ကိုယ်ပြုတဲ့ကံ ဘယ်သူခံရမလဲ
တစ်ခါက ရွာတစ်ရွာမှာ အလွန်သဘောကောင်းတဲ့ တောင်သူကြီး တစ်ယောက်ရှိပါတယ်။ သူဟာ လူတစ်ဖက်သားကိုလည်း အလွန်သနားတတ်ပါသတဲ့။
တစ်နေ့တော့ နေစရာထိုင်စရာမရှိလို့ ..ယောင်ချာချာဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ခေါ်လာပြီး သူ့ယာတဲလေးမှာ နေထိုင်ခွင့်ပေးထားပါသတဲ့။ ဆန်နဲ့ဆီ၊ဟင်းချက်စရာ တို့တို့တိတိတွေကိုလည်း တစ်လစာ လောက် ပေးလိုက်ပါသေးတယ်။ နေစရာတဲလေးကလည်း အဆင်သင့်ပါပဲ။ တစ်ဧကကျော်လောက်ရှိတဲ့ ယာကွက်ထဲမှာ သီးနှံလေးတွေကိုလည်း စိုက်ခွင့်ပေးပါတယ်။ ဒါပေမဲ့.. သူ့ရဲ့ အိုစာမင်းစာအတွက် ဆိုပြီး စိန်တလုံးသရက်ပင်၊ သံပုရာပင်နဲ့ ပိန္နဲပင်လို နှစ်ရှည်ပင်အချို့ကို စိုက်ခိုင်းပါသတဲ့။ ဘူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကိုတော့ သူတို့ဘာသာစိုက်ပြီး ရောင်းချစားစေပါတယ်။
ဒီလိုနဲ့.. လင်မယားနှစ်ယောက်ဟာ ပြင်ပက အလုပ်လေးတွေ လုပ်ရင်း ယာကထွက်တဲ့ သီးနှံလေးတွေ ရောင်းရင်း စီးပွားရေးလေး အဆင်ပြေလာပါတယ်။ လင်မယားလေး နှစ်ယောက်ဟာ... သူတို့ရဲ့ကျေးဇူးရှင် တောင်သူကြီးကို ဝါဝင် ဝါထွက်တိုင်း ကန်တော့တဲ့အပြင်.. ဟင်းလေးတွေ ကောင်းရင်လည်း ဦးဦးဖျားဖျား ပို့ပါတယ်။
စိန်တစ်လုံးသရက်တွေလည်း သီးလို့ သံပုရာသီးတွေလည်းဝေလို့ နေချင့်စဖွယ်ယာတဲလေး ဖြစ်လာပါတယ်။ တောင်သူကြီးနဲ့ သူတို့လင်မယားဟာလည်း သားအဖတွေသဖွယ် ချစ်ခင်လာကြပါသတဲ့။ တစ်နေ့တော့ တောင်သူကြီးဟာ သူတို့လင်မယား နှစ်ယောက်ကိုခေါ်ပြီး "မင်းတို့ လင်မယား နှစ်ယောက်လည်း ငါ့ယာတဲလေးမှာ နေတာ .၅.နှစ်ရှိပြီ။ မင်းတို့စီးပွားရေးလေး လည်းအဆင်ပြေပြီမို့..ငါလည်း အသက်ကကြီး..
