New Artical

ဆယ်ပေပတ်လည်ဘဝများ


ဆယ်ပေပတ်လည်ဘဝများ
မေသနပ်ခါး

(၁)
"ဒီနေ့တော့ ရှင်ဆိုင်မှာပဲ ဝယ်စားလိုက်တော့။ ဟင်းချက်စရာလဲ မရှိတော့ဘူး။ ကျူပ်လဲ မနေ့က ကျန်တဲ့
ငပိချက်လေးနဲ့ပဲ ထည့်သွားလိုက်တယ်။ အပြန်မှ မသန်းရီဆိုင်က ဟင်းဝင်ဝယ်လာခဲ့မယ်နော်"
မိထော်က အိပ်ယာနိုးစ သူ့ကို လှမ်းပြောပြီး ပြောပြောဆိုဆို သူမအတွက် ထမင်းချိုင့်ထည့်ထားသော
အိတ်ကိုဆွဲကာ ဆယ်ပေပတ်လည် သူတို့၏ စံနန်းမဟာမှ ထွက်ခွာလေသည်။ ဝင်းထွန်းက မျက်စိကို
ပွတ်သပ်ကာ ခေါင်းအုံးဘေးမှ သူ့ဟန်းဖုန်းကို ဖွင့်ပြီး နာရီကို တချက် ကြည့်သည်။ အချိန်က
မနက်ခြောက်နာရီနှစ်ဆယ်။ မိထော်တို့အချိန်တိကျပုံက ဒီလို။
ဒီအချိန်အိမ်ကထွက်မှမိထော်လမ်းလျှောက်ပုံနှင့်ဆိုလျှင်နံနက်ခွန်နှစ်နာရီမထိုးခင်သူမအလုပ်လုပ်သော
အထည်ချူပ်စက်ရုံသို့ရောက်မည်။ ခွန်နှစ်နာရီတွင် သူမ၏အလုပ်စ‚ပါသည်။
သူတို့နေထိုင်သောအဆောင်နှင့်ထိုစက်ရုံ သိပ်မဝေး၍ တော်ပါသေးသည်။ ဒါတောင်ယခင်က တခါတရံ
မမီမကမ်းဖြစ်ပြီး အဆူအပူခံရ ဒဏ်တပ်ခံရသောအခါများလည်းရှိခဲ့ဖူးသည်။ ထို့ကြောင့် မိထော်သည်
ယခုအခါ အလွန်အချိန်တိကျသူ ဖြစ်လာခဲ့သည်။ အကြောင်းမူ မိထော်ကား အဆူအပူခံရသည်ကို
မဖြုံသော်လည်း သူမလုပ်အားခထဲမှတကျပ်တပြားမျှ အဖြတ်မခံနိုင်သောကြောင့်ပင်။
တခါတလေ အိပ်ယာထနောက်ကျပြီး မမီမကမ်းသွားရသည့်အခါတိုင်း မိထော်ကိုကြည့်ကာ
စိတ်မောလွန်းသဖြင့် ဆိုင်ကယ်ကယ်ရီလေးနှင့် သွားပါလားဟု ပြောချင်သော်လည်း မိမိကိုယ်တိုင်က
ဇနီးသည်ကို စိတ်မချ။ မိထော်ကလည်း ဆိုင်ကယ်ကယ်ရီခ ငွေငါးရာကို နှမြောသည်လေ။ သူမ၏
လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတသိုက်နှင့်လမ်းလျှောက်ရသည်ကိုပိုနှစ်သက်တတ်သူတည်း။
အချိန်ကို ထပ်ကြည့်မိတော့ ခွန်နှစ်နာရီပင် ထိုးလုပြီ။ မိထော်အကြောင်းတွေးရင်း မှေးခနဲ
ပြန်အိပ်ပျော်သွားသည်ထင်သည်။ ကမမ်းကတမ်း အိပ်ယာကထပြီး ကိုယ်လက်သန့်စင်သည်။
နံနက်စာအဖြစ်မိထော်ထားခဲ့သော မနေ့ညက လက်ကျန်ထမင်းကြမ်းနှင့် ငပိချက်အိုးလူးထားသည်ကို
စားပြီး ရေတစ်ခွက်သောက်လိုက်သည်။ မြန်မြန်သွားမှ။ ဒီ့ထက်နောက်ကျလျှင် ဘတ်စ်ကားတွေပေါ်
တက်၍ပင် ရတော့မည်မဟုတ်။
ဝင်းထွန်းကား ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ နေ့စား အလုပ်သမားတစ်ဦးဖြစ်ပါသည်။
အလုပ်သမားဟူသော အခေါ်အဝေါ်ကို သုံးနှုန်းရခြင်းမှာ သူ့ကိုယ်သူ ဘာအလုပ်သမားမှန်းမသိ
ဖြစ်နေသောကြောင့်ပင်။ ကွန်ကရစ်ဖျော် တိုင်ပုံလောင်း စလက်ပြားလောင်းစတာတွေမှာပါလို့
ပန်းရန်အလုပ်သမားဟုလည်း ခေါ်နိုင်သလို ငြမ်းဆင်ငြမ်းထိုး အမိုးကာ ထရံကာ
