ဗုဒ္ဓပညာရေး နှင့် စရိယာ(၃)ပါး
ကျွန်တော်တို့ငယ်ငယ် (၁၉၇၀) ဝန်းကျင်လောက်ရောက်တော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ဆိုတဲ့ အတန်းကျောင်း ပညာရေးဟာ တပြည်လုံးအနှံ့ ကျယ်ပြန့်စွာ ထွန်းကားနေပါပြီ။ အဲဒီပညာရေးစံနစ်ဟာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက စတင်အခြေခံလာတယ်လို့ သိရပါတယ်။ (၁၃၀၀)ပြည့် အရေးတော်ပုံနောက်ပိုင်း ကျွန်ပညာရေးစံနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ အမျိုးသားကျောင်းတွေ ပေါ်ထွက်လာပြီး ဗမာပြည်သည်တို့ပြည်၊ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား ဆိုတဲ့ဆောင်ပုဒ်နဲ့ ပညာရေးခရီးကို ဆက်ခဲ့တာ အခုထိပါပဲ။ အခြေခံတဲ့ ပညာသင်ကြားရေး နည်းစံနစ်ကတော့ မူ/လယ်/ထက်/တက္ကသိုလ် ဆိုတဲ့ အတန်းကျောင်းပညာရေးစံနစ်ပါပဲ။
အဲဒီပညာရေးစံနစ်နဲ့ သင်ကြားလာတဲ့ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ထူးခြားတာလေးတခုကို သတိပြုမိပါတယ်။ (၁၉၈၂) R.I.T ကိုရောက်တော့ အဆောင်မရလို့ ဘုန်းကြီးကျောင်းမှာ တည်းပြီး ကျောင်းတက်ရတယ်။ ဒီလိုနေတာသိတဲ့ သူငယ်ချင်းတချို့က ဘုန်းကြီးကျောင်းသား ဆိုပြီးစကြတယ်။ (တချို့နှိမ်ချင်ကြတယ်) ကျွန်တော်ကိုယ်တိုင်လဲ တက္ကသိုလ် ကျောင်းသားပေါက်စ လူငယ်ဘဝမှာ ရှက်သလို သိမ်ငယ်သလို ခံစားမိခဲ့သေးတယ်။ ဗန်းစကားလို စကားပုံတွေတောင် ရှိခဲ့သေးတယ်လေ။ (တက္ကသိုလ်ကျောင်းသား အကောင်းစား၊ ဘုန်းကြီးကျောင်းသား သူတောင်းစား)ဆိုပြီးတော့ - - - ။
တကယ်တော့ ဘုန်းကြီးကျောင်းသားဆိုတာ မြန်မာရှင်ဘုရင်တွေလက်ထက်က ကလေးတယောက် ပညာသင်တော့မယ်ဆိုရင် ဘုန်းကြီးကျောင်းကို အပ်လိုက်တယ်။ မြန်မာဘုန်းတော်ကြီးတွေက သဒ္ဒါ၊ သင်္ဂြိုလ်၊ အခြေခံဘာသာရေးယဉ်ကျေးမှု လောကနီတိ၊ စာပေပညာ စတာတွေကို သင်ပေးလိုက်ကြတယ်။ အဲဒါ သူတို့ခေတ်က အခြေခံပညာရေးပါပဲ။ အခုအချိန် ထိအောင် ကျေးရွာတွေမှာ အဲဒီအလေ့အထလေးတွေ ကျန်ရှိနေပါသေးတယ်။ အဲဒီလို ဘုန်းကြီးကျောင်းစာသင်သားဖြစ် လို့ ဘုန်းကြီးကျောင်းသားလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းမှာနေ၊ဘုန်းကြီးဝေယျာဝစ္စ လုပ်တဲ့သူတွေကို တော့ ကပ္ပိယ လို့ ခေါ်ပါတယ်။ မြန်မာပြည်ရဲ့ ထင်ရှားတဲ့နိုင်ငံခေါင်းဆောင်ကြီးတွေ (ဗိုလ်ချုပ်အောင်ဆန်း၊ဦးသန့်၊ဦးနု) စသူတို့ဟာလဲ ဘုန်းကြီးကျောင်းထွက်တွေပါပဲ။ တနည်းပြောရရင် ဘုန်းကြီးကျောင်းသားဘဝနဲ့ အခြေခံပညာသင်၊အဲဒီ နောက်မှ အတန်းပညာတွေ အဆင့်ဆင့်သင်ကြား တတ်မြောက်ခဲ့ကြသူတွေပါပဲ။ (အခုသေချာပြန်တွေးကြည့်တော့မှ ငယ်ငယ်က ဘုန်းကြီးကျောင်းသား အခေါ်ခံရတာကို ရှက်စနိုးမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေမိပါတယ်။)
အခုခေတ်မှာတော့ ဘုန်းတော်ကြီးသင်ပညာရေးစံနစ်ဟာ နိုင်ငံတော်အဆင့် အခြေခံပညာရေးစံနစ်ထဲမှာ မပါဝင် တော့ပဲ အတန်းကျောင်းပညာရေးစံနစ်နဲ့ပဲ (ဒါတောင် ခုထိ စမ်းသပ်ဆဲအဆင့်နဲ့ အားနဲချိနဲ့စွာ) ခရီးဆက်နေကြရပါတယ်။ လက်ရှိပညာရေးစံနစ်ရဲ့ အားနဲချက်၊အားသာချက်တွေကို ဒီနေရာမှာ ဖော်ပြဖို့ မဟုတ်ပါဘူး။ တကမ္ဘာလုံးအနှံ့ တွင်ကျယ် စွာ အသုံးပြုနေကြတဲ့ ဒီအတန်းကျောင်းအခြေခံပညာရေးစံနစ် ဘာ့ကြောင့်အောင်မြင်ရသလဲ၊ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းပညာရေးဟာ အခြေခံအဆင့်မှာ မပါဝင်နိုင်လောက်အောင် ဘာကြောင့် အဆုံးရှုံးခံခဲ့ရသလဲ၊ ဒီအကြောင်းရင်းတွေကို ရှာဖွေသုံးသပ်စေချင်လို့ ရေးသားလိုက်ရတာဖြစ်ပါတယ်။
စာရေးဆရာလဲဖြစ်တဲ့ ဆရာတော်အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)ရဲ့ စကားလေးတချို့နဲ့ စတင်ချင်ပါတယ်။ တောင်တန်းဒေသက တိုင်းရင်းသားအတော်များများဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်သွားကြတယ်။ ဘယ်လိုဖြစ်ရတာ လဲဆိုတော့ တောင်ပေါ်မှာတော့ မြန်မာတွေဟာ ဘုရားတည်ကြတယ် ။ တောင်အောက်က ကျေးရွာလေးတွေမှာတော့ ခရစ်ယာန်သာသနာပြုတွေဟာ ကလေးတွေရဲ့နှလုံးသားမှာ ဘုရားတည်ကြတယ်။ ခရစ်ယာန်အခြေခံစံနှုန်းတွေကို သင် ကြားရင်း ကလေးတွေရဲ့ ပညာရေး၊ကျန်းမာရေး လူမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကြတယ်။ တို့မြန်မာတွေ ဒါကို သိပြီးတော့ ကလေးတွေရဲ့ နှလုံးသားမှာ ဘုရားတည်ပေးကြရင် ကောင်းမယ်လို့ မိန့်ကြားခဲ့ပါတယ်။ အခုတော့ - - - တချို့ဗုဒ္ဓဘာသာဝင်ဆိုသူတွေကပါ (ဘုန်းကြီးတွေက ဘုန်းကြီးအလုပ်မလုပ်ဘူး၊လူမှုရေးကိစ္စတွေမှာ ဝင်ဝင်ရှုပ်နေတယ်) ဆိုတဲ့စကားမျိုး ပြောထွက်၊ပြောရက်ကြတာ အံ့သြဝမ်းနဲစရာတွေ့မြင်နေရပါတယ်။
