သူသေကိုယ်သေ အကြေနွှဲ
သူသေပြီးလား
သည်စကားလေး သူ့လှန်းမေး ။
သူမသေသေး
ငါသေပေးရန် အရေးဖန်
မအေးထိုရန်ပွဲ ။
ငါသေပြီလား
သည်စကားလေး ငါ့ပြန်မေး ။
ငါမသေသေး
သူသေပေးရန် အရေးဖန်
မအေးဤရန်ပွဲ ။
သူနှင့်ငါကား
နေရာအတူ ဂေဟာတူ၌
ဆိုးတူကောင်းထပ် မပေါင်းအပ်
ဓာတ်ချင်းဇာတ်ချင်းကွဲကြပြီ ။
သူကိုင်မူကား
လူလျှင်လူချင်း နတ်နတ်ချင်းနှင့်
ဇာတ်ချင်းမတူ ဓာတ်မတူပါ
သူတကာကို ဖြူရာမှမဲ
မဲရာမှမှောင် အညစ်ရောင်ဖြင့်
အရောင်ချင်းပြိုင် မှောင်ချင်းပြိုင်
သူနိုင်ကိုယ်နိုင် ကိုင်စေခြင်း ။
ငါအယူကား
လူချင်းနတ်ချင်း ဇာတ်တူချင်းကို
ကိုယ်ချင်းချင်းစာ တာချင်းချင်းထောက် ပူမနှောက်ဖြင့်
သူရောက်လျှင်ကြို ကိုယ်ရောက်လျှင်ကမ်း
အတူလှမ်းကာ လမ်းဆုံးရာ
တန်းကာစီကာ ပို့လိုခြင်း ။
သည်သို့အယူ မူမတူကြောင့်
သူသေလျှင်သေ
မသေရန်ဘေး ငါမအေး
ဘွာတေးခတ်၍ မရပ်သာ ... ။
ကဗျာ့နန်းတော်
မဟာဗောဓိမြိုင်ဆရာတော်
No comments