လက်သမားကဏ္ဍတွင်လည်း ပါဝင်ရသောကြောင့် လက်သမားဟု ခေါ်လိုကလည်း ခေါ်နိုင်သည်။
ထိုချည်းပဲလား။ မဟုတ်သေး။ တခါတရံ လိုအပ်လျှင် လိုအပ်သလို ပစ္စည်းသယ် လှည်းတိုက်
သန့်ရှင်းရေးလည်း လုပ်ရတတ်သည်။ ထို့ကြောင့် ဝင်းထွန်းကိုယ်တိုင်ပင် မိမိကိုယ်ကို
ဘာအလုပ်သမားမှန်းမသိ။ မည်သို့ဆိုစေ ဘာနံမည်တပ်တပ် နေ့တွက်ကောင်းကောင်းရဖို့ကသာ
သူ့အတွက်အရေးအကြီးဆုံး မဟုတ်ပါလား။
(၂)
ဝင်းထွန်းအဖို့ အလုပ်စချိန်မှာ ကိုးနာရီဖြစ်သော်လည်း ယခုဆောက်လက်စ နေရာရောက်ဖို့
ကားသုံးဆင့်ပြောင်းစီးရမည်မို့ ခပ်သုတ်သုတ်ပင် အိမ်ကထွက်လာခဲ့သည်။ အိမ်ခန်းတံခါးလေးကို
အသာစေ့ပြီး အပြင်မှ သော့ခတ်သည်။ သော့သာခတ်ရသည်။ အထဲမှာ ဘာမှရှိသည်မဟုတ်။
လင်မယားနှစ်ယောက်အိပ်သည့်ဖျာနှင့် အိပ်ယာလိပ်၊ ထို့နောက်မှာတော့ နှစ်ယောက်
အဝတ်အစားအနည်းငယ်နှင့် မီးဖို အိုးခွက်ပန်းကန် အနည်းငယ်။ ကျန်တာ ဘာမှမရှိ။
ဆယ်ပေပတ်လည်သာ ကျယ်သောအခန်းကျဉ်းလေးထဲတွင် ထားစရာနေရာလည်းမရှိပဲကိုး။
ဒီလိုအခန်းကျဉ်းလေးတစ်ခန်းပင် အခန်းငှားခ တစ်လ သုံးသောင်းပေးရသည်။ ရန်ကုန်ရောက်စက
အခန်းခ စျေးနှုန်းကို ကြားရသောအခါ လင်မယားနှစ်ယောက်လုံး နှမြောမဆုံးဖြစ်ခဲ့ရပုံကို
သွားသတိရမိသည်။ ယခုတော့လည်း သူ့အိုးနဲသူ့ဆန်အနေတော်ပါပဲဟုသာ ထင်မြင်မိတော့သည်။
မိမိတို့နေထိုင်ရာ လှိုင်သာယာမြို့နယ်အတွင်းရှိရွာမှ မှတ်တိုင်သုံးတိုင်စီးလျှင် မြို့တွင်းသွား
ဘတ်စ်ကားမျိုးစုံဆိုက်ရောက်သော ကားဂိတ်ကို ရောက်သည်။ ထိုဂိတ်တွင်မှ တဆင့်ပြောင်းစီးရမည်
ဖြစ်သည်။ မနက်စောစောမို့ မိမိစ‚စီးသောကားက ချောင်သည်။ သို့သော် တဆင့်ပြောင်းသည်နှင့်
ကားကကျပ်လာသည်။ မြို့ထဲဖက်ရောက်လေ ပိုကျပ်လေသာဖြစ်သည်။ ကားပေါ်တွင် အဲယားကွန်းကို
အပြင်းစားဖွင့်ထားသည်။ ဆယ့်ရှစ်ဒီဂရီတဲ့။ သို့သော်အားလုံးချွေးပြန်နေကြသည်။ နောက်ဆုံးတဆင့်ကို
မြေနီကုန်းတွင် ပြောင်းသောအခါတွင်တော့ များသောအားဖြင့် ကားက အလွန်ကျပ်တတ်သည်။
ကားပေါ်ရောက်ဖို့ မနည်းတက်ရသည်။ တခါတရံ ကားလာသော်လည်း ကားပေါ်မတက်နိုင်၍
နေခဲ့ရသည်လည်းရှိသည်။ ဒီလိုအခါမျိုးတွင် လုတက်နိုင်မှ တော်ရုံကျသည်။ အပေါ်ရောက်ဖို့ကသာ
အဓိကမဟုတ်လား။
မြေနီကုန်းတွင် ကားပြောင်းသောအခါ စောင့်နေသော လူထုက များလွန်း၍ ထင်သည်။
ကားပေါ်တော်တော်နှင့်တက်မရ။ တစ်စီးတက်မရသောအခါ နောက်တစ်စီးလာသည်ကို
ထပ်စောင့်ရပြန်သည်။ မနေ့က "လူဆိုတာ မျှော်လင့်ခြင်းနဲ့ အသက်ရှင်တယ်" ဟု
ကြီးကြီးကျယ်ကျယ်ပြောသော ဘဝတူအလုပ်သမား ကျော်ကြီးကို သတိရ၍ ရယ်ချင်သွားမိသည်။ ယခုမှ
