New Artical

ဥပုသ်သည်များ ကွမ်း ၊ ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ

 


ဒီမေးခွန်းရဲ့ အဖြေ၏ ဇစ်မြစ်ကား ဝိကာလဘောဇနာ သိက္ခာပုဒ်ကို အခြေခံပြီး ပေါ်ထွက်လာခြင်းပါ …ဥပုသ်သီလထဲမှာ ❝ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ❞ ဟု ဆို၍ ဆောက်တည်ရ၏ …

အဓိပ္ဗါယ်မှာ -နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူ၍ ဖြစ်သည် …

ဝိကာလ – နေ့လွဲမွန်းလွဲသော အခါ ၊ဘောဇနာ – စားခြင်းရဟန်း သာမဏေတို့ ခဲဖွယ် ဘောဇဉ်တို့ကို စားသောက်ကောင်းသည့် အချိန်အခါကို ကာလ ဟုခေါ်သည် …

ထိုကာလကား အရုဏ်တက်ပြီးချိန်မှ စ၍ မွန်းတည့် ၁၂နာရီအထိ ဖြစ်သည် …ဝိကာလ ဆိုသည်မှာ -ထိုကာလ မဟုတ်သော ထိုကာလမှကင်းသော အချိန်ဖြစ်၏ …

ထိုအချိန်ကို နေလွဲချိန် ၊ မွန်းလွဲချိန်ဟု ခေါ်သည် …ထိုအချိန်အတွင်း၌ -အဖျော်ရည် ၊ ဆေး ၊ စတုမဓုစသည့်တို့မှ တစ်ပါး ထမင်း ၊ ဟင်းလျာ၊ ကွမ်းဆေး ၊ လက်ဖက် သစ်သီးစသော ခဲဖွယ် ဘောဇဉ်တို့ကို မစားရပါ …စားလျှင် ဝိကာလဘောဇန သိက္ခာပုဒ် ပျက်၏ …

{ရဟန်းတော်များ၏ ဆွမ်းပွဲ၌ပါသော စားဖွယ်များကို ဘောဇဉ်ဟုခေါ်၍ အချိုပွဲ၌ ပါသော စားဖွယ်များကို ခဲဖွယ် ဟုခေါ်သည် }

ဤသိက္ခာပုဒ်နှင့်ပတ်သတ်၍ ကာလိက ( ၄ ) မျိုးကို သိထားသင့်၏ …ကာလိကဆိုသည်မှာ -မိမိတို့ ကာလအပိုင်းအခြား အလိုက် စားသောက်ရသော စားဖွယ်ခဲဖွယ်များဖြစ်သည် …

ထိုကာလိကသည် -၁။ ယာဝကာလိကမှာ -အရုဏ်တက်ချိန်မှ စ၍ မွန်းတည့်ချိန်အထိ ကာလအတွင်း၌ စားရသည့် စားဖွယ် ၊ ခဲဖွယ်များဖြစ်၏ …

ဟင်းချက်၍ စားရကောင်းသော မုန်လာဥ ၊ မျှစ် စသော အမြစ်ခဲဖွယ်ပိန္နဲသီး ၊ ထန်းသီး အုန်းသီး ၊ သရက်သီးစသော အသီးခဲဖွယ် ၊ မုန့်ခဲဖွယ်များနှင့် နို့ရည် နို့ဓမ်းစသော အာဟာရများဖြစ်သည် …

ဤသိက္ခာပုဒ် ဆောက်တည်ထားသူသည် ဖော်ပြပါ ယာဝကာလိက စားဖွယ်များကို မွန်းမတည့်မီ အချိန်အတွင်း၌သာ စားကောင်း၏ … မွန်းလွဲချိန်တွင် စားလျှင် ဤ သိက္ခာပုဒ် ပျက်သည် …မွန်းတည့်ချိန်ရသည်တိတိအချိန်ကား ကာလအတွင်းပါဝင်၏ …

၂။ ဖျော်ရည်များကို ယာမကာလိကဟု ခေါ်၏ …ည၏ နောက်ဆုံးယံ ( မိုးသောက်ယံ ) အထိ သောက်ထိုက်သောကြောင့် ဖျော်ရည်များကို ယာမကာလိကဟု ဆိုခြင်းဖြစ်သည် …

