မြွေမြွေချင်းဆိုတော့
မြွေမြွေချင်းဆိုတော့ (မေသနပ်ခါး)
မြွေမြွေချင်းဆိုတော့ (မေသနပ်ခါး)
(၁)
“ဒီတစ်ခါ ပိတ်ရက်ရှည်ကျရင်မိနော်ခရီးထွက်ချင်လို့။ သူငယ်ချင်းတွေနဲ့အဖော်စပ်ထားတယ်”
“ဘယ်သွားကြမလို့လဲ”
“ဒီလိုပဲ ပင်လယ်ဘက်သွားရင်ကောင်းမလား။ ရှမ်းပြည်ဘက်ပဲ သွားရင်ကောင်းမလား တိုင်ပင်နေကြတုန်းပဲ”
“သူငယ်ချင်းဆိုတာ ကောင်လေးတွေရော ပါမှာလား”
သဝန်တိုသော အရိပ်အငွေ့တို့နှင့်ဆိုသော သူ့စကားကြောင့် သူ့ကို မိနော်က နှုတ်ခမ်းစူကာ
ခပ်မူမူကြည့်ရင်း
“ပါချင်ပါမှာပေါ့။ စိုးစိုးတို့ စံပယ်တို့က ရည်းစားတွေနဲ့ဆိုတော့ သူတို့ရည်းစားတွေ ပါလာမှာပဲ။ သူတို့ရည်းစားတွေက တစ်ခါ သူတို့သူငယ်ချင်းတွေ ခေါ်ချင်ခေါ်လာမှာပေါ့။ လူများလေ ပိုပျော်ဖို့ကောင်းလေ
မဟုတ်လား”
သူသဝန်တိုနေပြီမှန်းသိသော မိနော်က သူ့စိတ်ကို ဆွလေလေ သဝန်တိုစိတ်က
ငယ်ထိပ်တက်လေဖြစ်မိလာကာ
“ကောင်လေးတွေပါရင်မသွားရဘူး”
ဟုပြောင်ပြောင်ပင်စည်းကမ်းချက်ထုတ်ပစ်လိုက်မိလေတော့သည်။
သည်တော့မှ မိနော်တစ်ယောက် သူမ ဆင်ထားသောခွင်ထဲ ရောက်သွားဟန်ရှိ၏။ ပန်းနုရောင်ဆိုးဆေးဖြင့်
အရောင်တင်ထားသော နှုတ်ခမ်းဖူးဖူးလေးကို သေသပ်လှပစွာ မဲ့ရင်းပြောလေတော့သည်။
“ဒီလိုမှ မသွားရင် မိနော်က ဘယ်တော့ သွားရမှာလဲကိုကြီးရဲ့။ ဒီတခါပိတ်ရက်ရှည်မှာလဲ
ဒီတိုက်ခန်းကျဉ်းထဲမှာပဲ နေပြီးတော့ သူများတွေ ခရီးထွက်လို့ တင်ထားတဲ့ ဓာတ်ပုံတွေ
ဖေ့စ်ဘုတ်မှာကြည့်ပြီး တစ်ယောက်တည်း အထီးကျန်နေရဦးမှာလား။ မိနော်လည်း သူများတွေလို သွားချင်တယ်။ ချစ်တဲ့သူနဲ့အတူတူဒါမှမဟုတ်မိသားစုနဲ့အတူတူ
ခရီးမသွားရရင်တောင်သူငယ်ချင်းတွေနဲ့
သွားရရင်တော်သေးတာပဲလို့စိတ်ကိုလျှော့ထားတာပါ”
ပြောရင်းဖြင့် မက်စ်ကာလာဖြင့် ကော့ညွတ်နေအောင်ပြုပြင်ထားသော မျက်တောင်တုရှည်ရှည်ကို
ပုတ်ခပ်ပုတ်ခပ်လုပ်သော် မျက်ရည်အုတို့က မျက်ဝန်းတွင် ယီးလေးခိုလာကြတော့သည်။ သူမလေး
အမှန်တကယ်ဝမ်းနည်းလေပြီလား။
“မိနော် ခံစားချက် ကိုကြီးက မသိပဲနေပါ့မလား။ ကိုကြီးမှာလည်း ကိုကြီးဒုက္ခနဲ့ကိုကြီး။ မိနော်
မသိတာလည်းမဟုတ်။ မိနော်နဲ့အတူတူ ကိုကြီးက ခရီးမသွားချင်ပဲနေပါ့မလား။ သွားချင်လိုက်တာမှ
တစ်ပိုင်းကို သေလို့။ မဖြစ်လို့သာပေါ့။ အခုလည်း မသွားရဘူးပြောတာ ကိုကြီးက မိနော်ကို သိပ်ချစ်လို့။ ရွယ်တူတွေချင်း ခရီးတူတူသွားပြီး နီးစပ်သွားမှာ စိုးရိမ်တာ။ ကိုကြီးအသက်အရွယ် ကိုကြီးအခြေအနေတွေကြောင့်ကိုကြီးအားငယ်တာ။ ကဲ သိပြီလား”
ကြေကွဲနေသံလေးဖြင့်ဟန်ပါပါပြောတော့
