New Artical

ဘုရားရှင်အား နေ့စဉ် သောက်တော်ရေချမ်း ကပ်လှူခြင်းအကျိုးဆက်



လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်ခန့်ကဖြစ်မည်။စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ မိုးတားဆိုသော မြို့လေးတစ်မြို့ ရှိခဲ့လေသည်။ ထိုမြို့တွင် ဒေါ်ရွှေဥဆိုလျှင် မသိသူမရှိ၊ မြို့၏အချမ်းသာဆုံး သူဋ္ဌေးမကြီးပင်။ သူ့မှာ သားလေးတစ်ယောက် ရှိလေသည်။ ထိုသားလေး ၁၀တန်းအောင်၍ ရန်ကုန်တွင် ဘော်ဒါဆောင်နေရန် ထွက်ခွာသွားရတော့မည် ဆိုတော့ ယခုလိုမှာရှာသည်။” သားရေ.. အမေအခုပြောမယ့်စကားတွေကို သေချာမှတ်ထား၊ တစ်ကယ်လည်းလိုက်နာ၊ ဘာဖြစ်လို့လည်းဆိုတော့ အမေ့မှာ ဒီစကားမျိုးတစ်ခါပြောရင် ၃ရက်လောက် ဖျားနာရတာကြောင့်ပဲ”

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်လောက်က ဒီမိုးတာမြို့မှာပဲ ဆင်းရဲမွဲတေလှတဲ့ မုဆိုးမ သားအမိနှစ်ယောက် ရှိခဲ့ဖူးတယ်ငါ့သား၊ ယောက်ကျားကလည်းဆုံး ကိုယ်ပိုင်လယ်ကလည်းမရှိတော့ သူတစ်ပါးဆီမှာပဲ အငှါးလိုက်ရတယ်၊ တစ်နေ့လုပ်မှ တစ်နေ့စားရတာပေါ့။ဒါတောင်မှ သားအမိနှစ်ယောက် ထမင်းနပ်မှန်ရုံလေးပဲ ဆိုပါတော့ကွယ်”

“တဲအိမ်လေးဆိုလည်း မပြင်ရတာကြာတော့ မိုးတောင်မလုံတော့ဘူး။ သမီးလေးက ဆယ်နှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်၊ အဝတ်အစားဆိုလည်း အရှက်လုံရုံပဲ ဝတ်နိုင်ရှာတယ်၊ ပိုက်ဆံလည်းမရှိရှာတော့ ကျောင်းလည်းမနေနိုင်ဘူး၊ အဲ့တော့ စာလည်းမတတ်ရှာဘူး” သူနဲ့ရွယ်တူ ကလေးတွေမှာတော့ အဝတ်အစားထည်လဲ၊အစားအသောက်ကပြည့်စုံ၊နေရာတာလည်းလုံလုံခြုံခြုံနဲ့ဆိုတော့ သူလည်း တခြားကလေးတွေလို ချမ်းသာချင်တာပေါ့။ဒါနဲ့ တစ်နေ့ရွာဦးကျောင်းဆရာတော်ကြီးကျောင်းပေါ် စွတ်ရွတ်တက်သွားပြီး၊ဆရာတော်ကြီးကိုတွေ့တော့ လျှောက်ရှာတာပေါ့”

“အရှင်ဘုရား၊ တပည့်တော်တို့သားအမိကျ ဆင်းရဲသလောက် သူများတွေကျ ချမ်းသာကြပါတယ်၊ တပည့်တော်တိုလည့်း ချမ်းသာချင်ပါတယ်ဘုရား၊ ချမ်းသာမယ့် နည်းလေးဘာလေး တပည့်တော်မကို ဆရာတော်ကြီး သင်ပေးပါ့ဘုရား”
“အဲ့ဒိမှာ ဆရာတော်ကြီးက ကလေးမလေးကို ခေါ်ပြီးကျောင်းအပေါ်ထပ်က ပြတင်းပေါက်ကို ဖွင့်ပြတာပေါ့ ပြတင်းပေါက်ကနေကြည့်ရင် မိုးတားမြို့ကိုကပ်စီးနေတဲ့ ဧရာဝတီမြစ်ကြီးကို မြင်ရတယ်လေ၊အဲ့မှာ ဆရာတော်ကြီးက ”သမီးလေး…ဒီမြစ်ထဲကရေကိုခပ်ယူရင် ပိုက်ဆံပေးရသလားလို့မေးတော့ ကလေးမက မပေးရပါဘူးဘုရား၊ သမီး..ဒီမြစ်ထဲကရေကို သမီးနိုင်သလောက်ခပ်ပြီး အိမ်မှာရှိတဲ့ ဘုရားဆင်းတုတော်ကို သောက်တော်ရေအမြဲကပ်ရမယ်ကွဲ့၊ အေး..ကပ်တဲ့အခါလည်း တစ်ကယ့် ဘုရားရှင်ကို ကပ်နေရတဲ့အလား စိတ်ကရည်မှန်းပြီးလှူ… ဟုတ်ပြီလား.. ဒါဆိုသမီးတနေ့ချမ်းသာလာလိမ့်မယ်”

