မြန်မာ့ဂျာနယ်သမိုင်း၏ ကနဦး “မြန်မာ့ဗျူဟာ”နှင့် ဆရာကြီးရွှေဥဒေါင်း
မြန်မာ့ဂျာနယ်သမိုင်း၏ ကနဦး “မြန်မာ့ဗျူဟာ”နှင့် ဆရာကြီးရွှေဥဒေါင်း
======================================
မောင်ဖေလှိုင်
======
“ကျွန်တော်သည် မြို့ထဲမှပြန်လာ၍ တိုက်ပေါ်သို့ တက်လာသောအခါ ဦးစံရှားမှာ စားပွဲမှာ စာရေးလျက် ရှိသည်ကိုမြင်သည်နှင့် မိုးကာအင်္ကျီကိုချိတ်ထား၍ ပက်လက်ကုလားထိုင်သို့သွားပြီးလျှင် သတင်းစာကို ကောက်ယူဖတ်ရှုနေလေ၏။”
အထက်ပါကဲ့သို့ ဝါကျရှည်ရှည်ကို တည်ဆောက်၍ စုံထောက်ဦးစံရှားဝတ္ထုများဖြင့် ထင်ရှားသော သတင်းစာ ဆရာ၊ စာရေးဆရာအဖြစ် လူသိများသော ဆရာကြီး ရွှေဥဒေါင်း(အမည်ရင်း ဦးဖေသိန်း)သည် မြန်မာ့စာနယ်ဇင်း လောက၌ အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်ပါ၏။
ပထမဆုံးခြေချခဲ့သည်မှာ
“သူရိယ” သတင်းစာတိုက်ပင်ဖြစ်
ဆရာကြီးသည် မြန်မာ့စာနယ်ဇင်းနယ်ပယ်တွင် ပထမဆုံးခြေချခဲ့သည်မှာ “သူရိယ” သတင်းစာတိုက်ပင် ဖြစ်ပါ၏။ “သူရိယ” ခေါ် နေမင်း၏အထိမ်းအမှတ်
ဖြစ်သော “ဒေါင်း” ကိုအစွဲပြုကာ ဆရာက “ရွှေဥဒေါင်း” ဟူသော ကလောင်အမည်ကို ခံယူသုံးစွဲခဲ့ခြင်းဖြစ်ပေသည်။
ဆရာကြီးရွှေဥဒေါင်းသည် ဘာသာပြန် သို့မဟုတ် မှီငြမ်းရေးသားသူ စာရေးဆရာ၊ သတင်းစာခေါင်းကြီး၊ ဆောင်းပါးရေးသားရာ၌ စူးရှထက်မြက်သော သတင်းစာ ဆရာအဖြစ်သာမက ဘာသာရေး၊ ကျန်းမာရေး၊ အတွေး အမြင်စသည်များတွင်လည်း နှံ့စပ်ကျွမ်းဝင်သူဖြစ်၍ တစ်ခေတ်၌တစ်ယောက် ထွန်းတောက်သောပုဂ္ဂိုလ် အဖြစ် စံပြုကြရပါသည်။
ဆရာသည် ဘာသာပြန်ဆို မှီငြမ်းပြုခြင်း၌သာမက သတင်းစာဆရာအဖြစ်ပါ အောင်မြင်သူအဖြစ် လူသိများ သော်လည်း မြန်မာ့ဂျာနယ်တစ်ခေတ်၏ ရှေ့ဆောင် လမ်းပြသူ ပုဂ္ဂိုလ်အဖြစ်မူ လူသိနည်းပါးလှပါ၏။
