New Artical

"ပါလေရာနံသူကြီး"

 


"ပါလေရာနံသူကြီး"

ပေယျာလကန်က သူကြီးများ နေရာတကာ ဝင်ဝင်ပြီး ဩဇာပေးတာ။ တစ်ရွာလုံးကလည်း သောက်မြင် ကပ်ပေမယ့် ရာထူးက သူကြီးဖြစ်နေတာက ခက်နေတော့တာပဲ။ သူကြီးကလည်း နှယ်နှယ်ရရမဟုတ်ဘူး။ နှစ်လုံးပြူးကိုင်ခွင့်ရ၊ ရွှေစလွယ်ရထားတဲ့သူကြီးလေ။
“ဟေ့ ... ဟေ့ ... မြောင်းပေါက်တာ ကောင်းကောင်းပေါက်”
“ကောင်းကောင်းမပေါက်လို့ ဆိုးဆိုးပေါက်နေလို့လား”
မြောင်းပေါက်နေတဲ့ ဖိုးတုတ်ကို သွားပြီးဆရာလုပ်နေတာ
“မင်းတို့ကို ဒီရွာမှာ ငါကလွဲပြီး ဘယ်သူမှ ပြောမှာ မဟုတ်လို့ ပြောနေရတာ ... ကောင်းကောင်းပေါက်ရင် ပြီးတာပဲ”
ရွာထဲမှာ ချစ်အိုးက ရေထမ်းလာ
“ဟဲ့ကောင် ကောင်းကောင်းထမ်း”
“အလိုဗျာ ကောင်းကောင်း မထမ်းလို့ စောင်းစောင်းထမ်းနေလို့လား”
“မင်းထမ်းလာတာ ရေတွေဖိတ်နေလို့ပြောတာ”
“ရေဖိတ်တော့ လမ်းတွေ ဖုန်သိပ်သပေါ့ ... စကားမရှိစကားရှာ ... တရားမသိ နွားရာ”
ချစ်အိုးက နောက်ဆုံးစကားကို တိုးတိုးလေးပြောသွားတာ။
စာသင်ကျောင်းရှေ့ရောက်တော့လည်း
“ကျောင်းဆရာ ... ကျောင်းဆရာ ... ကျောင်းလေးလည်း ကောင်းအောင်လုပ်ဦီးဗျာ”
ကျောင်းဆရာကြီးကလည်း
“ရွာမှာက ဆပ်ကြေးနဲ့ အငတ်ဘေးကြုံနေတာ ... တစ်အိမ်ထောင်တစ်ပြား မကောက်ပါနဲ့လား ... ခင်ဗျားကောက်တဲ့ တစ်အိမ်ထောင်တစ်ပြား ကျောင်းကိုပေးပါလား။ အုတ်ကျောင်းကြီး ဆောက်လိုက်မှာ”
သူကြီးက မရပ်သေးဘူး ရှေ့ဆက်လျှောက်လာ။ ရပ်ပြီး မြက်စားနေတဲ့နွားကို
“ရပ်တာလည်း လမ်းဘေးမှာရပ်မှပေါ့ ... ဒီအချိန် ဆွမ်းခံကြွနေတာ ကန့်လန့်မလုပ်နဲ့”
ပြောစရာစရှိ ရှာကြံပြောနေတာ၊ နွားက တစ်ခွန်းမှ ပြန်ပြောတာမဟုတ်။ ဒါပေမဲ့ နွားကတော့ အနားကပ်လာမှ ဆောင့်ကန်လိုက်ဦးမှာလို့ တွေးကောင်းတွေးနေမှာ
ဒီလိုနဲ့ သူကြီးက သူ့သမီးအိမ်ရောက်လာ
“အလို အိမ်တံခါးကြီးများ ပိတ်လို့ ... မိုးလင်းတာတောင် ဘာများဖြစ်နေပါလိမ့်”
တိတ်တိတ်လေးသွားပြီး အိမ်ထဲချောင်းကြည့်လိုက်တော့ သူ့သမီးနဲ့ သူ့သမက် ခြင်ထောင်ဘေးမှာ နပမ်းလုံးနေတာ တွေ့တော့ တာပဲ။ အိမ်ရှေ့ ကွပ်ပျစ်မှာထိုင်ပြီး အသင့်တွေ့တဲ့ ရေနွေးကြမ်းကိုငှဲ့သောက်တုန်း
“အမေလေး အဖေရဲ့ သေပါပြီ” ဆိုတဲ့ သူ့သမီး အော်သံကြားလိုက်ရတယ်
သူကြီးလည်း မနေနိုင် မထိုင်နိုင်
“သမီးရေ ... အောက်ကပဲ ကော့ကန် မနေနဲ့ ... တစ်ကြော့ပြန် အလှည့်ပေးမှ သက်သာသကွယ့်” လို့ပြောပြော ဆိုဆို ခြံထဲက ပြန်ထွက်သွားတယ်။
နေရာတကာ ဆရာကြီး မလုပ်ရမနေနိုင်တဲ့သူကြီး သမီးကို နည်းပေးပြီးတော့ ဘုန်းကြီးကျောင်းလာ ဆရာတော်ကို ကန်တော့ရှာတယ်။
“ဘာများ လိုသေးလဲ ဘုရား”
“ပြည့်စုံတယ်ဒကာကြီး”
“တောင်ကျောင်း ဘုန်းကြီးက ဒီနှစ်တရားပွဲမှာ ရွှေမန်းဆရာတော်ကိုပင့်မယ်လို့ ကြားတယ်ဘုရား”
“ဘယ်ကိုယ်တော်ပင့်ပင့်ပေါ့ ... တရားပွဲလုပ်တာ ... အာဝါဒေးဖွင့်တာမှ မဟုတ်တာ”