သတိရသည်။ ကျော်ကြီး မျှော်လင့်နေသော သိန်းတစ်သောင်းထီဒီနေ့စ‚ဖွင့်ပြီမဟုတ်လား။ ပေါက်ပါစေဟု
ဆုတောင်းပေးပါသည်။ သူတို့လင်မယားကတော့ ထီထိုးတိုင်း မပေါက်သည်ကများပြီမို့ မိထော်က
ထီတစ်စောင် ငါးရာ အလကားလွှင့်ပစ်လိုက်ရတာ နှမြောသည်ဆိုကာ ဘယ်တော့မှ ထပ်မထိုးတော့။
မျှော်တုန်းမျှော်ဆဲ ဝိုင်ဘီအက်စ်ကားကြီးဝင်လာပါပြီ။ ဒီတခါတော့ အမိအရ လုတက်ဖို့ ဝင်းထွန်း
အသင့်ပြင်ထားလိုက်သည်။
(၃)
ဝင်းထွန်းနှင့်မိထော်တို့ နှစ်ဦးစလုံး ရှစ်တန်းအထိသာ ပညာသင်ဖူးသည်။
တရွာတည်းနေတရေတည်းသောက်ငယ်ပေါင်းကြီးဖော်များ ဖြစ်ခဲ့ကြသည်။ အသက်နှစ်ဆယ်အရွယ်တွင်
ချစ်ကြိုက်အိမ်ထောင်ကျခဲ့ကြပြီး ယခုအခါ တစ်ဦးတည်းသောသားလေးဖိုးထောင်သည်ပင်
ဆယ်နှစ်အရွယ်ရှိလေပြီ။ ဝင်းထွန်းတို့ဇာတိကား ရန်ကုန်မှမဟုတ်။ အညာဒေသ
ကျောက်ပန်းတောင်းမြို့နယ်အနီး ရွာလေးတစ်ရွာမှ ဖြစ်ပါသည်။ မူလက ယာအလုပ်ကိုင်းအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်းကြသော ရွာလေးတစ်ရွာဖြစ်ခဲ့သော်လည်း ရေခမ်းခြောက်ရှားပါးလာခြင်းကြောင့်
သီးနှံများကမဖြစ်ထွန်း၊ ငွေရေးကြေးရေး စားဝတ်နေရေးကျပ်တည်းကာ စိုက်ပျိုးရေးအလုပ်ဖြင့်
ဆက်လက်ရပ်တည်ရန် ခက်ခဲလာသော အခြေအနေတွင် မြို့ကြီးတွေပေါ်တက်ပြီး
အလုပ်လုပ်သူများလာခဲ့သည်။
ဝင်းထွန်းတို့လင်မယားသည်ပင် ရွာမှထွက်သွားသော အစ်ကိုဝမ်းကွဲတစ်ဦး၏ ကူညီစောင်မမှုဖြင့်
ရန်ကုန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ရောက်စကတော့ တောသားမြို့ရောက်ဖြစ်ကာ အရာရာ
အခက်အခဲနှင့်အကျပ်အတည်းများသာ။ ရောက်စက အစ်ကိုဝမ်းကွဲအခန်းတွင်ခေတ္တနားခိုခဲ့ရသေးသည်။
ဆယ့်ငါးပေပတ်လည်သာသာ အခန်းကျဉ်းထဲတွင် အစ်ကိုလင်မယား အစ်ကို့ကလေးနှစ်ယောက်နှင့်
ဝင်းထွန်းတို့လင်မယား အသက်ပင် ဝဝမရှုနိုင်ခဲ့ကြ။ ဒါတောင် သားလေးဖိုးထောင်ကို ခေါ်မလာခဲ့မိ၍
တော်ပေသေးသည်။ ရန်ကုန်ရောက်ရောက်ချင်း အလုပ်အမြန်ရှာပြီး အိမ်ခန်းငှားဖို့အမြန်စီစဉ်ခဲ့ကြရပုံကို
ပြန်သတိရမိသည်။ ဘာပဲပြောပြော အစ်ကို့ကျေးဇူးကား ကြီးလှပါသည်။ နို့မို့ဆိုလျှင် ဝင်းထွန်းတို့လင်မယား
ရွာတွင် ယခုအချိန်အထိ ဆင်းရဲတွင်းနက်နေဦးမည်သာ။
ရွာမှ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းကို စွန့်၍ မြို့ကြီးတွေပေါ်တက်အလုပ်လုပ်သူ လူငယ်လူရွယ်
အထူးသဖြင့် ယောကျာ်းလေးတွေများလာသောကြောင့် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ၊
ကလေးငယ်များသာ ရွာတွင်ကျန်ရစ်တတ်သည်။ ဝင်းထွန်းတို့ဆိုလျှင်ပင်ရန်ကုန်တွင်အလုပ်လုပ်နေစဉ်
ရွာမှ ဝင်းထွန်းမိဘများထံတွင် သားလေးဖိုးထောင်ကိုအပ်ထားခဲ့ရသည်။ ကလေးကိုခေါ်ထားဖို့က