“မြန်မာ့ဗျူဟာဂျာနယ်” သည် ၁၉၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့)၌ စတင်ထုတ်ဝေခဲ့ရာ ‘ဂျာနယ်’ဟူသော အင်္ဂလိပ်ဝေါဟာရကို မြန်မာဝေါဟာရ အဖြစ် စတင်ခေါ်ဝေါ်ခဲ့သော ကနဦးဂျာနယ်လည်း ဖြစ်ခဲ့သည်။ ယင်းကာလက မြန်မာနိုင်ငံ၌ ‘မြန်မာ့မဂ္ဂဇိန်၊ မြန်မာ့အလင်း၊ သူရိယ၊ ပညာအလင်း၊ လောကသာရ စသည့် တစ်လတစ်ကြိမ်ထုတ်မဂ္ဂဇင်းများ၊ နေ့စဉ်နှင့် ရက်ခြားထုတ် သူရိယ၊ မြန်မာ့အလင်း စသည့်မဂ္ဂဇင်း၊ သတင်းစာများ ထုတ်ဝေနေကြချိန်လည်း ဖြစ်ပါသည်။
သို့ဖြစ်ပေရာ ‘မဂ္ဂဇင်းအစ၊ မြန်မာ့မဂ္ဂဇိန်’က ဆိုဘိ သကဲ့သို့ ‘ဂျာနယ်အစ မြန်မာ့ဗျူဟာက’ဟု ဆိုမှတ်နိုင် ကြပါ၏။
ဆရာရွှေတလေး (ဦးဘကလေး)၏ လက်ရာ ‘မြန်မာ့ဗျူဟာ’ ဟူသောစာတန်းကို ရှေ့မျက်နှာစာအဖုံး၌ ရေးသားထားပြီး ‘မြန်မာ့ဗျူဟာဂျာနယ်’ ဟူ၍ အတွင်း စာမျက်နှာပိုင်း၌ ဖော်ပြထားပေသည်။
ထိုစဉ်အခါက ဂျာနယ်အများစုသည် စနေနေ့၌သာ အပတ်စဉ်ထုတ်ဝေလေ့ရှိခဲ့ကြပါ၏။ ဂျာနယ်အရွယ်အစား အားဖြင့် ဒီဇိုင်း လေးချိုးဆိုဒ်ဖြစ်ပြီး အတွင်းစက္ကူစာသားမှာ သတင်းစာစက္ကူအမျိုးအစားပင် ဖြစ်သည်။
‘မြန်မာ့ဗျူဟာဂျာနယ်’ကို ဦးစီးပဲ့ကိုင် သေတ္တာ မှောက် ဆောင်ရွက်ခဲ့သူမှာ ရွှေဥဒေါင်းပင် ဖြစ်ပါသည်။ အယ်ဒီတာအဖြစ် တည်းဖြတ်၍ စိတ်ဝင်စားဖွယ်ကဏ္ဍများ ကိုလည်း ဒိုင်ခံရေးသားခဲ့သူဖြစ်ပါ၏။ အခြားပါဝင် အားဖြည့်ကြသူများမှာ ဦးဘသန်း (သူရိယ)၊ မစ္စတာ မောင်မှိုင်း (နောင် သခင်ကိုယ်တော်မှိုင်း)၊ ဦးခင်မောင်နှင့် ရွှေတလေးတို့ ဖြစ်ကြပါသည်။
ဆရာရွှေဥဒေါင်းသည် တစ်ဖက်၌ သူရိယအလုပ်ကို လုပ်ရင်း ဂျာနယ်အလုပ်ကို စိတ်နှစ်ကာ ထဲထဲဝင်ဝင် ကြိုးစားဖော်ဆောင်ခဲ့သူပင် ဖြစ်ပါသည်။
‘မြန်မာ့ဗျူဟာဂျာနယ်’ အမှတ်စဉ် (၁)၏ အဖွင့် ခေါင်းကြီးပိုင်းကို ‘မြန်ကျွန်းအောင်ချာ၊ အောင်ချာမြန် ကျွန်းဗျူဟာသောဝ်၊ ရန်တွန်းမှောင်ခွာ၊ မှောင်ခွာရန်တွန်း ကူလှာသောဝ်၊ မာန်စွန်းရှောင်ကွာ၊ ရှောင်ကွာမာန်စွန်း မြူခွာသောဝ်’ စသည့် ရတုပိုဒ်စုံဖြင့် စတင်ခြေဆင်းဖွင့် ထားပါ၏။
‘မြန်မာ့ဗျူဟာဂျာနယ်’တိုက်ပိုင်ရှင်
‘မြန်မာ့ဗျူဟာဂျာနယ်’တိုက်ပိုင်ရှင် ထုတ်ဝေသူမှာ လည်း အခြားသူမဟုတ်ဘဲ နဂါးနီဂျာနယ် အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သူ ရှုမဝမဂ္ဂဇင်း၌ ‘ဗျူဟာခင်’ အမည် ခံကာ ဆောင်းပါးများရေးသားခဲ့သော ဦးခင်မောင်ပင် ဖြစ်ပေသည်။
