ကမ္မကိလေသတရား
ညစ်ညူးခြင်းအမှု ဖြစ်သောကြောင့် ကမ္မကိလေသဟု ခေါ်ဆိုအပ်သော အကြောင်းတရား လေးပါးတို့ ရှိကုန်၏။ ဤကိလေသတရား လေးပါးတို့ကို ဘုရားရှင်၏ တပည့်သား အရိယာ သာဝကတို့ ပယ်စွန့်ကြကုန်၏။
(ကမ္မ = အမှု၊ ကိလေသ = ညစ်ညူးကြောင်း )
- ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း
- အဒိန္နာဒါန = သူတစ်ပါး ဥစ္စာကို ခိုးခြင်း
- ကာမေသု မိစ္ဆာစာရ = သူ့သားမယားကို ပြစ်မှား ကျူးလွန်ခြင်း
- မုသာဝါဒ = မဟုတ်မမှန်သော စကားကို ဆိုခြင်း
သူ့အသက်ကို သတ်ခြင်း၏ အပြစ်
သူ့အသက်ကို သတ်သောသူသည် ယခုဘဝ၌ပင် အရှိန်အစော်ကင်းခြင်း၊ မကောင်းသတင်း ဖြစ်ပွားခြင်း၊ နောင်တ တဖန် ပူပန်ရတတ်ခြင်း၊ လူ စသည်ကို သတ်မိက အစိုးရ မင်းများက သေစား သေစေ ခံရတတ်ခြင်း စသည်ဖြင့် အပြစ်များလှ၍ နောင်ဘဝ၌လည်း မကောင်းသူတို့လားရာ လွန်စွာဆင်းရဲသော အပါယ်ဘုံသို့ ရောက်ရတတ်လေသည်။ လူဖြစ်ပြန်လျှင်လည်း -
- မျက်စိ၊ နား၊ နှာ၊ လက်၊ ခြေ အင်္ဂါများ ချွတ်ယွင်းတတ်ခြင်း
- အနာရောဂါများခြင်း
- အရုပ်အဆင်း မွဲပြာ ခြောက်ကပ်ခြင်း
- ခွန်အားဗလ နည်းပါးခြင်း
- ဘေးရန်ပေါ်ပေါက်လျှင် အလွန်ကြောက်ရွံ့တတ်ခြင်း
- ကိုယ်အင်္ဂါ လေးလံ၍ မလျင်မြန်ခြင်း
- အခြွေအရံ ကင်းတတ်ခြင်း
- သူတစ်ပါး အသတ်ခံရ၍ သေရတတ်ခြင်း
- အသက်တိုခြင်း စသည်ဖြင့် အပြစ်တွေ များလှချေ၏။
သူ့ဥစ္စာ ခိုးယူခြင်း၏ အပြစ်
သူတစ်ပါးပစ္စည်း ခိုးယူသူသည် ယခုဘဝ၌ပင် မကောင်းသတင်း ကျော်စောခြင်း၊ တစ်စုံတစ်ခု ပစ္စည်း ဥစ္စာပျောက်က အထင်ခံရတတ်ခြင်း၊ အစိုးရမင်းများက အပြစ်ကြီးငယ် လိုက်၍ ထောင်တန်းကျပြီး နောင်တမလွန် ဘဝ၌ အပယ်ကျတတ် လေသည်။ လူဖြစ်ပြန်လျင်လည်း -
- ဥစ္စာနည်းပါး၍ မွဲတတ်ခြင်း
- ဆင်းဆင်းရဲရဲ ဖြစ်တတ်ခြင်း
- ငတ်မွတ် တတ်ခြင်း
- အလိုရှိရာ မရတတ်ခြင်း
- ရောင်းဝယ်မှု စသည်တို့ကြောင့် စည်းစိမ် ပျက်တတ်ခြင်း
- ရန်သူမျိုး ငါးပါးကြောင့် ဥစ္စာပျက် တတ်ခြင်း စသော မကောင်းကျိုးများ ဖြစ်တတ်လေသည်။
သူ့သားမယား လွန်ကျူးခြင်း၏ အပြစ်
သူ့သားမယား လွန်ကျူး ပြစ်မှားသူသည် ယခုဘဝ၌ပင် မကောင်းသော သတင်း ဖြစ်ပွားခြင်း၊ ရန်သူများခြင်း၊ အစိုးရ မင်းများထံရောက်က ဒဏ်ရိုက်ခံရ၊ ထောင်တန်းကျခြင်း ခံရတတ်၍ နောင်ဘဝ၌ အပယ်သို့ ကျရောက်တတ်သည်။ လူဖြစ်ပြန်လျင်လည်း -
- လူအများ မုန်းခြင်း
- ရန်သူများခြင်း
- လာဘ် လာဘ ပစ္စည်း ရှားပါးခြင်း
- ဂုဏ်သိန် ကျက်သရေ ညံ့ဖျင်းခြင်း
- မိန်းမ ဖြစ်ရတတ်ခြင်း
- မိန်းမ မဟုတ် ယောက်ျား မဟုတ် ပဏ္ဌုတ် ဖြစ်ရခြင်း
- အမျိုးယုတ်မာ အခါခါ ဖြစ်ရခြင်း
- မျက်နှာပျက်၍ အရှက်ကွဲရခြင်း
- ချစ်သူနှင့် ကွဲကွာရခြင်း စသည်ဖြင့် အပြစ်များလှသည်။
မုသားစကား ပြောခြင်း၏ အပြစ်
သူတစ်ပါးအကျိုး ပျက်ပြားအောင် မုသားစကား ပြောသူသည် ယခုဘဝ၌ပင် အများက စကားမယုံခြင်း၊ သက်သေ မဝင်ခြင်း၊ မကောင်းသတင်း ဖြစ်ပွားခြင်းစသော အကျိုးမဲ့များ ဖြစ်၍ နောင်ဘဝ၌ အပယ်ကျတတ်လေသည်။ လူဖြစ်ပြန်လျင်လည်း -
- စကားပီပီသသ မပြောတတ်ခြင်း
- သွားမညီညွတ်ခြင်း
- ခံတွင်း ပါးစပ်များ ပုပ်ညှီတတ်ခြင်း
- ကိုယ် အသားအရေ ခြောက်ကပ်ခြင်း
- သူတစ်ပါးကို ပြောဆိုသမျှ ဩဇာအာဏာ မသက်ရောက်ခြင်း
- လျှပ်ပေါ် လော်လီ စိတ်မတည်ကြည်ခြင်း စသည်ဖြင့် အပြစ်များ လှပေသည်။
Ref : Wikipedia
No comments