သူ့ကိုမိနော်နည်းနည်းပြန်သနားသွားပုံရသည်။ သို့သော်လည်း
စိတ်ကတော့လျှော့သေးပုံမရ။
“အဲ့ဒီတော့ မိနော်က တစ်သက်လုံး ဘယ်မှမသွားပဲ ဒီလိုပဲနေရတော့မှာလား။ အိမ်ပြန်ရမှာလဲ တစ်မျိုးပဲ။
မပြန်ချင်ဘူး။ ကိုကြီးက မိသားစုခရီးမှာ ပျော်နေချိန်မှာ မိနော်က တစ်ယောက်တည်း ဒီအခန်းကျဉ်းထဲမှာ နေရမှာလားလို့”
ပြောရင်း မျက်ရည်တွေတွေကျလာလေတော့သည်။
သူသက်ပြင်း အသာအယာချလိုက်မိသည်။ မနှစ်က
ပိတ်ရက်ရှည်တွင် ထိုင်းသို့ မိသားစုလိုက် အလည်အပတ်ခရီးထွက်ခဲ့သည်ကို သတိရမိသည်။
ဒီနှစ်ပိတ်ရက်ရှည်တွင်လည်း ဇနီးသည်က ဗီယက်နမ်ဖြစ်ဖြစ်၊ ကမ္ဘောဒီးယားဖြစ်ဖြစ်သွားရအောင်ဟု
ဆိုကာ ခရီးသွားလုပ်ငန်းများထံ ဟိုဟိုဒီဒီ စုံစမ်းနေလေပြီ။ မဖြစ်။ ဒီနှစ်တော့ မဖြစ်။ မိနော်ကို
ခရီးမသွားရန်တားပြီး သူက သူ့မိသားစုနှင့် ခရီးထွက်၍ မဖြစ်တော့။ တစ်ခုခုတော့
ကြံမှဖန်မှဖြစ်ပေတော့မည်။
(၂)
မိနော်တိုက်ခန်းမှ အပြန်လမ်းတွင်အမျိုးမျိုး အကြံထုတ်ရင်း မိနော်နှင့်ဆုံဆည်းခဲ့ပုံကို ပြန်သတိရမိသည်။
ဘယ်လိုရထားသည့် မိန်းကလေးမို့လဲ။ သူတပါးလက်ထဲ ပါသွားလျှင် သူအသည်းကွဲမည်ထင်သည်။
သူမက သူ့အဖို့ မိန်းကလေးဖြစ်ပြီးရော ရရာလှမ်းဆွဲလို့ ပါလာသော မိန်းကလေးမျိုးမဟုတ်။ မိနော်သည်
နယ်မြို့လေးတစ်မြို့မှ မိကောင်းဖခင်သားသမီး တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သည်။ ထိုစဉ်က မိနော် ဘွဲ့ရပြီးကာစ ရန်ကုန်တွင်အလုပ်ရှာရင်း သူငယ်ချင်းများနှင့်အတူ အဆောင်တွင် နေထိုင်စဉ်ဖြစ်သည်။
နယ်မှမိဘများက မိနော်ကို နေဖို့စားဖို့်စားရိတ် ထောက်ပံ့သော်လည်း မိနော်က အများနည်းတူ
ဝတ်ချင်စားချင်သည်။ လှချင်ပချင်သည်။ ခေတ်ဆန်ချင်သည်။ ဒီလိုမိနော်နှင့် သူသည်မိနော်သူငယ်ချင်း
ဘွဲ့လွန်တက်နေသူ သူ့တူမမှတဆင့် သိကျွမ်းခဲ့ရသည်။
ထိုနေ့က တူမဖြစ်သူက သူ့ရုံးနားရောက်တုန်း ဦးလေးသူဌေးထံ
မုန့်ဖိုးတောင်းရန်ဝင်လာရာမှမိနော်ကို စ,တွေ့ခဲ့ရသည်။
ချစ်စရာ မျက်နှာလေးကို မြင်မိချိန်တွင်အနှစ်နှစ်ဆယ်ကျော်တည်ငြိမ်နေသောရင်သည်ပြန်လည်သက်ဝင်
လှုပ်ရှားလာခဲ့သည်။ မိနော်က မျက်နှာလေးတင်လှသည်မဟုတ်။ အရပ်အမောင်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သည်။ ခေတ်စကားနှင့်ပြောရလျှင် တကယ့်အလန်းလေး၊ အစင်လေးပါ။ ထိုနေ့က တူမကို မုန့်ဖိုးပေးရင်း မိနော်ကိုပါပေးတော့ မိနော်က ရှက်ပြီးငြင်းသလောက်တူမဖြစ်သူကတော့ သူ့လက်ထဲကငွေတစ်ထပ်ကို ကြည့်ပြီး အံ့သြနေခဲ့သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိနော် အလုပ်ရဖို့ကူညီမည်ဟု ကိုယ့်ဖုန်းနံပါတ်ပါသော လိပ်စာကဒ်ကိုပေးရင်း သူမဖုန်းနံပါတ်ကိုအရယူနိုင်ခဲ့သည်။
ထို့နောက် မိနော်ကို သူ့ကုမ္ပဏီတွင်ပင် အလုပ်ခန့်ခဲ့သည်။ မိနော်ကို ခန့်ဖို့အရေး အကြောင်းပြချက်
အမျိုးမျိုးဖြင့် အိမ်ထောင်သည် ကလေးအမေ အမျိုးသမီးတစ်ဦးကို သူ အားနာနာဖြင့် အလုပ်ထုတ်ခဲ့ရသေးသည်။ မစွမ်းရင်းရှိတော့လဲ ဒီလိုနှင့် မိနော်နှင့်သူ ငြိခဲ့ကြသည်။ သူတို့ဇာတ်လမ်းကို ဘယ်သူမှ မရိပ်မိတာမှ သူ့တူမဖြစ်သူ မိနော်သူငယ်ချင်းပင်မရိပ်မိခဲ့။ သူမကပင်မိနော်ကို ဂရုစိုက်ပေးဖို့
သူ့ကိုလာအပ်နေခဲ့သေးသည်။
နှစ်ဦးသား အဆင်ပြေသွားပြီမို့ မိနော်ကို ခဏခဏတွေ့ချင်ပါသည်ဟူုသော သူ၏တောင်းဆိုချက်ကို
မလွန်ဆန်နိုင်ပဲ မိနော်က အဆောင်မှသူငှားရမ်းပေးသော တိုက်ခန်းသို့ပြောင်းလာခဲ့သည်။ ထိုတိုက်ခန်းက
ညတိုင်း ကုမ္ပဏီမှအပြန် သူခရီးတစ်ထောက်နားရာနေရာ ဖြစ်လာခဲ့သည်။ မိနော်သည် နိုင်ငံခြားမှ
ပြန်ရောက်လာသော အဒေါ်မိသားစုနှင့်အတူ သွားနေသည်ဟု သူ့တူမက သူ့အား ပြန်ပြောပြခဲ့သည်။
နယ်မှ မိနော်မိဘများကတော့ကုမ္ပဏီမှ ပေးသောအခန်းတွင်နေသည်ဟုသာ သိထားကြပါသည်။
သူငှားထားသော လူကုံတန်ရပ်ကွက်မှ အခန်းကို ကြိုက်သည်ဟု မိနော်က ပြောသည်။
ရုံးနှင့်အလှမ်းဝေးလေတော့ မိနော်က သွားရေးလာရေးခက်သည်။ ထို့ကြောင့် မိနော်ကို
ကားမောင်းသင်စေပြီး သိပ်မကြာခင်ကားတစ်စီးဝယ်ပေးရန်စိတ်ကူးထားသည်။ မိနော်က ကျားကြီးတော့ခြေရာကြီးလေပြီ။ နောက်ဆုံးပေါ်နာမည်ကြီးဘရန်းအိတ်များကိုသာ ပူဆာ၍ ထည်လဲကိုင်လေသည်။
စျေးကြီးပေ့ဆိုသော အဆင့်မြင့် အလှကုန်များကိုသာ ဝယ်ခြမ်းသုံးစွဲလေ့ရှိသည်။ မိနော်၏ တစ်လအသုံးစားရိတ်က မနည်းသော်လည်း လုပ်ငန်းရှိသော သူ့အတွက်တော့မထောင်းသာလှ။ ဇနီးမသိပဲ
သုံးနိုင်သော ဘတ်ဂျက်က သူ့တွင်နဂိုကတည်းက ရှိလေသည်။
မိနော်သည် ငွေကြေးချမ်းသာသော အသက်ကြီးကြီးအိမ်ထောင်သည်ကို တွဲသည့်
အခြားမိန်းကလေးတွေနှင့် မတူသည်မှာ သူ့ကို ချစ်သူတစ်ယောက်လို စုံမက်ချစ်ခင်ခြင်းပင်ဖြစ်လေသည်။
အနားတွင်အမြဲရှိနေစေချင်သည်။ သူ သူမအနား မရှိသောအချိန်တွေတွင် သူမ မည်မျှ အထီးကျန်ကြောင်း ပြောပြတတ်သည်။ တခါတလေတော့လည်း မိနော်စကားတွေကြောင့် မိုက်မိုက်မဲမဲ
စွန့်စားခန်းဝင်ချင်သလိုပင်ဖြစ်လာရသည်။ သို့သော်အရွယ်ရောက်နေပြီဖြစ်သော သားကြီးသမီးကြီးတို့နှင့်
ကိုယ့်ဂုဏ်ဒြပ်နှင့် အနှစ်နှစ်ဆယ်အိမ်ထောင်ရေးကို ဖျက်ဆီးပစ်ဖို့ဆိုသည်က ထင်သလောက်
လွယ်ကူလှသည်မဟုတ်။ ထို့ကြောင့်လည်း ထိုစိတ်ရိုင်းတွေဝင်လာတိုင်း ဇွတ်အတင်း
ဖျောက်ဖျက်ပစ်လိုက်ရသည်ချည်းဖြစ်ခဲ့သည်လေ။
