တံငါမျက်ရည် ဧရာဝတီ
တံငါမျက်ရည် ဧရာဝတီ
လှိုင်းကြက်ခွပ်တို့
ဆော့ကလူးပြေးလွှား မိုးသက်လေပေလော။ မဟုတ်ပါချေ။ လေချည်းသက်သက် အလျှောတိုက်
လှော်တက်ကလေးနှင့် အလိုက်သင့်မျောနေမိသည်။ အချိန်သည်ကား မွန်းတည့်ပြီး၍
နှစ်ချက်တီး တံငါညည်းရသော အခါကာလ။ ဝမ်းစာငါးက မရချေပြီတည်း။
နှာခေါင်းထဲတွင် မိုးသက်နံ့လိုလို ထင်မိငြား
ကောင်းကင်သည်အုံ့မှိုင်းနေသည်မှ အပ ထူးထူးခြားခြား
ပြင်ဆင်လာခြင်းမရှိသေးပေ။ တစ်ဖက်က သောင်လွှမ်း။ တစ်ဖက်ကမ်း
ကမ်းပါးယံဇောက်နက်သည့်အထဲ တိုးဝင်ခဲ့မိသည်။ သူသည် ကွန်, ပစ်တံငါဖြစ်သည်။
သို့သော် ငါးပိုက်လည်း ချရပါသည်။ ထိုသို့မှသာ ဝမ်းဝပါမည်။
တစ်ချက်တစ်ချက် မြစ်ရေကတိုးသည်လား ထင်ယောင်ထင်မှား။ မကြာမတင် လျော့သည်ထင်ပြန်၏။ ယခုတလော ရေတက်လာပြီအထင်နှင့် ချောင်းပေါက်တွေဘက် အောက်ကျင်းတွေအထိ ကွန်, သွားပစ်သည်။ လောက်လောက်လားလား ငါးဟူ၍မရ။ ယုတ်စွအဆုံး တံငါက ငါးမရလျှင် ဘုရားတမိရော ထင်။ သည်နေ့လည်း ကြည့်။ ထူးထူးဆန်းဆန်းတွေချည်း ဖြစ်နေရသည်။ "ငါးဖယ် ကွန်ရှောင်"ဟု အဆိုရှိသည်။ ငါးဖယ်တို့သည် ကွန်, ချက်မစေ့ခင် လွတ်အောင်ရှောင်နိုင်သည်။ အလွန်မြန်သော ငါး။ ယခု သူတို့အကြွားနှင့် မညီ ကွန်, ထဲဝယ် ထိုငါးဖယ် တစ်ကောင်တည်းသာ ပါလာခဲ့သည်။
သို့သော်လည်း စိတ်ကူးဖြင့်မူ အားမလျှော့သေး။ သုံးထပ်ပိုက်ကျန်ပါသေးသည်။ အလယ်က စိန်, ပိုက်ခံထားသည်။ ဘေးနှစ်ဖက်တွင် ငါးသေးမကျန်စေရန် လက်သုံးသစ်၊ လေးသစ် နှစ်ထပ်ရံထားသည်။ တော်ရုံငါး ကြီးကြီးသေးသေး ရုန်းထွက်မပြေးနိုင်ပါချေ။ ခက်ချေသည်။ ပိုက်ထဲတွင်လည်း ငါး လက်နှစ်သစ်ခန့်လေးတွေသာ အစီအရီမိနေသည်။ ငါးကြီးမပါပေ။
' မုဆိုးဗလာ တံငါတစ်အုံး' အပြောလိုပင် မုဆိုးက သားကောင်မရလျှင် လက်ချည်းပြန်ရသော်ငြား တံငါကမူ အိမ်စားအတွက်ရနေတတ်သည်။ ယခုလည်း အပြန်အဝင်မလှ မည်သူ့ကိုမှ ငါးဝယ်ကြအုံးမလား ခေါ်စရာမလို ခေါင်းကို လူမမြင်စေရန် လျို၍ ဝင်ဟန်လုပ်ရပေတော့မည်။ မည်သို့ပင်ဆိုဆို တံငါတိုင်း နေ့စဉ် ငါးရသည်မဟုတ်။ မိုးကျတိုင်း ဖားထွက်သည်မှ မဟုတ်ပေ။ ကိုယ့်အလုပ်မို့ ကိုယ်လုပ်ကြသည်သာ။
"ဒီ ငါးဖယ်လေး အမေ့ကို ငါးဆုပ်လုပ်ခိုင်းမယ်၊ တစ်ကောင်တည်းပေမယ့် ငါတို့ သားအမိနှစ်ယောက် အတွက်တော့ လောက်ပါတယ်"
"မဟုတ်သေးဘူး၊ ဒီငါးဖယ်ကို ငါးစာတည်ပြီး ကြိုးထုပ်ပစ်ရင် ကောင်းမယ်၊ နေပါစေတော့လေ တော်နေကြာ စားဖို့တောင်မကျန်ဘဲ နေရော့မယ်"
"ဟာ အခုမှ အမှတ်ရ ငါ့ကို ချစ်ရသူလေးက ငါးဖယ်စားချင်လိုက်တာလို့ ညည်းပြဖူးတာပဲ၊ အမေလဲ ငါ့အကြောင်းသိနေတာ ဘာမှ ပြောမှာမဟုတ်ဘူး"
"ဗွမ်း ဗွမ်း"
ဟာ
ငါးကြီးပွက်သံတွေပါလား။ သူ့လှေနှင့်ကမူ တစ်ပြခန့်ဝေးသည်။ ရေပန်းကြီးများ
စဉ်ထွက်သွားပုံမှာ လှပသည်။ အမြီးရှည်ကြီး ရိုက်ချလိုက်ပုံမှာ
အကမယ်တစ်ယောက်အလား ပင်။ မြင်လိုက်ရပါသည်။ ကောင်းကောင်းကြီး မြင်လိုက်ရသည်။
အတော်ကြည့်ကောင်းသည့် ငါးတွေပင်။ ရေတွက်ကြည့်မိသည်။ တစ်ကောင်၊ နှစ်ကောင်။
မဟုတ်ဘူး သုံးကောင်။ ဟာ လေးငါးကောင်ရှိလောက်တယ်။ ငါးကြီးတွေသည်
ရေလှိုင်းရာရာ ဖွေးဖွေးကြီးတွေထနေစေရန် ပတ်ချာလှည့်လူးနေကြသည်။ ဟာ