ဗုဒ္ဓဘာသာဝင်လို့ ခံယူလိုက်ပြီဆိုတာနဲ့ ဗုဒ္ဓရဲ့အကြောင်းကိုတော့ သေချာသိသင့်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင် ကျင့်သုံးခဲ့တဲ့ အကျင့်(စရိယာ) သုံးပါးရှိပါတယ်။ ဗုဒ္ဓတ္ထစရိယာ၊ ညာတတ္ထစရိယာ နဲ့ လောကတ္ထစရိယာ တို့ပဲဖြစ်ပါတယ်။ ဗုဒ္ဓတ္ထစရိယာဆိုတာ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်သိမြင်အောင် အားထုတ်ခြင်းဖြစ်တယ်။ ဗောဓိပင်ရွှေပလ္လင်မှာ ဆရာအကူမပါ တကိုယ်တည်းသာဖြင့် ဘုရားမဖြစ်သမျှ ငါမထဟု ခိုင်မာတဲ့အဓိဌာန်နဲ့ ကျင့်ကြံအားထုတ်ခဲ့တာ၊ ဒီလိုဖြစ်ဖို့ အကြောင်းပါရမီတော်ကြီးတွေကို လေးသင်္ချေနှင့်ကမ္ဘာတသိန်းပတ်လုံး သာမန်လူ မတတ်နိုင်လောက်အောင် ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့တာတွေဟာ ဗုဒ္ဓတ္ထစရိယာပဲဖြစ်ပါတယ်။ ညာတတ္ထစရိယာဆိုတာ မိမိဆွေမျိုးသားချင်းတွေ တမြေထဲဖွား အမျိုးသားတွေရဲ့ ကောင်းကျိုးကိုဆောင်တာဖြစ်ပါတယ်။ မိခင်၊ဖခင်၊ဆွေမျိုးညာတိတွေကို သံသရာမှ လွတ်ရာလွတ်လမ်း အမှန်ကို ညွှန်ပြတော်မူခဲ့တာ၊ ရောဟဏီမြစ်ရေကြောင့် အမျိုးသားချင်း စစ်ခင်းတော့မယ့်အရေး ကာကွယ်တားဆီးပေးခဲ့ တာ၊ ဝဋ်ကြွေးသံသရာလည်တာကို မတားဆီးနိုင်ပေမဲ့ လက်စားချေစစ်ခင်းလာတဲ့ တိုင်းတပါးမင်းရဲ့ရန်က သုံးကြိမ်တိုင် အောင် ဟန့်တားပေးခဲ့တာတွေဟာ ညာတတ္ထစရိယာပါပဲ။ လောကတ္ထစရိယာဆိုတာကတော့ လောကကြီးထဲမှာ ရှိရှိသမျှ သတ္တဝါ၊လူသား အားလုံးရဲ့အကျိုးကိုဆောင်တော်မူခြင်းဖြစ်ပါတယ်။လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါအားလုံးရဲ့ သံသရာလွတ်လမ်း အမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြတော်မူတာ၊ လောကလူသားတွေ ရန်ကိုရန်ချင်းမတုံ့နှင်းပဲ မေတ္တာတရားကိုအခြေခံလို့ အတူ တကွ ငြိမ်းချမ်းစွာနေထိုင်သွားကြရန် ဆုံးမတော်မူတာ၊ မင်္ဂလာအစစ်အမှန်ဖြစ်တဲ့ (၃၈)ဖြာ မင်္ဂလာတရားတော်နဲ့အညီ အကောင်းဆုံးနေထိုင်ရှင်သန်သွားကြဖို့ ဆုံးမတော်မူတာ၊ ယုတ်စွအဆုံး အမျိုးသမီးတွေရဲ့ အာဝေဏိကဒုက္ခ မီးဖွားခြင်း ကိစ္စမှာတောင် အင်္ဂုလိမာလရဟန္တာအရှင်သူမြတ်သစ္စာပြုချက် ပရိတ်တရားတော်ကို သင်ကြားပြီး ရွတ်ဖတ်စောင့်ရှောက် ကူညီစေခဲ့တာ တွေဟာ လောကတ္ထစရိယာပါပဲ။
