လူမိုက်နဲ့ပညာရှိ / သတ္တိရှိတာနဲ့မိုက်မဲတာ မတူနိုင်
လောကမှာ လူမိုက်နဲ့ပညာရှိဆိုတာ မတူသလို သတ္တိရှိတာနဲ့မိုက်တာဟာလည်း မတူပါဘူး ။
သတ္တိရှိတယ်ဆိုတာ အမှန်ကိုအမှန်လို့ထင်မြင်ယူဆပြီး အကြောက်တရားကင်းကင်းနဲ့ ပြုမူနေထိုင်ရဲတာကိုခေါ်တယ် ။ သတ္တိရှိတဲ့သူတွေဟာ သူတစ်ပါးကို မစော်ကားဘူး ။ မနှောက်ယှတ်ဘူး ။ မပုတ်ခတ်ဘူး ။ မကြမ်းတမ်းဘူး ။ မရိုင်းစိုင်းဘူး ။ ဒုက္ခမပေးဘူး ။ ဘေးအန္တရာယ်မဖြစ်စေဘူး ။ ယဉ်ကျေးတယ် ။ သိမ်မွေ့တယ် ။ နူးည့ံတယ် ။ ပညာသားပါတယ် ။ ရိုးသားတယ် ။ အေးချမ်းမှုကိုလိုလားတယ် ။ ပညာရှင်ဆန်တယ် ။ သတ္တိရှိခြင်းဆိုတာ ပညာရှိတွေရဲ့စိတ်ဓာတ်ပါပဲ ။
မိုက်တယ်ဆိုတာ ကတော့ အမှန်ကို အမှန်လို့မမြင်နိုင်ဘူး အမှားကြီးကို မှားမှန်းသိလျက်နဲ့ ကြောက်တဲ့စိတ်နဲ့ မထူးဇာတ်ခင်းတယ် ။ ကိုယ့်ကို်ယ်ကိုယ်အမှန်လို့ထင်ပြီး ရှေ့ဆက်တိုးတတ်တယ် ။ မိုက်ရူးရဲဆန်တဲ့အပြုအမူဟာ သူတစ်ပါးကို ရိုင်းပြစော်ကားတယ် ။ လိုက်ပြီးနှောက်ယှတ်တယ် ။ ဆဲဆိုပုတ်ခတ် ကြမ်းတမ်းတယ် ။ ရိုင်းစိုင်းစွာဆဲဆိုတယ် ။ ဒုက္ခပေးတယ် ။ ဘေးအန္တရယ်ဖြစ်စေတယ် ။ မယဉ်ကျေးဘူး ။ မသိမ်မွေ့ဘူး ။ မနူးည့ံဘူး ။ မရိုးသားဘူး ။ ပညာသားမပါဘူး ။ ဆူပူမှုကိုလိုလားတယ် ။ လူမိုက်ဆန်တယ် ။မိုက်တယ်ဆိုတာ လူမိုက်တွေရဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ် ။
ဒါနဲပတ်သက်ပြီး မြတ်ဗုဒ္ဓက လူမိုက်တွေအတွက် ဓမ္မပဒမှာ ဒီလိုဟောထားတယ် ။
မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ ။
လူမိုက်သည် သူပြုအပ်သောမကောင်းမှုက အကျိုးမပေးသေးသမျှကာလပတ်လုံး ပျားရည်ကဲ့သို့ ချိုသည်ဟုမှတ်ထင် တတ်၏။ သူပြုသောမကောင်းမှုသည် ရင့်ကျက်လာ၍ အကျိုးပေးရာအခါ၌ကား မရှူနိုင်မကယ်နိုင်ဆင်းရဲကြီးစွာ ခံစားရလေတော့၏။
ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတော ဝါပိ တေန သော၊
ဗာလော စ ပဏ္ဍိတမာနီ၊
သ ဝေ ''ဗာလော'' တိ ဝုစ္စတိ ။
လူမိုက်သည် မိမိမိုက်သည့်အဖြစ်ကို သိသောကြောင့် ပညာရှိသော်လည်း ဖြစ်နိုင်သေး၏။ လူမိုက်သည် မိမိကိုယ်ကို ငါပညာရှိဟု ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်လူမိုက်ကြီးဟူ၍ ဆိုအပ်ပါပေ၏။