ငါးကလေးတွေ။ မဟုတ်ချေ။ ငါးဖြူလေးတွေပြောရမည် ပျံတက်ခုန်ထွက်သွားကြသည်။
ယခုမှ သဘောပေါက်သည်။ ထိုငါးကြီးများ ငါးဖမ်းနေကြခြင်းပင်။ ကလေးများ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဆော့ကြသလို စက်ဝိုင်းသဏ္ဍန်ပတ်၍ အမြီးဖြင့် ဝိုင်းမိသောငါးကလေးတွေကို ခြောက်ထုတ်လိုက်သည်။ အန္တရယ်ရှိပြီဟု သိကြသော ငါးကလေးအုပ်သည် ခုန်ပျံ၍ထွက်အလာ လေထဲမှာပင် ဖမ်းယူစားသောက်ကြခြင်း ဖြစ်လေသည်။ ပါးစပ်အဟောင်းသား ငေး ကြည့်နေမိသည်။ သူ့တစ်သက်နှင့် တစ်ကိုယ် ယခု အချိန်မှ ထိုငါးကြီးများအား မြင်ဖူးခြင်းဖြစ်သည်။ ဖော့လုံးကြီးများထောင်ထားသလို သူ့လှေရှိရာ ခေါင်းထောင်ကြည့်ပြီး ပျောက်ကွယ်သွားကြတော့သည်။ မြစ်ထဲတွင် ဖခင်မဆုံးခင်ကတည်းက အတူတူငါးဖမ်းလာခဲ့သည်မှာ နှစ်ကြာခဲ့ပြီ။ တစ်ကြိမ်တစ်ခါမှ ကြုံဖူးခဲ့ခြင်းမရှိ၍ အံ့သြမင်သက်ကာ လှေကလေးသည်ပင် ရေကြောင်းအတိုင်းသာ မျောနေသည်။
သူက
မင်သက်ကြောင်နေချိန် ဖော့လုံးတစ်လုံးက လှေနားကပ်ကာ ထောင်လာသည်။
မဟုတ်ပါချေ။ ထိုဖော့လုံးတွင် ချစ်စဖွယ်သော မျက်လုံးလေးများပါနေသည်။ ဟင်
သူသည် အစောက ငါးကြီးတွေကို စိတ်ဆွဲ၍မက်နေသလော။ မဟုတ်ပြန်ချေ။ ထို
ဖော့လုံးသည် ကြီးမားသောပါးစပ်ကို ပိုင်ဆိုင်နေကာ ဟ၍ ဖြဲပြလိုက်လျှင်
သွားစွယ်ကလေးများ ခံတွင်းအထိ ဖွေးနေသည်ကို ကလေးငယ်တစ်ယောက်လို
မြင်တွေ့လိုက်ရလေသည်။ ပြန်ငုပ်သွားပြန်သည်။ နောက်တစ်ခါ
လှေနံဘေးပေါ်လာချိန်တွင် နှစ်ခါသုံးခါတိတိ ကျွမ်းပစ်လိုက်သည်။
အလွန့်အလွန်လှသည့် ငါး။ ကိုယ်ထည်လည်း ကြွားလှပေသည်။ သူသည်
တံငါသည်တစ်ယောက်ဖြစ်သည်။ လှေ ဝမ်းထဲတွင် ကွန်, အသင့်ပါသည်။ သို့ငြား
မလှုပ်ရှား သူ့အနားက ငါးကြီးကို အငေးသား။
"ဟေး မင်းကို ရန်မရှာဘူးကွာ ငါ့ လှေနားကပ်ခဲ့"
သူက
အကျယ်ကြီးအော်ပစ်လိုက်သည်။ စိတ်ပျော်ရွှင်လာ၍ ဖြစ်လေသည်။ သို့သော်
ခဏအကြာအထိ မပေါ်လာတော့ပေ။ ထို အချိန်ကျမှ ရေလယ်တွင် မျောချင်ရာမျောနေသော
သူ့လှေကိုသတိထားမိသည်။ လှော်တက်ဖြင့် ထိန်းရသည်။ စိတ်ထဲက အပျော်ကမူ
မပျောက်သေး။ လှော်တက်နှင့် လှေနံ့ကိုခေါက်လိုက်ရင်း ထပ်အော်ပြောလိုက်သည်။
"ဟေး သူငယ်ချင်း ငါ့ချစ်သူဖို့ ရလာတဲ့ ငါးဖယ်တစ်ကောင်ရှိတယ်၊ မင်း ကြိုက်တတ်ရင် မိတ်ဖြစ်ဆွေဖြစ်ကျွေးမယ် ဟေ့"
လက်က ငါးကို ကိုင်ပြလိုက်ရင်း ထပ်အော်ပြောသည်။ အမှန်မူ မြစ်ပြင်ကိုကြည့်ကာ အော်ကြီးဟစ်ကျယ်ပြောနေသော သူ့အား မြင်တွေ့သွားသူရှိပါက အရူးတစ်ယောက်ဟု ထင်မှတ်မှားမိကြမည် ဖြစ်သည်။ သို့သော် ထင်မှတ်မထားသော အဖြစ်အပျက်သည် မျက်စိရှေ့ရောက်လာသည်။ အစောက ငါးကြီးသည် လှေနံဘေးတွင် ကူးခတ်ရင်း လိုက်ပါခဲ့ခြင်းပင်။ မည်သို့ဟူ၍ မပြောတတ် စိတ်ထဲကလွန်စွာ ပျော်ရွှင်လာရကာ ငါးဖယ်လေးကို ထိုးငါးကြီးအား ချကျွေးလိုက်တော့သည်။