နံနက်ပိုင်းမှ ( ဝါ ) မွန်းတည့်ပြီးနောက် အရုဏ်မတက်မီ မိုးသောက်ယံအတွင်း၌သာ သောက်ကောင်းသည်ဟု ဆိုလို၏ …သောက်ကောင်းသည့် ဖျော်ရည်များမှာ –

၁။ သပြေသီး ဖျော်ရည်

၂။ သရက်သီး ဖျော်ရည်

၃။ သပျစ်သီး ဖျော်ရည်

၄။ ဖက်သက်သီး ဖျော်ရည်

၅။ သစ်မည်စည်သီး ဖျော်ရည်

၆။ တောငှက်ပျောသီး ဖျော်ရည်

၇။ အိမ်ငှက်ပျောသီး ဖျော်ရည်

၈။ ကြာစွယ်ဖျော်ရည် ဟူ၍ ရှစ်မျိုးပြထား၏ …

ထို့ပြင် မန်ကျည်း ဖျော်ရည်၊ ဆီး ဖျော်ရည်ရှောက်ဖျော်ရည် စသည်တို့ကိုလည်း အနုလောမ { အဖျော်ရှစ်မျိုးအားလျော်သော အတူတူဖြစ်သာ } ဖျော်ရည်အဖြစ် သောက်ကောင်းသည်ဟု မိန့်ဆိုထား၏ …

ခုဒ္ဒသိက္ခာ အဋ္ဌကထာ၌ – ထန်း ၊ အုန်း ၊ ပိန္နဲစသော အသီးကြီး ကိုးလုံးစပါးမျိုးတို့မှဖြစ်သော အသီးရည်တို့မှ တစ်ပါး ကျန်အသီးတို့မှ ဖြစ်သော

အသီးရည်ဟူ သမျှ သစ်မည်စည်ပွင့်ရည်မှ တစ်ပါး အပွင့်ရည်ဟူသမျှ ဟင်းချက်စားနိုင်သော ယာဝကာလိကအရွက်ရည် ဟူသမျှသည် ယာမကာလိကဖြစ်၏ဟု ဖွင့်ဆိုထား၏ …

ယာမကာလိကဖြစ်သည့် အသီး အပွင့် ၊ အရွတ်တို့ကို ဖျော်ရည်လုပ်သည့်အခါ ရေအေး ရေစိမ်းဖြင့် နယ်၍သော်လည်းကောင်းနေပူလှန်း၍သော်လည်းကောင်း၊ လုပ်နိုင်၏ …

မီးဖြင့်ကား မချက်ကောင်းလိမ္မော်သီး စသည်တို့ကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင် အမှုန့်မပါသော်လည်း ယာမကာလိကမဟုတ်ယာဝကာလိကသာဖြစ်၏ …

သို့ဖြစ်၍ ယခုအခါ နိုင်ငံခြားမှ မီးဖြင့်ချက်၍ ကြာရှည်ခံအောင်လုပ်ထားသည့် လိမ္မော်ဖျော်ရည် စသည်တို့ကို ဆရာတော်ကြီးများ ယာမကာလိကအဖြစ်ဖြင့် သုံးဆောင်တော်မမူကြပါ …

ဝိကာလဘောဇနာသိက္ခာပုဒ်ကို စောင့်ထိန်းထားသော ဥပုသ်သည်များသည် အသေအချာ စိစစ်၍ အဖတ်အမှုန့် မပါသည့် မန်ကျည်းဖျော်ရည် ၊ သစ်သီးဖျော်ရည်တို့ကို ညဉ့်၏ နောက်ဆုံးယံ အရုဏ်တက်ချိန်အထိ သောက်ကောင်း၏ …

သို့ရာတွင် မွန်းလွဲချိန်၌မူ အကြောင်းမဲ့ သက်သက်မသောက်ကောင်း …မွတ်သိပ်ဆာလောင်နေမှသာ အဆာပြေ သောက်ကောင်း၏ …

၃။ သတ္ထာဟကာလိက ဆိုသည်မှာ -ရဟန်းတော်များ အကပ်ခံပြီး ခုနစ်ရက်ထားပြီး ခုနစ်ရက်အတွင်း အချိန်မရွေး ဘုဉ်းပေးကောင်းသည့် ထောပတ် ၊ ဆီဦး၊ နှမ်းဆီစသော ဆီ ၊ ပျားရည် ၊ တင်လဲ{ သကြား ၊ သကာ ၊ ထန်းလျက် } တို့ဖြစ်သည် …