အဲ့နေ့ကစပြီး ကလေးမလေး သူရေသောက်တိုင်း အိမ်ကဘုရားကို သောက်တော်ရေ အမြဲကပ်တယ်၊ သူ့တစ်ဘဝလုံးမှာ ပြုတဲ့ကုသိုလ်ဆိုလို့ ဒီသောက်တော်ရေကပ်တဲ့ ကုသိုလ်တစ်ခုလေးပဲရှိတာ။ ကလေးမလေးအသက်တော့ မရှည်ရှာပါဘူး။နောက်၃နှစ် လောက်ကြာတော့ ရောဂါတစ်ခုနဲ့ဆုံးတာပါပဲ။ ဘဝကအရွယ်နဲ့မမျှအောင်ကြမ်းတာကိုး နောက်ဘဝကျဒီမိုးတားမြို့က သူဋ္ဌေးမကြီးတစ်ဦးရဲ့ ဗိုက်မှာလူဝင်စားပြီး သူဋ္ဌေးသမီးလေးဖြစ်လာတယ်။ တစ်နေ့သိတတ်တဲ့ အချိန်ရောက်တဲ့ အတိတ်ဘဝကို သတိရတဲ့ဥာဏ်ပါလာအတွက် ဘဝဟောင်းကိုမှတ်မိတယ်။ ”ငါ ဒီလိုချမ်းသာလာတာ ရွာဦးကျောင်း ဆရာတော်ကြီးကျေးဇူးကြောင့်ပဲ၊ ဆရာတော်ကြီးကိုကျေးဇူးဆပ်တဲ့ အနေနဲ့ သွားကန်တော့ရမယ်”ဆိုပြီး မိဘနှစ်ပါးကို ခေါ်ကာ ကျောင်းကိုလာခဲ့ကြတာပေါ့။ သူတို့ကကျောင်းကိုအဝင် ဘဝဟောင်းကအမေက ကျောင်းကအထွက်တွေ့ကြတော့ သားအမိနှစ်ယောက်ဖက်ပြီး ငိုကြတာပေါ့။ ဆရာတော်ကြီးဆီရောက် နောက်ကြောင်းတွေကို သိရတဲ့အခါ အရင်ဘဝအမေကိုလည်း သူ့အိမ်မှာပဲခေါ်ထားပြီး ပြုစုစောင့်ရှောက်လိုက်တော့တာပေါ့။

သူဋ္ဌေးမလေး အသက်ကြီးလာတော့ “ငါအရင်ဘဝက ရေလေးလှူတာတောင် ဒီလောက်ချမ်းသာရင် ကျောင်းကန်၊ ဘုရားတွေသာလှူရင်တော့ ပြောစရာတောင်ရှိမှာ မဟုတ်ဘူးဆိုပြီး လှူလိုက်တာ အခုဆိုရင်ဒီမိုးတာမှာ သူမလှူဖူးတာ မရှိသလောက် ဖြစ်နေပြီသားရဲ့၊ ငါ့သား..အဲ့မိန်းကလေးဟာ တစ်ခြားသူမဟုတ်ဘူး၊ မင်းအမေကိုယ်တိုင်ပါပဲကွယ်၊ သားလည်းရောက်ရာအရပ်မှာ ဘုရားရှင်ကို ဆွမ်းတော်၊ ရေတော်ကပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့”လို့ ဆုံးမလွှတ်လိုက်သတဲ့။ 
 
ကဲ…စာဖတ်သူတို့လည်း တစ်နေ့တစ်နေ့..ကုသိုလ်မရမှာမပူကြပါနဲ့။ အိမ်ကဘုရားကို သောက်တော်ရေ၊ဆွမ်း ရှိတာလေးနဲ့ ဖြူဖြူစင်စင်ကပ်လှူကြပါ။ တစ်နေ့အကျိုးထူးကြမှာပါဗျာ။

No comments