(၃)
“ပိတ်ရက်မှာ ဗီယက်နမ်သွားဖို့ ငြိမ်းဘွတ်ကင်လုပ်ထားလိုက်ပြီနော်မောင်။ သားနဲ့သမီးကိုလည်းပြောထားပြီးသွားပြီ”
ရုံးသွားခါနီး အဝတ်လဲနေသောသူ့ကိုကူညီပေးရင်း ဇနီးသည်က ပြောသည်။
“မောင် လိုက်ဖြစ်မယ်မထင်ဘူးငြိမ်း။ ကိုးရီးယားက ဧည့်သည်တွေ လာမယ်လို့ တနေ့က
အီးမေးလ်လာတယ်။ ငြိမ်းကိုပြောမယ်နဲ့ပြောမယ်နဲ့ အလုပ်ကများတော့မေ့သွားတာ”
“သူတို့က ပိတ်ရက်ကြီး ဘာလာလုပ်မှာတဲ့လဲ”
“လာတာတော့ ပိတ်ရက်မတိုင်ခင်ပေါ့ငြိမ်းရယ်။ ပိတ်ရက်မှာ လည်မယ်ပတ်မယ်ပေါ့။ နောက်ရုံးဖွင့်ရက်မှာ အလုပ်ဆက်လုပ်မယ်တဲ့။ သူတို့လည်ချင်ပတ်ချင်တဲ့နေရာတွေ မောင်လိုက်ပို့ရဦးမှာ”
“ငြိမ်းက ဘွတ်ကင်လုပ်ပြီး စရန်ငွေတဝက်ချေပီးပြီ။ ဘယ်လိုလုပ်မှာတုန်း”
“ဒါဆိုလဲ ငြိမ်းတို့သုံးယောက်ပဲ သွားလိုက်တော့ပေါ့ငြိမ်းရာ”
ဇနီးသည်က ခပ်တွေတွေရပ်ရင်း စဉ်းစားဟန်ရှိသည်။
“အင်းလေ။ ငွေတွေဆုံးမှာထက်စာရင်တော့ဒီလိုပဲ လုပ်ရတော့မှာပေါ့”
ယခုမှပဲ သူ သက်ပြင်းသေချာချနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် ငြိမ်းကို ချက်ချင်းမပြောပဲ
အချိန်နည်းနည်းစောင့်လိုက်တာက ငြိမ်းဘွတ်ကင်လုပ်ဖို့အချိန်ရသွားစေခဲ့သည်။ အကြံပိုင်လေစွ။
ငြိမ်းနှင့် သားတို့သမီးတို့ ဗီယက်နမ်ခရီးစဉ်သွားလျှင်မိနော်နှင့်သူဘယ်သွားရင်ကောင်းမလဲ။ မိနော်နှင့်
တိုင်ပင်ရဦးမည်။ ပိတ်ရက်ရှည်ဖြစ်သဖြင့် မိနော်ပြောသောနေရာတွေမှာ လူအပြည့်ဖြစ်နေမည်ထင်သည်။
အသိတစ်ယောက်ယောက်မြင်သွားခဲ့လျှင်ကိုယ်ကျိုးနည်းလိမ့်မည်။ လူသူရှင်းသော နေရာလေးတစ်ခုတွင်
အေးအေးချမ်းချမ်း အနားယူရင်း နှစ်ယောက်တည်း အပန်းဖြေရအောင်ဟု မိနော်ကို ပြောမည်။
ဘယ်လိုပဲဖြစ်ဖြစ်သူနှင့်အတူသွားရမည်ဆိုလျှင်
မိနော်ဝမ်းသာရှာမှာပါ။
(၄)
ပိတ်ရက်နားနီးလာပြီမို့ မိနော်ရော ငြိမ်းပါ အလုပ်များနေကြပြီ။ ခရီးတစ်ခုသွားဖို့ မိန်းမတွေ ပြင်ဆင်ပုံမှာငြီးငွေ့ဖွယ်ကောင်းလှသည်။ ရှိပြီးသားအဝတ်အသုံးအဆောင်တို့က သွားမည့်ခရီးနှင့် မကိုက်ဟုဆိုကာ
အသစ်တွေ ဝယ်ကြသည်။ ပစ္စည်းပစ္စယျ သေးသေးလေးတွေကအစ ထည့်ကြသိုကြသည်။ အလှကုန်မျိုးစုံသယ်ကြသည်။ မိန်းမဟူသည်အတူတူသာဖြစ်လေသည်။
“ဒီတစ်ခေါက် မောင်မပါတော့ သုံးယောက်တည်း သွားရမှာ တစ်မျိုးပဲ။ ဘွတ်ကင်လုပ်ပြီးသား
ဖြစ်နေလို့သာပေါ့။ နို့မို့ရင်ဖျက်ပစ်တယ်”
ငြိမ်းက သူမ၏စူဖြိုးသော ကိုယ်ခန္ဓာဖြင့် သူ့ကိုမှီတွယ်ရင်း ခပ်နွဲ့နွဲ့ပြောသည်။
ငြိမ်းနှင့်ချစ်သူဘဝတုန်းကတော့ ဒီလိုဟန်ပန်တွေက သူ့အတွက်စွဲမက်ဖွယ်ရာဖြစ်ခဲ့သည်။ ယခုမူ သူက