ငါးကြီးသည် လှေ၏ ရှေ့မှသွားနေသည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း စိတ်စေရာအတိုင်း နောက်က လိုက်ပါနေမိသည်။ တရွေ့ရွေ့နှင့် သူတို့မိတ်ဆွေနှစ်ဦး ရေပါးသည့် ကမ်းဘက်ရောက်လာသည်။ ဝါးလုံးတွေ စိုက်ထူထားရာ အနက်ကိုကြည့်၍ သောင်ထိုးနိုင်ကြောင်း စဉ်းစားမိသည်။ အဘယ်ကြောင့်ဆိုသော် ငါးကြီးကူးခတ်သွားရာ ရေပန်းဖွေးဖွေးသည်ပင် နွံများလူးလား ပေါ်လာ၍ဖြစ်လေသည်။ ရှေ့မှ ကူးခတ်နေရာက တစ်နေရာအရောက်တွင် ရပ်တန့်သွားသည်။ ပြီးနောက် သူ့လှေနားကပ်လာပြန်သည်။ ထိုနေရာတွင်မူ ရေအနက်အတန့်အသင့်ရှိကြောင်း ရိပ်စားမိလိုက်သည်။
"ငါ့ကို ငါးဖမ်းစေချင်တာလား၊ ဒီနေရာကို အကြောင်းမဲ့တော့ ခေါ်လာမှာမဟုတ်ဘူး"
သူ ကွန်, ကို အသင့်ကထားလိုက်သည်။ ရေဝပ်သလို တခြား သောင်းထိုးထားပုံများနှင့် မတူ။ တစ်ချက်တစ်ချက် ငါးကလေးများ ထိုးပွက်သည်မှအပ ရေပြင်ငြိမ်နေသည်။ ဝပ်နေသည့် အိုင်ပေါက်သည် အိပ်နေမည့်ငါးကိုရရန် အသေချာဆုံးဖြစ်သည်။ အိပ်သည်ဆိုရာမှာ ငါးတို့ ခိုအောင်းခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ခေါ်လာသောငါးကြီးသည် ရေထွက်ပေါက်ဟု ထင်မှတ်ရသောဘက်မှ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။ မြစ်ပြင်ကျယ်ကြီးထဲတွင် သူ တစ်ယောက်တည်းအထီးကျန်နေရာမှ ယခု မိတ်ဆွေကောင်းရလိုက်လေပြီ။ စိတ်က ရွှင်မြူးနေ၍လား မသိ ကွန်, ချက်သည် ဝဲကနဲ ပြန့်ဆင်းသွားသည်။
တစ်ချက်နှစ်ချက် လက်ကဆကြည့်လိုက်လျှင် ကန်အားတိုးသည်။ သေချာပေါက် ငါးအတန်အသင့် ခပ်လတ်လတ်များ ရနိုင်ပေပြီ။ သူ့ကွန်ကို ယုံသည်။ ခဲစိတ်သလို လေးရသည်။ ဖခင် ရှိစဉ်ကမူ ခုနှစ်တောင်ထွာခန့်သာ ကိုင်ခွင့်ရသည်။ ယခု ကိုးတောင်ထွာကွန်ကို အခက်အခဲမရှိ ပစ်လွင့်နိုင်လေပြီ။ တစ်ပတ်ချင်းလက်နှင့် အရသာခံဆွဲယူနေမိသည်။
ကွန်, ထဲတွင်ရှိနေသောငါးများ ချီးအိတ်(ငါးနေအိမ်ပြုလုပ်ထားသည့် အိတ်)ထဲ ရှောက်ရှိတိုးဝင်သည်အထိ လက်က ထိတွေ့သိနေခြင်းမှာ ကွန်သမားတစ်ယောက်အတွက် မည်သည့်အရာနှင့်မှ မတူသောခံစားမှု ဖြစ်သည်။ ကွန်, ကို အသာအယာမယူလိုက်သည်နှင့် ဖွေးဖွေးလက်နေသော ငါးများ၊ ရွှေရောင် အကြေးခွံပါသော ငါးများအားတွေ့လိုက်ရလေကာ ဖော်မပြတတ်အောင် ကျေးဇူးတင်မိသွားသည်။ ကွန်သမားသည် တစ်ချက်ကောင်း ဖြစ်လေသည်။ ယခု သူ၏လှေဝမ်းထဲတွင် ငါးမြင်းပေါက်၊ ငါးရံ့ဒိုင်း၊ ငါးကြောင်း၊ ငါးဖန်ဝိုင်း ငါးများနှင့် ငါးပတ်ပေါက်တစ်ကောင်ပင် နှစ်ပိဿာခန့်ရှိသည်။ အပြန်တွင် ငါးဖန်ဝိုင်းငါးလေးများကို တစ်ကောင်ချင်းပစ်၍ကျွေးလာရာ ငါးကြီးကလည်း ကျွမ်းများထိုးကာ ပျော်ရွှင်မြူးရင်း ပါလာသည်။ မြစ်လယ်ရောက်မှပင် မည်သည့်နေရာတွင် ချန်နေခဲ့မှန်း မသိတော့ပေ။
စိတ်မကောင်းစွာ ပြန်လှည့်ကြည့်မိသော်လည်း လိုက်ပါမလာခဲ့ပါ။ ထိုနေ့ကစ၍ သူ့မိတ်ဆွေငါးကြီးကို မြစ်ပြင်တနံတလျား ကွန်, ပစ်ရင်းလိုက်ရှာမိသည်။ သို့သော် ရက်အတန်ကြာသည်အထိ မတွေ့ရှိခဲ့ရချေ။ ငါးသည်လည်း ရတလှည့်မရတလှည့်ဖြင့် တံငါဘဝတွင် ငါးကြီးကိုခင်တွယ်မိသည်မှာ ပထမဆုံးဖြစ်နေခဲ့သည်။ လူကြီးသူမများ ပြောစကားအရ ဧရာဝတီလင်းပိုင်ကြီးဖြစ်သည်ဟု သိခဲ့ရသည်။ မိတ်ဆွေ တစ်ယောက်ဆိုခြင်းထက် သူငယ်ချင်းကောင်းတစ်ယောက်လို သံယောဇဉ်ဖြစ်မိခဲ့ရသည်။ အိပ်မက်ထဲအထိ ငါးတွေ အတူရှာဖမ်းကြရင်း ဖြစ်လေသည်။
တစ်နေ့တွင်မူ
ငါးကြီးကိုစိတ်မကောင်းဖွယ်ရာ ပြန်လည်တွေ့ရှိခဲ့လေသည်။ အဘယ်ကြောင့်မှန်းမသိ