ဗုဒ္ဓမြတ်စွာရဲ့ တပည့်သား သံဃာတော်တွေဟာလဲ ဒီစရိယာသုံးပါးကို ဖြည့်ကျင့်တော်မူကြလိမ့်မယ်၊ ဖြည့်ကျင့် ထိုက်တယ် ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါဘူး။ မိဘ၊ဆရာသမားတွေရဲ့ကျေးဇူးကို သိတတ်၊ရိုသေသလို ဘုရား၊ တရား၊သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို အထူးသိတတ်၊ရိုသေတတ်သူကိုမှ ဗုဒ္ဓဘာသာဝင်လို့ ဆိုချင် ပါတယ်။ ဒီလို ရတနာသုံးပါးဂုဏ်ကျေးဇူးကို အထူးသိတတ်သူဟာ ရဟန်းသံဃာတော်တွေရဲ့ လောကုတ္တရာတရားစစ်ကို ရှာဖွေအားထုတ်ကျင့်ကြံနေတဲ့ သံဃတ္ထစရိယာ၊ မိမိအမျိုးသားတို့ရဲ့ ကောင်းရာကောင်းကြောင်း၊မိမိနိုင်ငံသူနိုင်ငံသား တို့ ရဲ့ ဘေးရန်အန္တရယ် ကာကွယ်ရာကာကွယ်ကြောင်း ဆောင်ရွက်အားထုတ်တဲ့ ညာတတ္ထစရိယာ၊တကမ္ဘာလုံးမီးဟုန်းဟုန်း ထလို့ လောဘ၊ဒေါသ၊မာန်မာနမီးတောက်တွေကြောင့် ပူလောင်ဆူပွက်နေတာကို မေတ္တာဖြင့်သာငြိမ်းချမ်းရာ၏လို့ နေရာ အနှံ့လှည့်လည် သည်းခံခြင်းလက်ကိုင်ထားလို့ ဟောကြားဆုံးမနေတဲ့ လောကတ္ထစရိယာ၊ ဒီစရိယာသုံးပါးဖြည့်ကျင့်နေကြ ခြင်းအပေါ် စော်ကားမော်ကားပြောဖို့ဝေးလို့ ယုံကြည်သဒ္ဓါပိုမိုစွာဖြင့် ဝိုင်းဝန်းထောက်ပံ့၊ကူညီဆောင်ရွက်ကြမှာပါ။ခုတော့ ဒီလိုမဟုတ်ပဲ ရတနာသုံးပါးဂုဏ်ကျေးဇူးကိုမသိ၊ မိမိနဲ့အယူအဆမတူတာနဲ့ ရဟန်းသံဃာတော်တွေကို စော်ကားမော်ကား ပြောဖို့ဝန်မလေးကြတော့တာဟာ ဗုဒ္ဓပညာရေး သင်ကြားမှု၊သင်ယူမှုတွေ အားနဲချိနဲ့လာလို့ စရိယာသုံးပါးအကျင့်ကောင်း အကျင့်မြတ်တွေ ထိပါးညှိုးနွမ်းလာရတယ်လို့ မြင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တွေကိုတိုက်ထုတ်ဖို့ အမြဲကြံစည်နေပေမဲ့ အင်္ဂလိပ်တွေရဲ့ စည်းစံနစ်ကျတာ၊ ပညာကိုလိုလားတာ၊နိုင်ငံကြီးသားပီသတာ ဆိုတဲ့အတုယူစရာကောင်းတဲ့အချက်တွေကို အတုယူတယ်၊သင်ယူတယ်။ ကျွန်တော်တို့မြန်မာအများစုကြီးဟာ ကိုယ်နဲ့မတူညီသူတွေဆီက သင်ယူတတ်မှုအားနဲနေတယ်။ ဗုဒ္ဓဘာသာရဲ့အနှစ် သာရကို ခြေခြေမြစ်မြစ်သိတာထက် မိရိုးဖလာကိုးကွယ်မှုက များနေတယ်။ ဒီတော့ သူများဘာသာဆိုရင်ဝေးရော၊ဘာမှ မသိကြတော့ပဲ တဖက်မြင်ယုံကြည်မှုမှာတင် လမ်းဆုံးသွားကြတယ်။ တကယ်တော့ စည်းစံနစ်ကျနခြင်း၊သင်ယူလိုစိတ် ထက်သန်ပြင်းပြခြင်းတွေမှာ ခရစ်ယာန်ဘာသာဝင်တွေကို အတုယူဖို့ကောင်းတယ်။ ဒီလိုပဲ အမိန့်နာခံတတ်ခြင်း၊စည်းလုံး ညီညွတ်မှု ရှိခြင်းတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို အတုယူဖို့ကောင်းတယ်။ ဟိန္ဒူူဘာသာကတော့ပြောမနေနဲ့တော့၊ ရောနှော၊ပေါင်းစပ်တဲ့နေရာမှာ ကျွမ်းကျင်လွန်းလို့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွေထဲမှာ မွေးတာကအစ၊ ပွဲတော်တွေ အလယ်၊သေတာကအဆုံး ဟိန္ဒူထုံးတမ်းစဉ်လာတွေ ဘယ်လောက်ရောခဲ့ပြီလဲ။(ပညာရှိတို့သိပါ၏)
စကားစပ်မိလို့ နဲနဲလောက်ပြောပါရစေ၊ (ဗုဒ္ဓရဲ့ (၃၈)ဖြာမင်္ဂလာတရားတော်ကြီးရှိပါလျက် ကလေးမွေးပြီဆိုတာနဲ့ ဗေဒင်၊ယတြာအရ နံမည်ပေးကင်ပွန်းတပ်မင်္ဂလာရယ်လို့လုပ်ကုန်ကြပါရော) (ကိုယ်ထဲကကိလေသာအညစ်အကြေးတွေ ရေဆေးရင်ပျောက် တယ်ဆိုတဲ့အယူအဆ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာမပါလာအောင် သင်္ကြန်ရေနဲ့ ဆေးရင် - - ဆိုတဲ့အယူ အဆ။) (စုတိ(သေ)စိတ်ကျပြီးတာနဲ့တပြိုင်နက် ပဋိသန္ဓေ(မွေး)စိတ် (ကံအားလျော်စွာ)ဖြစ်၏လို့ ဘုရားဟောရှိပါလျက် သေသူရဲ့ဝိဉာဉ်လေးခေါ်ပေးရတာနဲ့ ၊ တပတ်တိတိတလည်လည်ဖြစ်နေဦးမှာမို့ ထမင်းလေးကျွေး ထားရတာနဲ့ ၊ - - - နဲ့ ) ပွင့်ပွင့်လင်းလင်း အမုန်းခံပြီးပြောပါရစေ။ ဒီလိုတွေဖြစ်နေရတာ သူများက တော်ပြီး ကိုယ်ညံ့လို့ ကိုယ်ခံရတာပါ။ ဒါကြောင့် သူများအပြစ်တင်မနေပဲ ကိုယ့်ဟာကိုယ်သိအောင် အားထုတ်ကြပါကုန် ။
ငယ်စဉ်က ကျောင်းမှာစာသင်ကြတော့ (အားလုံးသိပါတယ်)။ အဖေကိုု (Father)၊ အမေကို (Mother)၊ ဒီလိုသင် တယ်။ (တခုသတိထားမိရဲ့လား) ခရစ်ယာန်ဘုန်းတော်ကြီးကို ဖာသာ (Father)၊ ခရစ်ယာန်သီလရှင်ဆရာကြီးကို မာသာ (Mother)။ ဒါဟာ ခရစ်ယာန်ဘာသာမှာ ဘာသာရေး ခေါင်းဆောင်တွေကို အဖေ၊ အမေနဲ့ထပ်တူပြုပြီး ရိုသေလေးစားမှုကို ဖော်ပြတာပါပဲ။ ခရစ်ယာန် ဘုန်းတော်ကြီးတွေကလည်း ကလေးလေး မွေးလာကတည်းက ဖခင်ကိုယ်စား ခေါင်းကိုင်ဖခင် အဖြစ်နဲ့ နှစ်ခြင်းမင်္ဂလာပြုပေး၊နံမည်မှည့်ပေး၊ ကြီးလာလို့လက်ထပ်တော့လဲ ချာ့ချ်ကျောင်းမှာတာဝန်ယူသက်သေခံပေး၊ စသည် စသည် လူမှုရေးကိစ္စတွေပါဝင်ဆောင်ရွက်၊ သင်ကြားမှုတွေပြုလုပ်၊ ဒီတော့ ခရစ်ယာန် ဘာသာဝင်တွေဟာ သူတို့ သာသနာပြုပုဂ္ဂိုလ်တွေအပေါ် မိဘသဖွယ် အလေးအမြတ်ပြုကြတယ်။ ယုံကြည်ကိုးစားကြတယ်။