ထိုအရာများကို ဆေးဟုလည်း ခေါ်သည် …ထို့ကြောင့် …ဥပုသ်သည်များသည် အားနည်းသော ရောဂါ၊အသွေးအသားနည်းသည့် { ပိန်ခြောက် } ရောဂါနှင့် လေနာရောဂါ စသည်တို့ ရှိလျှင် မွန်းလွဲချိန်တွင် ဆေးအဖြစ် စားကောင်း၏ …

မွတ်သိပ်ဆာလောင်ရုံ သက်သက်မျှဖြင့် မစားကောင်းချေ …သို့ရာတွင် မဟာဝါပါဠိတော်၌ အနာရောဂါရှိသူ အတွက် ကြံသကာ ၊ ထန်းလျက်အခဲကိုလည်း ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူသောကြောင့် …

ကြံရည် ၊ ထန်းလျက်ရည်တို့ကို ဆာလောင်မွတ်သိပ်လျှင် သောက်ကောင်း၏ …

၄။ ယာဝဇီဝကကား -တစ်သက်ပတ်လုံး အချိန်မရွေး သုံးစားကောင်းသော ဆား ၊ ချင်း { ဂျင်း } ၊ ဆိတ်ဖူ၊ကြက်သွန်ဖြူ ၊ လင်းလေစသော အမြစ်အခေါက်အဥများ ဖြစ်သည် …

အထူးသဖြင့် ထမင်း ဟင်းအစာအဖြစ်ဖြင့် သုံးစွဲလေ့မရှိသော { ယာမကာလိက သတ္ထာဟကာလိကတို့တွင်လည်း မပါဝင်သော }

မန်ကျည်းရွတ် အကြမ်း၊ ကင်ပွန်းရွတ် အကြမ်း စသော အရွက် ၊ အမြစ် ၊ အခေါက် ၊ အဥတို့ဖြစ်သည် …ဆား ၊ချင်း နနွင်း စသည်တို့မှာ ဟင်းလျာများတွင် ထည့်ခတ်ကြသော်လည်း ဟင်း၏ အဆာမျှသာဖြစ်၏ …အထည်ကိုယ် ပဓာနမဟုတ်ကြ …

ထိုကဲ့သို့ ခဲဖွယ် ဘောဇဉ်အရာဝယ် ပဓာန အဖြစ်ဖြင့် မသုံးစွဲရသော ဆား ၊ ချင်း ၊ ငရုတ် ၊ ကြက်သွန်တို့မှာ ယာဝဇီဝကတို့သာ ဖြစ်ကြ၏ …

ထိုယာဝဇီဝကတို့ကို အကြောင်းမဲ့သက်သက်လည်း မစားကောင်း …ဆာလောင်သဖြင့် အဆာပြေရုံလည်း မစားကောင်း …တစ်စုံတစ်ရာရောဂါရှိပါမှ ဆေးအဖြစ်ဖြင့်သာ စားကောင်း၏ …

ယခုခေတ်ပေါ် ညချင်း {ဂျင်း } သုပ်များကား ကြက်သွန် ၊ ဆီ ၊ ဆား ၊ ချင်းများကို တစ်ခုစီကြည့်လျှင် …သတ္တာဟာကာလိကနှင့် ယာဝဇီဝကတို့ချည်းသာ ဖြစ်၍ မွန်းလွဲချိန်တွင် စားကောင်း၏ဟု ထင်ဖွယ်ရှိ၏ …

သို့သော် ချင်းကို ပင်ကိုယ်အကြမ်းတိုင်းမဟုတ်ဘဲ စားကောင်းအောင် ပြုပြင်ကာ လက်သုတ်တစ်မျိုး ဖြစ်အောင် စီမံထားသဖြင့် ယာဝကာလိက ခဲဖွယ်တွင် ပါဝင်နေပြီ ဖြစ်၍ မစားကောင်းဟု ဆရာတော်ကြီးများက ယူဆကြ၏ …

ယာဝကာလိက မဟုတ်ဟု ငြင်းစေကာမူ ထိုဂျင်းသုပ်ကြောင့် ကင်းပျောက်မည့်ရောဂါရှိမှ စားကောင်း၏ …အကြောင်းမဲ့ ဖြစ်စေမွတ်သိပ်ဆာလောင်၍ ဖြစ်စေစားလျှင် ဝိကာလဘောဇနာ သိက္ခာပုဒ်ချို့၏ …

