"ကိုယ့်ကိုကိုယ် သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာအကြောင်း"
"ကိုယ့်ကိုကိုယ် သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာအကြောင်း"
ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေ ရေးပေးနေတာ သိတော့ ဒကာတစ်ယောက်က...
“အရှင်ဘုရား...
တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုကိုယ် သတ်သေရင် အဖန်ငါးရာ
ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီးရင်း သတ်သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား။
ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ
ကိုယ့်လည်ပင်း ကိုယ် ဓားနဲ့ လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ
ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်။ ရဟန္တာ ဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး
မဟုတ်လားဘုရား။ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာ ခံရတဲ့ ကိစ္စ တပည့်တော်
ဘယ်လို နားလည်ရမလဲဘုရား...” လို့ မေးဖူးပါတယ်။
ဟုတ်ပါတယ်။
ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာ ငါးကမ္ဘာ ကိစ္စနဲ့
ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ
ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ
ငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ
ဖြစ်ပါတယ်။
တကယ်တော့ အဲဒီလို ကိုယ့်ကိုကိုယ် သတ်သေရင်
နောင်ဘဝတွေမှာလည်း ဘဝပေါင်း ငါးရာတိုင်အောင် အခုလိုပဲ သတ်ပြီး သေရတယ်ဆိုတဲ့
အယူအဆဟာ အတော်ကို လွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟော မဟုတ်သလို
ကျမ်းဂန်မှာ ပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာ လာတဲ့
ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ်၊ မတကဘတ္တဇာတ်
ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး
ဆိတ်တစ်ကောင်ကို သတ်ဖို့ ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ
ရယ်လည်း ရယ်ပြီး၊ ငိုလည်း ငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်
ရယ်လည်း ရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က...
“ကျွန်ုပ်လည်း
အတိတ်ဘဝ တစ်ခုမှာ အခု ဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ် သတ်ခဲ့မိလို့
အဲဒီအကုသိုလ် ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉) ဘဝတိုင်တိုင် လည်ဖြတ်
အသတ်ခံခဲ့ရကြောင်း၊ ဒီလို ဝဋ်ကျွေးကို နောက်တစ်ဘဝပဲ ခံပြီးရင်
ကုန်ဆုံးတော့မှာ ဖြစ်တာကို တွေးပြီး ဝမ်းသာလို့ ရယ်ခြင်း ဖြစ်ကြောင်းနဲ့၊
ငိုတာကတော့ အခု အကျွန်ုပ်ကို သတ်မယ့် ဆရာကြီးလည်း ကျွန်ုပ်လိုပဲ
ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်း
ဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း...” ပြောကြားလိုက်ပါတယ်။
ဒီတော့မှ
ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကို မသတ်တော့ပဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့်
အကုသိုလ် ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာ တစ်နေရာမှာ မိုးကြိုးထိပြီး လွင့်လာတဲ့
ကျောက်ချက် ထိပြီး လည်ပင်း ပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့
တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။
ဒီဇာတ်တော်လာ
အကြောင်းအရာကို ကြည့်ရင် ဆိတ်ဟာ အတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို
သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်း ငါးရာတိုင်အောင် အသတ်ခံပြီး
သေခဲ့ရတဲ့ အဖြစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် သတ်သေလို့
အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ပဲ သူများကို သတ်မိတဲ့ အကုသိုလ်
ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ
ဖြစ်ပါတယ်။
ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက
ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ
အမှတ်လွဲနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုကိုယ်
သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူ သတ်သေရမယ်ဆိုတဲ့
အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒီလိုပြောတော့
ကိုယ့်ကိုကိုယ် သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာ မဟုတ်ဘူးဆိုပြီး
စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုကိုယ် သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူ
အတော်များများက မဟုတ်တာဆို သိပ်ပြီး အတုယူတတ်ကြတာဆိုတော့ သူများ သတ်သေတာတွေ
ကြည့်ပြီး ကိုယ့်ကိုကိုယ် သတ်သေမိမှာစိုးလို့ ပြောရတာပါ။
သေချာ
စဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သူတစ်ယောက်ရဲ့
သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့ စိတ်အတွေး မဖြစ်နိုင်တဲ့အတွက်
ဒီစိတ်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ ဘုံဘဝမှာ
ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာ ဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ
အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီး စိတ်အစဉ်ဟာ အထူး သတိပြုရမယ့် အချက်
ဖြစ်ပါတယ်။
ဒီတော့ကာ... သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို
သတ်သေတာနဲ့ သူတစ်ပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက်
ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီး သေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့
စကားဖြစ်ကြောင်းနဲ့၊ သူတစ်ပါးကို ကိုယ်က သတ်တာဆိုရင်တော့ သတ်တဲ့
စိတ်စေတနာအတိုင်း ဒီအကုသိုလ် ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး
အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း
သတိပြုကြရမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို သတ်သေမှု အပိုင်းမှာလည်း
ခန္ဓာကိုယ်ရဲ့ အပြစ်ကို မြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့
အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။
အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနက ပြောသလို သေခါနီး စိတ်အစဉ်ဟာ
မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာ
ဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ဗုဒ္ဓလက်ထက်က
ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကို ငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့
အပြစ်ကို မြင်တဲ့အတွက် ကိုယ့်လည်ပင်းကို ကိုယ် ဓားနဲ့ ဖြတ်ပြီး
သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို
ရှုလိုက်တဲ့အတွက် ရဟန္တာ ဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉) မှာ
ဖော်ပြ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကို
မြင်ပြီး ကိုယ့်ကိုကိုယ် သတ်သေတဲ့ အပိုင်းမှာ ဒီလို သတ်သေလိုက်တဲ့အတွက်
အဖန်ငါးရာ ငါးကမ္ဘာ ခံစရာ မရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။
ဆိုလိုတာက
မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုကိုယ် သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ
အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆ ဖြစ်ကြောင်း၊
ကိုယ့်ကိုကိုယ် သတ်တဲ့ ကံမဟုတ်ပဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ
ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကို လိုက်ပြီး တစ်ခါတလေ
ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ် သတ်သေတဲ့ အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက်
ပါဏာတိပါတကံကို ကျူးလွန်တဲ့ အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့်
လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သူတစ်ယောက်ဟာ
အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာ ဖြစ်လို့ ဒီလိုနည်းနဲ့
ကိုယ့်ကိုကိုယ် သတ်သေတာလည်း လွဲနေတဲ့ အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ
ဖြစ်ပါတယ်။
ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုကိုယ်
သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့
အခြေအမြစ် မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေး မဟုတ်၊ အများကြီးကို လွဲနေတဲ့
အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလို အလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင်
မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ
အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေး တိုက်တွန်းရင်း လွဲနေတတ်တဲ့
အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား
ပါးလိုက်ရပါတယ်။
Credit
No comments