" ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ "
" ဟင်းမကောင်းလည်း ဆွမ်းလောင်းပေးပါ "
မြန်မာနိုင်ငံဟာ
ရှေးပဝေသဏီထဲကနေ ဒီနေ့ချိန်ထိ မပျောက်ကွယ်ပဲ တည်တံ့နေတဲ့အရာဟာ
နံနက်မိုးလင်းပြီးဆိုတာနဲ့ ရဟန်းသံဃာများ ဆွမ်းအလှူခံ ကြွ နေခြင်း
ဆွမ်းထချက် ပြီး နေ့စဉ် နေ့တိုင်းဆွမ်း လောင်းလှူတဲ့ "ပိဏ္ဍပါတ-ဒါနအလှူ "
(သပိတ်ထဲသို့ ထည့်၍ ဆွမ်းလှူခြင်း) ဝတ်ကို နေ့စဉ် "အာစိဏ္ဏကံ"အမြဲမပြတ်
လှူဒါန်းနေခဲ့ကြတာ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ကျော်ကနေ ဒီနေ့ထိ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များ
နေ့စဉ်လောင်းလှူနေကြတဲ့ ဆွမ်းအလှူဒါန ဖြစ်ပါတယ်။ မိမိတို့အိမ်ရှေ့ဆွမ်းခံ
ရပ်တဲ့ ရပ်ဆွမ်းသံဃာပဲဖြစ်ဖြစ်,မိမိတို့မှ ဖိတ်မန် ထားတဲ့
ထိုင်ဆွမ်းသံဃာပဲဖြစ်ဖြစ် မိမိတို့စားဖို့ရာ ချက်ထားတဲ့အထဲကနေ ခွဲဝေပြီး
နေ့စဉ် ပုံမှန်လောင်းလှူနေတဲ့ဆွမ်းကို ပိဏ္ဍပတ်ဆွမ်းလို့ ခေါ်ပါတယ်။
ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးတိုင်း ဒီဆွမ်းဒါနကို နေ့စဉ် နဲ့အမျှ ပြုနေကြတာပဲ ဖြစ်ပါတယ်။
ဘုရားရဲ့ အဆုံးအမကို ခံယူကြတဲ့ ဗုဒ္ဓဘာသာဝင် တိုင်းလိုလို အဦးအဖျားကို
မွန်မွန်မြတ်မြတ် လောင်းလှူလိုက်ရမှ စိတ်နှလုံးသန့်ရှင်းပြီး
အေးမြကြည်လင်တတ်ကြပါတယ်။ ဘုရားနဲ့ရဟန်းသံဃာကို အဦးအဖျားကိုမှ
လှူတဲ့အလေ့အကျင့်ဟာ ရှေးက မိဘ ဘိုးဘွား ဘီ ဘင် ဘောင် ဘော ဘေးတို့
အဘိုးအဖွား အစဉ်အဆက် ပေးခဲ့တဲ့ အမွေကောင်းတစ်ခုဆိုရင်လဲ မမှားပါဘူး။
အရင်ကလဲ ကျင့်သုံးကြသလို ယခုလဲ ကျင့်သုံးနေဆဲပါပဲ။
ဆွမ်းဆိုလဲ
ဆွမ်းဦးမှ၊ သစ်သီးဆိုလဲ သန့်ရှင်းလက်ဆက်ပြီး အဦးအဖျားမှ၊ ပန်းဆိုလဲ
လှပတင့်ဆန်း လန်းလန်းလေးမှ၊ ရေဆိုလဲ အေးမြကြည်လင် သန့်ရှင်းနေမှ
လှူလိုက်ချင်ကြတယ်။ ဒီအကျင့်ဟာ လေးစားစရာလဲကောင်း ချစ်စရာလဲကောင်းတဲ့
အလေ့အထကောင်းပါပဲ။
ဒါဟာ
မြန်မာမှာပဲ ရှိတယ်။ ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုး သာသနာနှင့်ရဟန်းသံဃာဟာ
ဒင်္ဂါးပြား၏ ခေါင်းနဲ့ ပန်းလိုပဲ ခွဲလို့မရပါဘူး။ တည်တံ့နေသ၍ တော့ ဗုဒ္ဓ
ဘာသာဟာ တည်မြဲနေဦးမှာပါ။ ရဟန်းတော်တွေဟာ နံနက်အာရုံ တက်ပြီဆိုတာနဲ့