ထိုကြောင့် ဥပုသ်သည်များ အနေဖြင့် ဆာလောင်ခြင်း ၊ မကျန်းမာခြင်း ၊ အကြောင်းမရှိဘဲ ဖျော်ရည် ၊ စတုမဓု ၊ ထန်းလျက်သကြား ၊ ချင်းသုပ် ၊ ကွမ်း ၊ ဆေးစသည်တို့ကို စားသောက်လျှင် ဤသိက္ခာပုဒ်ညှိုး၏ …

သစ်ပင်ညှိုးလျှင် အသီးနည်း သကဲ့သို့ ဥပုသ်ညှိုးလျှင် အကျိုးရနည်းမည် ဖြစ်ပေသည် …ရဟန်းတော်များ ကွမ်းစားခြင်းသည် အာပတ် မသင့်ဟု မှတ်ပါ …

သို့သော်လည်း အချို့အချို့သော ဆရာတော်ကြီးများသည်ကားနေလွဲသောအခါ၌ သုံးဆောင်လေ့ မရှိသည်ကို မှတ်သားဖူးပါသည် …ထို့သို့မသုံးဆောင်းခြင်းသည်လည်း ဝိနည်းကို အလွန်လေးစားသောကြောင့်ဖြစ်ပါသည် …

စားသုံးနေသော ဆရာတော်များကိုလည်း အာပတ်သင့်သည်ဟု မမှတ်ယူသင့်ပေ …

❝ အနုဇာနာမိ ဘိက္ခဝေ ဓူမနတ္တံ ၊ ဘိက္ခဝေ ❞ရဟန်းတို့ဓူမနတ္တံ – အခိုးလိပ်ကို – ဝါ – ဆေးလိပ်ကိုအနုဇာနာမိ – ခွင့်ပြုတော်မူ၏ ဟူ၍ နေမကောင်းသော ရဟန်းတော်တစ်ပါးအား ဆေးလိပ်သောက်ခွင့် ပေးသည်ကို

မဟာဝါပါဠိတော်တွင် မှတ်သားဖူးပါသည် …နေမကောင်းသော အခါ ဆေးလိပ် သောက်ခွင့် ရှိပါသည် …ကျန်းမာနေသော အခါများတွင်ကား မသောက်သင့်ဟု မှတ်ယူရပါမည် …

အာပတ်သင့်မည်ဆိုပါက ဒုက္ကဋ် အာပတ် သင့်ပါသည် …ဒုက္ကဋ် အာပတ်သည် အလွန်သေးငယ်သော အာပတ်ဖြစ်ပါသည် ဒေသနာကြားပါက ပျောက်လေသည် …

ထိုအဆိုများကား ဝိကာလဘောဇနာ သိက္ခာပုဒ်ကြောင့်ပေါ်ပေါက်လာခြင်း ဖြစ်၏ …ထို့ကြောင့် …ဥပုသ်သည်များအနေဖြင့် ထိုသိက္ခာပုဒ်ကို အခြေခံ၍ မှတ်သားသင့်လှ၏ …

ကျန်းမာရေးကြောင့်ဟု ဆိုပါလျှင် သုံးစွဲကောင်းပါ၏ …ကျန်းမာရေးကြောင့် မဟုတ်ပါလျှင် မမှီဝဲ မသုံးစွဲပါလျှင် ပို၍ကောင်းမည်ဖြစ်ကြောင်း …

ထိုထက် အရသာရှိ လှသော ထမင်း ဟင်းလျာများကိုပင် မစားသုံးဘဲနေရသည်ဖြစ်ကြောင်း …ကျန်းမာရေးကြောင့် မဟုတ်ပါလျှင် ဆေးလိပ် ၊ ကွမ်းများကို မသုံးစွဲဘဲနေပါက ပို၍ကောင်းမည် ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည် …

ဝိနည်းဆိုသည်မှာ -အလွန်ကျယ်ပြန့် အလွန်နူးညံ့လှသောကြောင့် မိမိခံယူထားသော သိက္ခာပုဒ် စင်ကြယ်လိုပါက သံသယဖြစ်စေမည့် မည်သည့်အရာကိုမှ မမှီဝဲစေလိုပါ …ဓမ္မမိတ်ဆွေများအားလုံး

သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ ကောင်းကျိုးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ … အရှင်ဝိမလဝံသ ( နာလန္ဒာတက္ကသိုလ် )

No comments