သမိုင်းထဲက ပတ္တမြားငမောက် ဆိုတာ
မြန်မာနိုင်ငံဟာ သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်တာနဲ့အညီမြန်မာမင်းအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာတွေလည်းများစွာရှိပါတယ်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင်ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော်စာရင်းမှာပါဝင်တဲ့ နန်းစဉ်ပတ္တမြားတွေကတော့
၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက်က္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇)ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သာ ပတ္တမြား
၄။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။
ဒီပတ္တမြားတွေထဲက ကျန်ပတ္တမြားအကြောင်းကိုသိပ်မသိကြပေမယ့် ပတ္တမြားငမောက်ဆိုတဲ့ နာမည်ကိုတော့ အားလုံးကြားဖူးကြမှာပါ။ ချင်းတွင်းနယ်သားငမောက်ဟာ မိုးကုတ်မှာ လယ်ယာစိုက်ပျိုးပြီး နေထိုင်ရင်း တစ်ညမှာ သူ့ရဲ့ခြံထဲက ပျိုးပျိုးပျက်ပျက် လင်းနေတာကို တွေ့ပါသတဲ့။ သွားကြည့်တော့ အနီရောင်ကျောက် ပတ္တမြားကြီးတစ်လုံးကို တွေ့ပါတယ်။ ဒါနဲ့ငမောက်ဟာ ဝမ်းသာသွားပြီး ပတ္တမြားကိုနှစ်ပိုင်း ပိုင်းလိုက်ပါတယ်။ တစ်ပိုင်းကို ယောက်ဖဖြစ်သူအားပေးပြီး တရုတ်နိုင်ငံမှာသွားရောင်းဖို့ စေလွှတ်လိုက်ပြီး ကျန်တစ်ပိုင်းကိုတော့ သက္ကရာဇ် ၁၀၂၃ခု၊ ငါးထပ်ကြီး ဒါယကာပင်းတလဲမင်းလက်ထက် အင်းဝမြို့တော် သို့သွားရောက် ဆက်သရာ ဘုရင်းမင်းမြတ်လည်း နှစ်သက်ဝမ်းသာပြီး ငမောက်အား ဆုတော်လာဘ်တော်များ ချီးမြှင့်တော်မူလိုက်ပါတယ်။ ငမောက်က ဆက်သသောကြာင့် ပတ္တမြားကြီးရဲ့နာမည်ကို “ပတ္တမြားငမောက်” လို့ခေါ်တွင်ခဲ့ပါတယ်။
တရုတ်တို့ထံ ရောက်သွားတဲ့ ပတ္တမြားဟာလည်း တရုတ်မှာမငြိမ်မသက်ဖြစ်ပြီး မြန်မာနိုင်ငံသို့ တိမ်းရှောင်လာတဲ့ တရုတ်လူမျိုးနဲ့အတူ မြန်မာပြည်ကို ပြန်ပါလာခဲ့ပါတယ်။ ထိုတရုတ်ကုန်သည်ကလည်း ပတ္တမြားကို ဘုရင်မင်းမြတ်ကို ဆက်သရာ ဘုရင်ကလည်း ဝမ်းသာအားရ ဆုတော်ငွေများ ပေးသနားခဲ့ပါတယ်။ တရုတ်ကုန်သည်ဆီကရတဲ့ ပတ္တမြားတစ်ပိုင်းကို ယခင်ရှိတဲ့ ပတ္တမြားတစ်ပိုင်းနဲ့ ဆက်ကြည့်ရာ တစ်လုံးတည်းရှု့မငြီးတဲ့ ကျောက်ကြီး ဖြစ်လာတဲ့အခါမှာတော့ ငမောက်အား အားလုံးမဆက်ရ ကောင်းလားဟု အမျက်မာန်ရှတော်မူပါတယ်။ ထို့နောက် ငမောက်၏ဆွေ(၇)ဆက် မျိုး(၇)ဆက်ကိုကွပ်မျက်တော်မူ ခဲ့ပါတယ်။ ငမောက်နှင့်ဆွေမျိုးများ သေဆုံးခဲ့တဲ့နေရာကို လောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာ ဖြစ်၍ရေးဝေရွာဟု၎င်း ခေါ်ခဲ့ပြီး အခုထက်တိုင် ရေဝေရွာဆိုပြီးရှိနေပါသေးတယ်။
ပတ္တမြားငမောက်ရဲ့ အလေးချိန်ကတော့ ရတီ(၉၀)ရှိပြီး လုံးချောသွေးထားကာ အရည်အသွေး အလွန်ကောင်းကြောင်း သိရပါတယ်။ ဖြူဖွေးသော ဝါဂွမ်း(သို့)နွားနို့အတွင်းသို့ ဒီပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်း သိရပါတယ်။ အမှောင်ထဲမှာလည်း အနီရောင် တလျှမ်းလျှမ်း ဖြာထွက်နေတတ်ပါသေးတယ်။ လက်ထဲမှာ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေပါတယ်။ ရေစိမ်သောက်လျှင်လည်ချောင်းနာ ၊ ရင်ပူ ၊ ခေါင်းကိုက် ၊ ဇက်လေး ၊ မူးမော် ၊ မောပန်း တာတွေပျောက်ပြီး အားအင်ကိုတိုးစေပြီး မျက်နှာကို ပွတ်သပ်ပေးပါက အေးမြပြီး ၊ ဝက်ခြံ တင်းတိတ် ကင်းစေတယ်လို့ အဆိုရှိပါတယ်။
ဒီနာမည်ကျော် ပတ္တမြားငမောက်ကို နန်းစဉ်ရတနာအဖြစ် ထိန်းသိမ်းလာခဲ့တာ ဘိုးတော်ဗဒုံမင်း လက်ထက်ကစလို့ သီပေါမင်းပါတော်မူချိန် အထိတိုင်ပါပဲ။ သီပေါမင်းပါတော်မူပြီး နောက်မှာတော့ နန်းတွင်းက ကျောက်မျက်ရတနာ တော်တော်များများဟာ အင်္ဂလိပ်တို့ရဲ့သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။ ပတ္တမြားကြီးကတော့ သီပေါမင်းနောက်ပဲ ပါသွားသယောင်ယောင် အင်္ဂလိပ်တို့ပဲ သိမ်းသွားသယောင်ယောင်နဲ့ ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်။ ဒီမေးခွန်းရဲ့ အဖြေကိုတော့သီပေါမင်းနဲ့ ကာနယ်စလေဒင်တို့ပဲ သိကြပါလိမ့်မယ်။
(မှတ်ချက်။ ။ပတ္တမြားငမောက်ကို သုံးပိုင်းပိုင်းခဲ့တဲ့ နောက်မူကွဲဇာတ်လမ်းရှိပါသေးတယ်)
No comments