ငြိမ်း ဘာပြောသည်ကို စိတ်မဝင်စား။ အဆီတစ်ထပ် အသားတစ်ထပ်ဖြစ်နေသော ငြိမ်း၏ ဂုတ်ပိုးသားများကိုသာ မြင်သည်။ စကားပြောရင်း ကိုယ်ကို လှုပ်ခါလိုက်တော့
အရည်အသွေးကောင်းပြီး အလုံးကြီးစိန်များဖြင့် စီရင်ထားသော နားကပ်တို့က မီးရောင်တွင်
ဖြတ်ဖြတ်ခါလေသည်။ ငြိမ်းအတွက်သူသည်ခင်ပွန်းကောင်းတစ်ယောက်ဆိုတာ အသေအချာပဲဖြစ်မည်။
“ကိုကြီးနဲ့ တစ်ခါမှ ခရီးမသွားဖူးလို့ မိနော် အရမ်းပျော်တာပဲသိလား။ ကိုကြီးပါနေမှတော့ ဘာမှမလိုတော့ဘူး။ ဘယ်သွားသွား မိနော်က ကိုကြီးသွားရာနောက်လိုက်မှာပဲ”
ခပ်ရွှဲရွှဲဖြစ်လာသော သူ့ဝမ်းဗိုက်ကို မိနော်က အနောက်မှ သိုင်းဖက်ရင်း တွတ်တီးတွတ်တာပြောသည်။
မိနော်ကို သူ နောက်ပြန်ငုံ့ကြည့်လိုက်သည်။ ပျိုမြစ်သော မျက်နှာလေးက သူ့ရင်ကို
ဗလောင်ဆူလာစေသည်။ မိနော်ဖက်ပြန်လှည့်ရန်သိုင်းဖက်ထားသော သူမလက်ကို ဆွဲယူခွာချချိန်တွင်
စိန်ကြိုးဟန်းချိန်းလေးကို စမ်းမိသည်။ စိန်ပွင့် ခပ်နုတ်နုတ်လေးများက အရည်အသွေးသိပ်မကောင်းလှသဖြင့် အရောင်က ခပ်မှိန်မှိန်။ ရုတ်တရက် မိနော်အတွက်
သူသည်ဘာလဲဟု စဉ်းစားလိုက်မိသည်။
(၅)
ပိတ်ရက်နားနီးလေလေ သူ့အဖို့ အလုပ်များလေလေဖြစ်သည်။ ပိတ်ရက်မတိုင်ခင် အပြတ်ဖြတ်ရမည့်အလုပ်များကို အပြတ်ဖြတ်။ ရုံးပြန်တက်လျှင် ဆက်လုပ်ရမည်များကို တေးမှတ်။
အသစ်စတင်ရန်ရှိသည်များကို ပြင်ဆင်ရင်းနှင့် အချိန်က အကုန်မြန်သည်။ ဒီနေ့ ပိတ်ရက်မတိုင်ခင်ရက်မို့ မိနော်ထံ မသွားတော့။ မနက်ဖြန်မနက်စောစော အတူခရီးထွက်မည်မို့ ယနေ့ညလေယာဉ်ဖြင့်
ဗီယက်နမ်သွားမည့် ငြိမ်းတို့သားအမိတစ်တွေ စိတ်အေးရအောင်အိမ်ကိုစောစောပြန်မည်။
ကိုယ့်စိတ်ကူးနဲ့ကိုယ် တက်ကြွနေမိသည်။
မိနော်နှင့်အတူ ကြည်နူးနိုင်မည့် ငါးရက်ကို နောင်ချိုကသူ့တပည့်တစ်ယောက်ခြံထဲတွင် စီစဉ်ထားသည်။ ဟန်းနီးမွန်းထွက်ရသလို တွေးမိလေတိုင်း စိတ်တွင်ပျော်ရွှင်နေမိတော့သည်။ ငြိမ်းတို့သွားမှ ခရီးဆောင်အိတ် ပြင်ဆင်ရဦးမှာပါလား။ ငြိမ်းက နိုင်ငံခြားသားနှင့် သွားမည်အထင်ဖြင့် သူပြင်ဆင်ပေးပါမည်ပြောခဲ့ပါသည်။ ငြိမ်းလည်း ကိုယ်တိုင်အတွက်
ကလေးတွေအတွက်ပြင်ဆင်နေရ၍ ပင်ပန်းပါသည်။ ကိုယ့်ဖာသာပြင်ပါမည်ဟုချွေးသိပ်ခဲ့ရသေးသည်။
(၆)
တစ်ခါတစ်ရံ ကြိုတင်ပြင်ဆင်ထားသော်လည်း မလိုလားအပ်သည်တို့က လောကတွင်ဖြစ်တတ်သေးသည်။
သမီးဖြစ်သူ ကလျာက ယခုညနေမှ ဘာတွေ အစားမှား၍မသိ။ ဝမ်းပျက်နေသည်ဆိုသည်။ ငြိမ်းလည်း
စိတ်ပူသည်က တမျိုး၊ ခရီးစဉ်အတွက်စိတ်မတင်မကျဖြစ်သည်က တမျိုးဖြင့်စိတ်ညစ်ညူးနေဟန်ရှိသည်။
