မြင်ကွန်းမင်းသား၏ ဘုရင်ဖြစ်လိုသော အတ္တကြောင့် အမှားများစွာ ကျူးလွန်မိကာ နောက်ဆုံး၌ ပြည်ပြေးမင်းသားဘဝဖြင့်အဆုံးသတ်ခဲ့ရပုံ
မြင်ကွန်းမင်းသားသည်မင်းတုန်းမင်းအမရပူရမြို့၊အိမ်နိမ့်စံအဖြစ်စံတော်မူစဉ်ရွှေရေးဆောင်မိဖုရားမှဖွားမြင်တော်မူသောသားတော်ဖြစ်သည်။ငယ်နာမည်မှာ(မောင်မျိုးအေး)ဖြစ်ပြီးပထမဆုံးရသောဘွဲ့တော်မှာ(သီလ၀)ဖြစ်သည်။မြင်ကွန်းမင်းသားသည်ပုဂံမင်းလက်ထက်ကပင်သတိုးမင်းလှကျော်စွာဘွဲ့နှင့်မဘဲမြို့ကိုစားရ၏။ခမည်းတော်မင်းတုန်းမင်းနန်းတက်သောအခါသုမဟာသီရိဓမ္မရာဇာဘွဲ့နှင့်မြင်ကွန်းမြို့ကိုစားရသောကြောင့်မြင်ကွန်းမင်းသားဟုခေါ်ဆိုကြလေသည်။မင်းတုန်းမင်း၏သားတော်များတွင်အသက်အားဖြင့်အကြီးဆုံးဖြစ်သည်။သတ္တိဗျတ္တိအကောင်းဆုံးနှင့်စိတ်ဓာတ်အားဖြင့်အထက်ဆုံးဖြစ်ပြီးညီတော်၊နှမတော်များကိုလည်းချစ်ခင်သောကြောင့်ညီတော်၊နှမတော်အားလုံးကအထူးပင်ချစ်ကြောက်ရိုသေရလေသည်။ကနောင်မင်းသား၏သမီးတော်တောင်ညိုမင်းသမီးနှင့်လက်ထပ်ခဲ့သဖြင့်သမက်တော်စပ်သော်လည်းကနောင်မင်းသားအားမသိမသာတစ်မျိုး၊သိသိသာသာတစ်မျိုးဆန့်ကျင်ခဲ့သူဖြစ်သည်။ကနောင်မင်းသားကမြို့စား၊ရွာစားမင်းသားများအားမိမိတို့အပိုင်စားရသည့်နယ်မြေသို့သွားရောက်နေထိုင်ခွင့်မပြုခြင်းအပေါ်တွင်လည်းကောင်း၊မိမိတို့၏ထီးနန်းဆက်ခံခွင့်ကိုအပိုင်သိမ်းကာအိမ်ရှေ့စံဖြစ်နေသည်ကိုလည်းကောင်းမကျေနပ်ရင်းစွဲရှိနေခဲ့သူဖြစ်သည်။မင်းတုန်းမင်း၏အလိုအတိုင်းတူတော်မင်းသားများကိုကနောင်မင်းသားကကြည့်ရှု့စောင့်ရှောက်ထိန်းသိမ်းရ၏။မင်းတုန်းမင်းတရားသည်သားတော်ကြီးများစုံညီစွာခစားမိလျှင်ပြုံးတော်မူလျှက်`ကိုင်းငါ့သားများခမည်းတော်ဘုရားကိုပွဲတော်ဟင်းများကိုယ်ချက်တတ်ရာသား၊ငါးများကိုကိုယ်တိုင်ချက်၍ဆက်ကြစမ်းပါ။မည်သည့်ဟင်းလျာများချက်တတ်သနည်း´ဟုစင်စစ်အားဖြင့်ဆန္ဒမရှိသော်လည်းကျွမ်း၀င်ချစ်ခင်သည်ဟူသောပရိယာယ်ဖြင့်မိန့်တော်မူလျှင်အချို့သောသားတော်များမှာ၀မ်းမြောက်စွာဖြင့်မည်သည့်ဟင်းချက်တတ်ကြောင်းလျှောက်တင်ကြလေသည်။မြင်ကွန်းမင်းသားအလှည့်တွင်`မှန်လှပါ။ဘုရားသားတော်အမဲသားဟင်းချက်တတ်ကြောင်းပါဘုရား´ဟုလျှောက်ထားလိုက်သည်။မင်းတုန်းမင်းသည်အမဲသားဟင်းကိုကိုယ်တိုင်လည်းပွဲတော်မတည်၊တိုင်းသူပြည်သား၊ရဟန်းရှင်လူအားလုံးမစားသောက်ရန်တင်းကျပ်စွာတားမြစ်ထားရာရုတ်တရက်မြင်ကွန်းမင်းသားလျှောက်တင်ချက်ကိုကြားသောအခါ`ဟင်´ဟုသာတစ်လုံးတည်းနှုတ်မှထွက်ကာမျက်နှာတော်ညို၍အတွင်းတော်သို့၀င်တော်မူလေသည်။ထိုအကြောင်းကိုကြားသိရသောငယ်ကျွန်များက`အရှင်ကဒါတော့လွန်လွန်းထင်ပါ့ဘုရား´ပြောရာမြင်ကွန်းမင်းသားက`မဟုတ်တရုတ်နေရာရှာလို့၊ငါတို့ကိုဟင်းချက်ခိုင်းနေရသေးတယ်၊လခပေးထားတဲ့စားတော်ကဲတွေအရှိသားနဲ့၊ဒါနဲ့ငါကလည်းသူတားမြစ်ထားတဲ့နွားအမဲသားချက်တတ်ကြောင်းအရွဲ့တိုက်ပြီးသံတော်ဦးတင်လိုက်တာပဲဟေ့´ဟုမိန့်တော်မူသည်။မြင်ကွန်းမင်းသားသည်တမင်အရွဲ့တိုက်လျှောက်တင်ခြင်းဖြစ်သည်။မင်းတုန်းမင်းသည်သားတော်များကိုဟင်းချက်ခိုင်းသည်သာမဟုတ်၊မိဖုရားများကိုလည်းရံဖန်ရံခါအားလုံးကိုခေါ်ပြီးလျှင်ဟင်းချက်ခိုင်းတော်မူခြင်း၊မုန့်လုပ်ခိုင်းတော်မူခြင်းရှိသည်။တနေ့သ၌မိဖုရားများအားလုပ်တတ်သောမုန့်များကိုကိုယ်တိုင်လုပ်၍ဆက်သစေ၏။ဆက်သလာသောမုန့်အမျိုးမျိုးထဲတွင်လက်နှင့်စမ်းလိုက်လျှင်ပျော့ပျော့ပျောင်းပျောင်းနူးနူးညံ့ညံ့ရှိသော်လည်းစားမည်ဟုဖဲ့လိုက်သောအခါမည်သို့မျှဖဲ့မရ၊ဖြတ်မရသောမုန့်ကိုတွေ့၍ဒီမုန့်ဘယ်မိဖုရားလုပ်တာလည်းဟုစစ်မေး၏။သို့သော်ယင်းမုန့်ကိုလုပ်သူလက်သည်မပေါ်ပဲမည်သူမျှစား၍မရဘဲလွှင့်ပစ်လိုက်ရ၏။လွှင့်ပစ်သောအခါခွေးများပင်ကိုက်စား၍မရပဲကျီးများ၊စွန်များချီသွားခြင်းဖြင့်သာအဆုံးသတ်ခဲ့ရသည်။ထိုမုန့်ကားဘုရင်တွင်စားစရာပေါများပါလျက်အကြောင်းရှာပြီးမိဖုရားများကိုမုန့်လုပ်ခိုင်းရမည်လောဟုဒေါပွနေသည့်မြင်ကွန်းမင်းသားကသူ၏မယ်တော်ဆောင်မှအပို့လွှတ်သောသူကိုနှုတ်ပိတ်ပြီးဖလှယ်ပေးလိုက်သောမုန့်ပင်ဖြစ်သည်။တမင်တကာရှာကြံပြီးဆင်သေ၏သိုကြီးကိုဓားဖြင့်လှီးဖြတ်ကာမုန့်နှင့်တူအောင်ကြော်၍ပေးလိုက်သောဆင်၏သိုသားကြီးပင်ဖြစ်သည်။တစ်နေ့၌မြင်ကွန်းမင်းသားညီနောင်တို့သည်ငယ်ကျွန်များနှင့်တကွဥယျာဉ်တော်ထဲတွင်ကစားနေကြသည်။ကစားလွန်ပြီးမိုးချုပ်သွားသောအခါအိမ်တော်၌လည်းအစောင့်မကျန်ရစ်ခဲ့သဖြင့်ထမင်းဟင်းချက်ပြုတ်ထားမည့်သူမရှိဘဲဖြစ်နေလေသည်။ထိုအခါမြင်ကွန်းမင်းသားညီနောင်နှစ်ပါးသည်ကျုံးတော်အနီး၌မြက်စားနေကြသောဘုရင်၏မင်္ဂလာနွားဖြူငယ်တစ်ရှဉ်းလုံးကိုဖမ်း၍သတ်ကာချက်ပြုတ်၊ကြော်လှော်ပြီးစားသောက်လိုက်ကြသည်။မင်းတုန်းမင်းတရားသည်သာသနာပြုမင်းပီပီသားငှက်များကိုဘေးမဲ့ပေးသည်။နေပြည်တော်တွင်ကျွဲသား၊နွားသားမစားရ၊မသတ်ရဟုအမိန့်ထုတ်သည်။မြင်ကွန်းမင်းသားညီနောင်ကခမည်းတော်ပိုင်မင်္ဂလာနွားဖြူငယ်တစ်ရှဉ်းကိုသတ်စားသည်။ထိုသို့မင်းမိန့်ကိုဖီဆန်သောသားတော်နှစ်ဦးအားဆုံးမရန်မင်းတုန်းမင်းကအိမ်ရှေ့စံကနောင်မင်းသားကိုတာ၀န်ပေးသည်။ကနောင်မင်းသားကမင်းသားညီနောင်ကိုကြေးတိုက်သွင်းကာချုပ်နှောင်ထားလိုက်သည်။မင်းမိန့်ကိုဖောက်ဖျက်ကျူးလွန်ခြင်းသည်သေဒဏ်ထိုက်သည့်အပြစ်ဖြစ်သည်။ကနောင်မင်းသားသည်တူတော်တို့အားသေဒဏ်မပေးဘဲချုပ်ရုံချုပ်ထားသည်ကိုပင်မင်းသားညီနောင်တို့ကမကျေနပ်ကြပေ။ခမည်းတော်မင်းတုန်းမင်းအပေါ်တွင်လည်းသားတော်များကိုထီးနန်းဆက်ခံခွင့်ပေးရန်မစဉ်းစားဘဲညီတော်ကိုအိမ်ရှေ့စံအရာပေးထားခြင်းအတွက်ကျေနပ်ဟန်မတူပေ။ထို့ကြောင့်ပင်မြင်ကွန်းမင်းသားသည်တစ်နေ့တွင်နန်းတော်ကိုပုန်ကန်ပြမည်ဟုကြိမ်းဝါးလေ့ရှိသည်။မြင်ကွန်းမင်းသားညီနောင်ပုန်ကန်ရန်ဆုံးဖြတ်ချက်ချသည်ကိုအိမ်ရှေ့စံကနောင်မင်းသား၏သမီးတော်၊မြင်ကွန်းမင်းသား၏မိဖုရားကသိရှိလေသောကြောင့်လျှို့ဝှက်စွာခမည်းတော်အားသံတော်ဦးတင်သည်။ထိုအကြောင်းကိုမြင်ကွန်းမင်းသားသိသောအခါ`သယ်..သင့်အဖေရှင်ဘုရင်ဖြစ်တော့သင့်ကိုမိဖုရားမြှောက်မတဲ့လား၊ငါရှင်ဘုရင်ဖြစ်မှသင်းမိဖုရားဖြစ်မှာတော့သူမကြည့်ဘူး၊ဒါလောက်အဖေကိုလင်ထက်ပိုချစ်လှတဲ့သတ္တဝါမ၊သွားမြဲလမ်းကိုသာသွားတော့´ဟုပြောဆိုကြိမ်းဝါးပြီးအင်္ဂတေထောင်းသောမောင်းဆုံထဲသို့အရှင်လတ်လတ်တုတ်နှောင်ကာထည့်ထောင်း၍ရက်ရက်စက်စက်သတ်ပစ်လိုက်လေသည်။(သမီးတော်ကိုမြင်ကွန်းမင်းသားသတ်ပစ်ကြောင်းကနောင်မင်းသားသိသော်လည်းအရေးမယူပဲ`သားသမီးပဲနောင်များစွာရနိုင်သေးသည်´ဟုဆိုကာအေးအေးနေခဲ့လေသည်။ညီတော်မြင်းခုန်တိုင်မင်းသားငယ်နာမည်(ဖိုးထင်)ကလည်းသက်တော်၁၆နှစ်၊၁၇နှစ်တိုင်အောင်တောင်ဥယျာဉ်တော်အတွင်းရှိရေကန်တွင်ငှက်ပျောတုံးကိုဖောင်ဖွဲ့၍တက်စီးပြီးရှေ့ကကြိုးတပ်လျက်လူနှစ်ယောက်ကဆွဲရလေသည်။နေ့စဉ်ပြုလုပ်ပေးရသောကြောင့်မှူးမတ်ကြီးများမှစ၍အရာရှိများကကွယ်ရာတွင်မြင်းခုန်တိုင်ဟုမခေါ်ဘဲ’လူတေလေးဟု’ခေါ်ဆိုကြလေသည်။နောက်ပိုင်းကနောင်မင်းသားကိုလုပ်ကြံ၍နန်းတော်သိမ်းပိုက်ရန်အစီအစဉ်မအောင်မြင်ဘဲမြင်ကွန်းမင်းသားညီနောင်တို့သည်နောက်လိုက်အခြွေအရံအနည်းငယ်နှင့်ရန်ကုန်သို့ထွက်ခွာဆုတ်ပြေးလာရာအင်္ဂလိပ်တို့ကနိုင်ငံရေးခိုလှုံခွင့်ပေးခဲ့သည်။ထို့နောက်ရန်ကုန်တွင်အင်္ဂလိပ်တို့ကအစောင့်အရှောက်နှင့်ထားစဉ်၊မြင်ကွန်းမင်းသားသည်ကရင်နီနယ်(ယခုကယားပြည်နယ်)သို့ထွက်သွား၍မြန်မာနယ်ကိုဝင်ရောက်တိုက်ခိုက်ပြန်သည်။နောက်တပ်တော်များလာရောက်တိုက်ခိုက်ပြန်သည်နှင့်ရန်ကုန်သို့ပြန်လာရသည်။ထိုသို့ကရင်နီနယ်တွင်ရောက်နေသည့်အခိုက်မင်းတုန်းမင်းတရားကြီးကနေပြည်တော်မှဆရာတော်၅ပါးကိုစေလွှတ်၍ခေါ်တော်မူသည်ဟုလည်းဆိုလေသည်။အင်္ဂလိပ်တို့သည်မြင်ကွန်းမင်းသားနှင့်မြင်းခုံတိုင်မင်းသားညီနောင်တို့ကိုကပ္ပလီကျွန်းပို့ဗ
လဲယာမြို့သို့လည်းကောင်း၊ထိုမှတစ်ဆင့်ကာလကတ္တားမြို့သို့လည်းကောင်း၊ထိုမှတစ်ဖန်ချူနာမြို့သို့လည်းကောင်း၊ပို့ဆောင်ထားလေသည်။ချူနာမြို့မှတစ်ဖန်ဗာရာဏသီမြို့သို့ပို့ထားခဲ့ပြန်လေသည်။ဗာရာဏသီရှိအကျယ်ချုပ်ခံထားရသောစံအိမ်မှမြင်ကွန်းမင်းသားသည်သူ၏အဝတ်ဟောင်းများကိုလာယူလျှော်ဖွတ်ပေးသောဒိုဘီကြီးကိုဖမ်းဆီး၍ဒိုဘီကြီး၏အဝတ်များကိုဝတ်ဆင်ပြီးအဝတ်ဟောင်းထုပ်ကိုခေါင်းတွင်ရွက်ကာထွက်ပြေးလွတ်မြောက်သွားလေသည်။ထို့နောက်ကုန်သည်တစ်ယောက်၏အခိုင်းအစေကူလီအဖြစ်ပြင်သစ်အပိုင်ချန္ဒရာနဂိုမြို့သို့အရောက်သွားပြီးပြင်သစ်အစိုးရထံခိုလှုံသည်။နောက်ပိုင်းသီပေါမင်းနန်းတက်ပြီးနောက်ပြင်သစ်တို့နှင့်မဟာမိတ်ပြုမည့်အခြေအနေတွင်မြင်ကွန်းမင်းသားသည်ပြင်သစ်ပိုင်ပွန်ဒီချယ်ရီ(အိန္ဒိယ)သို့ရောက်သွားသည်။မြင်ကွန်းမင်းသားကြီးသည်ပွန်ဒီချယ်ရီမှတစ်ဆင့်ပြင်သစ်နိုင်ငံသို့သွားရောက်နေထိုင်ခဲ့သေးသည်။ပြင်သစ်တို့ကလိုလေသေးမရှိအောင်ရိက္ခာ၊ငွေကြေးအလုံအလောက်ထောက်ပံ့ထားသည်။ထို့နောက်ပွန်ဒီချယ်ရီမှတဆင့်ဗီယက်နမ်(ဆိုင်ဂုံ)သို့ကူးပြောင်းခိုလှုံသည်။ဗီယက်နမ်သူနှင့်အိမ်ထောင်ကျကာသားသမီးများပင်ရရှိခဲ့သည်။ထိုအတောအတွင်းဗာရာဏသီမြို့၌ကျန်ခဲ့သောမြင်းခုန်တိုင်မင်းသားကွယ်လွန်သွားသဖြင့်မြင်းခုန်တိုင်၏မိဖုရားကိုမြင်ကွန်းကထပ်မံလက်ဆက်ခဲ့သည်။မြင်းခုန်တိုင်မိဖုရားမှထိပ်တင်ကြီး၊ထိပ်တင်လတ်ဟူသောသားတော်(၂ပါး)ပါသည်။ဆိုင်ဂုံမြို့ရောက်မှမြင်ကွန်းမင်းသားနှင့်သားတော်ထိပ်တင်လေးနှင့်သမီးတော်တစ်ပါးဖွားမြင်တော်မူသည်။နောင်သော်ထိပ်တင်ကြီးနှင့်သမီးတော်ကိုထိမ်းမြားစေသည်။မြင်ကွန်းမင်းသားကြီးသည်ဆိုင်ဂုံမြို့တွင်ဘုရင်တစ်ဆူကဲ့သို့ပိုင်ပိုင်စိုးစိုးစံနေတော်မူရသည်ဟူ၏။ဗီယက်နမ်နိုင်ငံဆိုင်ဂုံမြို့၌စံနေတော်မူစဉ်၊ခေါင်းကသာဆံပင်နှင့်ခေါင်းပေါင်းပေါင်း၍ကျန်တစ်ကိုယ်လုံးပြင်သစ်အဝတ်အစားဝတ်ဆင်တော်မူသည်။မြင်ကွန်းမင်းသားသည်အင်္ဂလိပ်၊ဟင်ဒီ၊ပြင်သစ်ဘာသာစကားများကိုစာနှင့်တကွတတ်မြောက်သည်ဆို၏။သားတော်များကိုလည်းပြင်သစ်နေပြည်တော်ပဲရစ်မြို့နှင့်အမေရိကန်နယူးယော့မြို့များသို့စေလွှတ်ပညာသင်စေသည်ဟုဆိုသည်။ဤသို့ဆိုင်ဂုံမြို့တွင်စံနေစဉ်မြန်မာသက္ကရာဇ်(၁၂၇၈)ခုလောက်တွင်အင်္ဂလိပ်နှင့်ဂျာမနီတို့စစ်ဖြစ်သောအခါအင်္ဂလိပ်တို့အားလျော့နေသည်ကိုသိကာလူစု၍မြန်မာပြည်ကိုပြန်လည်သိမ်းပိုက်ရန်အားထုတ်ခဲ့သေးသည်။ဆိုင်ဂုံဘုရင်ခံ၏သဘောတူချက်ဖြင့်မြင်ကွန်းမင်းသားနှင့်သားတော်၃ပါးတို့သည်လက်နက်နောက်ပါလူသူတို့နှင့်မြန်မာပြည်သို့ချီတက်ခဲ့သည်။ရှမ်းပြည်နယ်အတွင်းသို့ရောက်သောအခါအောင်တော်မူစေတီတည်တော်မူသည်။သို့သော်မြန်မာနယ်စပ်သို့ရောက်ခါမှဆိုင်ဂုံဘုရင်ခံကပြန်ခေါ်သဖြင့်မြင်ကွန်းမင်းသားသည်ပြင်သစ်တို့ကျေးဇူးမျက်နှာကိုထောက်ကာပြန်လှည့်ခဲ့ရသည်ဟုဆိုလေသည်။မြင်ကွန်းမင်းသားသည်၁၉၂၁-ခုနှစ်၊စက်တင်ဘာလ(၂၀)ရက်တွင်မြင်ကွန်းမင်းသားကြီး(၁၈၄၂-၁၉၂၁)သက်တော်(၇၉)နှစ်အရွယ်တွင်သားတော်များဖြစ်သောထိပ်တင်လတ်မင်းသား၊ထိပ်တင်ကြီးမင်းသားတို့နှင့်မရှေးမနှောင်းပင်ဆိုင်ဂုံမြို့တွင်ကွယ်လွန်ခဲ့လေသည်။(အချို့သောအဆိုအရသားတော်များနှင့်မရှေးမနှောင်းအဆိပ်မိ၍သေဆုံးသွားကြသည်ဟူ၍လည်းဆိုကြပါသည်။)မြင်ကွန်းမင်းသားသည်မိမိ၏ဘုရင်ဖြစ်လိုသောအတ္တကြောင့်အမှားများစွာကျူးလွန်မိကာနောက်ဆုံး၌ပြည်ပြေးမင်းသားဘဝဖြင့်အဆုံးသတ်ခဲ့ရလေတော့သည်။
No comments