New Artical

ကမ်းနားသစ်ပင်

 



*** ကမ်းနားသစ်ပင် ***

မိုးသက်ငွေ

(၁)
အိမ်ချင်းကပ်လျှက်ပေမယ့် အဖွားကြီး၏နာမည်ကို ကျွန်တော်မသိ။ အိမ်ဟုဆိုသော်လည်း တကယ်တမ်း ရုံးဝန်းကြီးတစ်ခုထဲရှိ လေးခန်းတွဲလိုင်းခန်းမှ အိမ်ခန်းများသာဖြစ်သည်။ အဖွားကြီးက သူ့သား၏ အိမ်ခန်းနောက်ဖေး မှာ အဖီကလေးချနေသူဖြစ်သည်။ အဖွား အဖွား ဟုလေးငါးခါခေါ်လိုက်မှ ယိုင်ရွဲ့ရွဲ့ ဝါးကပ်တံခါးလေး က ပွင့်လာ၏။
"ဟေ လူလေး ဘာလဲကွဲ့"
စူးကနဲ၀င်လာသည့် ဆိုးဆိုးဝါးဝါးအနံ့အသက်ကြောင့် ချက်ချင်းစကားပြန်မပြောနိုင်သေးဘဲ အသက်အောင့် လိုက်မိသည်။ ဖြစ်ကတတ်ဆန်း မိုးထားသော အုပ်ကြွပ်မိုးတို့က မိုးလုံပုံမရ။ ဝါးကြမ်းခင်းလေးမှာ မိုးရေတို့ကြောင့် စိုရွှဲနေသည်။ မိုးရက်ဆက်ရွာထား၍ ပတ်ဝန်းကျင်ကလည်း ရွှံ့ဗွက်များဖြစ်နေသည်။ အေး၍လား မပြောတတ်။ အိမ်ရှေ့အုတ်ကန်မှာ အဖွားကြီးရေချိုးသည်ကိုမမြင်ရတာကြာပြီ။ သည်တော့ အမြဲတမ်း အလုံပိတ် ထားသည့် ခြောက်ပေပတ်လည်သာသာ အခန်းလေးက အောက်သိုးသိုးမှိုနံ့နှင့် ငြီးစီစီလူကြီးနံ့တို့ရောကာ နံချင်တိုင်းနံနေတော့သည်။
" အဖွားက တံခါးပေါက်ကြီးပိတ်ထားတာကိုး၊ လေ၀င်လေထွက်ရအောင်ဖွင့်ထားလေ။ ရော့....ဒီမှာ အဖွားစားဖို့ ကြာဆံကြော်လာပေးတာ.."
ကြာဆံကြော်ဘူးလေးပေးပြီး တံခါးပေါက်ကိုအပြင်ထိ ဆွဲဖွင့်ပေးနေဆဲမှာပင် အဖွားကြီးက ဆုတွေ တသီတတန်းကြီး ပေးတော့သည်။ အဖွားကြီးက သူ့ချွေးမလိုမဟုတ်။ စကားပြောညက်ညောသည်။ ကျွန်တော်တို့ သည်မြို့လေးသို့ ပြောင်းလာစကတော့ ပိန်ကိုင်းကိုင်းခန္ဓာကိုယ်နှင့် ဆံပင်ဖြူတွေတစ်ခေါင်းလုံး ဖွေးဖွေးလှုပ်နေသော အဖွားကြီးကို ခေါ်ပြောဆက်ဆံဖို့ ၀န်လေးခဲ့ဖူးပါ၏။ ထမီရင်လျားကြီးနှင့် အိမ်ရှေ့ကအုတ်ရေကန်ဆီ ရောက်လာတိုင်း တောင်တောင်အီအီအတွေးတို့ဝင်လာကာ မျက်လုံးချင်းဆုံအောင်ပင်မကြည့်ရဲခဲ့။ သို့သော် လူချင်းဆုံတိုင်း 'လူလေး ဘာဟင်း ချက်လဲ ၊ စားပြီးပြီလား ၊အမေရောနေကောင်းရဲ့လား’ စသည်ဖြင့် နှုတ်ဆက်ပါများလာတော့ တစ်နှစ်ဆိုသည့် အချိန်အတွင်းမှာ ကျွန်တော့်သံသယတို့ လွင့်ပါးသွားခဲ့ရ၏။