ငွေလည်းလိုနေလို့ ငါ့ယာတောလေးကို ရောင်းတော့မယ်။ မင်းတို့နေစရာရှာပါတော့.. တစ်လ အချိန်ပေးမယ်" လို့ပြောပါသတဲ့။
လင်မယားနှစ်ယောက်ယာတဲကို ပြန်ရောက်တော့ မိန်းမဖြစ်သူက ပြောပါသတဲ့။
"တောင်သူကြီးမတရားဘူး။ စိန်တလုံးတွေသံပုရာတွေသီးလာမှ ကျွန်မတို့ကိုနှင်ထုတ်တယ်။ တော့် ဒီအတိုင်းပဲ ငြိမ်ခံနေမှာလား"... လို့ပြောပါသတဲ့
ယောင်္ကျားလုပ်သူက
"ဒီအတိုင်းတော့ငြိမ်ခံမနေနိုင်ဘူးဟေ့။ ဒို့စိုက်ထားတဲ့အပင်တွေ ဒို့ပြန်ဖျက်ဆီးရမယ်"...ဆိုပြီး သရက်ပင်တွေ၊ သံပုရာပင်တွေကို အရင်းကနေခုတ်လှဲပစ်ပါသတဲ့။
မိန်းမလုပ်သူကလည်း ဘူး၊ ဖရုံ၊ ငရုတ်၊ သခွားပင်တွေကိုအကုန် ဖျက်ဆီးပြစ်ပါသတဲ့။ နေချင့်စဖွယ် ယာတဲလေးဟာ သုဿန်တစ်ဆပြင်လို ခြောက်သွေ့သွားပါတော့တယ်။ သစ်ပင်တွေအလဲလဲအပြိုပြို၊ သီးပင်စားပင်တွေ ပျက်ဆီးသွားတာကိုကြည့်ရင်း လင်မယားနှစ်ယောက် အလွန်ကျေနပ်နေကြပါသတဲ့။
"ခင်ဗျား..ဘာတတ်နိုင်သေးလဲ"..လို့တောင် ကြိမ်းဝါးလိုက်ကြပါသေးတယ်။
အဲဒီညမှာတော့ အောင်သေအောင်သားအနေနဲ့ မွေးထားတဲ့ကြက်ကလေးကိုတောင် ရိုက်ချက်စား လိုက်ပါသေးတယ်။
မိန်းမလုပ်သူက
"တောင်သူကြီးက..သူ့အပင်တွေပျက်ဆီးကုန်တာတွေ့လို့ ပြောရင်..ဘယ်လိုလုပ်မလဲလို့"..မေးတော့ "မေးရဲရင်မေးကြည့်လေ..သူ့အပင်တွေလို အပိုင်းပိုင်းဖြတ်ပစ်မယ်လို့"..ဒေါသတကြီးအော်ဟစ်လိုက်တယ်။
ဒေါသဦးဆောင်နေတဲ့သူနဲ့ မိတ်ဆွေပြုရတာ အလွန်ကြောက်စရာ ကောင်းပါတယ်။ အဲဒီနေ့ကတောင်သူကြီး ရောက်မလာလို့ တော်ပါသေးတယ်။ ရောက်လာလို့ မေးမိပြောမိရင် မလွယ်လောက်ပါဘူး။ လင်မယား နှစ်ယောက်ဟာ လောဘနဲ့ဒေါသ ဦးဆောင်နေတာကြောင့် မောဟဖုံးပြီး.. ကျေးဇူးတရားကို လုံးလုံး သတိမရကြတော့ပါဘူး၊ ကျေးဇူးရှိမှကျေးစွပ်တယ်ဆိုတာ သိပ်မှန်တာပါပဲ။
လူတော်တော်မျာများဟာ သူတို့အတွက် အကျိုးပြုနေရင် သူတို့အတွက် အသုံးချစရာရှိနေသေးရင် အဲဒီလူအပေါ် ကျေးဇူးတွေ သိတတ်သလောက် သူတို့ကိုအကျိုးမပြုနိုင်တော့ရင်.. အသုံးချလို့မရတော့ဘူး ဆိုရင်တော့.. ကျေးစွပ်ဖို့ဝန်မလေးတဲ့အပြင် အဆင်းမှာတွန်းချဖို့ ဝန်မလေးတဲ့သူတွေလည်း ဖြစ်သွားကြ ပါတော့တယ်။
