New Artical

ဗုဒ္ဓဘာသာနှင့် ရုပ်ပွားဆင်းတုကိုးကွယ်မှု


ဗုဒ္ဓဘာသာနှင့် ရုပ်ပွားဆင်းတုကိုးကွယ်မှု

             ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ၏ ပုဒ်မ ၃၆၁ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။
“နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာ တော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ် ဆုံးဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိ အမှတ်ပြုသည်”

ပုဒ်မ ၃၆၂ တွင်လည်း အောက်ပါအတိုင်း ဆက်၍ ပြဋ္ဌာန်းထားသည်။
“နိုင်ငံတော်သည် ခရိယာန်ဘာသာ သာ သနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာ များဟူ၍ အသိအမှတ်ပြုသည်”


အထက်ဖော်ပြပါ ပုဒ်မ ၃၆၁ နှင့် ၃၆၂ တို့ တွင် ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ ကိုးကွယ်ခွင့် ရှိကြကြောင်း ထင်သာမြင်သာရှိလှပေသည်။ ယင်း ဘာသာများတွင် အပါအဝင်ဖြစ်သည့် ဗုဒ္ဓဘာသာဝင် တို့၏ ရုပ်ပွားဆင်းတုကိုးကွယ်မှုအကြောင်းကို ဤ ဆောင်းပါးတွင် နိဒါန်းသဘောမျှ ဖော်ပြလိုပေသည်။

ဗုဒ္ဓဘာသာအိမ်တိုင်းတွင် ဗုဒ္ဓ၏ ရုပ်ပွား ဆင်းတုတော်များကို ကိုးကွယ်ပူဇော်ကြပါသည်။ ဘုရားစင်ကို အိမ်ဦးခန်းမှာသာ အမြင့်အမြတ်ထားရပါသည်။ လှေကားအောက် စသည်တွင်လည်းကောင်း အနိမ့်မှာလည်းကောင်း၊ မြေညီမှာလည်းကောင်း မထားရပေ။ အမြင့်အမြတ်နေရာတွင် မထားနိုင်လျှင် မထားသည်က ကောင်းပေသေးသည်။ ယုတ်နိမ့် သောနေရာ၌ ဘုရားရုပ်တုကိုထားလျှင် နေ့စဉ် ငရဲ ကြီးနေပေမည်။ ဘေးဥပဒ်ကျရောက်တတ်ပေသည်။ ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုများကို ထားရှိပြီး ပူဇော်နည်း၊ ရှိခိုးနည်းများကိုလည်း သိရှိထားရန်လိုအပ်ပေသည်။

အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူ ပူဇော်ပြီးသည်နှင့် ရှေးဦးစွာ ရုပ်တုတော်ကို အနေကဇာတင်ရမည်ဖြစ်ပေသည်။ အနေကဇာတင်ခြင်း ဟူသည်မှာ “အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ၊ အနိဗ္ဗိသံ” အစချီသော ဂါထာတော်ကို ရွတ်ဆိုခြင်း ပင်ဖြစ်သည်။ ယင်းဂါထာတော်မှာ မြတ်စွာဘုရား သည် ဘုရားဖြစ်ဖြစ်ချင်း၊ ကျူးရင့်တော်မူသည့် စကားတော်ပင်ဖြစ်သည်။ အနေကဇာတင်ပြီးသည် နှင့် အသက်ရှိသော မြတ်စွာဘုရားကဲ့သို့ သဘော ထားကာ ပူဇော်ကန်တော့ကြရပေမည်။ ဂုဏ်တော် ကို လေးစားသည့်စိတ်နှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကြရပေမည်။


ဗုဒ္ဓ၏ ရုပ်ပွားတော်ကို ယုံကြည်ကိုးကွယ်မှု နှင့် စပ်လျဉ်းပြီး ထင်ရှားသော အာရှခေါင်းဆောင် ကြီး နှစ်ယောက်အကြောင်းကို ဤနေရာ၌ စံနမူနာ ယူနိုင်ကြရန်အတွက် ဖော်ပြအပ်ပေသည်။