နေရာထိုင်ခင်းအခက်အခဲကြောင့်တကြောင်း၊ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ရသောကြောင့်
ကလေးကို ကောင်းကောင်း မစောင့်ရှောက်နိုင်သည်က တကြောင်းတို့ကြောင့် အဆင်မပြေလှပေ။
အဝေးကပင်ငွေပို့ထောက်ပံ့ထားရသည်။ ဒါမှလဲ ကလေးလဲ ကောင်းကောင်းမွန်မွန်နေထိုင်ပညာသင်နိုင်၊
ဝင်းထွန်းတို့လင်မယားလည်း အလုပ်ကောင်းကောင်းလုပ်နိုင်မည်မဟုတ်လား။
ရန်ကုန်မြို့ကြီးပေါ် စွန့်စွန့်စားစား တက်ပြီးအလုပ်လုပ်ရသည်လည်း မပြောနှင့်။
ရသောအခကြေးငွေကလည်း အညာမှာ အလုပ်လုပ်သည်နှင့် ကွာချင်တိုင်းကွာသည်။ ဆိုက်ထဲတွင်
စ‚အလုပ်လုပ်စဉ်က ဝင်းထွန်း အလုပ်သင်နေ့စားခ တစ်နေ့ငွေငါးထောင်ရသည်။ တဖြေးဖြေး
အလုပ်ကျွမ်းကျင်လာသည်နှင့်အမျှ ခွန်နှစ်ထောင် ရှစ်ထောင် ထိုမှ ယခုအခါ
တစ်သောင်းအထိရလာခဲ့သည်။ မိထော်သည်လည်း အစက ဝင်းထွန်းအလုပ်လုပ်သောဆိုက်တွင်ပင်
အုတ်သဲကျောက်သယ်သော အလုပ်သမအဖြစ်လုပ်ရန်ရည်ရွယ်ခဲ့သည်။ သို့သော်အကျင့်မရှိ၍ထင်သည်။
မိထော် ပင်ပန်းသည့်ဒဏ်မခံနိုင်။ ကံကောင်းချင်တော့ အိမ်နီးနားချင်း တစ်ဦးအကူအညီဖြင့်
ဝင်းထွန်းတို့ငှားနေသော အဆောင်နားက အထည်ချူပ်စက်ရုံတွင်ပင်အလုပ်ရသည်။
(၄)
ကျပ်ကျပ်တည်းတည်းစီးလာရသောကားက လူနေထူထပ်သောနေရာများကို ဖြတ်ကျော်လာပြီးသောအခါ
ချောင်ချောင်ချိချိဖြစ်လာသည်။ ဝင်းထွန်း ခုံလွတ်တလုံးတွင် ဝင်ထိုင်လိုက်သည်။ ယခုမှပင်
ဝိုင်ဘီအက်စ်၏အရသာကို မြည်းစမ်းမိသည်။ ငြိမ့်ငြိမ့်လေး အေးလိုက်ပါဘိ။ မူလက ချွေးဖြင့်ရွှဲရွှဲစိုနေသော
အင်္ကျီသည်ပင် ပြန်ချောက်သွားလေပြီ။ ဇိမ်ကျမည်မရှိသေး။ ဆင်းရမည့်မှတ်တိုင်သို့ ရောက်ချေပြီ။
နာရီကြည့်လိုက်တော့ ရှစ်နာရီ သုံးဆယ့်ငါး။ အတော်ပဲဖြစ်သည်။ ဆိုက်ထဲရောက်ဖို့ မှတ်တိုင်မှ
နောက်ထပ်ဆယ်မိနစ်ကျော်ကျော်လမ်းလျှောက်ရဦးမည်။ မနက်စောစောက စားလာသောထမင်းကြမ်းက
ကားတိုးစီးစဉ် ဘယ်နားရောက်သွားသည်မသိ။ ဝမ်းဗိုက်က ဆာလာသလိုလို။ နေ့လည်စာစားချိန်က
ဆယ့်နှစ်နာရီ။ စောင့်စားရဦးမည်ပေါ့။
ဒီအပတ် တနင်္ဂနွေတွင် သူဌေးမြေးလေး၏ ရက်တစ်ရာပြည့်မွေးနေ့အလှုရှိသည်။ ဝင်းထွန်းတို့လို
အလုပ်သမားတွေကို မဖိတ်သော်လည်း အလုပ်နားမည်တဲ့လေ။ ပျော်လိုက်သည့် ဖြစ်ချင်း။
နေ့စဉ်ရက်ဆက် မနားပဲ အလုပ်လုပ်ခဲ့တာ ကြာပြီမဟုတ်လား။ တရက်နားလျှင် တရက်စာ
ဝင်ငွေနစ်နာမှန်းသိသော်လည်း တခါတရံတော့နားချင်သည်။ လူကိုး။ စက်ရုပ်မှမဟုတ်ပေပဲ။ ကိုယ့်ဖာသာ
နားချင်လို့ တစ်ရက်မလာလိုက်၍ ရသော်လည်း အရမ်းအရေးတကြီး ကိစ္စမဟုတ်လျှင် မလုပ်ရဲ။
ကိုယ့်အစားဝင်သောသူကို အလုပ်သမားခေါင်းဆောင်က ပိုသဘောကျသွားလျှင်