ထိုနေ့က ငါးစုန်းတွေကို ပိုက်နှင့်ကော်နေရာမှ လှေဖြင့်ဆန်တက်ကာလိုက်ရင်း
မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့်။
"ဟာ ဒါဟာ ငါ့မိတ်ဆွေလင်းပိုင်ကြီးပဲ၊ ဘာကြောင့် ကမ်းဘေးမှာတင်နေပါလိမ့်"
လင်းပိုင်ကြီးသည် တုပ်တုပ်မှမလှုပ်ဘဲ ငြိမ်သက်နေသည်။ အသက်ကိုပင် ပြင်းထန်စွာရှူရှိုက်နေရသည်မှာ ထင်ရှား၏။ ပျော်ရွှင်ရိပ်မြူးတူးနေခဲ့သော မျက်လုံးတို့သည် အားအင်ချိနှဲ့လွန်းလှသည်။ သွားစွယ်ဖွေးဖွေးများ ပေါ်စေရန် ပက်လက်လှန်ကျွမ်းထိုးဆော့ကစားပြခဲ့သော သူ့မိတ်ဆွေကြီးသည် ရန်သူနှင့် တွေ့သည်သော်မှ လွတ်မြောက်ရုန်းထွက်နိုင်ဖွယ် မရှိတော့ချေ။ အင်အားကြီးသည်ဟု ထင်ရသော အမြီးပိုင်းမူကား တစ်ချက်တစ်ချက် လှုပ်ခတ်ပစ်သေး၏။
ဆူးတောင်တို့သည် တောင့်တင်းလျက် တစ်စုံတစ်ရာ၏ဒဏ်ကို ကြံကြံခံခဲ့ရဟန် ရှိလေသည်။ ကျောရိုးသည် ယခင်လိုမပျော့ပျောင်း နီကျင်ကျင် အစင်းရာတစ်ခုကိုလည်း တွေ့ရသည်။ ဧရာဝတီသားတို့သည် ဝဲပြန်ပိုက်ကြီးများ၊ ကျားပိုက်ကဲ့သို့သော ထောင်ပိုက်ကြီးများ ရေနက်ရာအပိုင်းတွင် ချထားတတ်ကြသည်။
အကယ်၍ ထိုပိုက်ကြီးများနှင့် တိုးမိခဲ့ပါက လွတ်မြောက်ရန်မလွယ်ကူပါချေ။ ယခု ကျောကုန်းပေါ်က အနီစင်းရာသည် ဒဏ်တစ်ခုခုကို တည်စေပုံ ရလေသည်။ အသက်လုပြေးလာကြောင်းမှာမူ ထင်ရှားလေရကာ မည်သို့မည်ပုံ ကယ်ဆယ်ရမည်မှန်း အကြံအိုက်ရပေသည်။ လင်းပိုင်ကြီး၏ သနားစဖွယ်သော မျက်လုံးကိုမြင်ရလေလေ သူပါ မချိခံခက်ဝေဒနာကို ကူးပြောင်း ခံစားမိရလေ ဖြစ်နေသည်။ အမည်မသိနိုင်သော ခံစားချက်ဖြင့် မျက်ရည်စီးကြောင်းနှစ်ခု စီးဆင်းလာရလေသည်။ လင်းပိုင်ကြီးကို ပွေ့ဖက်ထားမိသည်။ တစ်ခါက ငါးအတူ ဖမ်းခဲ့သည့်ပုံရိပ်များ စိတ်ဝယ်ထင်မှတ်ပြန်မြင်ယောင်ရင်း။
"ငါ့ သူငယ်ချင်း မင်း မသေရဘူး ကွ၊ ရအောင်ကယ်မယ်"
လှေနောက်မြီးတွင် လင်းပိုင်ကြီးကိုချည်ကာ ရွာဘက်ပြန်ခဲ့သည်။ လမ်းခရီးတွင် တစ်ယောက်ယောက် တွေ့သွား၍လည်း သူက မပူပါ။ သူသည် တံငါတစ်ယောက်ဖြစ်၍ ထိုအဖြစ်သည် မထူူးဆန်း။ စူးစမ်းလာရုံအနည်းငယ်မှအပ ထို့ထက်မပိုပေ။ လိုနေသည်မှာ လင်းပိုင်ကြီးကို မည်သို့ကယ်ရမည်နည်း။ တောရွာတွေတွင် တိရစ္ဆာန်ဆရာဝန်လည်း မရှိပါ။ ကုသသော ဆေးနည်းလည်း မသိပါ။ လင်းပိုင်ကြီးကို သူသာမဟုတ်ဘဲ အခြားတံငါတစ်ယောက်ဆိုပါက ထိုနေရာတွင်ပင် အသက်ပျောက်နေချေရော့မည်။
သူ ညအိပ်ညနေ ဧည့်သည်အကြိုအပို့လုပ်ရန် ဆောက်လုပ်ထားသော တံငါတဲကလေး ရှိသည်။ ငါးလုံးဝဖမ်း၍ အဆင်မပြေသည့်အချိန် ဧည့်သွားဧည့်ပြန်များချိန်၌ ထိုတဲမှာပင် နေဖြစ်သည်။ ခါတိုင်း ရက်တွေတွင်လည်း တစ်ပတ်တန်သည် နှစ်ပတ်တန်သည် နေထိုင်လျက်ရှိရာ ထိုနေရာသည် ယခုလို ဧည့်သွားဧည့်လာပြတ်သည့် ရာသီ၌ လင်းပိုင်ကြီးအတွက် အန္တရယ်အကင်းဆုံး ဖြစ်သည်။ သူ့လှေနှင့်အတူ တွဲကာ ထားလိုက်ရသည်။ ရေနေသတ္တဝါကို ကုန်းပေါ်တင်ဆေးကု၍ မရပေ။ မြို့သို့ အသွားအလာမရှိငြား မည်သူကမှ အမှတ်တရ စုံစမ်းနေမည် မဟုတ်ချေ။
"ငါနဲ့
ရှိနေသမျှ မင်း အန္တရယ်ကင်းပါတယ် သူငယ်ချင်း၊ ဒီနေရာက ရွာနဲ့လဲအလှမ်းဝေး
လူသူအရောက်အပေါက်လဲ နည်းပါတယ်။ မင်းကို အစာငါကိုယ်တိုင်ရှာပေးမယ်"