“ဝမ်းက အခုထိသွားတုန်းလား။ ဆေးခန်းမသွားရသေးဘူးလား”
“ဆေးခန်းသွားပြီး ပြန်လာပြီမောင်ရဲ့။ ဆေးလဲသောက်ပြီးပြီ။ ချက်ချင်းကြီးတော့ ဘယ်ကောင်းပါ့မလဲ။
ငြိမ်းတော့ ဒီိခရီးကို ဖျက်လိုက်ရမလားပဲ။ ကလျာက လိုက်နိုင်တော့မှာ မဟုတ်ဘူး။ မောင်ကလည်း
သွားမယ်ဆိုတော့ကလျာတစ်ယောက်တည်း ထားခဲ့လို့ဘယ်ဖြစ်ပါ့မလဲ”
ယခုမှပင် ခက်တော့သည်။ ငြိမ်း ခရီးစဉ်ဖျက်လိုက်လျှင် သူ့အကြောင်း မတော်တဆရိပ်မိလာနိုင်သည်။
ဒီ့အတူတူတော့ သူနှင့်မိနော် ခရီးမသွားတာကမှ တော်ပေဦးမည်။ နေ့လည်ဘက် မိနော်အခန်းမှာ
အချိန်ဖြုန်း ညမှသမီးကိုစောင့်ရင်း အိမ်မှာပြန်အိပ်ဒီလိုလုပ်၍ ရနိုင်သေးသည်။
“ပြင်ဆင်ပြီးမှ မသွားလို့ဘယ်ဖြစ်မလဲ။ ငြိမ်း ဒီလောက်ခဲထားတဲ့ခရီးကို။ ကလျာမလိုက်နိုင်ရင်လဲ သားနဲ့ပဲသွားလိုက်ပေါ့။ သမီးကိုမောင်ပဲ ခရီး လိုက်မသွားပဲ စောင့်ပါ့မယ်”
“မောင်က ကိုးရီယားတွေ လိုက်ပို့ရမှာဆို။ ဘယ်လိုလုပ်စောင့်မှာလဲ”
ငြိမ်းက စိုးရိမ်တကြီးမေးသည်။
“ရပါတယ်။ မောင် ရုံးက တစ်ယောက်ယောက်ကို စီစဉ်ပြီး မောင့်အစား ထည့်လိုက်မယ်။
ဘယ်တတ်နိုင်ပါ့မလဲ။ ကလေး နေမကောင်းတာကို”
ငြိမ်းရှေ့တွင်အမှတ်ကိုကတ်သပ်ဝင်ယူလိုက်သေးသည်။
“ဒါဆို ငြိမ်း တကယ်သွားရမှာလား။ စိတ်ချရပါ့မလား”
အရေးတည်း ငြိမ်းက စျေးဆစ်နေသေးသည်။
ထိုစဉ်
“ဖေဖေရော မေမေရော သမီးကို စိတ်မပူနဲ့။ အခုတောင် ဝမ်းက သိပ်မသွားတော့ဘူး။ ဒါပေမယ့်
အားပျော့နေလို့ ခရီးတော့ မသွားနိုင်ဘူးထင်တယ်။ အိမ်မှာ ဒေါ်မှုန်တို့သားအမိတွေလဲ ရှိတာပဲ။
သမီးနေခဲ့လိုက်မယ်။ ဖေဖေရော မေမေပါသွားလို့ရပါတယ်”
ငယ်စဉ်ကတည်းက တစ်ခုခုဆို အမြဲဂျီကျကာ စိတ်အလိုမကျတတ်သော သမီးက ယခုမှ
စွတ်သဘောကောင်းနေပါလား။ သမီးက ဆယ့်ခြောက်နှစ်အရွယ်ရောက်လာ၍
လူကြီးဆန်ရင့်ကျက်လာပြီထင်သည်။ အဖေနှင့်အမေကိုပင် သိတတ်လို့ပါလား။ သူ အံ့သြပေမယ့် ကျိတ်ဝမ်းသာသွားသည်။
သို့သော်ငြိမ်းက
“ဒေါ်မှုန်တို့က တစ်ခုခုဆို ဘာမှ နားလည်တာ မဟုတ်ဘူး။ လုပ်တတ်တာ မဟုတ်ဘူး။ သမီးကို
ဒီတိုင်းတော့မထားခဲ့နိုင်ပါဘူး။ မောင်နေရင်နေ မနေရင်ငြိမ်းနေရမှာပဲ” ဟုဗီတိုအာဏာကိုသုံးလေသည်။
နောက်ဆုံးတော့ သူသည် ကလျာ့အတွက် အိမ်စောင့်ရန် သဘောတူလိုက်ရတော့သည်။ ထိုအခါမှ
ငြိမ်းလည်း စိတ်ဖြောင့်ဖြောင့်သွားနိုင်တော့သည်။
(၇)
ထိုနေ့က ခရီးမသွားဖြစ်တော့ကြောင်း မိနော်ထံ ဖုန်းဆက်တော့ ညဆယ့်တစ်နာရီထိုးလုပြီ။
အခြေအနေအရပ်ရပ်ကို ရှင်းပြရင်း ပိတ်ရက်များတွင် မိနော်နှင့်အတူ ရှိနေမှာဖြစ်ကြောင်း
အကြိမ်ကြိမ်ကတိပေးရသည်။ ခရီးမသွားဖြစ်ခြင်းအတွက် လျော်ကြေးအနေဖြင့် စိန်လော့ကက်တစ်ခု