မြတ်ဗုဒ္ဓက ပညာရှိတွေအတွက်ကတော့ ဒီလိုဟောပါတယ် ။
န တေန ပဏ္ဍိတော ဟောတိ၊
ယာဝတာ ဗဟု ဘာသတိ။
ခေမီ အဝေရီ အဘယော၊
ပဏ္ဍိတောတိ ပဝုစ္စတိ။
အများကြီးသိရုံနဲ့ စကားအများကြီးပြောကာမျှဖြင့် ပညာရှိမဖြစ်ပါဘူး ၊ ပညာရှိမဟုတ်ဘူး ။ ကိုယ်ကိုယ်တိုင်လည်း ဘေးကင်းအောင်နေတတ်တယ် ။ ခိုက်ရန်မလာအောင်နေတတ်တယ် ။ သူတစ်ပါးကိုလည်းဘေးဒုက္ခမဖြစ်ရအောင် ခိုက်ရန်ဒေါသမရှိရလေအောင် နေထိုင်တတ်တယ် ။ ကြောက်ရွံ့တုန်လှုပ်ခြင်းလည်း မရှိတဲ့ ပုဂ္ဂိုလ်ကို ပညာရှိဟူ၍ ဆိုအပ်၏ ။
ဒိဋ္ဌေ ဓမ္မေ စ ယော အတ္ထော၊
ယော စတ္ထော သမ္ပရာယိကော၊
အတ္ထာဘိသမယော ဓီရော၊
ပဏ္ဍိတောတိ ပဝုစ္စတိ။
မျက်မှောက်ဘဝမှာ ရရှိရမယ့် ကောင်းကျိုးတွေ ။ နောင်တမလွန်ဘဝမှာ ရရှိမယ့် ကောင်းကျိုးတွေ ။ အဲဒီ ပစ္စုပ္ပန် သံသရာကောင်းကျိုး နှစ်မျိုးလုံးကို ရအောင်လုပ်နိုင်တဲ့ ရအောင်ယူနိုင်တဲ့ ပုဂ္ဂိုလ်ကိုမှ တကယ့်ပညာရှိလို့ ခေါ်ပါတယ်။
ဒါကြောင့် မိမိတို့သည်လည်း မြတ်ဗုဒ္ဓ၏လမ်းညွန်ဆုံးမသြဝါဒအတိုင်း ဒီမိုကရေစီကို လိုလားနှစ်သက်ကြတဲ့
ဗုဒ္ဓဘာသာဝင်များပီပီ သတ္တိရှိပြီး အကြောက်ကင်းတဲ့ပညာရှိပီသစွာ ပြောဆိုပြုမူနေထိုင်ကြဖို့ အထူးရေးသား တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ။
အထူးမှာကြားရေးသားလိုတာကတော့ အမှန်တရားအတွက် သတ္တိရှိပါ ။ သူတစ်ပါးကို ရိုင်းစိုင်းစော်ကားပုတ်ခတ်တဲ့အပြုအမူ အပြောအဆို အရေးအသား အတွေးအကြံတွေကို တတ်နိုင်သမျှရှောင်ရှားပါ မပြုလုပ်ကြပါနဲ့ ။
မိုက်တယ်ဆိုတာ မိုက်ရူးရဲဆန်ပါတယ် ။ သတ္တိရှိတယ်ဆိုတာက ပညာရှိဆန်တယ် ။ အမှန်တရားဆိုတာ ကမ္ဘာမြေကြီး ပေါ်ကနေ ဘယ်တော့မှ ဆိတ်သုဉ်းပျောက်ကွယ်သွားမှာ မဟုတ်သလို ဘယ်သူကမှ ဖျောက်ဖျက်လို့မရပါဘူး အမြဲတမ်းတည်ရှိနေမယ့်အရာပါ ။
" ကြောက်နေဖို့မလိုဘူး " " အမှန်တရားဖြစ်နေဖို့ပဲလိုတယ် "
" ပညာရှိဆန်ပါ " " မိုက်ရူးရဲမဆန်ပါနဲ့ "
မေတ္တာဖြင့်
မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)
No comments