ကျွန်တော်တို့မှာတော့ ဗုဒ္ဓံသရဏံ/ဓမ္မံသရဏံ/သံဃံသရဏံ ဂစ္ဆာတွေမိ နေကြပေမဲ့ သံဃာကို ဆွမ်းလေးတနပ်၊ ငွေလေးတချပ် လှုမဲ့အရေး ဒီကိုယ်တော်သီလရှိရဲ့လားလို့ ပုဂ္ဂိုလ်ကိုသွားစစ်နေကြတယ်။ သံဃာဟာ စရိယာသုံးပါး အကျင့်တရားနဲ့ ငါတို့ကောင်းကျိုး ဆောင်ရွက်တယ် ။ ကုသိုလ်တရားတို့ရဲ့ တည်ရာ လယ်ယာမြေကောင်းသဖွယ် ဖြစ် လျက် သံသရာအကျိုးစီးပွားကိုလဲ ဆောင်ရွက်တယ်လို့ စိတ်ချယုံကြည်မှုလေးမှ မရှိကြရင်ဖြင့် - - - ။
ဘုရားပရိနိဗ္ဗာန်ပြုသွားပြီဖြစ်လို့ ဘုရားဆိုတာမမြင်ရ၊ တရားဆိုတာလဲ ဒီသံဃာတော်တွေ အဆင့်ဆင့် ပင်ပမ်း ကြီးစွာ လက်ဆင့်ကမ်းသယ်ဆောင်လာလို့ သိမြင်ခွင့်ရ၊ တရားကိုသိခွင့်ရတော့မှ ဘုရားရဲ့ဂုဏ်ကျေးဇူးတွေ၊ ကြည်ညိုဖွယ် အနန ္တတွေကို သိခွင့်ရ၊ ဒီလောက်ကျေးဇူးကြီးလှတဲ့ အရိယာ၊ သမုတိသံဃာတော်တွေကို မိဘသဖွယ်၊ဆရာသဖွယ် အထူးပင် ကြည်ညိုလေးမြတ်သင့်ပါလျက် အပြစ်တွေတင်၊ အမုန်းတွေဝင်၊ ကိုယ်လုပ်ချင်တာ မလုပ်ရတိုင်း ငြူစူစောင်းမြောင်းချင်၊ မလေးမခန့် ကိုယ့်အတတ်လေး တထွာတမိုက်နဲ့ မာန်တက်၊ရန်ဖက်ပြိုင်ချင်နေကြတယ်ဆိုရင်ဖြင့် - - - ။
ဗုဒ္ဓပညာရေး မြန်မာပြည်မှာဝေးနေပြီမို့ ဒီကလေးတွေ ယဉ်ကျေးမှုမရှိ မိမှန်း၊ ဖမှန်း၊ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း၊ ဆရာမှန်း မသိလောက်အောင် အမောက်ထောင်ဂျိုခတ် ဒီခေတ်ပညာတတ်တွေကို စာရိတ္တတနပ်၊ ယဉ်ကျေးမှုတထပ်လောက် အငတ်ပြေကျွေးရအောင် သာသနာ့တန်ဆောင် သံဃာ့ဝန်ဆောင် ဆရာတော် သံဃာတော်အပေါင်းတို့ဘုရား ။
အရှင်ဘုရားတို့၏တပည့်လက်ရုံး တောကဘုန်းကြီးကျောင်းသားလေးတွေကို Phd ဘွဲ့ပေးလို့ ယဉ်ကျေးမှုအငတ်၊စာရိတ္တ အငတ် ဒီခေတ်ပညာတတ်တွေကို အဘိဓမ္မာ ကြိမ်စကြာနဲ့ ခပ်နာနာလေးရိုက်ဆုံးမ ခိုင်းတော်မူပါ စရိယာ(၃)ပါးသခင် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ဘုရား ။ ။
Credit
No comments