ဘိလပ် (အင်္ဂလန်)ပြန် ဦးခင်မောင်နှင့် ဆရာ ရွှေဥဒေါင်း ပေါင်းဖက်မိကြသည်မှ ‘မြန်မာ့ဗျူဟာဂျာနယ်’ ဟူ၍ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါ၏။
ရွှေဥဒေါင်း၏ လက်ရာဖြစ်သော အမျိုးသမီးကဏ္ဍကို ‘မန္တလေးရတနာပုံ’ စံအိမ်ခင်ခင်လှနှင့် ရန်ကုန်မြို့ ရှင်စောပု စံအိမ်မှ ခင်ခင်ညွန့်တို့ အပြန်အလှန်ရေးသားသည့် ပုံစံ ဖော်ပြထားသော်လည်း အသုံးအနှုန်းနှင့် စာဟန်သည် ရွှေဥဒေါင်း၏လက်ရာအဖြစ် အကဲဖြတ်နိုင်ကြပါ၏။
နောက်အခန်းတစ်ခန်းမှာ ကမ္ဘာအရပ်ရပ်မှ အဖြစ် အပျက်ဆန်းများကို စုစည်းဖော်ပြသော ‘အဆန်းအပြား သတင်းများ’ အခန်းဖြစ်ပြီး လူကြိုက်များခဲ့ပေသည်။
‘ပျော်ပျော်နေသေခဲသည်’ ခေါင်းစဉ်တပ်ထားသော ရယ်ရွှင်ဖွယ်ကဏ္ဍမှာလည်း ဆရာရွှေဥဒေါင်းပင် ရေးသား တာဝန်ယူထားခဲ့ဟန် တူပါ၏။ ယင်းရယ်ရွှင်ဖွယ်စာစုများ သည်လည်း ရယ်ဖွယ်သက်သက်မျှမဟုတ်၊ ယနေ့ခေတ် တိုင် ခေတ်မီနေပါကြောင်း ဆရာဦးကြီးမောင်(ငွေဥဒေါင်း)က မှတ်ချက်ပြုရေးသားထားခဲ့ပါသည်။
မေတ္တာစစ်အနှစ်တစ်ရာ
ဆရာရွှေဥဒေါင်း၏ ‘မေတ္တာစစ်အနှစ်တစ်ရာ’ အမည်ရှိ အခန်းဆက်ဝတ္ထုရှည်ကြီးကို မြန်မာ့ဗျူဟာ ဂျာနယ်တွင် ဖော်ပြခဲ့ရာ၌ တစ်နှစ်ကျော်ကာလ ဂျာနယ် ရပ်နားခဲ့စဉ်က ပြီးပြတ်ခဲ့ခြင်း ရှိ၊ မရှိ အထောက်အထား ရှာမတွေ့ခဲ့သည်မှာလည်း ထူးခြားလှပါ၏။ အင်္ဂလိပ်ဝတ္ထု ရှည်တစ်ပုဒ်ကို ဆရာကြီး မှီငြမ်းရေးသားထားကြောင်း မှန်းဆကြပေသည်။
‘ဒေါင်းရွှေဥ၏ ဒိုင်ယာရီမှတ်တမ်း’ အမည်ဖြင့် ဆရာရွှေဥဒေါင်း၏တစ်ပတ်အတွင်း တစ်နေ့စီ တွေ့ကြုံ ရသောအဖြစ်သနစ်ကို ရယ်မောစရာဖော်ပြထားသော အခန်းဖြစ်ပါ၏။
ဝတ္ထုတိုကဏ္ဍအနေဖြင့် “မသိန်းလှနှင့်မသိန်းမြ” အမည်ရှိ ဝတ္ထုတိုကို ရွှေဥဒေါင်းကပင် ရေးသားထားကာ ပြင်ပမှ ‘ဝတ္ထုတို’များကို ဖိတ်ခေါ်ထားသည်ကိုလည်း တွေ့ရပါ၏။
