New Artical

"ငါကွပါလ"


ပေယျာလကန်သူကြီး သောက်ရူးထပြန်ပြီ။ ဆရာတော်ကျောင်းကိုလာပြီးတော့ လျှောက်သည်

“ဆရာတော်ဘုရား”
“ဘာများလဲဒကာ”
“တပည့်တော်ကို အင်္ဂလိပ်မင်းဘုရားများက စလွယ်ရွှေသိုင်းနဲ့ နှစ်လုံးပြူးသေနတ်တစ်လက် ချီးမြှောက်ကာ ငါးရွာအပိုင်စား ပေးသနားတာ အရှင်ဘုရား သိပါသလား”
“အိမ်း ... ကြားမိသလိုလို”
“တပည့်တော်တို့ ပေယျာလကန်ကလည်း တပည့်တော်ကို ချီးမြှောက်ဖို့အတွက် ဆရာတော်ဘုရားက ဦးဆောင်သင့်တယ်လို့ မထင်ဘူးလားဘုရား”
“ဟဲ့ သူကြီး ... ဘုန်းကြီးအမှု ရွာပတ်ပဲကြားဖူးတယ် ... နင့်အမှု ငါ့လာမပတ်နဲ့ အေးဆေးစွာနေ”
“အရှင်ဘုရား လာမည့် လပြည့်နေ့မှာ တပည့်တော်အိမ်ကို ဂုဏ်ပြုပွဲ ပင့်ပါတယ်ဘုရား”
“ဘာဂုဏ်ပြုပွဲလဲ”
“ရွှေစလွယ်နဲ့ သေနတ်ကိုင်ခွင့်ရတဲ့အတွက် အပိုင်စားရွာတွေက ဂုဏ်ပြပွဲပါဘုရား”
“အလိုကွယ် ... ကိုယ့်ဘာသာ ဂုဏ်ပြုတာများ ငါ့နဲ့ ဘာဆိုင်သလဲ ... နေစမ်း နင့်ကို ဘာကြောင့် အစိုးရမင်းက ဂုဏ်ပြုရသလဲ”
“အုပ်ချုပ်မှုကောင်းလို့ပါတဲ့ဘုရား”
“ဟုတ်လား”
“အရှင်ဘုရားကလည်း တရားတော်နာ ရေစက်ချလေး ကြွရောက် ချီးမြှင့်ပေးတော်မူပါဘုရား။ အဲဒီပွဲနဲ့ တစ်ဆက်တည်း တပည့်တော်ကိုလည်း ဘွဲ့ထူး ဂုဏ်ထူး တစ်ခုခု ချီးမြှင့်တော်မူဖို့ လျှောက်တင်ပါရစေ”
“အိမ်း ... ငါလာခဲ့မယ်”
သူကြီးကပျော်နေသည်။ အိမ်ဝိုင်းထဲတွင် မဏ္ဍပ်ကြီးဆောက်ကာ ရွာလုံးကျွတ် ထမင်းကျွေးသည်။ အပိုင်စား ရွာတွေကလည်း သူကြီးကို လက်ဆောင်တွေနှင့် လာပူဇော်သည်။ အမှန်တော့ သူကြီးက သူ့လူမိုက်တွေနှင့် ဇာတ် ကြိုတိုက်ထားခြင်းဖြစ်သည်။
ဂုဏ်ပြုပွဲနေ့တွင် တောင်ရှည် ခေါင်းပေါင်း၊ စလွယ်စောင်း၊ သေနတ်ထမ်းတို့နှင့် ဂုဏ်ဝင့်နေသော သူကြီးကား မျက်စိစပါးမွှေး စူးစရာဖြစ်သော်လည်း သူတို့က အထူးဂုဏ်ခံကာ ရူးမာန်ထနေကြသည်။
“ဆရာတော် ကြွလာပြီဟေ့”
ဆရာတော်က မဏ္ဍပ်ထဲရှိ သံဃာစင်ပေါ်တက်ထိုင်သည်။ ဆွမ်းကပ်သည်။ ဆွမ်းဘုဉ်းပေးပြီးနောက်
“ကဲ ... ကဲ တရားနာရအောင်ဟေ့”
သူကြီးကအော်သည်။ အားလုံး တရားနာကြသည်။ ရေစက်ချ အမျှဝေကြသည်။ ဆရာတော်က ပြန်ကြွမည် အပြုတွင်
“ဆရာတော်ဘုရား”
“ဘာများလဲ”
“တစ်ခု ကျန်သေးသလားလို့ပါဘုရား”
“ဘာလဲ”
“တပည့်တော်တို့ကို ဘွဲ့ထူးတွေနဲ့ ချီးမြှောက်ရဦးမယ်လေဘုရား”
“ဪ ... ဟုတ်သား ... ကိုင်း ... ကိုင်း သူကြီးတစ်ယောက်တည်း မဟုတ်ဘူး ... ဇနီးပါခေါ်လိုက်”
“သူ့ကိုလည်း ဘွဲ့ပေးမယ်လားဘုရား”
“အိမ်း ... ပေးရတာပ ... သားတွေ သမီးတွေလည်းခေါ်”
“သားနဲ့သမီးကိုရော ဘွဲ့ပေးမယ်ပေါ့”
“ကိုင်း ... အားလုံး ဒူးထောက် ... ဟောဒါက ပေယျာလကန်ကနေ နင်တို့က ချီးမြှင့် အပ်နှင်းမယ့်ဘွဲ့ပဲ”