ဘုရားရှိခိုးပြီး ဆွမ်းအလှူခံကြရတယ်။
သင်္ကန်းရုံ
သပိတ်ပိုက်ကာ ခြေလျင်ကြွပြီး ဆွမ်းခံကြရတယ်။ "ပိဏ္ဍပါတ (သို့)
"နိစ္စဘတ်" လို့ခေါ်ပါတယ်။ (မြန်မာ-လိုပြန်ရင် “သပိတ်၌ ခံ၍ ရသောဆွမ်း"-လို့
ဖွင့်ပါတယ်။)
ဆွမ်းအမျိုးမျိုးတွင်
ပိဏ္ဍပါတ် အလှူသည်အကျိုးအကြီးဆုံးဖြစ်ပါသည်။ သာသနာတော်ကြီး ယနေ့အထိ
ရှည်မြင့်စွာ တည်ရှိနေသည်မှာ တခြားအမျိုးမျိုးသောအလှူကြီး
ဆွမ်းများကိုရရှိ၍ မဟုတ်ပါ။ ပိဏ္ဍပါတ် ဆွမ်းကြောင့် တည်နေခြင်းဖြစ်ပါသည်။
ပိဏ္ဍပါတ် ဆွမ်းဟူသည် ဆွမ်းခံစားသော ရဟန်းများအား တစ်ဇွန်း တစ်ယောက်မ
လောင်းလှူသော ဆွမ်းကိုခေါ်ပါသည်။ တာဝန်လည်းမကြီး ကုသိုလ်အရလည်းများသော
ဆွမ်းအလှူဖြစ်ပါသည်။ ဆွမ်းလောင်းလှူသော အလှူစေတနာမှာလည်း နေ့စဉ်မပြတ်
ဆက်စပ်နေ၍ အလှူခံပုဂ္ဂိုလ်မှာ ရဟန်းသံဃာတော်များဖြစ်ပါသည်။
စေတနာဆက်စပ်ခြင်း၊ အမြင်ပြတ်ခြင်း၊ အောက်မေ့ရမှုမြတ်ခြင်း သာသနာ့အသက်
ဆက်ခြင်း စေသာ အကြောင်းကြောင်းတွေကြောင့် ပိဏ္ဍပါတ် ဆွမ်းသည်
အမြ့င်မြတ်ဆုံးဖြစ်နေခြင်း ဖြစ်သည်။
"မိမိ"အိမ်ရှေ့သို့
- ရှေးရှေး "မြတ်စွာဘုရားရှင်"၏ အလေ့အထဖြစ်တဲ့ "ဆွမ်းခံခြင်း"-အမှု၊
"အဂ္ဂသာဝက"၊ "မဟာသာဝက"၊ "ပကတိသာဝက"-အရှင်အမြတ်၏ ထုံးကို နှလုံးမူ၍ စာသင်၊
စာချ၊ တရားဟော ၊ တရားထိုင်၊ "ပရိယတ္တိဝန်"ကိုဆောင်တော်မူနေကြသော
"သံဃာတော်အရှင်မြတ်များ"၊ "ပဋိပတ္တိဝန်"ကို ဆောင်တော်မူကြသော
"သံဃာတော်"တို့၏ "သပိတ်"ထဲသို့ ဆွမ်း တစ်ဇွန်း၊ ဟင်း တစ်ခွက်၊
နေ့စဉ်မှန်မှန်ချက်ပြီး လောင်းလှူမယ်ဆိုရင်, ပုဂ္ဂိုလ်စွဲ လည်း ကင်း၊ စေတနာ
လည်း နိုင်နင်း၊ သဒ္ဓါတရား လည်း ဖြူဝင်းပြီး စိတ်နိုင်,
ကိုယ်နိုင်လှူရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။
"ရက်မှန်မှန်
ဆွမ်းလောင်းလှူသူ"မှာ "တစ်ရက်"လျှင်, "ပုဗ္ဗ စေတနာ"(မလှူမီဖြစ်တဲ့စေတနာ)၊
"မုဉ်စ စေတနာ" (လှူဆဲအခါမှာဖြစ်တဲ့စေတနာ)၊ "အပရ
စေတနာ(လှူပြီးနောက်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စေတနာ) ကုသိုလ် ဆိုပြီး
"သုံးမျိုး"-ရတာပေါ့။ "တစ်နှစ်"မှာ "(၃၆၅)ရက်"ဆိုတော့
"တစ်နှစ်"မှာ"(၁၀၉၅)မျိုး" ရတယ်လို့ ဆိုရမှာပါ။ နောက် တစ်ချက်,
"သံဃာတော်"တို့အနေဖြင့် "အလှူရှင် ဆွမ်းဒကာ ,ဆွမ်းဒကာမများ"ထဲမှ