(၂)
တကယ်တော့ အဖွားကြီးခမျာ ခင်ပွန်းသည်၏ပင်စင်လစာကလေးနှင့် တစ်ယောက်တည်း ချက်ပြုတ်စားရရှာသူဖြစ်သည်။ လျှပ်စစ်မီးရှိသော်လည်း သူ့ခမျာ သုံးခွင့်မရ။ ထင်းဝယ်၍ ထင်းမီးဖိုနှင့်သာချက်ပြုတ်ရ၏။ လျှပ်စစ်နှင့်ပတ်သက်၍ အခန်းကလေးထဲမှာ ထာဝစဉ်မီးဖွင့်ပေးထားသော မီးလုံးဝါဝါတစ်လုံးသာရှိသည်။ သူ့ချွေးမ ဒေါ်စန်းတင်က အဖွားကြီးနှင့် အခေါ်အပြောလုပ်သော်လည်း ဟင်းတစ်ခွက်ကမ်းဟန်မတူ။ အချိန်ရှိသ၍ ဆယ်တန်းကျသောလင်ပါသမီးကိုသာ စူအောင့်နေတတ်သည်။
" ဟဲ့ ဝါ၀ါ ဟင်းတွေနင်စားလိုက်တာလား၊ နင့်အဖေဖို့ချန်ထားတာမသိဘူးလား၊ ဟိုကပြန်လာရင် ငါ့ရန်လုပ်တော့မယ်၊ နင်က ဘယ်တော့ပြောပြောမမှတ်ဘူး.."
" ဘယ်သိမှာလဲ မစားစေချင်ရင် မမြင်အောင်သိမ်းထားပါလား၊ ပါးစပ်ဆိုတာ မြင်ရင်တော့စားမှာပဲ.."
၀ါဝါဆိုသောကောင်မလေးကလည်းမခံ။ ဗြစ်တောက် ​ဗြစ်တောက်ပြောတတ်သော မိထွေးကို ပက်ခနဲ ပက်ခနဲ ပြန်ရန်တွေ့တတ်သည်။ သူတို့အိမ်ကိုတက်နေ သူ့အဖေ၏လစာကိုစားပြီး အနိုင်ကျင့်ချင်သော စတုထ္ထမြောက်မိထွေးကို ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည့်ပုံမပေါ်။ မိထွေးကိုမုန်းစိတ်နှင့် ရိုင်းစိုင်းနေသော ထိုကောင်မလေးက သူ့အဖွားကိုလည်းမခန့်။ တစ်ခါတရံလာတတ်သည့် မြို့ထဲကအိမ်ထောင်သည် သူ့အစ်မ ကိုလည်း မလေးစား။ ငရဲကြီးတော့ ငရဲလေးတောင်နိုင်သေးတယ်ဟု ဆိုတတ်၏။ အိမ်ချင်းကပ်လျှက်မို့ မကြားချင်သော်လည်း ကြားနေရသည်သာ။
(၃)
" ဝါ၀ါ နင်က တော်တော်ရိုင်းနေတယ်ဆို ဟုတ်လား၊ အေး အခုငါရောက်လာပြီ နင့်အချိုးတွေပြင်ထား။ ထစမ်း ထစမ်း.."
" ဟာ ဘာလဲဟာ.. နားညည်းတာ.."
" သြော်..ငါ့မှာတော့ ပူပင်လိုက်ရတာ၊ နင်ကပြာပုံတိုးချင်တာပေါ့လေ။ ဆယ်တန်းစာမေးပွဲလည်း မဖြေဘူး။ အလုပ်ကျတော့လည်းမလုပ်ချင်ဘူး။ မိန်းကလေးတဲ့ ဒီလောက်ညစ်ပတ်နေတာ။ ထစမ်း....ဝါ၀ါ ၊ဒီနေ့ အခန်းထဲက နင့်အ၀တ်တွေအကုန်လျှော်.."