ထို
အနီးအနားတစ်ဝိုက်မှာပင် ငါးရှာဖြစ်ခဲ့သည်။ ညပိုင်း စိတ်ချရပြီဟုထင်မှ
အိမ်ပြန်သည်။ သူ အမေ့ကိုမူ လင်းပိုင်ကြီးအကြောင်း ပြောပြမိလေသည်။ အမေကလည်း
သူ ချစ်ရသူ အေးမူကိုပြန်ပြောပြလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
"ဟေ့ ရေလှိုင်းကိုကို ငါ နင့်လင်းပိုင်ကြီးကို လိုက်တွေ့ချင်တယ်။ နင် ပြောသလိုဆို သူက လူလောက်နီးနီး နားလည်တယ်ပေါ့"
"ငါ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ ခေါ်မသွားချင်ဘူး ဟ၊ နင့်ကို အမေက ဘယ်ချိန်ပြောလိုက်သလဲ နင်ကကော ဘယ်နှစ်ယောက်ပြန်ပြောပြီးပြီလဲ"
"ဟဲ့ သား ငါ မနေနိုင်လွန်းလို့ ပြန်ပြောလိုက်တဲ့သူက သူစိမ်းလား"
"အေးလေ အေးလေ နင်ပဲပြောထားပြီးတော့ ဒီဝါကျွတ်အမီဆို ငါက နင်အတွက်ဘာလဲ"
သူသည် အမေ့ကိုယုံကြည်သဖြင့် ပြောပြခဲ့သည်။ သို့သော် အမေသည် မနေနိုင်စွာ အေးမူကိုတစ်ဆင့် ပြန်ပြောခဲ့လေပြီ။ အေးမူသည်ကော ပါးစပ်ပေါက်ကို ကြာကြာပိတ်ထားနိုင်ပါမည်လော။ လင်းပိုင်ကြီးအတွက် စိုးရိမ်လာမိလေသည်။
"သူဟာ ငါးတစ်ကောင်ဆိုပေမယ့် ငါ့အတွက်သူငယ်ချင်းကောင်းပဲ။ သူ့အသက်အန္တရယ်ဖြစ်နိုင်မယ့် ကိစ္စတွေဆို ဘယ်အရာမှ ခွင့်မပြုနိုင်ဘူး"
"ငါသိပါတယ်
ဟာ နင့်အမေ ပြောပြထားလို့ နင်တို့ သံယောဇဉ်ကို ငါက
ထိခိုက်အောင်လုပ်မတဲ့လား။ ပြီးတော့ နင့်လင်းပိုင်ကြီးပြန်ကောင်းလာရင်လဲ
အဝေးကိုသာ ထွက်သွားခိုင်းလိုက် အခု ငါးရှော့သမားတွေက လင်းပိုင်မပြောနဲ့
လင်ဘန်းတောင်ငါးရုပ်ပေါက်ရင် ထားမှာ မဟုတ်ဘူး"
ယခု အေးမူပြောမှ သတိထားမိသွားသည်။ လင်းပိုင်ကြီး သေလုအောင်ဒဏ်ရာရခဲ့ခြင်းသည် ထို ငါးရှော့သမားတွေ၏ လက်ချက်ဖြစ်နေမည်လော။ ပိုက်တိုးခဲ့သည်ဆိုပါက ထို့ထက် ဒဏ်ချက်ပြင်းသင့်သည်။ ပိုက်သည် စိန်၊ နိုင်လွန်တို့နှင့် ယက်လုပ်သဖြင့် အတော်အတန့်ကြီးသော ငါး ရုန်းမထွက်နိုင်ပါချေ။ ရုန်းထွက်နိုင်ခဲ့သည် ထားဦး လင်းပိုင်လိုငါးအတွက် ဒဏ်ရာဒဏ်ချက် ပွန်းပဲ့ရာများ ထင်ကျန်နေရမည် ဖြစ်သည်။ သူ တွေ့ခဲ့စဉ်က အနီစင်းလေးသာ ရှိနေခဲ့သည် မဟုတ်ပါလော။
"အခုက အရင်လိုလေးတောင် လက်ဖြစ် ကွန်နစ်ဆာသုံးလုံးလောက်နဲ့ ထိုးတာ မဟုတ်တော့ဘူး သား။ ဘက်ထရီကို တစ်ရာအိုး နှစ်ရာအိုးတွေနဲ့ ထိုးကြတာ။ နောက်ပြီး လက်ဆွဲမီးစက်တွေနဲ့တောင် လုပ်နေကြပြီဆိုလား ပဲ။ ဧရာဝတီရဲ့ ဒီဘက်ပိုင်းမှာ တရုတ်ဖြစ်ရှော့ပုံးတွေ ခိုးသုံးပြီး ငါးဖမ်းနေကြပြီ။ ဗို့အားတွေက သောင်းချီရှိတာဆိုပဲ တနံတလျား မြစ်ကိုပိုက်တိုက်ပြီး လောဘသားတွေရှာနေကြတာ မကြာခင် ငါးကို အရုပ်ရေးပြရမယ့် ခေတ်ရောက်တော့မယ်" မှန်ပေသည်။
သူတို့ရွာထဲမှာပင် ယခင်က လယ်မြောင်း၊ ချောင်းကြိုချောင်းကြား ရေဝင်ချိန်တွင် အပျော်စားရှော့တိုက်ခွင့် ပြုထားခဲ့သည်။ ယခုမူ လောဘသမားတို့ တံငါအလုပ်ကိုပစ်၍ ငါးမျိုးစိတ်များကို ဖျက်စီးနေလေပြီ။ ယက်သဲ့၊ လင်းပက်တို့ဖြင့် ငါး၊ ပုစွန်မဖမ်းကြတော့ ခေတ်မီဗို့အားပြင်းထန်သော တရုတ်လုပ်ငါးရှော့ပုံးများနှင့် သတ်ဖြတ်နေကြပေပြီ။ ငါးရှော့ဟူသည်က ပုစွန်ဆိတ်လည်း မကျန် ငါးသားပေါက်လည်း မခံပေ။