‘အိမ်ရှင်မတို့ မှတ်သားရန် အချက်များ’၊ ‘လက်ဖက် ရည်ကြမ်းဝိုင်း’၊ ‘တစ်ပတ်အတွင်း သတင်းကဏ္ဍ’ စသည် များလည်း ယင်းဂျာနယ်၌ ကဏ္ဍစုံဖော်ပြထားပြီး ကာတွန်းကဏ္ဍ၌ကား ရွှေတလေး၏ ‘ဘကြီး မေတ္တာတုံး ၏ ရူပဒီပနီ’ ဟူ၍ အမည်ပေးထားပေသည်။
‘မြန်မာ့ဗျူဟာဂျာနယ်’ ၏ အဖွင့်နိဒါန်း၌ ကြော်ငြာ နည်းပါးလှသည်။ စာမျက်နှာ ၂၀ ဖွဲ့စည်းထားသော
ယင်းဂျာနယ်၏ ရောင်းဈေးမှာ လေးပဲ (၂၅ပြား) ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ဆရာကြီးရွှေဥဒေါင်းသည် ‘မြန်မာ့ဗျူဟာ’ ဂျာနယ် ကို တီထွင်ဆန်းသစ်သော ဗျူဟာအခင်းအကျင်းဖြင့် စီစဉ်ထုတ်ဝေနိုင်ခဲ့ပါ၏။
၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်
‘ရန်ကြီးအောင်’ဝတ္ထုကို စတင်ရေးသားခဲ့သော ဆရာ ရွှေဥဒေါင်း ကို ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက် (ကြာသပတေးနေ့)က မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်၌ အဖ ဦးဧရာ၊ အမိ ဒေါ်ရွှေတို့က ဖွားမြင်ခဲ့ပါ၏။
v စာမျက်နှာ ၈ မှ
“ရန်ကြီးအောင်” ဝတ္ထုကို သူရိယသတင်းစာတိုက်က ပုံနှိပ်ထုတ်ဝေရန် ဉာဏ်ပူဇော်ခအဖြစ် ကျပ်တစ်ရာ ချီးမြှင့်ခဲ့သည်။ ထိုမှတစ်ဖန် သူရိယ ဦးဘဖေ၏
တိုက်တွန်းချက်ဖြင့် မစ္စစ်ဟင်နရီဝု (Mrs.Henery Wood) ၏ အိစလင်း (East Lynne) ဝတ္ထုကို မှီငြိမ်းပြုကာ ‘ရတနာပုံ’ အမည်ရှိ ဝတ္ထု ထပ်မံပေါ်ထွက်လာခဲ့ပြီး သူရိယမဂ္ဂဇင်း အယ်ဒီတာအဖြစ် ခေါ်ယူခန့်ထားခြင်းဖြင့် စာပေလောက၌ စတင်ဝင်ရောက်ကျင်လည်ခဲ့ပေတော့သည်။
ဆရာသည် ရန်ကုန်မြို့ နယူးဘားမားသတင်းစာ တိုက်တွင် လွယ်အိတ်ကြီး ဦးဘလှိုင်၏ ကမ်းလှမ်းချက် အရ ယင်းတိုက်၏ စက္ကထရီ(အတွင်းရေးမှူး)အဖြစ် လည်း လုပ်ကိုင်ခဲ့ပါသည်။
ဘာသာပြန်ဆို
ဆရာရွှေဥဒေါင်းသည် သူရိယသတင်းစာတိုက်၌ အယ်ဒီတာလုပ်ကိုင်နေစဉ် တစ်ဖက်ကလည်း ‘ဝသုံးလုံး’၊ ‘ပထမံ ဆရာသိန်း’ စသည့် ဝတ္ထုများကို မှီငြမ်းပြန်ဆို သကဲ့သို့ ‘ရတနာသိုက်၊ စောလမုန်သိုက်နှင့် စောဒေဝီ’ စသော ဝတ္ထုများကိုလည်း တိုက်ရိုက်ပြန်ဆိုခဲ့ကာ နဂါးနီ စာအုပ်အသင်းအတွက် ‘အေဘရာဟင်လင်ကွန်း’ စာအုပ် ကို ဘာသာပြန်ဆိုပေးခဲ့ပါ၏။