တစ်ဦးမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်ဟောင်းဦးနုဖြစ်သည်။ ဝန်ကြီးချုပ် ဟောင်းဦးနု၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနှင့် စပ်လျဉ်းပြီးမည်သူမျှ အငြင်းမပွားကြပေ။ ဗုဒ္ဓဘာသာ အပေါ် ယုံကြည်ကိုးကွယ်မှုသည်။ ၄င်း၏ ထင်ရှား သော ပုံရိပ်ပင်ဖြစ်သည်။ နိုင်ငံခြားသို့ လနှင့်ချီ၍ ခရီးသွားသော်လည်း ဝတ်ပြုကိုးကွယ်ခြင်းကို မပျက်ကွက်ခဲ့ပေ။ ထို့ကြောင့် သက်ဆိုင်ရာ အိမ်ရှင်တိုင်းပြည်များက ၄င်းတည်းခိုမည့် အဆောက်အအုံ အိပ်ခန်း စသည်၌ ဝတ်ပြုကိုးကွယ်ရန် ယာယီဘုရား ကျောင်းဆောင်၊ ယာယီဘုရားစင်တို့ကိုပင် စီစဉ်ပေးခဲ့ရသည်ဟု ကြားဖူး၊ ဖတ်ဖူးသည်။

အခြားအာရှခေါင်းဆောင်တစ်ဦးမှာ အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ခေါင်းဆောင်ကြီး ပန်ဒစ်ဂျဝါ ဟလာနေရူးဖြစ်သည်။ ၄င်းသည် ငယ်ရွယ်စဉ်က ကျန်းမာရေးအတွက် အနားယူရင်း သူ၏ဇနီးနှင့် အတူ သီရိလင်္ကာနိုင်ငံသို့သွားရောက်ခဲ့သည်။ ရှေးဟောင်း အဆောက်အအုံများကို လှည့်လည်ကြည့်ရှုရင်း တစ်နေရာ၌ ဗုဒ္ဓရုပ်ပွားတော်ကို အထူးစိတ်ဝင်စားစွာ ကြည့်ရှုနေမိသည်။ မိမိတည်းခိုသည့် အဆောင်သို့ ပြန်ရောက်သော်လည်း ထိုဗုဒ္ဓပုံတော်ကို မျက်စိထဲမှ မပျောက်နိုင်အောင် စွဲနေမိခဲ့သည်။ မိမိတိုင်းပြည်သို့ ပြန်ရောက်ပြီး နိုင်ငံရေးလုပ်ရင်း ထောင်ကျခဲ့သည်။ မိမိလုပ်လိုရာ မလုပ်နိုင်သဖြင့် စိတ်ညစ်ခိုက်တွင် ထိုရုပ်ပုံတော်ကို ပြန်၍ သတိရလာသည်။ 

ထို့ကြောင့် သီရိလင်္ကာရှိ မိတ်ဆွေတစ်ဦးထံသို့ အကူအညီ တောင်းခဲ့ရာ ယင်းမိတ်ဆွေက ယင်းဗုဒ္ဓပုံတော်ကို ဓာတ်ပုံရိုက်၍ပို့လိုက်ရသည်။ ထိုပုံတော်ကို စားပွဲ ပေါ်တင်၍ ဖူးမြော်နေရခြင်းဖြင့် ညစ်ညူးနေသော စိတ်တို့သည် ကြည်နူးလာခဲ့ရသည်ဟု ၄င်း၏ အတ္ထုပ္ပတ္တိတွင် ဖော်ပြထားပေသည်။ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်ဂျဝါဟလာနေရူး ဆိုသည်မှာ Discovery of India, Glipsas of World History ကဲ့သို့သော ကမ္ဘာကျော်စာအုပ်များကို ရေးသားခဲ့သည့် ပညာရှင် ပဏ္ဍိတ်ကြီးလည်း ဖြစ်ပေသည်။ မျက်မှောက်ခေတ်တွင် အယူဝါဒနှင့် စပ်လျဉ်းပြိး တွေဝေနေကြသော လူငယ်များအဖို့ နည်းယူသတိ ပြုကြရန်ဖြစ်ပေသည်။

ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ဝန်ကြီးချုပ် ဖြစ်စဉ်က အိန္ဒိယသို့ အကြိမ်ကြိမ်သွားခဲ့သည်။ မဏ္ဍစ်ဂျဝါဟလာနေရူးနှင့် အလွန်ရင်းနှီးသဖြင့် ၄င်း၏ အိမ်တွင်ပင် တည်းခိုခဲ့ဖူးသည်။ အိန္ဒိယပြည်တွင် ဝန်ချီဒေသ၌ ဓာတ်တော်များ ဌာပနာပွဲကို ကျင်းပရာ ဝန်ကြီးချုပ်ဟောင်းဦးနုနှင့် ပဏ္ဍစ်ကြီး ဂျဝါဟလာနေရူးတို့သည် အတူတက်ရောက်ခဲ့ကြသည်။ ပူဇော်ပွဲမှအပြန်တွင် ဝန်ကြီးချုပ်ဟောင်း ဦးနုက ပဏ္ဍစ်ကြီး ဂျဝါဟလာနေရူးအား “ဘယ်ဘာသာမှ မရှိဘူးလို့ ကြားဖူးတယ်။ အဲဒါမှန်ရဲ့လား”ဟု ပွင့်ပွင့် လင်းလင်းမေးခဲ့သည်။ နေရူးကလည်း သူဟာ ဗုဒ္ဓဘာသာဘက်ကိုတော့ ကိုင်းညွှတ်နေတယ်။ I am Inclined towards Buddhism ဟု ဖြေ ကြားခဲ့သည်ဟုဆိုသည်။ ယခုခေတ် ဗုဒ္ဓဘာသာဝင် မြန်မာလူငယ်၊ လူရွယ်များအနေဖြင့် ရွာဘုရားကို ရွာသားများ ရိုသေကြရန် သတိချပ်ဖွယ်ပင်ဖြစ်တော့သည်။

ဤနေရာတွင် အချို့သော ဗုဒ္ဓဘာသာဝင်များအနေဖြင့် မေးခွန်းတစ်ခုကို မေးလေ့ရှိကြသည်။ “ဘုရားဆင်းတုတော်တွေကို အနေကဇာတင်မှ အသက်ဝင်တယ်။ အနေကဇာမတင်ရင် အသက်မဝင်ဘူး။ အနေကဇာတင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူး။ ကိုးကွယ်ရင် ကုသိုလ်မရဘူး ဟုတ်သလား”ဟူသော မေးခွန်း ဖြစ်သည်။

အနေကဇာတင်ခြင်းဟူသည်မှာ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ဖွယ် ရွတ်ဖတ်ပူဇော်ခြင်းပင် ဖြစ်သည်။ အနေကဇာတင်ခြင်းဖြင့် “အနေကဇာတိသံသာရံ”စသည့် ဗုဒ္ဓ ရွတ်ဆိုခဲ့သည့် ဂါထာတော်ကို ကြားနာခွင့်ရနိုင်ပေမည်။ ဗုဒ္ဓဆင်ခြင်သုံးသပ်ခဲ့သည့် ပဋိစ္စသမုပ္ပာဒ်ကို နာခွင့် ရပေမည်။ ရဟန်းသံဃာတော်များကို ကုသိုလ်ပြုခွင့် လှူဒါန်းခွင့်ရပေမည်။

အမှန်စင်စစ် အနေကဇာတင်ခြင်းဖြင့် ရုပ်တုတော်များသည် အသက်ဝင်လာသည် မဟုတ်ပေ။ အနှစ်သာရအားဖြင့် ရုပ်တုတော်ကို ကိုးကွယ်ခြင်း ထက် ဗုဒ္ဓ၏ ဂုဏ်တော်ကို ကိုးကွယ်နေခြင်း ဖြစ်ပေသည်။

အာရုံပြု ပူဇော်နေခြင်းဖြစ်ပေသည်။ ပရိ နိဗ္ဗာန်စံပြီးဖြစ်သည့် မြတ်စွာဘုရား၏ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော်အနန္တတို့ကို ပူဇော်နေခြင်း ဖြစ်ပေသည်။

မိမိ၏စိတ်က ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်မှန်းနေဖို့က အဓိကဖြစ်ပေသည်။ ဗုဒ္ဓ၏ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော်အနန္တတို့ကို ထက်သန်သော သဒ္ဓါတရားနှင့် ကိုးကွယ်နိုင်ကြရန်အတွက် တိုက်တွန်းရေးသားအပ်ပေသည်။

မောင်ဉာဏ်စိန်

ရည်ညွှန်းစာအုပ်များ –
၁။ အနာဂတ်သာသနာရေး (အရှင်ဇနကာ ဘိဝံသ)
၂။ ဘုရားအနေကဇာမတင်ဘဲ ကိုးကွယ်လို့ မရ၊ မရ (အရှင်နန္ဒောအာသ၊ ဓမ္မရောင်စဉ်)
၃။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် (သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန)
၄။ တာတေစနေသား (ဝန်ကြီးချုပ်ဟောင်းဦးနု)



No comments