ရန်ကုန်မှသူ့အစ်မ ပြန်ရောက်လာသည်ထင်၏။ ဝါ၀ါဆိုသည့်ကောင်မလေး ကလည်း မှုပုံမရ။
" ငါ့အ၀တ် ငါလျှော်ချင်မှလျှော်မှာပေါ့.."
"သြော် နင်က အကြီးကိုပြန်ပြောနေတယ် ဟုတ်လား၊ နင် သေချာပြန်ကြည့်စမ်း နင့်ခါးကငါ့ထမီ။ ငါထားခဲ့တုန်းကအသစ်၊ အခု ဖွတ်ဖွတ်ညက်ညက်ကြေနေပြီ။ မ၀တ်ရဘူးမဟုတ်ပါဘူး သပ်သပ်ရပ်ရပ် လျှော်ဖွတ်၀တ်ပေါ့။ အခုတော့ ငါကရန်ကုန်သွား အလုပ်လုပ်ပြီး အဝေးသင်တက်၊ နင်က အိမ်မှာနေပြီး အလေလိုက်ချင်နေတယ်။ အဖေလည်း နေမကောင်းတဲ့ကြားက ညစောင့်လုပ်နေရတာ။ နင့်ကိုငါ ထောက်ပံ့ခဲ့ ရတာတွေ အလကားပဲ၊ နင်က စေတနာနဲ့မတန်တဲ့ကောင်မ.."
" ငါ့ဟာငါ ဘာဖြစ်ဖြစ် နင့်အပူပါလား.."
" သြော်..ကဲဟယ် ခံပြောချင်ဦး.."
ပွဲကြမ်းကုန်ပြီ။ ကြမ်းခင်းတွေလည်းတဝုန်းဝုန်း။ နဂိုက ယိုင်နဲ့နဲ့အိမ်မှာ သူတို့ညီအစ်မ ကြောင့် သိမ့်ကနဲ သိမ့်ကနဲ။ ဘာတွေဖြစ်ကုန်ပြီမသိ။ သူတို့မိထွေးဒေါ်စန်းတင်လည်းရှိပုံမရ။
ဇနီးသည်ရုံးမသွားခင် ခဏထကာ မနက်စာမုန့်၀ယ်ပေး ၊ ထမင်းအိုးတစ်လုံးတည် ၊ ဟင်းနှစ်ခွက်ချက်ပြီး အိပ်ရာထဲမှာပြန်မှိန်းနေစဉ် အသံတွေကြားရခြင်းဖြစ်၏။ အလုပ်နားထားသည့်အခိုက်လေး ဝါသနာပါရာ ၀ထ္ထုတိုလေးများကို ကြိုးစားရေးနေရသဖြင့် ကျွန်တော့်မှာ ညတိုင်းလိုလိုအိပ်ရာဝင် ညဉ့်နက်၏။ အိပ်ရေးမဝရသည့်အထဲ အယုတ်တ အနတ္တတွေ ထပ်မကြားချင်တော့သဖြင့် အိမ်သာကို ထလာခဲ့လိုက်သည်။ ကျွန်တော်အိမ်သာမှ ပြန်လာချိန်မှာတော့ ဝါ၀ါတစ်ယောက် အိမ်ရှေ့အုတ်ရေကန်မှာ အ၀တ်လျှော် နေလေပြီ။
(၄)
" မစန်းတင်ရေ အိမ် ကြိုရှာထားတော့နော်.."