ကိူယ့်နေရာပျောက်သွားနိုင်သည်။ ထို့ကြောင့် အဖွဲ့လိုက် နားခွင့်ရမည့်ရက်ကိုသာ မျှော်ရသည်။
တော်ရုံနေမကောင်းတာလောက်ကတော့အလုပ်လုပ်ရင်း ဒီကိုဂျင်လောက်နှင့်ပြီးသွားတတ်သည်လေ။
မိထော်အလုပ်က တနင်္ဂနွေတစ်ရက်နား၍ တော်သေးသည်။ နံနက်ခွန်နှစ်နာရီမှ ညနေငါးနာရီအထိ
မိထော်အလုပ်လုပ်ရသည်။ တနေ့ ဆယ့်နှစ်နာရီ အလုပ်ဆင်းရသော တချို့အထည်ချူပ်စက်ရုံ
အလုပ်သမများနှင့်ယှဉ်လျှင် မိထော်တို့က တော်သေးသည်။ အလုပ်ကအပြန် မိထော်က
ဟင်းချက်စရာရလျှင်ရသလိုဝယ်သည်။ မရလျှင် လမ်းဘေးထမင်းဆိုင်တစ်ဆိုင်ဆိုင်မှာ ဟင်းဝယ်ကာ
ပြန်လာလေ့ရှိသည်။ အချိန်ပိုဆင်းရလျှင်တော့ ဘာမှမဝယ်နိုင်။ ထိုညမျိုးတွင်တော့ ညခွန်နှစ်နာရီခွဲ
ရှစ်နာရီပြန်ရောက်သူချင်းအတူတူ အရင်ရောက်သူက ဘဲဥလောက်ကြော်ထားလိုက်ကာ ဖြစ်သလို
စားလိုက်ကြသည်။
ညစာစား ရေမိုးချိုးပြီး ညဆယ်နာရီလောက်ရောက်လာသည်နှင့် အလိုအလျောက် ငိုက်မြည်းကာ
အိပ်ပျော်သွားတတ်၏။ လင်မယားနှစ်ယောက် စကားပင် ဖြောင့်ဖြောင့်ပြောနိုင်ခဲလှသည်။
မျက်နှာချင်းဆိုင်မိချိန်ဟူ၍ ညစာစားချိန်သာရှိသည်။ အပြင်ထွက် လည်တာပတ်တာမရှိ။
ရန်ကုန်ရောက်တာ လေးနှစ်နီးနီးရှိပြီဖြစ်သော်လည်း ရွှေတိဂုံဘုရားကိုသုံးကြိမ်ပြည့်အောင်ပင်မရောက်ခဲ့။
ဖူးခွင့်မရခဲ့။ ဝင်းထွန်းအဖို့ကား ဆောက်လုပ်ရေးဆိုက်ရှိရာ တမြို့လုံးအနှံ့ရောက်နေ၍ ဘယ်နေရာ
ဘာရှိသည်ကို အကုန်သိနေသည်။ မိထော်အဖို့မှာကား အဆောင်နှင့်စက်ရုံ၊ စက်ရုံနှင့်အဆောင်
သံသရာလည်နေသည်။ ရွာပြန်လို့ရန်ကုန်မြို့ကြီးအကြောင်း ရွာကလူတွေမေးလျှင်သူမ အခက်တွေ့ဦးမှာ
မြင်ယောင်နေမိသေးသည်။
တွေးရင်းတောရင်း ဆိုက်ရှေ့ပင်ရောက်နေပါပေါ့လား။ အချိန်က ကိုးနာရီထိုးဖို့ ဆယ်မိနစ်။ ဝင်းထွန်း
အဝတ်အစားအမြန်လဲရန်ဆောက်လုပ်ရေးတဲအတွင်းသို့ဝင်လိုက်သည်။ မကြာမီအလုပ်စ‚တော့မည်ကိုး။
(၅)
နေပူကျဲကျဲမှာ တိုင်ပုံလောင်းရသည့်အလုပ်က မစားသာလှ။ ဒီတစ်တိုင်ပြီးလျှင်တော့
ထမင်းစားနားမည်ထင်သည်။ ဝမ်းဗိုက်က ဆယ့်နှစ်နာရီကျော်ပြီကိုအချက်ပေးနေလေပြီ။
"ဒါပြီးရင်ထမင်းစားကြစို့ဟေ့"
အလုပ်သမားခေါင်းဆောင် ကိုထင်ကြီး၏ အသံကြားတော့ အလုပ်သမားတွေ လက်ပိုသွက်လာသည်။
ကိုထင်ကြီးကား သစ်ပင်ရိပ်အောက်တွင်ကွမ်းတမြုံ့မြုံ့။ ဝင်းထွန်းတို့ အလုပ်သမားတွေ အားကျသည်မှာ
ကန်ထရိုက်တာသူဌေး၏ဘဝမဟုတ်။ သူဌေး၏ဘဝ မည်မျှသာယာသည်ကို ဝင်းထွန်းတို့
ခရေစေ့တွင်းကျမသိ။ ဆိုက်ထဲသို့ ကားအကောင်းစားကြီးဖြင့် ရောက်ရောက်လာတတ်သည်တော့
သိသည်။ သို့သော်ကိုထင်ကြီးအကြောင်းကတော့အတော်များများသိသည်လေ။