ထို့အပြင် အင်းများအိုင်များတွင် ငါးဆေးခတ်ကြသည်။ မျိုးသုန်းသတ်ဖြတ်ကြသည်။ တစ်ဖက်က ခေတ်မီမွေးမြူရေးပညာများ ထွန်းကာလာသော်ငြား အဖျက်ဘက်က သဘာဝမျိုးစိတ်များကို ပျောက်ကွယ်စေလေပြီ။ သိနားလည်သူတို့ကို စနည်းနာကြည့်ရာ လင်းပိုင်သည် ကမ႓ာပေါ်တွင်ပင် ရှားပါးမျိုးစိတ်ထဲ ပါဝင်သည်ဟု သိရသည်။
ထို့ကြောင့်ပင်
ပို၍ သူ့မိတ်ဆွေ ဧရာဝတီလင်းပိုင်ကြီးအတွက် ဂုဏ်ယူမိသည်။ မြစ်ကြောင်းသည်
ကျယ်ပြန့်သည့်အလျောက် ငါးရွေးကဲ့သို့သော လူကိုပင်ဒုက္ခပေးသည့်
ငါးမျိုးစိတ်များ ရှိသေးသည်။ ငါးသည် ရေနေသတ္တဝါဖြစ်သော်လည်း
ခွန်အားကြီးမားလာသည်နှင့်အမျှ အန္တရယ်ရှိသည်။ သို့သော် ကြားသိရသမျှ
လင်းပိုင်များသည် လူသားတို့ကိုကူညီတတ်သည်။ သူ့ကိုပင် ငါး
ကူဖမ်းပေးခဲ့သေးသည် မဟုတ်ပါလော။
"ကိုယ့်ဝမ်းရေးကို ထိခိုက်လို့ပဲ ဆိုဆို ဒီလို ယုတ်မာတဲ့နည်းနဲ့ ငါးဖမ်းနေတာကို သက်ဆိုင်ရာလူကြီးတွေက ခွင့်မပြုသင့်ဘူး"
"ဒါကတော့ဟာ
ဝက်တစ်ကောင်ပေါ်ရင် အုပ်ချုပ်ရေးမှူးက ကြိုက်ဆွဲ တစ်ပိဿာရတယ်မို့လား။
ဘယ်အချိန်က တရားဝင်လိုင်စင်မရှိပါဘူးဆိုပြီး ဖမ်းဖူးလို့တုန်း။
ငါးရှော့သမားတွေလည်း သိသိနဲ့မျက်ကွယ်ပြုထားတာ အဲလိုမျိုးပေါ့"
"အေး ဒီကောင်တွေ ငါ့ လင်းပိုင်ကြီးကို ထိရင်တော့ တွေ့ကြပြီပေါ့ကွာ"
အေးမူ
မျက်နှာပျက်နေသည်ကို သူ သတိမထားမိပါ။ ရွာထဲတွင် သူ့ထံ၌
လင်းပိုင်ကြီးရှိနေကြောင်း တွေ့သမျှလူ လျှောက်ပြောပြီးပြီဖြစ်ကြောင်း
မသိခဲ့ပါ။
သူငယ်ချင်းကောင်းတစ်ယောက်ကို ဆုံးရှုံးမှာ စိုးသည့်စိတ် မိတ်ဆွေကောင်းတစ်ယောက်ကို ထိခိုက်မှာ စိုးသည့်စိတ်တို့ဖြင့်သာ အပြေးကလေးထွက်ခဲ့တော့သည်။ လင်းပိုင်ကြီးကို လိုက်ကြည့်မည်ဆိုထားသည့် အေးမူ ပါမလာသည်ကိုလည်း သတိမထားမိပါ။ ရင်ထဲမှာ တစ်စုံတစ်ရာ။ ထို တစ်စုံတစ်ရာသည် နံဘေးကိုပိဿာလေးနှင့် ပစ်နေသည်ကဲ့သို့ ရှိလေသည်။ ဆုံးရှုံးသွားမှာ ကြောက်သည့်စိတ် ထိုစိတ်သည်ပင် မည်သည့်အရာကိုမှ မမြင်နိုင်ခဲ့။ သူ ရောက်သွားတော့ လင်းပိုင်ကြီးက ကျွမ်းပင် ထိုးနိုင်နေပြီ။
အန္တရယ်တစ်ခုခု ကျရောက်လာပါက လွတ်မြောက်နိုင်စေရန် လှေနှင့် တွဲမထားတော့ပေ။ သို့ငြား သည်နေ့ ငါးဖမ်းရာသို့ လိုက်လာလေသည်။ လှော်တက်ဖြင့် လှေနံကိုခေါက်၍ အချက်ပေးလိုက်လျှင် ချက်ချင်း အနားရောက်လာသည်။ ကွန်, ပစ်နိုင်မည့် ရေအတိမ်အနက် ကိုပြပေးသည်။ ငါး ခြောက်ပေးလေသည်။ လင်းပိုင်ကြီး၏ အမြီးပိုင်းသည် အလွန်အသုံးဝင်သည်။ စက်ဝိုင်းသဏ္ဍန်လှည့်၍ ငါးအုပ်ကိုမောင်းပေးသည်။ သူက ကွန်, အသင့်ကထားပြီး ချက်ပိုင်ရန်သာ လိုသည်။ ထိုသို့ဖြင့် ဝမ်းစာကိုအတူတူရှာကြရင်း ပျော်ရွှင်နေခဲ့ရလေသည်။
တစ်ရက်တွင်မူ တွေ့နေကျနေရာတွင် လင်းပိုင်ကြီးကို မတွေ့ရပေ။ လှော်တက်ဖြင့် လှေနံကိုခေါက်၍ခေါ်သော်လည်း ရောက်မလာခဲ့ပါ။ စိတ်ပူကာ လိုက်၍ရှာလျှင် လင်းပိုင်ကြီးသည် သူ့မိသားစုနှင့်အတူ ရှိနေခဲ့သည်ကို မြင်တွေ့ခဲ့ရလေသည်။ မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ငါးဖမ်းနေကြသည်မှာ ဧရာဝတီမြစ်ကြီးအတွင်း သူတို့သာရှိသည့်အလားပင်။ ထိုမြင်ကွင်းကိုကြည့်ရင်း အေးမူကို သတိရမိလေသည်။ ရှော့သမားတွေရန်ကို စိုးရိမ်မိသည်။
"မင်းတို့တွေကို အန္တရယ်ကင်းစေချင်တယ် ကွာ၊ လူသားတွေကို မင်းတို့ချစ်ခင်ကြသလို လူသားတွေကလဲ ချစ်ခင်ကြစေချင်တယ်"
မြစ်ရေသည် စက်ရုံအလုပ်ရုံများမှ ဓာတုအညစ်အကြေး စွန့်ပစ်သည်များလာ၍ သဘာဝမျိုးစိတ်တချို့ ပျောက်ကွယ်ကုန်ကြသည်။ သူတို့ရွာမှ လူများပင် မြစ်ရေကိုသောက်သုံးခြင်း သိပ်မပြုကြ။ တုံငင်တွင်းများကိုသာ အသုံးများလာကြသည်။ ထို့အတူ သဘာဝအတိုင်း တံငါနည်းအရ ငါးမရှာဘဲ အလွယ်လမ်းလိုက်ရင်း လောဘတက်ကာ မသမာသောနည်းများသုံး၍ အသုံးချလာသည်။
ရေကင်း ရှိသော်လည်း သတ်မှတ်အချိန်တွင်သာလှည့်လည်၍ ကျန်အချိန်များအသုံးချ ငါးဖမ်းနိုင်သည်။ မြစ်ကြောင်းတစ်ခုလုံးကို မျောပိုက်သုံးကာ ရှော့တိုက်ကြသည်။ မလိုသောငါးသားပေါက်များရော ငါးကြီးများပါမကျန် သေကျေပျက်စီးကြရသည်။ ရှော့မိလျှင် ကျွဲ၊ နွားပင် တုံးကနဲ လဲစေနိုင်သည်။ တစ်ခု သတိပြုစရာမှာ နွေပိုင်းရောက်၍ ရေနည်းချိန်၌ ပြုလုပ်ကြခြင်းဖြစ်ရာ ဤသည်ကိုမှ မျိုးမသုန်းလျှင် မည်သည့်ငါး မျိုးသုန်းပါတော့အံ့နည်း။
သူသည် လင်းပိုင်ကြီးမိခဲ့သော ရှော့မှာ ဗို့အားနည်းသော လက်ဖြစ်လှေနှင့်ထိုးသော ရှော့သမားများဖြစ်ရမည်ဟု တွေးနေမိသည်။ ရှော့၏ သဘောမှာ ရေနက်လျှင် ငါးကလေးသည် ရှော့စက်ကွင်းမှ ကွင်းရှောင်လွတ်မြောက်နိုင်၏။ ငါးကြီးများမှာမူ ရေနက်ပါက ရှော့၏ဆွဲအားကို အခံရဆုံးဖြစ်လေသည်။ ရေစီးအတိုင်း ရှော့စီးကြောင်းသည် ကျန်နေခဲ့သည်ဖြစ်ရာ လွတ်မြောက်ရန် ကူးခတ်နိုင်စွမ်း နည်းပါးကြရလေသည်။ ဤသည်ကြောင့်ပင် လင်းပိုင်ကြီးသည် ကျင်စက်စီးကြောင်းမှန်းသိသည်နှင့် အကင်းပါးသောငါးမျိုးစိတ်ပီပီ ရှောင်နိုင်ခဲ့ငြား အလွတ်မဖြစ်ခဲ့ဟန် တူပေသည်။ ထို့ကြောင့်သာ သက်သာရာရခဲ့ခြင်း ဖြစ်သည်။
ကလေးတစ်ယောက် ရေဆော့နေသလို ဦးခေါင်းကိုမော့ကာမော့ကာ အမြီးကလေးထောက်၍ ပျော်ပါးဟန်မှာ ချစ်စရာကောင်းလှသည်။ ကျွမ်းထိုးကျွမ်းထိုးဟု အော်ပြောလျှင် နားလည်သည့်အလား ကျွမ်းထိုးပြတတ်သည်။ လူကိုလည်း လူလို စနောက်တတ်သေးသည်။ ဦးခေါင်းနှင့် ခါးကိုတိုးသည်မျိုး၊ အမြီးဖြင့် ရေပက်သည်မျိုး ဖြစ်သည်။ စိတ်ဓာတ်ဖြူစင်သော ကလေးငယ်တစ်ယောက်နှင့် အတူနေထိုင်ရသလို စိတ်ကိုရွှင်လန်းတက်ကြွစေသည်။
ကွန်, ပစ်၍ရမည့်နေရာကို ပြနိုင်သည်။ တံငါက ရေအောက်တွင် ကွန်နှင့်ငြိနိုင်သော အရာဝတ္ထု ရှိမရှိမသိနိုင်ပေ။ သို့သော် လင်းပိုင်များကား ထိုနေရာကို ကောင်းစွာပြသနိုင်လေသည်။ မည်သည့်ငါးအုပ် မည်သည့် ရေလမ်းကြောင်းမှ ဆင်းနိုင်သည်ကို သိရှိနေသည်။ ထို့ကြောင့် ပိုက်ချရာတွင် လွန်စွာ အဆင်ပြေခဲ့လေသည်။ သူတို့သည် တံငါများလို လက်နက်ကိရိယာမရှိသော်လည်း ငါးရှိသည့်နေရာကို သိသည်။ သူ့အတွက် လင်းပိုင်ကြီးသည် မိတ်ဆွေကောင်းစစ်စစ် ဖြစ်လေသည်။ တစ်ရက်တစ်ရက်နှင့် လင်းပိုင်ကြီးတို့ မိသားစုကို မတွေ့ရတော့ပါ။ ဘေးလွတ်ရာသို့ မိသားစုနှင့်အတူ ပြောင်းရွေ့သွားကြဟန် တူသည်။
တစ်နေ့။ ထို တစ်နေ့ကို သူ့ တစ်သက်တာတွင်မေ့၍ ရတော့မည်မဟုတ်ချေ။
"ဟဲ့ ရေလှိုင်းကိုကို ၊ ရေလှိုင်းကိုကိုရှိလား ဒေါ်လေး"
"အေး သမီး၊ ချောင်းထဲ ပိုက်ချထားတာ နွားတိုးသွားလို့ အပြဲဖာနေတယ်"