ကြားလိုက်ရသည့်သတင်းက သတင်းကောင်းတော့မဟုတ်။ အောက်ထပ်ရုံးခန်းက အန်တီဘီစီ၏ အသံမှန်းတော့ ကျွန်တော် သိသည်။ လိုင်းခန်းရှေ့ကနေ 'ဦးဝေစိုးရေ ဦးဝေစိုးရေ ' ဟု မကြာခဏ လာခေါ်နေကျမဟုတ်လား။ ဦးဝေစိုး၏ အသက်က ခြောက်ဆယ်ပြည့်သေးပုံမရ။ သို့သော် အကြောင်းကြောင်းကြောင့် ပင်စင်ယူလိုက်ရပြီမို့ အိမ် ကြိုရှာထားရန် ထိုအန်တီက လာအသိပေးခြင်းဖြစ်သည်။ စွာစွာ စွာစွာနှင့် စကားပြောတတ်သော ဒေါ်စန်းတင်အသံက ဒီနေ့တော့ တိုးညှင်းနေ၏။ လင်ပါသမီးဝါ၀ါကိုပင်မဆူအား။ ရှားခဲရွာမှ သူ့သမီးကိုလည်း ဖုန်းမဆက်။ အခါတိုင်း ကိုရီးယားသီချင်းတွေဖွင့်ပြီး လိုက်အော်နေတတ်သောဝါ၀ါသည် အသံတိတ်နေ၏။ အဖွားကြီးသည်လည်း အိမ်ရှေ့အုတ်ကန်သို့ ရေခပ်မထွက်။ ဝန်ထမ်းတစ်ဦး ပင်စင်သွားရခြင်း၏ နောက်ဆက်တွဲ ပြဿနာကား မသေးလှ။
ဝန်ထမ်းဘဝ ကမ်းနားသစ်ပင်ဆိုတာ မှန်လွန်းသည်။ အိမ်ပိုင်ယာပိုင်မရှိသည့် အောက်ခြေ၀န်ထမ်းများ ဘ၀က ပိုလို့ပင်နာကျင်စရာ။ လစာ၏တစ်ဆယ်ရာခိုင်နှုန်း ပေး၍နေရသောအိမ်ကိုပင် ကိုယ်ပိုင်အိမ်အမှတ်နှင့် ဖက်တွယ်ထား ကြရသည်။ ဟုတ်ပါ၏။ ကျွန်တော်တို့သည်လည်း ဖက်တွယ်ခဲ့ရဖူးပါသည်။ သည်မြို့လေးကို ရောက်လာဖြစ်ခဲ့သည်မှာလည်း နေစရာကြောင့်ပင် မဟုတ်လားလေ။
(၅)
အိမ်ချင်းကပ်လျှက်ပေမယ့် အဖွားကြီး၏နာမည် ဖွားမော်ဆိုတာ အခုမှသိရသည်။ ထို့အပြင် ဖွားမော်၏ ဒုက္ခကို လည်းခုမှပင်သိရသည်။ သူတို့မိသားစု၏ ဒုက္ခမှာလည်း ပို၍ပီပြင်လာသည်။ သူတို့အိမ်သည် ရောက်စကလို ဆူညံပူညံအသံတွေမကြားရတော့။ ချိန်ကိုက်ဗုံးတစ်လုံးကို ပေါက်ကွဲမည့်အချိန် စောင့်နေရသည့်အလားပင်။ တိတ်ဆိတ်ခြင်းက တုန်လှုပ်ချောက်ခြားစရာ။ ဝါဝါသည် သူ့အမရှိရာရန်ကုန်သို့ လိုက်သွားပြီ။ ပင်စင် လျှောက်ထားပြီဖြစ်သဖြင့် ဦးဝေစိုးသည် အလုပ် မဆင်းတော့ဘဲ နေ့ရောညပါအိပ်သည်။ ထိုသို့အမြဲအိပ်ကာ အလုပ်များပျက်ကွက်သောကြောင့်လည်း ညစောင့်် အဖြစ်မှ ပင်စင်ယူလိုက်ရခြင်းဖြစ်သည်တဲ့။ ယခုအိမ်ပြန်အပ်ရတော့မည်။ အိမ်ရှာခိုင်း ထားပေမယ့် ဒေါ်စန်းတင်က ရှာဟန်မတူ။ စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် သူ့သမီးရှိရာရှားခဲရွာသို့ ထွက်သွားတတ်သည်။ ထိုရက်များတွင် ဖွားမော်ကပင် ဦးဝေစိုးစားဖို့ ချက်ပြုတ်ကျွေးရ၏။ မိဘသည် ထာဝရ အပေးသမားသာဖြစ်သည်ဟု ကျွန်တော်တွေးမိသည်။
သို့သော် ထိုထာဝရအပေးသမားသည် မကြာခင် ဒုက္ခကြုံရတော့မည်။ သူကတော့မသိရှာ။ သူ့သားကို ထမင်းဟင်းချက်ကျွေးရသည်ကိုပင် ပျော်နေပုံရသည်။
“ လူလေး ဘာဟင်းချက်၊ အဖွားကတော့ သားအမိနှစ်ယောက်စာ ဘဲဥဟင်းချက်တယ်၊ အမေရော တရားစခန်းသွားလား..”
