ပုထုဇဉ်ရဟန်းမှာ ဘာကြည်ညိုစရာရှိသလဲ နှင့် ဝစီဘေဒ ထိတိုင်းရှ
"ပုထုဇဉ်ရဟန်းမှာ ဘာကြည်ညိုစရာရှိသလဲ" နှင့် " ဝစီဘေဒ ထိတိုင်းရှ"
ပုထုဇဉ်ရဟန်းမှာ ဘာကြည်ညိုစရာရှိသလဲ နှင့် ဝစီဘေဒ ထိတိုင်းရှဆိုတာကို ဖတ်သင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ် . . . ။
မိလိန္ဒမင်းက ပုထုဇဉ်ရဟန်းတော်များအပေါ်အမြင်မကြည်လင်တဲ့အတွက် " ကြည်ညိုစရာတစ်ကွက်မျှ ရှာမရ "
ဖြစ်နေပါတယ်..လို့ မေးလျောက်တော့ အရှင်နာဂသေနက ဒီလိုဖြေခဲ့ပါတယ် . . . ။
"ဒကာတော်မင်းကြီး ရေနွေးဟာ ပွက်ပွက်ဆူအောင် ပူနေသော်လည်း မီးခဲကိုတော့ ငြိမ်းစေနိုင်တယ် နွံဗွက်ရေဟာ နောက်ကျိနေသော်လည်း မစင်ကိုတော့ ဆေးကြောနိုင်တယ် တစ်ခြမ်းပုပ်သစ်သီးမှာလည်း ပြင်းပြဆာလောင်မှုကို ပြေစေနိုင်တဲ့တစ်ကိုက်စာလောက်တော့ အကောင်းရှိသေးတယ်တဲ့ ... ။
ဆိုလိုတာက... " ပုထုဇဉ်ရဟန်းတော်တို့ရဲ့ ကိလေသာကို ရေနွေးလောက် ပူနေတယ်ထင်ရင်... ကိုယ့်သန္တာန်မှာ ပိုပြီးလောင်နေတဲ့ကိလေသာမီးခဲနဲ့ နှိုင်းယှဉ်ပြီး ကြည်ညိုရမယ် " တဲ့...
နောက်ပြီး.... " ပုထုဇဉ်ရဟန်းတော်တို့ရဲ့ သီလကို ဗွက်အိုင်ထဲကရေလို နောက်ကျိနေတယ်ထင်ရင်... ကိုယ့်မှာ ပိုပြီးစွန်းပေနေတဲ့ မစင် လောက်အပြစ်တွေနဲ့ ဆင်ခြင်ပြီး ကြည်ညိုရမယ် " တဲ့...
ပြီးတော့... " ပုထုဇဉ်ရဟန်းတော်တို့ရဲ့သီလကို သစ်သီးပုပ်တစ်လုံးလိုမြင်ရင်... ကိုယ့်မှာ ပိုပြီး ပြင်းပြ ဆာလောင် နေတဲ့ တဏှာရာဂ အဆာဓာတ်ကိုသတိရပြီးကြည်ညိုရမယ် " လို့ ဆုံးမတော်မူခဲ့ပါတယ်...။
ကိုယ့်အမြင် ကိုယ့်အယူအဆတွေနဲ့ မကိုက်ညီတဲ့အခါ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ ဓာတ်ခံတွေကြောင့်.. ရဟန်းကို ရဟန်းမှန်းမသိ သံဃာကို သံဃာမှန်း မသိလောက်အောင် အပြောအဆိုတွေ မှားမှားယွင်းယွင်းနဲ့ တုန့်ပြန် တတ်ကြပါတယ်...။
ဂေါတမ ဘုရားအလောင်းတော်ဟာ နုစဉ်အခါက-
" ငါ ဘုရားဖြစ်လျင် ခြောက်နှစ် ကျင့်မည် " လို့ ပြောမှားမိလိုတကယ်ပဲခြောက်နှစ်ကျင့်ခဲ့ရတယ် ။
ဇဋိလအလောင်းတော်ဟာ ဘဝတစ်ခုမှာ ဘုရားတည်ခဲ့တယ် ၊ ဒါပေမယ့်... ဘုရားတည်နေတုန်း ရဟန်းတစ်ပါးက မပြီးသေးကြောင်း လာပြောတာကို မိန်းမနဲ့ရန်ဖြစ်ခါစ စိတ်ဆိုးနေတုန်းမို့ " အရှင်ဘုရားတို့ ဘုရားကို ရေထဲသာမျှောလိုက်တော့ " လို့ ပြောမှားမိလို့ ဘဝအဆက်ဆက် ရေမျှောခံခဲ့ရတယ်။
ဘဝတစ်ခုမှာ မအေနဲ့တပ်ပြီးဆဲခဲ့မိတဲ့ ထေရီမကြီး တစ်ဦးဟာ ဘဝတစ်ခုရောက်တော့ မအေက မယားကြီး သမီးကမယားငယ်၊ သားကလင်လုပ်ပြီး တစ်ဘဝထဲမှာပြန်လည်ပေး ဆပ်ခဲ့ရတယ်။
ဥဂ္ဂါသေနရဲ့ ဇနီးသည်ဟာ ရဟန်းတစ်ပါးကို " ကချေသည်နဲ့တူတယ် " လို့ စွပ်စွဲခဲ့မိလို့ နောက်ဆုံး တရားထူးရမဲ့ ဘဝမှာတောင် ကချေသည်ဘဝနဲ့ပေးဆပ်သွားရတယ်။
ဘုရားရှင်ကလည်း ပါးစပ်ကထွက်တဲ့စကားလုံးတိုင်းဟာ အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးလို့ ဟောထားခဲ့ပါတယ်...။ အမှတ်တမဲ့ ထွက်သွားတဲ့စကားဆိုပေမယ့် ကြောက်တတ်ရင် ကြောက်ဖို့ ကောင်းပါတယ်။
ဒါ့ကြောင့်... ပုထုဇဉ်ဖြစ်တဲ့ရဟန်းသံဃာတွေအပေါ်ကိုယ်နဲ့သဘောထားမတူညီတာနဲ့ " ကြည်ညိုစရာမရှိဘူး "ဆိုပြီး မလေးမစား မပြစ်မှားလိုက်ကြပါနဲ့...။ ဝစီဘေဒက ထိတိုင်းရှတတ်လွန်းလို့ပါ...။
No comments