ဝယ်ပေးပါမည်ဟုလည်း ချော့လိုက်ရသေးသည်။
နောက်နေ့နံနက်တွင်တော့ သမီးက အဝတ်အစားသစ်များနှင့် လန်းဆန်းလှပစွာ ဧည့်ခန်းထဲတွင်
ထိုင်နေသည်ကိုတွေ့ရသောကြောင့်
အနည်းငယ်အံ့သြသွားရသည်။
“သမီး နေကောင်းသွားပြီလား။ အလှတွေပြင်လို့ဘယ်သွားမလို့တုန်း” မေးတော့
“သူငယ်ချင်းမွေးနေ့ခဏလေးသွားချင်လို့ပါ” တဲ့။
လက်ညှိုးလေးကိုနှုတ်ခမ်းတွင်ကန့်လန့်ဖြတ်ပိတ်ရင်း ချစ်စဖွယ်ပြောသည်။
“သမီး ဒါ့ကြောင့်အကြံအဖန်လုပ်တာလား”
သူ့ကြောင့်ခရီးမထွက်ဖြစ်ရသည်ကိုကျွဲမြီးတိုကာ ခပ်ဆတ်ဆတ်မေးလိုက်မိသည်။
သမီးက ခေါင်းခါပြီး ရယ်ရင်း
“ခုမှကောင်းသွားလို့ပါ ဖေကြီးရ။ ကိုယ့်ဖေ အလုပ်ပျက်အောင်ဘယ်သူက ညာပြောပါ့မလဲ” တဲ့။
ဒါလည်း ဟုတ်တာပဲ။ ဒိမနက်မှ အားအင်ပြည့်ကာ ပြန်လန်းဆန်းလာတာဖြစ်မည်။ သမီးကို
သူ့သူငယ်ချင်းအိမ်သို့ လိုက်ပို့ပေးမည် ပြောသော်လည်း သမီးက လာခေါ်သောသူငယ်ချင်းကားနှင့်
ပါသွားသည်။ ဝိုင်းကျူရှင်အတူတက်သော သမီးသူငယ်ချင်းများကို သိနေပြီးသားမို့ စိတ်အေးလက်အေးထည့်လိုက်ရသည်။ ကိုယ်လည်း အချစ်ကလေးထံအခစားဝင်ရဦးမည် မဟုတ်ပါလား။
(၈)
ညနေခြောက်နာရီခွဲ။
မိနော်ကို ချော့မော့ပြောပြီး အိမ်စောစောပြန်ခဲ့သည်။ အခုလောက်ဆို သမီး အိမ်ပြန်ရောက်နေလောက်ပြီ။
သူ့အမေ မရှိတုန်း သမီးနှင့်ညစာ အတူစားပေးဖို့လိုသည်လေ။
ဆင်ဝင်ရှေ့ ကားထိုးဆိုက်လိုက်သည်နှင့်ဒေါ်မှုန်က ကမန်းကတမ်း ကားနားကပ်လာသည်။
“ဆရာ ကလျာ့ကိုဝင်ကြိုလာမယ်ထင်တာ။ မပါလာဘူးလား” ဟု မေးသည်။ ဒီတော့မှသူမျက်လုံးပြူးကာ
“ခုချိန်ထိသမီး ပြန်မရောက်သေးဘူးလား“ အမောတကော မေးမိသည်။
“အခုထိပြန်မလာတာ ခင်ဗျားတို့ဘာလို့ကျွန်တော့်ကိုမပြောလဲ”
“ကျွန်မတို့ကို ဘာမှမပြောတော့ ဆရာသိတာပဲ။ ဆရာဝင်ကြိုမယ်ထင်တာ။ ဆရာ အလုပ်များနေတုန်း
ဖုန်းဆက်မိမှာစိုးလို့ ဖုန်းမဆက်ပဲ ကျွန်မထွက်မျှော်နေတာပါ”
ဒေါ်မှုန်က အသံတုန်တုန်ဖြင့်ဖြေသည်။
သူကလျာ့ဟန်းဖုန်းကိုလှမ်းခေါ်လိုက်သည်။
“ဖုန်းပိတ်ထားပါတယ်ရှင်” တဲ့။ ဒုက္ခပါပဲ။ မီတာကုန်နေပြန်ပြီထင်သည်။
“ဒါနဲ့ဟိုကလေးမ ဘယ်သူမနက်က ကလျာ့ကိုလာခေါ်သွားတာလေ သူ့သူငယ်ချင်း”
သူစကားများကိုကပေါက်တိကပေါက်ချာပြောရင်း အသံပင်တုန်နေသည်။
“သူ့သူငယ်ချင်း ဖုန်းနံပါတ်သိလား” ဒေါ်မှုန့်ကိုဆောင့်ကြီးအောင့်ကြီးမေးလိုက်မိသည်။
“ဘယ်သိပါ့မလဲဆရာရယ်။ မမငြိမ်းဆိုရင်တော့ သူ့သူငယ်ချင်းတွေ အကုန်သိတော့ ဖုန်းနံပါတ်တွေလဲ
သိမယ်ထင်တယ်။ ကျွန်မကတော့မျက်မှန်းတမ်းမိရုံရှိတာ”
သွားပြီ။ မနက်က လိုရမယ်ရ ဖုန်းနံပါတ် မတောင်းထားလိုက်မိတာ သေပြီပဲ။ ကိုယ်ကလည်း