လင်မယားနှစ်ယောက်ဟာ သီးနှံပင်တွေကိုဖျက်ဆီးရုံနဲ့တင် အားမရသေးပါဘူး။ ဘာတွေဆက်ပြီးဖျက်ဆီးရင် ကောင်းမလဲလို့တိုင်ပင်ကြပါတယ်။
"ကျုပ်တို့ရောက်စက ဒီတဲလေးဟာ ဒီလောက်မကောင်းသေးဘူး၊ ကျုပ်တို့ပြုပြင်ထားလို့.. ဒီလောက် ကောင်းနေတာ ပြန်ဖျက်ပစ်ရမယ်"..လို့ မိန်းမကိုပြောလိုက်ပါတယ်။ ယောင်္ကျားလုပ်သူက. .တဲကလေးကို ဖျက်ဆီးပြစ် လိုက်ပါတော့တယ်၊ ယာတောတစ်ခုလုံး မြင်မကောင်းအောင်ဖြစ်သွားပါပြီ။
နောက်နေ့မှာတော့ တောင်သူကြီးဟာ... ရွာသူကြီးရယ် လူကြီးလေးယောက်ရယ်နဲ့ အတူယာတောကို ရောက်လာခဲ့ပါတယ်။ ယာတောကြီးတစ်ခုလုံး မြင်မကောင်းအောင် ပျက်စီးနေတာတွေ့တော့ အလွန်အံ့သြသွားခဲ့ပါတယ်။ မေးမိတော့..လင်မယားနှစ်ယောက်က..
"ကျုပ်တို့စိုက်တဲ့အပင်နဲ့ ကျုပ်တို့ပြင်ထားတဲ့တဲ.. ကျုပ်တို့ပြန်ဖျက်ဆီးတာ ဘာလုပ်ချင်လဲလို့".. ရိုင်းစိုင်းစွာပြန်ဖြေကြပါတယ်။
တောင်သူကြီးက..
"မိုက်လိုက်ကြတာကွယ်.. ငါကမနေ့ကဆုံးဖြတ်ချက် ပြောင်းခဲ့တယ်။ ငါ..သာသနာ့ဘောင် အပြီးဝင်တော့မှာမို့.. ဒီယာတောကို..မင်းတို့အမည်နဲ့ အပြီးလွဲခဲ့မယ်ဆိုပြီးသူကြီးရယ်..ရပ်မိရပ်ဖတွေရယ်ခေါ်လာခဲ့တာကွဲ့"
"ဗျာ..ကျနော်တို့ကို ပေးခဲ့မယ်ဟုတ်လား??"
လင်မယားနှစ်ယောက် ချုံးပွဲချ ငိုပါတော့တယ်။ တောင်သူကြီးက ခွင့်လွှတ်ပြီး ယာတောကိုပေးချင်ပေမဲ့.. သူကြီးနဲ့ ရွာသားတွေက.. ကျေးဇူးမဲ့တတ်.. ဒုစရိုက်ဆန်လှတဲ့ လင်မယားကိုပေးဖို့ သဘောမတူကြောင်း အကြီးအကျယ် ကန့်ကွက်ကြလို့.. ဘုန်းကြီးကျောင်းကိုပဲ လျှူဖြစ်သွားခဲ့ပါတော့တယ်။
လင်မယားနှစ်ယောက်ကိုတော့.. ရွာသားတွေကခွေးမောင်းသလို.. နှင်ထုတ်ခဲ့ကြပါတယ်။
သေသေချာချာ ဖတ်ဖြစ်ရင်တော့ လူတွေရဲ့သဘောသဘာဝ..
"သူ့၏အကြိုက်ဆယ်ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ.. ကြီးစွာရန်သူစွဲမှတ်ယူပုံ"
သူတစ်ပါးကိုကူညီတာကောင်းမြတ်ပေမဲ့ အခွင့်အရေးသမားတွေနဲ့တွေ့တဲ့အခါ... ....
ကျေးဇူးမဲ့သူတို့၏သွားရာလမ်း.. ကိုယ်ပြုတဲ့ကံ ကိုယ်ပဲခံစားရမှာပါပဲ...
အရှင်ကောဝိဒ{ရွှေအုန်းပင်}
No comments