အားကျစရာမို့ အားကျသည်ဆိုပါတော့။ အလုပ်သမားတွေ နေပူစပ်ခါးမှာ နဖူးကချွေးခြေမကျအောင်
ကုန်းရုန်းအလုပ်လုပ်နေရချိန်တွင် ကိုထင်ကြီးကား ဘာမှလုပ်စရာမလို။ သူ့အလုပ်က
မနက်မိုးလင်းသည်နှင့် ဘယ်သူက ဘာလုပ် စီမံခန့်ခွဲပေးရုံနှင့် နေ့တွက်တစ်သောင်းခွဲရသည်။
ကိုထင်ကြီးကို ကြည့်လိုက်လျှင် အမြဲ အရိပ်အောက်မှာ ကွမ်းတမြုံ့မြုံ့။ အလုပ်ထဲ၌သာ
ဟန်ကျသည်မဟုတ်။ ကိုထင်ကြီးသည် သူတို့နေထိုင်ရာ လှိုင်သာယာတွင် ဝင်းထွန်းတို့နေထိုင်သော
ဆယ်ပေပတ်လည်အခန်းကဲ့သို့ အခန်းမျိုးဆယ်ခန်းခန့်ပါဝင်သော အဆောင်တစ်ခုကိုလည်း
ပိုင်ဆိုင်သေးသည်။ ထိုမှ အိမ်ခန်းငှားခများလည်းရနေသလို သူ့ဇနီးကလည်းအိမ်တွင်
ကုန်စုံဆိုင်လေးဖွင့်ထားသေးသည်။
ယခင်ကတော့ ကိုထင်ကြီးသည် ဝင်းထွန်းတို့လို သာမာန်အလုပ်သမားပင်။ မြစ်ဝကျွန်းပေါ်ဇာတိဖြစ်ကာ
နာဂစ်အပြီး ကိုယ့်ရပ်ရွာတွင် အလုပ်အကိုင်မဲ့ဖြစ်လာသောကြောင့် ရန်ကုန်တက်လာသူဖြစ်သည်။
ဆယ်စုနှစ်တစ်ခုအတွင်းတွင် လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည်ရှိသော ကိုထင်ကြီး ဒီလို
ဟန်ကျပန်ကျဖြစ်လာခဲ့သည်။ ဘာပဲပြောပြော ဝင်းထွန်းတို့လို အလုပ်သမားတွေအတွက်ကိုထင်ကြီးက
အခရာပင်။ အလုပ်ရှိလျှင် ဘယ်အလုပ်သမားကို ခေါ်မည်ဆိုသည်ကို ဆုံးဖြတ်သူမှာ
ကန်ထရိုက်တာသူဌေးမဟုတ်။ ကိုထင်ကြီးသာဖြစ်လေသည်။ ထို့ကြောင့်လည်း ဝင်းထွန်းတို့ကို ကိုထင်ကြီးအစစအရာရာ မီးသေသည်လေ။
(၆)
"ဘဲဥဟင်းနဲ့ထမင်းတစ်ပွဲ"
စားနေကျ ထမင်းနှင့်ဟင်းကို မှာသည်။ အတို့အမြှုပ် ငါးပိရည်အရည်သောက်အရန်ဟင်းစုံလင်အောင်
လာချပေးသည်။ မိထော် ထမင်းဘူးထည့်မပေးနိုင်သည့်အခါတိုင်း ဒီဆိုင်လေးကို အားကိုးနေကျ။
ထမင်းဘူးထည့်ပေးသည့်အခါတွင်လည်း လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဒီဆိုင်တွင်ပင် ထိုင်သည်။
ထမင်းစားပြီးတိုင်း ထိုဆိုင်မှ လက်ဖက်ရည်ချိုစိမ့်တစ်ခွက် အချိုတည်းလေ့ရှိသည်ကို သိ၍
ထမင်းစားချိန်တွင်အရန်ဟင်းနှင့် ရေနွေးကြမ်းကတော့ အမြဲချပေးတတ်သည်။ ဒီလိုဆိုင်မျိုးလေးတွေရှိ၍
တော်ပေသေးသည်။
ဘဲဥဟင်းနှင့်ထမင်းတစ်ပွဲကို ငါးရာကျပ်သာ ကျသင့်သည်။ လက်ဖက်ရည်တစ်ခွက်က နှစ်ရာကျပ်၊ ပေါင်း
ခွန်နှစ်ရာ။ စားစားရိတ်ထက် ကားခက ပိုစျေးကြီးသည်။ သုံးဆင့်ပြောင်းရလျှင် အသွားအပြန်
တစ်ထောင့်နှစ်ရာကျပ်ကျသည်။ ဒါ့ကြောင့် တစ်ဆင့် နှစ်ဆင့်သာ စီးရသောနေရာများတွင်
အလုပ်လုပ်ရမည်ဆိုလျှင် ဝင်းထွန်းတို့ အကြိုက်ဖြစ်သည်။ သို့သော် လူ့အလို နတ်လိုက်နိုင်သည်မှ
မဟုတ်ပဲ။ ရရာနေရာမှာ လုပ်ရမှာပေါ့။ အလုပ်ရဖို့သာ အဓိကဖြစ်လေသည်။