မန္တလေးမြို့လူထုသတင်းစာတိုက်တွင်မူ ဆရာကြီး သည် နှစ်ကြိမ်တိုင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ ဖူးရာ ၁၉၄၆ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ တစ်ကြိမ်၊
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၄ ခုနှစ်အထိ တစ်ကြိမ် ဆောင်ရွက်ခဲ့ပါသည်။
ပထမအကြိမ် လူထုသတင်းစာတိုက်တွင် ဆောင် ရွက်နေစဉ် ဖဆပလအစိုးရ၏ ထောင်သွင်းအကျဉ်းချ ခြင်းကို ငါးလကြာမျှ ခံခဲ့ရပါသည်။
ဆရာကြီးသည် ခေါင်းကြီးပိုင်း (အယ်ဒီတာ့ အာဘော်) ရေးသားရာတွင် အရေးအသား၊ အကြောင်း အရာ၊ သဘောထားအမြင်များ ရေးသားသုံးသပ်ဝေဖန် ရာ၌ သတင်းသမားများ စံပြုကြရသော သတင်းစာ ဆရာကြီးလည်း ဖြစ်ခဲ့ပါ၏။
စာအလွန်ရေးသားနိုင်ခဲ့သော ဆရာကြီး၏ လက်ရာများသည် ဘာသာရပ်စုံလင်သကဲ့သို့ပင် အရေအတွက်အရလည်း များပြားလှပေသည်။ ဝတ္ထုတို ပေါင်းချုပ် ၃၀၆ ပုဒ်၊ ဝတ္ထုရှည်ခြောက်ပုဒ်၊ အခန်းဆက် ဝတ္ထုရှည် ၁၂ ပုဒ်၊ ပင်ကိုရေးဆောင်းပါး ၁၃၆ ပုဒ်ဟူ၍ ဆရာကြီးအား ဂုဏ်ပြုထားသော မန္တလေးမြို့ ကြေးရုပ်တု ၌ ကမ္ပည်းထိုး မှတ်ကျောက်တင်ထားနိုင်ပါသည်။
ဆရာကြီး ဘာသာပြန်ဆိုခဲ့သော ‘မျှော်တလင့်လင့်’ ဝတ္ထုသည် ၁၉၂၅ ခုနှစ် အတွက်လည်းကောင်း၊ ၁၉၅၅ ခုနှစ် အတွက် ‘သွေးစုပ်မြေ’ ဝတ္ထုဖြင့်လည်းကောင်း စာပေဗိမာန် ဘာသာပြန်ဆုကို ရရှိခဲ့ပါသည်။
ဆရာကြီး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သော ‘ဘဝ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ’ စာအုပ် သည် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန်သုတပဒေသာဆုကို လည်း ဆွတ်ခူးနိုင်ခဲ့ပါ၏။
မှတ်ချက်စကား ဆိုမိန့်
