New Artical

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

 

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ

၁၃ဝဝပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်း ထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွ လှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်းဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူမြို့သားတွေက အမျိုးသား လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြ တော့ ဓါတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင် ရှုံးလို့အလုပ်ရပ်နားသွားရတာပေါ့။
မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများစီးနင်း သွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓါတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာ တော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက် ထဲမှာပဲ ရှိရမယ်ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ် ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာ ကြတယ်။
အဲဒီအချိန်မှာ စက်အား မပါ ၊လောင်စာဆီ မလို ၊လူအား နဲ့ လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေး တစ်ခု ပေါ်လာတယ်။ဆိုက်ကားဆိုတာက စက်ဘီးက နေပြီးဖြစ်လာတဲ့ယာဉ်ကိုး။အဲဒီခေတ်ကယောင်္ကျားတွေ စီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာ က တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ် ဆိုရင် အသစ်မှ ၅၀ ကျပ် ကနေ ၇၀ ကျပ်အထိပဲ တန်ဖိုး ရှိတယ်။
အဲဒီတော့ ၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီးအဟောင်း ကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကား ဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။ တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀၀ ကျပ် ၊ ၁၅၀ ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေ က မြန်မာတွေတတ်နိုင်တဲ့အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်း ညချင်း မန္တလေး မှာ ပေါ်ပေါက်လာတော့တယ်။
အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓါတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓါတ်ရထား မရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြို ဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။
မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီး က တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေး ကို သူ့မြနန္ဒာ သီချင်း ထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။
မန္တလေးမှာ လမ်းတွေက အတက်အဆင်း ၊အနိမ့် အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေ ဖောက်တာ၊အကွက်တွေရဲ့အလယ်ကဝင်းတွေဖွဲ့တယ်။ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့ လမ်းတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်း ရှိနေအောင် တမင်ဖော်ထားတာ ၊ တစ်ပြနဲ့တစ်ပြအကွာအဝေးညီတယ်။ဝင်းကြိုဝင်းကြား ပေါတယ်။
မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆ဝခင်း ပေးသတဲ့။ ဓါတ်ရထားသွားနိုင်တာက ၆ မိုင်ထဲ ရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်း မရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေ တော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅ဝကျပ်တန် ၊ ၂ဝဝကျပ်တန် ဆိုက်ကားတွေ နဲ့မယှဉ်နိုင်၊မယှဉ်ဝံ့လို့ဓါတ်ရထားကြီးသိမ်းလိုက်ရတယ် ဆိုတာ ကြားကြား သမျှကတော့ မယုံနိုင်စရာကြီး ဖြစ် နေတာပေါ့။
ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓါတ်ရထားပေါ်က မဆင်းပဲနေချင် နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါ သေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက် ရပါရော။
(ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ)
#ရေးသားသူ_ဆရာမကြီးလူထုဒေါ်အမာ

No comments