ထမင်းစားအပြီး အာသာသိပ်မပြေချင်။ ခံတွင်းချဉ်သလို ရှိသည်။ ဆေးလိပ်တစ်တို့လောက်
သောက်ချင်သော်လည်း စိတ်ကိုလျှော့ပြီး ဆေးလိပ်ထက် စျေးသက်သာသော ကွမ်းကိုသာရွေးသည်။
ကွမ်းကိုယ်စီမြုံ့ရင်း ဝင်းထွန်းတို့တစ်သိုက်ထမင်းဆိုင်မှ ပြန်ထွက်လာကြသည်။
ပြန်လာပြီး အလုပ်ပြန်မစသေးခင် သစ်ပင်ရိပ်အောက်တွင် သူ့မယားကိုယ့်မယား၊
သူ့သားကိုယ့်သားအကြောင်းပြောနေစဉ်မှာပင်
"ဟေ့ကောင်တွေ အလုပ်စကြတော့ဟေ့"
ကိုထင်ကြီး ဆော်ဩသံကြားလိုက်ရသည်။ နေ့ခင်းပိုင်း လုပ်ငန်းခွင်ပြန်စချိန်ရောက်ပြီကိုး။
(၇)
အလုပ်ပြီးချိန်က ညနေငါးနာရီဖြစ်သော်လည်း သူဌေး၏ ကိုယ်စားလှယ်က ဆိုက်ထဲ
ငွေလာထုတ်ပေးချိန်ကို စောင့်ရသည်ဖြစ်ရာ အိမ်ပြန်ချိန်ကမမှန်။ ငါးနာရီခွဲ ခြောက်နာရီ၊
တခါတလေတော့လည်း ခြောက်နာရီခွဲ ခွန်နှစ်နာရီဖြစ်ချင်ဖြစ်သွားတတ်သည်။ ယနေ့လည်း
ညနေခြောက်နာရီကျော်မှ ငွေလာထုတ်ပေးသောကြောင့် မြေနီကုန်းမှတ်တိုင်ရောက်တော့ ညခွန်နှစ်နာရီကျော်ပြီ။
ညမိုးချူပ်လေ ကားရဖို့ ခဲယဉ်းလေပင်။ ကံတော့ကောင်းနေသည်ထင်သည်။
မှတ်တိုင်ရောက်ပြီးမကြာခင်လာသော ဝိုင်ဘီအက်စ်တစ်စီးကို မိမိရရတက်လိုက်နိုင်သည်။ ဒီတိုင်းဆို
ရှစ်နာရီသာသာလောက်တော့ ပြန်ရောက်တန်ကောင်းရဲ့။ ကံကောင်းခြင်းက အဖော်နှင့်လာတတ်သည်။
ထိုင်ခုံကလေးပါရလိုက်သေးသည်။ လွယ်အိတ်ကလေးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း တနေ့လုံး
မောပန်းထားသမျှ ငိုက်မြည်းစပြုလာသည်။
ရုတ်တရက် စိတ်ထဲတွင် ကျောက်ပန်းတောင်းသို့သွားသောကားပေါ် ရောက်နေသည်ထင်လာသည်။
သားလေးနှင့်တွေ့ရတော့မည်။ အဖေတို့ အမေတို့နှင့် တွေ့ရတော့မည်။ စိတ်ထဲ ပျော်လာသလိုလို။
ငိုက်ကျလာသော ဦးခေါင်းကို ဘေးတွင်ထိုင်၍လိုက်ပါလာသော အမျိုးသမီးက တွန်းသဖြင့် ဝင်းထွန်း
လန့်နိုးသွားသည်။ ဘာလိုလိုနှင့်ရွာမရောက်တာ နှစ်နှစ်ကျော်ကျော်ရှိပါပေါ့လား။
ရောက်ပြီးစက မိထော်တစ်ယောက် သားကိုလွမ်းသည်ဆိုကာ တငိုငိုတရီရီဖြစ်မဆုံးသောကြောင့်
ရောက်ပြီးတစ်နှစ်ပင်မရှိတရှိ်မိထော်အထည်ချူပ်စက်ရုံအလုပ်မရသေးခင်တွင်တစ်ခေါက်ပြန်ဖြစ်သည်။
ဒီ့နောက်ပိုင်းတော့ မိထော်ရော သူပါ အလုပ်ဖျက်ရန်မလွယ်၍ မပြန်ဖြစ်တော့။ မိထော်အလုပ်ကလည်း
ဝင်းထွန်းအလုပ်နည်းတူ အလုပ်ပျက်လျှင် အခြားလူဝင်သွားမှာ စိုးရိမ်ရသည်လေ။
အမျိုးမျိုးတွေးပူမိသကာလ မပြန်ဖြစ်ပဲ ငွေကိုသာ မှန်မှန်ပို့ဖြစ်တော့သည်။ ဖိုးထောင်သည်ပင် အဖေ
အမေကို သိပ်မမှတ်မိချင်တော့။ အနေစိမ်း၍ထင်သည်။ ဟန်းဖုန်းလေးရှိ၍ သားကို တခါတရံစကား
ပြောချင်သောကြောင့် ဖုန်းခေါ်သော်လည်း သားက သိပ်စိတ်မဝင်စားလှ။ တွယ်တွယ်တာတာ