ကိုယ့်အာရုံနဲ့ကိုယ်လစ်ထွက်ဖို့ စိတ်ကူးနေခဲ့တာကိုး။ ဘယ်သူ့ကို အပြစ်တင်ရမှန်းပင်မသိတော့။ ငြိမ်းကို
ဆက်သွယ်၍လည်း မရနိုင်ပြီ။
ပေါ်တီကိုအောက်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း ညကိုးနာရီထိုးလုဖြစ်လာခဲ့သည်။ ဘာလုပ်လို့
ဘာကိုင်ရမယ်မှန်းမသိ ခေါင်းမီးတောက်လို့နေခဲ့လေပြီ။
ကလျာ ပြန်မလာနိုင်သည့်အဆုံး ကလျာ့အိပ်ခန်းထဲတွင် သူ့သူငယ်ချင်းတွေ ဖုန်းနံပါတ်ရှိလိုရှိငြား
ရှာကြည့်ရန် ဝင်လာခဲ့သည်။ ဟိုဟိုဒီဒီ ရှာရင်း ခေါင်းအုံးအောက်မှ စာခေါက်ကလေးတခု
အစထွက်နေသည်ကိုတွေ့လိုက်ရသဖြင့်ဆွဲယူကာ ဖြန့်ဖတ်လိုက်မိသည်။
ဖေဖေ
သမီးကို ခွင့်လွှတ်ပါ။ သမီး ဆရာထွန်းမြင့်နိုင်နဲ့လိုက်သွားပါပြီ။
သမီးတို့ချင်း ချစ်နေခဲ့တာ ကြာပါပြီ။ လက်မထပ်ရင်မဖြစ်တော့တဲ့
အခြေအနေမို့ဒီလိုလုပ်လိုက်ရပါတယ်။
ဆရာက သူ့ဇနီးကိုကွာရှင်းဖို့
ကြိုးစားနေရလို့အချိန်နည်းနည်း ကြာသွားတာပါ။
ဖေဖေ မေမေတို့သဘောတူမှာ မဟုတ်တာသိလို့
သမီး ဒီတိုင်းပဲ ထွက်သွားလိုက်ပါတယ်။
သမီးမိုက်ပြစ်ကိုသမီးပဲခံပါ့မယ်။
ဖေဖေ မေမေတို့ကိုသမီးကန်တော့ခဲ့ပါတယ်။
သမီးမိုက်ကလျာ
စာဖတ်အပြီး သူ့မျက်လုံးတွေ ပြာဝေသွားခဲ့သည်။ ကလျာပြောသော ဆရာထွန်းမြင့်နိုင်ကို
သူကောင်းကောင်းသိပါသည်။ ကလေးနှစ်ယောက်အဖေ အိမ်ထောင်ရှိသူ အသက်လေးဆယ်နီးနီး
ကျူရှင်ဆရာပါ။ ကျူရှင်ဆရာက ကိုယ့်ယုံကြည်၍ အပ်နှံထားသော ဆယ့်ခြောက်နှစ်အရွယ်
တပည့်မလေးကို ခိုးပြေးရသည်တဲ့။ တော်တော့်ကို လူမဆန်တာပါလား။ တွေ့ကြသေးတာပေါ့။ မနက်ဖြန်လူတွေဖြန့်ပြီး မြေလှန်ရှာမည်။ တွေ့လို့ကတော့ ဒင်း သေပြီသာမှတ်။
ဒေါသက တရှိန်ရှိန်ငယ်ထိပ်အထိ
တက်ဆောင့်သည်။
ထိုစဉ်ဖုန်းက မြည်လာသည်။ မိနော်ထံမှ ဖြစ်သည်။ မကိုင်မချင်းခေါ်နေမည်ကိုသိ၍ ကိုင်လိုက်ရသည်။
“ကိုကြီး ဘာလုပ်နေလဲ” ခပ်ချွဲချွဲအသံက ထွက်လာသည်။ ခါတိုင်းဆိုလျှင် မချင့်မရဲ
ခံ့စားချက်တို့မြင့်တက်နေဦးမည်ဖြစ်သော်လည်း ယခုတော့ဒေါသထွက်သည်ကိုသာ သိ၏။
“သမီး ပျောက်လို့ ရှာနေတယ်။ အသုံးမကျတဲ့ကောင်မ ကလေးနှစ်ယောက်အဖေ
သူ့ဖအေအရွယ်ကြီးနဲ့လိုက်သွားတယ်လေ။ ကိုယ်နဲ့ ရွယ်တူချင်း ကြိုက်တယ်ဆို ဘာမှ မပြောပါဘူး။
အခုတော့ ပန်းကောင်းအညွန့် ကျိုးပြီပေါ့။ ဟိုကောင်ကလဲ ကိုယ့်သမီးအရွယ်လေးကို သားသမီးချင်းမှ မစာနာ…….”
ပြောရင်းနှင့်အရှိန်လွန်သွားသည်ကိုသိလိုက်ချိန်တွင်မိနော်က ဖုန်းချသွားလေပြီ။ ။
(မေသနပ်ခါး)
ရွှေအမြုတေမဂ္ဂဇင်း၊ရွှေအသစ်ကဏ္ဍ၂၀၁၉ ဇူလိုင်လ
No comments