မှတ်ကျောက်တရားတော် သို့မဟုတ် ကာလာမသုတ်
အခါတစ်ပါး၌ မြတ်စွာဘုရားနှင့် နောက်ပါ သံဃာတို့သည် ဒေသစာရီ ကြွချီတော်မူရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ဗုဒ္ဓဘုရားရှင် ကြွရောက်တော်မူသည်ကို သိကြကုန်သော ကေသမုတ္တ နိဂုံးသား ကာလာမ အမျိုးကောင်းသားတို့သည် ဘုရားရှင်အား လာရောက်ဖူးမြော်ကြကုန်၏။ သင့်တင့်လျှောက်ပတ်ရာ ထိုင်ကြပြီးလျှင် ရှိခိုးဦးချကြ၍ ဘုရားရှင်အား “အရှင်ဘုရား အချို့သော သမဏ ဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။
ထိုသမဏဗြာဟ္မဏတို့သည် မိမိအယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါကုန်၏။ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အရှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သော စကားကို ဆိုပါသ နည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်းဟု အကျွန်ုပ်တို့ အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်စေခဲ့ပါ၏” ဟု မေးလျှောက်ကြကုန်၏။
ထိုအခါ ဘုရားရှင်က ဤကာလာမသုတ်ကို ဟောကြားတော်မူ၏။ ကေသမုတ္တနိဂုံး၌ ဟောကြားတော်မူသောကြောင့် ကေသမုတ္တိသုတ်ဟူ၍လည်း အမည်တွင်၏။ ယင်း ကာလာမသုတ်မှာ “မာ အနုဿဝေန - ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ မာပရမ္ပရာယ - ရှေးရိုးစဉ်ဆက် စကားရယ်လို့လည်း မယုံနဲ့။ မာတက္ကဟေတု - အဲဒီလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ မာနယဟေတု - ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း မယုံနဲ့။ မာဘဗ္ဗရူပတာယ - ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ မာပိဋကသမ္ပ ဒါဒေန - ပိဋကတ်စာပေကျမ်းဂန်ထဲမှာ ပါတယ် ဆိုရုံနဲ့လည်း မယုံနဲ့။ မာသာမဏော နောဂရူတိ - ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့” ဟူ၍ ဖြစ်သည်။
ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်ကို ယခုကဲ့သို့ ဖော်ပြကြသည်။
အယူဝါဒတစ်ခုကို တစ်ဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတစ်ပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့် ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာ သော မိရိုးဖလာအယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်း ကောင်း မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန် စာပေသည် ဤအရာသည် ဤသို့ဖြစ်သည်ဟူသော ကောလာဟလဖြင့်လည်း သို့တည်း မဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ မိမိတို့ သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန် သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒ တစ်ခု၏ မိမိကြံစည်ထားသော အကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သို့တည်း မဟုတ် မိမိနှင့် အယူဝါဒချင်း တူသည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်း ကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန် စာပေသည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကျ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတစ်ပါးတို့ ကိုးကွယ်ယုံကြည်သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲ အားဖြင့်လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်း ကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည်ဟူ၍လည်းကောင်း၊ မှားသည်ဟူ၍လည်း ကောင်း မဆုံးဖြတ်သင့်ပေ။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တို့သည် ကောင်းလည်း မကောင်း၊ အပြစ်လည်း မကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတစ်ပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ ဒုက္ခရောက်ဖို့ဖြစ်၏ဟု ကိုယ်တိုင် နားလည်လာ သောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တို့သည် ကောင်းလည်း ကောင်း၊ အပြစ်တို့မှလည်း ကင်း၊ ပညာရှိတို့ ချီးမွမ်းစရာလည်း ဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူ တစ်ပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသော အကျိုးစီးပွား ဖြစ်ဖို့ သာရှိ၏ဟု ကိုယ်တိုင် နားလည်လက်ခံနိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာ လက်ခံသင့်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓမြတ်စွာ၏ ကာလာမသုတ်သည် အမှားအမှန်ကို ဆုံးဖြတ် ရာ၌ မဖောက်မပြန် အမြဲတမ်း မှန်ကန်သည့် မှတ်ကျောက်တရားတော် ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။
Ref : The Daily Eleven
No comments