“ ဟုတ် အမေက တရားစခန်း၀င်နေတာ၊ ဟင်းက ငါးဟင်းရယ် ၊ ချဉ်ပေါင်ကြော်ရယ်..”
ထိုမျှလောက်နှင့်သာ စကားစဖြတ်လိုက်ရသည်။ မဟုတ်လျှင် ‘ဒီကပြောင်းရင် အဖွားတို့ ဘယ်မှာနေကြမှာလဲ’ ဟု မေးမိတော့မည်။ ကြားသိထားရသော ဒေါ်စန်းတင်၏ သဘောထားမှာ ခါးသီးလွန်းလှ၏။ အဖွားကြီးကို သူတို့နှင့်အတူ ရှားခဲသို့ ခေါ်မသွားနိုင်ပါ တဲ့။ ဦးဝေစိုး၏ ပင်စင်ကြေး သိန်းနှစ်ဆယ်ကျော်ကို စောင့်နေသည့်ပုံ။ အိမ်ပေါ်တက်လာချိန် တစ်နှစ်ကျော်အတွင်းမှာပင် ဒေါ်စန်းတင်က တစ်အိမ်လုံးကို ခြယ်လှယ်ထားလေပြီ။ ဘဝ နေဝင်ချိန်မှာမှ ခိုလှုံရာပျောက်ဆုံးတော့မည့် အဖွားအိုကြီး၏ ဒုက္ခတွေကို တွေးကြည့်လိုက်ပြန်တော့ ရင်မော ရသည်သာ။
သို့သော် အဖွားကြီးက လာမယ့်ဘေးကိုပြေးတွေ့ခဲ့ရသည်။ သူ့ခမျာ ရဲရဲဝံ့ဝံ့တော့လည်း မဟုတ်။ မြို့ထဲရှိ သူ့သမီးက အတင်းလာခေါ်၍ ဖြစ်သည်။ ‘ဆန်လေးတွေ သေချာထည့်ပါဟဲ့၊ ကြက်ဥကလေးခုနှစ်လုံး သေချာယူခဲ့ပါဟဲ့’ နှင့် သူ့မြေးလေးကို တတွတ်တွတ်မှာကာ တုန်ချိချိနှင့် လိုက်သွားခဲ့သည်။ အဝတ်အစား ခပ်နွမ်းနွမ်းနှင့် သူ့သမီးဆိုသူမှာလည်း နေနိုင်စားနိုင်ထဲကမဟုတ်။ ပုလင်းခွံဘူးခွံများ၊ သံတိုသံစများ ကောက်ပြီး မိသားစုစား၀တ်နေရေးကို ဖြေရှင်းနေရသူ။ ယောင်းမ လူလည်လုပ်သည်ကို မခံချင်၍သာ လာခေါ်သည့်ပုံ။ မည်သို့ဆိုစေ အဖွားကြီး အတွက် ခိုလှုံရာရသွားပြီမို့ ဝမ်းသာခဲ့ရသည်။ မီးလုံးဝါဝါလေး မလင်းတော့သည့် အခန်းကျဉ်းကလေးမှာ တံခါးပေါက် ဟောင်းလောင်းနှင့် ဟာလာဟင်းလင်း ကျန်ခဲ့သည်။ အဖွားကြီးပြောင်းသွားပြီး တစ်ပတ်အတွင်းမှာပင် ဒေါ်စန်းတင်တို့လင်မယားလည်း သူ့သမီးရှိရာ ရှားခဲရွာသို့ အပြီးပြောင်းသွားကြတော့သည်။
(၆)
ပိန်ကိုင်းကိုင်းခန္ဓာကိုယ်နှင့် ဆံပင်ဖြူတွေတစ်ခေါင်းလုံး ဖွေးဖွေးလှုပ်နေသော ဖွားမော်။ တစ်ရက်မှာတော့ ထမီရင်ရှားကြီးနှင့် အိမ်ရှေ့အုတ်ရေကန်သို့ ရောက်လာခဲ့သည်။
“ ဟာ အဖွား အလည်လာတာလား..”