တီတီတာတာမရှိလှ။
(၈)
"ဖိုးထောင်တောင် အသက်ဆယ်နှစ်ရှိပြီ မိန်းမရ။ ငါတို့သားလေး ရှင်လေးဘာလေး ပြုပေးဦးမှပေါ့။
အဖေနဲ့အမေလဲ မြေးရှင်ပြုတာ မြင်ချင်ရောပေါ့။ ဒီနှစ်နွေ ရွာပြန်ဦးမှပါကွာ"
ညစာစားအပြီး ဝင်းထွန်း မိန်းမဖြစ်သူကိုစကားစ‚သည်။
"ကျူပ်လဲ စဉ်းစားနေတာပါပဲတော်။ ဒါပေမယ့် ကျူပ်အလုပ်က ခွင့်တစ်ပတ် ဆယ်ရက်ယူလို့ကတော့
ပြုတ်သွားမှာ အသေအချာပဲ။ ဘယ်လိုလုပ်ကြမတုန်း"
မိထော်က မျက်လုံးအပြူးသားနှင့်ဆိုသည်။
"အေးပါ။ ငါလဲ စဉ်းစားမိပါတယ်။ ငါ့အလုပ်က ကိုထင်ကြီးနဲ့ အခုဆို လူရင်းလို ဖြစ်လာတော့
အကျိုးသင့်အကြောင်းသင့်ပြောလို့ရနိုင်ပေမယ့်မင်းအလုပ်ကမလွယ်ဘူးလို့တွေးမိသား"
"ကျူပ်လဲ သားလေးကို သတိမရတဲ့အချိန်ဆိုတာ မရှိပါဘူး။ မတွေ့ချင်ပဲ ရှိပါ့မလား။ တနေ့က
ရှင်လောင်းလှည့်တာ မြင်တော့တောင်သတိရလိုက်သေးတယ်။ ဒါပေမယ့် ကျူပ်တို့ ရှာဖွေနေတာကလဲ
သူ့နောင်ရေးအတွက်ပဲ မဟုတ်လား။ ဒီလောက်နဲ့တော့ အပြုတ်မခံနိုင်သေးဘူး။ နည်းနည်းတော့
ငွေထပ်စုလိုက်ဦးမယ်တော်။ ပြီးမှပြုတ်ချင်ရင်လဲပြုတ်ပါစေ ရွာပြန်ကြတာပေါ့"
မိထော်က မျက်ရည်အဝိုင်းသားနှင့်ပေမင့် အားနှင့်မာန်နှင့် ပြောသည်။ ဝင်းထွန်း မိထော် မရိပ်မိအောင်
သက်ပြင်းအသာအယာချသည်။
"အေးပါဟာ။ ငါလဲ ဘာရယ်မဟုတ် သတိရလို့ပြောတာပါ။ နောင်နှစ်လောက်မှ ရှင်ပြုလဲရတာပါပဲ။
နောင်နှစ်မှ ဒီကောင်ဆယ့်တစ်နှစ်ရှိဦးမှာ။ ဒီတစ်နှစ်တော့ကုန်းရုန်းအလုပ်လုပ်ကြဦးစို့။ နောင်နှစ်ရွာပြန်
ရှင်ပြုပြီးပြန်လာလို့ အလုပ်ဆက်မရလဲ ရွာမှာ အလုပ်တခုခု လုပ်နိုင်အောင်စဉ်းစားထားကြတာပေါ့။ ငါလဲ
လက်သမားပညာလေး ဒီ့ထက်ပိုတတ်အောင်သင်ယူလိုက်ဦးမယ်"
တစ်ဦး၏အဆိုကို တစ်ဦးက ထောက်ခံရင်း အိပ်ချိန်ရောက်၍ အိပ်ရာဝင်ခဲ့ရသော်လည်း နှစ်ယောက်လုံး
တော်ရုံနှင့် အိပ်မပျော်နိုင်ခဲ့။ တချက်တချက်မိထော်၏ ကြိတ်ရှိုက်သံကို စိတ်မချမ်းမြေ့ဖွယ်ကြားရသည်။
ဝင်းထွန်း၏မျက်လုံးထဲတွင်တော့မောင်ရင်လောင်းအဝတ်အစားနှင့်ဖိုးထောင်က မထွက်။
ဒီလိုနှင့် ဝင်းထွန်းနှင့် မိထော်တို့ ဆယ်ပေပတ်လည်အခန်းကျဉ်းလေးမှ ထွက်မပြေးနိုင်ကြ။
ထိုအခန်းလေးကို ခေတ္တခဏမျှပင် မခွဲနိုင်မခွာရက်။ ထိုရန်ကုန်မြို့ကြီးတွင်
ဝင်းထွန်းနှင့်မိထော်တို့ကဲ့သို့သော ဆယ်ပေပတ်လည်အခန်းကျဉ်းကို ခုံမင်စွာ မခွဲနိုင်မခွာရက်
ဖက်တွယ်ထားကြသည့် ဇနီးမောင်နှံ မိသားစု မည်မျှရှိမည်နည်းဟု တွေးရင်းတောရင်း စဉ်းစားရင်းဖြင့်
လင်းကြက်တွန်သံကြားရသောအချိန်သို့ရောက်ခဲ့ရလေတော့သည်။ ။
 
မေသနပ်ခါး
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၂၀၁၈ ဒီဇင်ဘာလ

No comments