တတ်စွမ်းသမျှ လှူဒါန်း-တဲ့ "ဆွမ်း၊ ဆွမ်းဟင်း"ကိုသာ အလှူခံကြပြီး၊ ဆွမ်း
ကောင်းတာ, မကောင်းတာ၊ ဆွမ်းဟင်း ကောင်းတာ , မကောင်းတာဟု တစ်ခွန်းမှ
မပြောကြ။ လောင်းသမျှနှင့်သာ တင်းတိမ် ရောင့်ရဲ ကြတာပါ။
"တင်းတိမ်
ရောင့်ရဲ တဲ့တရား" ကိန်းနေပြီဆိုရင် လိုချင်တပ်မက်မှု "လောဘ"အား "တဒင်္ဂ"
အနေဖြင့် ကင်း နေပါတော့တယ်။ ဆွမ်းခံခြင်း အမှုပြုတော့မည့် အချိန်၊
ပြုနေဆဲအချိန်၊ ပြု ပြီးသည့်အချိန် -များမှာ "ဆွမ်းအလှူရှင်များ"အား
"မေတ္တာပို့သ"ကြရပါတယ်။ "မေတ္တာဓာတ်ကိန်းနေမည်" ဆိုပါရင်"မေတ္တာ"
နှင့်ဆန့်ကျင်ဘက် "ဒေါသ ကိလေသာ" လည်း "တဒင်္ဂ"မှာ ကင်း နေမှာဖြစ်ပါတယ်။
"ဆွမ်းခံကြွသူ အရှင်မြတ်များ"မှာ "သတိ"ဖြင့် သွားလာနေကြရတာဖြစ်လို့ "သတိ"၏
ဆန့်ကျင်ဘက် "မောဟ တရား"လည်း "တဒင်္ဂ"ကင်း နေမည်သာ။
"ဆွမ်းခံခြင်း
ကျင့်ဝတ်"ဟာ, "မာန်မာနတရားများ"ကို ချိုးနှိမ်ပြီးမှ ကြွရသဖြင့် "မာန
တရား"လည်း "တဒင်္ဂ"ကင်း နေမည်သာ၊ "ဆွမ်းခံကျင့်ဝတ်"ဖြင့် ကျင့်သုံးပြီး
"ဆွမ်းခံထွက်တော်မူကြသော သံဃာတော် အရှင်
အမြတ်များ"အား
ဖူးတွေ့ရခြင်း၊ လှူဒါန်းရခြင်းများ ဟာ "ဒကာ, ဒကာမများ"အဖို့ ကြည်နူးစရာ
ဝမ်းမြောက်စရာ၊ ကုသိုလ်ဖြစ်စရာ-လို့ "အမြင်မှန်"သောကြောင့်
"မိစ္ဆာဒိဋ္ဌိ"(မှားယွင်းသော အမြင်)လည်း "တဒင်္ဂ"ကင်း နေမည်သာ၊
နောက်တစ်ချက်, "ဆွမ်းခံခြင်း"အမှုဟာ "တစ်ပါးသူ"ထံမှာ ခိုးယူ လုယက်
ခြိမ်းခြောက်ပြီး ရယူခြင်းမျိုး" မဟုတ်ပဲ, "မေတ္တာတရား ပြည့်ဝသည့် စိတ်"၊
"မာန ကင်းရှင်းနေတဲ့ စိတ်"၊ "လောဘ ကင်းရှင်းနေတဲ့ စိတ်ထား"နဲ့
"အလှူခံခြင်း" ဖြစ်လို့ "ရရှိလာတဲ့ ဆွမ်း"ဟာလည်း "ဖြူစင်သော အသက်မွေးမှု"
ဖြစ်သဖြင့် "မဖြူမစင် နှင့်ရအပ်သော ဆွမ်းမဟုတ်"-ဟု "နှလုံးသွင်း"လိုက်
သည်နှင့် "သံသယ ဝိစိကိစ္ဆာ"၊ "ကုသိုလ်အမှု"ဖြစ်တာကြောင့် "ရှက်စရာ၊
ကြောက်စရာ"လည်းမလိုသည့် အတွက် "အဟိရိက၊ အနောတ္တပ္ပ"-စသည့် "ကိလေသာတရား"
များ "တဒင်္ဂ"တော့ ကင်းရှင်း နေမည် ဖြစ်ပေသည်။
ထို့ကြောင့်,
"ပိဏ်တပါတ်ဆွမ်း"ဟာ "လောင်းလှူနေသူ" ဒကာ/ဒကာမများ အဖို့
အကျိုးကျေးဇူးများတယ်"လို့ ဆိုရမည်ဖြစ်ပါတယ်။ "နိရောဓသမာပတ်" မှ ထသည့်အခါ၊