“သင့်မြတ်လှကြောင်းပါဘုရား”
“ဒကာကြီး ရှေ့တိုးစမ်း”
“မှန်လှပါ”
“ဒကာကြီးကို ယနေ့ကစပြီး ဟတ္ထိပါလဘွဲ့ အပ်နှင်းတယ်”
“ဝမ်းမြောက်ပါတယ်ဘုရား”
“ဒကာမကြီး ရှေ့တိုး”
“မှန်လှပါ”
“ဒကာမကြီးကတော့ ဂေါပါလလို့ ဘွဲ့အမည်တွင်စေ”
“သဘောတွေ့ကြောင်းပါ”
“ဟဲ့ ဟိုနှစ်ယောက် ရှေ့တိုး”
“သားနဲ့သမီး ရှေ့တိုးကြစမ်း”
“သားအကြီးကောင်က အဿပါလ တွင်စေ ... သမီးအငယ်က အဇပါလ အမည်တွင်စေ ... ငါပေးတဲ့ ဘွဲ့နာမည်တွေ မှတ်မိလား ... တစ်ယောက်ချင်း ရွတ်ပြ”
“ဟတ်ထိပါလ”
“ဂေါပါလ”
“အဿပါလ”
“အဇပါလ”
“ကိုင်း ကျန်သေးလား”
“ဖြစ်နိုင်မယ်ဆိုရင် ယောက်ဖကိုပါ ဘွဲ့ထူးလေးတစ်ခု ချီးမြှင့်တော်မူပါဘုရား"
“ကောင်းပေစွ ... ဒကာ့ယောက်ဖကိုတော့ သုနခပါလတွင်စေဗျား”
“ကျေးဇူးကြီးလှပါပေတယ်ဘုရား”
ဆရာတော်ဘုရားက မဏ္ဍပ်ထဲကပြန်ကြွသွားသည်။ သူကြီးနှင့် ဇနီး သားများက ပျော်ကြသည်။ သူတို့ ဘွဲ့တွေကို တကြော်ကြော်အော်ကာ ဂုဏ်ယူနေကြသည်။ တစ်ဆွေတစ်မျိုးလုံး ဘွဲ့တွေရကုန်သဖြင့်လည်း ပွဲခံဦးမည်ဟု ဆိုလိုက်သည်။
ဆရာတော် ကျောင်းပြန်ရောက်သည့်အခါ ဦးသူတော်က
“ဆရာတော်ဘုရား မျက်နှာလိုက်တယ်”
“ဘာကြောင့်ပြောသလဲ သူတော်”
“ဆရာတော့်အပါးမှာ နှစ်ပေါင်းများစွာ ဝတ်ကြီးဝတ်ငယ်ပြုနေတဲ့ တပည့်တော်ကိုတော့ ဘွဲ့မပေးဘူးလား ဘုရား”
“ဟဲ့ အရူး ... ဘွဲ့ဆိုတာ ရူးချင်တိုင်းရူးလို့ကောင်းတာ မဟုတ်ဘူး ... ငါက ဟိုသောက်ရူးမိသားစုကို ဘာဘွဲ့တွေ ပေးခဲ့တယ်ဆိုတာ နင်သိလို့လား”
“သိတာပေါ့ဘုရား ... ခုတော့ ပါလဘွဲ့တွေဖြစ်ကုန်ပြီ”
“နားထောင် ဟတ္ထိဆိုတာဘာလဲ နင်သိလား”
“မသိဘူးဘုရား”
“ဟတ္ထိဆိုတာ ဆင် ... ဂေါကနွား ... အဿဆိုတာ မြင်း ... အဇဆိုတာ ဆိတ် ... သုနခဆိုတာခွေး”
“ဒါဆိုရင် ပါလဆိုတာကရောဘုရား”
“ပါလဆိုတာ စောင့်ထိန်းသူဟဲ့”
“အလိုလေး ဒါဆိုရင် သူကြီး မိသားစုတစ်စုလုံး ဆင်ထိန်း၊ နွားထိန်း၊ မြင်းထိန်း၊ ဆိတ်ထိန်း၊ ခွေးထိန်းဆိုပြီး ဘွဲ့ပေးခဲ့တာ ပေါ့”
“အိမ်း”
ကျောင်းရောက်တော့ ဖိုးသူတော်မနေနိုင် မဏ္ဍပ်ကို ပြန်လာပြီး အော်
“အလိုလေး ပေယျာလကန်က အထိန်းတော်တို့”
“ဦးသူတော် ဘာတွေ လာအော်နေသလဲ”
သူကြီးက မဏ္ဍပ်ထဲကထွက်လာ
“အထိန်းတော်ကြီးတို့”
“ဘယ်သူ့ကို အထိန်းတော်ကြီးတွေ လာအော်နေတာလဲ”
“သိချင်ရင် ဆရာတော်ကိုပြန်မေး ... အလိုလေး တိရစ္ဆာန်တွေဝေးရာကိုပြေးပြီဟေး” လို့ပြောကာပြန်ပြေး။
ဘာပြောပြော ဖိုးသူတော် မဖော်သမျှ
ပေယျာလကန်က သူကြီးမိသားစုကတော့ ပါလ ဆိုတာကို “ငါကွ” နေမှာ သေချာ။
စာမှမတတ်ကြတာကိုး။ 
 
မူရင်းရေးသားသူ_တင်ညွန့်

No comments