အေးမူ၏
ပျာယိပျာယာအသံကို ကြားလိုက်ရ၍ တစ်ခုခုတော့ ထူးပြီဆိုတာ သိနှင့်သည်။
ရေးကြီးသုတ်ပျာ ဝင်လာပုံကလည်း ဆပ်ပြာသည်မ လင်ပျောက်ရှာသည်နှင့် တူလေသည်။
"ဟေ့ ဘာတွေဖြစ်လာတာလဲ အေးမူရ၊ နင့်ကြီးဒေါ် လင်ရသွားတာတော့ မဟုတ်ဘူးမို့လား ဟဲ ဟဲ"
"အေး
နင်က ရယ်နေတယ်၊ ဟိုမှာ ကိုမြင့်နိုင်တို့သုံးယောက် ငါးရှော့ထိုးကအပြန်
ငါးကြီးတွေရလာတယ်ဆိုလို့ သွားကြည့်တာ လင်းပိုင်ကြီးတွေဟ၊ အခု သက်ဆိုင်ရာက
သတင်းကြားလို့ လိုက်လာတာတဲ့ အချုပ်ကျမယ် ဆိုလားပဲ"
"ဟင် လင်းပိုင်ကြီးနှစ်ကောင် ဟုတ်လား"
"ဟုတ်ပါတယ်ဆိုအေ ငါမြင်ဖူးတဲ့ ငါးထွေကြီးတွေထက် ကြီးတယ်"
သူ
အေးမူနှင့် စကားဆက်ပြောနေ၍ မဖြစ်တော့ပါ။ အုပ်ချုပ်ရေးမှူးအိမ်ပြေးသည်။
အေးမူပြောခဲ့သလိုပင် လင်းပိုင်ကြီးနှစ်ကောင်အား တွေ့ရပါ၏။ ထို့အတူ
ကိုမြင်နိုင်တို့သုံးယောက်ကိုလည်း လက်ထိပ်ခတ်ထားသည်ကို တွေ့ရသည်။
"မင်း မင်း မင်းတို့ခွေးသူတောင်းစားတွေ"
"ခွပ် ခွပ် အင့်"
သူ၏ စိတ်သည် ခန္ဓာနှင့် ကင်းလွတ်သွားဟန် ရှိသည်။ လက်ထိပ်ခတ်ထားသော ဘာသောမသိ ဝင်ထိုးမိသည်။ ထို့အပြင် ထင်းပုံသို့ပြေးကာ ထင်းချောင်းဆွဲယူပြန်သည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးနေသော လင်းပိုင်ကြီးနှစ်ကောင်သည် သူ့မိတ်ဆွေကြီးနှင့် လင်းပိုင်အမကြီးဖြစ်နေ၍ပင်။ မျက်စိထဲတွင် ပျော်ရွှင်စွာ ငါးဖမ်းစားနေကြသော လင်းပိုင်မိသားစုလေးကို မြင်ယောင်နေသည်။ ကျင်စက်စက်ကွင်းမှလွတ်ရန် အကြောက်အကန် ရုန်းထွက်ခဲ့ကြမည်ကို မြင်ယောင်သည်။ ရှော့ထိသည်နှင့် ကမ်းဘက်သို့ ရှော့စီးကြောင်းအတိုင်း မသေခင် အပြင်းအထန်ခံစားရရင်း ယက်ကန်ယက်ကန် ပါသွားမည်ကို မြင်ယောင်နေသည်။ လက်ထဲက ထင်းသားချောင်းသည် ကိုမြင့်နိုင်ခေါင်းကို ရိုက်ခွဲရန်အနည်းငယ်အလို။
"ဟေ့ ဟေ့လူ ဒီလိုလုပ်လို့မရဘူး ဗျ၊ အပြစ်သားအတွက် တရား ဥပဒေရှိတယ်"
"ဘာ
တရားဥပဒေဟုတ်လား၊ ဒီလင်းပိုင်အဖိုအမက ဇနီးမောင်နှံဗျ သူတို့မှာ
သားပေါက်လေးတစ်ကောင်ရှိတယ်၊ နို့တိုက်တာကိုလည်း
ကျုပ်ကိုယ်တိုင်မြင်ခဲ့ဖူးတယ်၊ အခု သူတို့ရင်သွေးလေးကို
ခင်ဗျားတို့တရားအောင် ဘယ်လိုလုပ်ပေးမှာလဲ၊ ခင်ဗျားတို့မှာ
လူသားချင်းစာနာရတာနဲ့ ငွေထိုးလိုက်ရင် ပြီးသွားမယ့် ဥစ္စာ သူတို့အသက်အတွက်
တန်ရာတန်ကြေးဆိုတာ မရှိဘူး ဗျ"
"ဟေ့ ရေလှိုင်းကိုကို, ကို ပြန်ခေါ်သွားကြစမ်း ဒီမှာ အလုပ်လုပ်လို့မရဘူး"
"တောက်"
သူ့တောက်ခေါက်သံသည်
အတော်ကျယ်လိမ့်မည်။ လင်းပိုင်ကြီးထံ ပြေးသွားသော်လည်း အားလုံးဝိုင်းဆွဲ
ထားကြသည်။ သူ့မိတ်ဆွေကြီးနှင့် သူ၏ သံယောဇဉ်ကို သိကြမည်မဟုတ်ပါ။
မျက်ရည်ပေါက်ကြီးငယ်နှင့် သူ့ကို လူတွေဝိုင်းကြည့်ကာ ထင်မြင်ချက်ပေးနေသည်။
နောက်ဆုံး ဧရာဝတီမြစ်ကြီးထဲရှိ သူ့လှေလေးရှိရာကိုသာ အားသွန်ပြေးလာခဲ့သည်။ လင်းပိုင်သားပေါက်လေးကို ရှာရမည်။ အန္တရယ်တစ်ခုခု မတွေ့မီရှာဖွေရမည်။
"စိတ်ချပါ မိတ်ဆွေကြီးရေ ကျုပ် ခင်ဗျားရင်သွေးလေးကို မတွေ့တွေ့အောင်ရှာပြီး စောင့်ရှောက်မှာပါ ဗျာ"
ဧရာဝတီမြစ်ကြီး ရှိနေသ၍ ဧရာဝတီလင်းပိုင်များ ရှိနေရမည်။
No comments