပါနဲ့။ တစ်နှစ်လုံးစုလိုက်တော့လည်း ဝက်သားတစ်ပိဿာဖိုးကြီးများတောင် ရတယ်၊ ချက်နိုင်တယ်ဆိုတာ မနည်းပါဘူးခင်ရယ်၊ ဝက်သားဟင်းက ထွက်တဲ့ဆီနဲ့ ခရမ်းသီးငါးလုံးဝယ်ပြီး နှပ်လိုက်ဦးမယ်၊ ပုစွန်ခြောက်နဲ့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်
ကောင်းမှာပါ၊ အဲဒီ ဝက်သားဟင်းရယ်၊ ခရမ်းသီးနှပ်ရယ်ကို ချိုင့်နဲ့ထည့်ပြီး မြို့ဦးကျောင်းမှာ သွားလှူမယ်နော်၊ နင်ရောက်ရာဘဝက သာဓုခေါ်နော် ... နော် ချစ်တဲ့ခင်ကလေး။
---------------------------
မစန္ဒာ
ထီးချိုင့် အ.ထ.က၊ ရွှေရတုမဂ္ဂဇင်း။

Credit:
No comments