“ အေးကွယ် လူလေးရယ် ရေလာချိုးတာကွဲ့။ အဖွားဘဝကလည်း သေခါနီးတောင် ဖြောင့်ဖြောင့် ကျောမခင်းရပါဘူးကွယ် ။ ဟိုမယ် အိပ်ရတဲ့နေရာက ဖိနပ်ချွတ်၊ သေးစော်ကနံ ၊ လိုက်သွားတဲ့နေ့ကတည်းက ခုထိ ရေမချိုးရဘူးလေ။ ဒီအိမ်ကလေးက သွားလေသူကြီး ခေါင်းချရာမို့ အဖွား နေရတာပျော်တယ် ။ ဒါပေမယ့် ကွယ် အဖွားကုသိုလ်နည်းခဲ့လို့ထင်ပါရဲ့၊ မြန်မြန်သေသွားလည်း အေးတာပါပဲကွယ် ..”
" သြော်..အဖွားရယ်.."
ဖွားမော်က မျက်ရည်ကလေးတစမ်းစမ်းနှင့် သူ့အဖြစ်ကို ဝမ်းပန်းတနည်းဆိုရှာတော့ ကျွန်တော့်ရင်ထဲဆို့နင့်သွားရသည်။ သို့ပေမယ့် ကျွန်တော်ကရောဘာလုပ်ပေးနိုင်မှာလဲလေ။ ကိုယ်တိုင်ပင်အိမ်ခန်းကျဉ်းကျဉ်းကလေးမှာ မိသားစုသုံးယောက် နေရသည်မဟုတ်လား။ အစိုးရ၀န်ထမ်းအဖြစ် နှစ်ပေါင်းများစွာရပ်တည်လာခဲ့ပြီးမှ ထမင်းကျွေးသည့်အလုပ်အပေါ် တာ၀န်ကျေပွန်ချင်စိတ်မရှိတော့သော ဦးဝေစိုးကို နားမလည်နိုင်။ နှစ်ဆယ့်လေးနာရီပတ်လုံး ခြင်ထောင်ထဲကမထွက် ဘာအလုပ်မှမလုပ်ချင်သော အပျင်းရောဂါမျိုးကိုလည်း အခုမှပင်တွေ့ဖူးတော့သည်။ မင်းခယောက်ျား ကမ်းနားသစ်ပင်ဟု ဆိုကြရာတွင် ရေတိုက်စားခြင်းကြောင့်မဟုတ်ဘဲ ရေသောက်မြစ်မခိုင်မာ၍ လဲပြိုရသောသစ်ပင်လည်းရှိလေသည်။ ထိုသစ်ပင်ကို မှီတွယ်၍ ရှင်သန်ရပ်တည်နေကြရသော ဘ၀တို့မှာကား ဆိုဖွယ်မရှိပြီ။
မည်သို့ပင်ဆိုစေ ကမ်းနားသစ်ပင်ဆိုသည်ကား အချိန်အခါမရွေး ပြိုလဲတတ်သည်မှာ ဓမ္မတာပင်ဖြစ်လေသည်။
 
မိုးသက်ငွေ✍👸
၂၀၁၇၊ ဒီဇင်ဘာ၊ နေခြည်(ရွှေရတု)

No comments