ဝါကျရှည်ရေးသားရာတွင် နိုင်နင်းသူ ဆရာကြီး သည် စကားပြေကို ကျနပိုင်နိုင်သူ စာရေးဆရာကြီးလည်း ဖြစ်ပါသည်။ ဆရာကြီးက ‘အချို့က ဝါကျရှည်ရေးခြင်း သည် စာခန့်သည်၊ စာရေးဆရာ၏ လက်ရာပီသသည်ဟု ယူဆ၍ ရှည်ရှည်ရေးဖို့ကြိုးစားကြ၏။ ကျွန်ုပ်အယူ အဆမှာ ရှည်တိုင်းလည်းမခန့်၊ တိုတိုင်းလည်းမရှင်း၊ မူသေမှတ်ထားဖို့မလိုသော အရာတစ်ခုဖြစ်သည်ထင်၏။ ဝါကျ လက်သမားကောင်းတစ်ယောက်ဖြစ်လာသော အခါတွင် မည်သည့်အရာ၌ ရှည်သင့်သည်၊ မည်သည့် အရာ၌ တိုသင့်သည်ဆိုခြင်းကို အလိုအလျောက် မြင်တတ်လာပေသည်’ ဟူ၍ မှတ်ချက်စကား ဆိုမိန့်ခဲ့ဖူး ပေသည်။
ဆရာရွှေဥဒေါင်းသည် ပုဂ္ဂလိကသတင်းစာခေတ်၌ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသကဲ့သို့ ၁၉၆၃
ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရတာဝန်ယူခဲ့စဉ် ‘လုပ်သားပြည်သူ့ နေ့စဉ် (မြန်မာ)’ သတင်းစာတိုက်၏ အယ်ဒီတာချုပ်အဖြစ်လည်း ၁၉၆၈ ခုနှစ်အထိ လုပ်ကိုင်ခဲ့ ဖူးပါ၏။
မြန်မာ့စာနယ်ဇင်းလောကတွင် အမျိုးမျိုးအဖုံဖုံ ကျင်လည်ခဲ့သော ဆရာကြီးရွှေဥဒေါင်းသည် ၁၉၇၃ ခုနှစ် ဩဂုတ်လ ၁၀ ရက် (၁၃၃၅ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက်) နေ့တွင် မန္တလေးမြို့၌ ဘဝနိဂုံးချုပ်ခဲ့သော်လည်း ဆရာကြီး၏ စာစု၊ အတွေး၊ အရေးတို့သည်မှာကား မြန်မာ့စာနယ်ဇင်း လောက၏ မီးရှူးတန်ဆောင်သဖွယ် တည်တံ့ဖြစ်တည်နေမည်သာဖြစ်ပါကြောင်း စေ့ငုဖော်ပြ လိုက်ရပါသတည်း။ ။
စာကိုး ။ ။
- မောင်သုတ (ဗိုလ်မှူးဘသောင်း)၏ စာဆိုတော်များ အတ္ထုပ္ပတ္တိ(ပဉ္စမအကြိမ်) (ရာပြည့် စာအုပ်တိုက်)
- သန်းဝင်းလှိုင်၏ ‘ရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ’ (စတုတ္ထအကြိမ်)(ရွှေဇွဲမာန်စာပေတိုက်)
- သတင်းထောက်သောင်းညွန့် (ဖျာပုံ)၏ စာပေဗိမာန်စာမူဆုရ ‘ထင်ပေါ် ကျော်ကြား မြန်မာသတင်းစာဆရာ ကြီးများ’ (စာပေ ဗိမာန်၊ ပထမအကြိမ်) (၂၀၀၇)
- ငွေဥဒေါင်း၏ ‘သီးခြား စာဝင်္ကဘာ’ (ပုဂံစာအုပ်တိုက်၊ ၁၃၂၆ စာဆိုတော်နေ့ အထိမ်းအမှတ်)
- သင်္ခါ၏ ‘မြန်မာနိုင်ငံ စာနယ်ဇင်းမှတ်စုများ’ (၁၉၉၀ ပြည့်နှစ်) ပထမအကြိမ်၊ စာပေဗိမာန်)
- ရွှေဥဒေါင်း၏ ‘စုံထောက် ဦးစံရှား ပေါင်းချုပ် (၂) (စတုတ္ထအကြိမ်) (၁၉၉၈၊ ယနေ့ မန္တလေးစာအုပ်တိုက်)
No comments