“တပည့်တော်တို့လည်း ဘုရားပွဲမှာ ပန်တျာလှကြည်လောက်တော့ ငှားမှနဲ့တူတယ်”
“ဟဲ့ ဒကာ အဲဒါ နင့်အလုပ် ... ငါ့အလုပ်မဟုတ်ဘူး”
“ဆရာတော်လည်း တရားဟောတာတွေက ထပ်နေပြီ ... တစ်ခါလာလည်း ငါးရာ့ငါးဆယ်က မတက်တော့ဘူး ... ဇာတ်တော်လေးများပြောင်းဟောဖို့ စာလေးဘာလေး ကျက်ဦး”
“ဟဲ့ ဒကာ”
“ဘုရား”
“နင့်အလုပ်ကဘာလဲ”
“သူကြီးလေဘုရား”
“အေး ... နင့်ကို မေးစမ်းပါရစေ နင်က လား, လား ... ခွေးလား”
“ဘာကိုပြောသလဲဘုရား”
“ဟိုး ရှေးရှေးက အိမ်တစ်အိမ်မှာ လားတစ်ကောင်နဲ့ ခွေးတစ်ကောင်ရှိတယ်။ အိမ်ပိုင်ရှင်က ခွေးကို အိမ်စောင့်ဖို့ သူခိုးရန်က လုံခြုံဖို့ မွေးထားတာ။ လားကတော့ ဝန်တင်ဖို့ လှည်းဆွဲဖို့ပေါ့။ တစ်ညမှာ သူခိုးအိမ်ကပ်တယ်။ သူခိုး အိမ်ကပ်နေတာကို လားကတွေ့တော့ ခွေးကို ပြောတယ်။ ဟေ့ကောင် သူခိုးကပ်နေပြီပေါ့။ ခွေးက အေးအေး ဆေးဆေးပဲ။ မဟောင်ဘူး။ ဒီတော့ လားက မနေနိုင် မထိုင်နိုင် အိမ်တံခါးကိုကန်ပြီး အိမ်ရှင်ကို သတိပေးတယ်။ ဝုန်းဝုန်းဆိုတဲ့အသံကြားတော့ သူခိုးပြေးတာပေါ့။ အိမ်ရှင်ကနိုးလာပြီး တံခါးဖွင့်ကြည့်တယ်။ လားက တံခါးဝမှ ရပ်နေတယ်။ လားက သူနှိုးလို့ သခင်နိုးလာတာပဲဆိုပြီး ဂုဏ်ယူနေတာ။ အိမ်ရှင်က တံခါးကို လာကန်ရမလားဆိုပြီး အိပ်ရေးပျက်တယ်လို့ တုတ်နဲ့ရိုက်တယ်။ ဟောင်ရမယ့်ခွေးကတော့ အေးအေး ဆေးဆေးပဲ အိပ်နေတယ် ... အဲဒီတော့ နင့်ကို မေးပါရစေ လား, လား ... ခွေးလား”
“တပည့်တော်က တွေ့တော့လည်း မနေနိုင်မထိုင်နိုင် ပြောမိတာပေါ့ဘုရား”
“အေး ... ခွေးဆိုရင် ဟောင်ရမယ့်နေရာမှာဟောင် ... ဟောင်ရမယ့်နေရာ ဝင်မဟောင်တော့ မနေနိုင် မထိုင်နိုင် ကြားက လားနာတယ်။ လားကိုကောင်းကောင်းစီးချင်ရင် ခွေးကို ဟောင်ခိုင်း။ နေရာတကာ လားအလုပ် လားမလုပ်ဘဲ ခွေးအလုပ် ဝင်လုပ်ရင် တုတ်ကိုကြည့်ထား။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့် လား, လား ... ခွေးလား။ ဟောင်တဲ့အကောင်လား ... အစီးခံတဲ့အကောင်လား”
သူကြီးလည်း လားမှန်းမသိ ... ခွေးမှန်းမသိ ဘုန်းကြီးကျောင်းမှ ပြန်ထွက်လာတယ်။
အကြော်တဲရှေ့ရောက်တော့ အကြော်သည် မဗြားက
“ဟဲ့ခွေး ... ဟဲ့ခွေး” လို့အော်တယ်
သူကြီးက သူလာမှ ဟဲ့ခွေးလို့အော်တော့ စိတ်ဆိုးတာပေါ့
“ဟဲ့ မဗြား နင်က ငါ့ကို စောင်းတာလား”
“တော့်ကို စောင်းရအောင် တော်က ခွေးလား ... အကြော်ဗန်းကို အလစ်ချောင်းနေတဲ့ကောင်ကို မောင်းတာ” တဲ့
“အေး ... အေး ... ကောင်းကောင်းရောင်း”
“ကျုပ်က ကောင်းကောင်းမရောင်းလို့ ဘယ်လိုရောင်းနေလို့လဲ”
“နင့်အောက်က ဟောင်းလောင်းကြီးဖြစ်နေလို့ပြောတာ”
“ခက်တာပဲ ... မီးပူလွန်းလို့ လေသလပ်ထားတာကို ကြည့်ဖြစ်အောင်လိုက်ကြည့်နေသေး”
ပေယျာလကန်ရွာနဲ့ သူကြီးက အဲဒီလိုလေး။

တင်ညွန့်

No comments