"ဖလသမာပတ်"မှ ထသည့်အခါများမှာ လှူဒါန်းပါလျှင် "အကျိုးကျေးဇူးများတယ်"
ဆိုတာ အားလုံး အသိပင်၊ နောက်တစ်ချက်က, "မိမိ လောင်းလှူလိုက်သော ဆွမ်း"ဟာ
-"ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက်"လည်း မဟုတ်ပေ။
ထို"ဆွမ်း"ဖြင့်ခံယူသော
အရှင်များဘုဉ်းပေးနိုင်သကဲ့သို့၊ နာမကျန်းဖြစ်နေသော ရဟန်း၊ ခရီးသွား
အာဂန္တု ရဟန်းများ၊ သံဃာတော်များ၏ ဝေယျဝေစ္စပြုနေသော ပုဂ္ဂိုလ်များ၊
အောက်ထစ်ဆုံး "တိရစ္ဆာန်လေးများ"ပါ မကျန် ခွဲဝေသုံးဆောင်ကြတာဖြစ် လို့
"သံဃိကဒါန"ဟုလည်း ဆိုနိုင်မည်ဖြစ်ပါတယ်။
"သံဃာ"ကို"လှူဒါန်း"တာဟာ
"အကျိုးကျေးဇူးများတယ်"-ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ နေ့စဉ်
လှူဒါန်းနေသော "ပိဏ္ဍပါတ- ပိဏ်တပါတ်ဆွမ်း (နိစ္စဘတ်)"ဟာ "သာသနာအတွက်
အကျိုးကျေးဇူးများတဲ့ ဆွမ်း" ဖြစ်သောကြောင့် "ဆွမ်းလောင်းလှူတဲ့
ဒကာ-ဒကာများ"လည်း "ဆွမ်း-အကျိုး ငါးပါး"-အပါအဝင် "ထူးမြတ်သော
အကျိုးကျေးဇူးများ"ကို ရရှိပါတယ်။
ဆွမ်းလှူရခြင်းသည် ....
(၁)
အသက်ကိုလှူရာ ရောက်တယ်၊ လှူတဲ့ ပုဂ္ဂိုလ်မှာ အသက်ရှည်တယ်၊ မိမိတို့က
တရားအသက်ပါ ရပါရစေပေါ့၊ ရှည်တဲ့အသက်ဟာ ဗလာအသက်တော့ မလိုချင်၊ တရားအသက်ပါ
ရှည်ပါရစေပေါ့၊
(၂)
အဆင်းကျက်သရေကို လှူရာရောက်တယ်၊ လှူတဲ့ ပုဂ္ဂိုလ်မှာ အဆင်းလှတယ်၊
မိမိတို့က ရုပ်ရည်လှရုံ မျှသာမက စိတ်ပါလှပါရစေ၊ တရားပါ လှပါရစေလို့
ဉာဏ်နဲ့ဦးဆောင်ရမယ်ပေါ့။
(၃)
ဆွမ်းခဲဖွယ်ဘောဇဉ်ကို လှူလို့ရှိရင် ချမ်းသာကို လှူရာရောက်တယ်၊ လှူတဲ့
ပုဂ္ဂိုလ်မှာလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊ မိမိတို့က
တရားအသိပါတွဲပြီးတော့ လောကုတ္တရာချမ်းသာ တရားချမ်းသာပါရဖို့
နိဗ္ဗာန်မရောက်မချင်း
အသိတရားနဲ့ ခန္ဓာကို ပိုင်နိုင်စွာထိန်းပြီးတော့
ငြိမ်းငြိမ်းချမ်းချမ်းသွားနိုင်ဖို့ ဉာဏ်နဲ့ ဦးဆောင်ရမယ်ပေါ့။
နိဗ္ဗာန်ရောက်ရင် ချမ်းသာမှာ သေချာသော်လည်း နိဗ္ဗာန်မရောက်ခင် ချမ်းသာအောင်
နေသွားတတ်ဖို့ ပိုလို့ အရေးကြီးနေတယ်၊ နောက်ဘဝ ချမ်းသာဖို့ ဆိုတာထက် ယခုဘဝ
တွေ့သမျှ အခြေအနေနဲ့ ချမ်းသာအောင် နေသွားတတ်ဖို့ တရားအသိကလိုတယ်။ မနက်ဖြန်
ချမ်းသာဖို့ ဆိုတာထက် ယနေ့ ပစ္စုပ္ပန်မှာ (ယနေ့မှာပဲ) တွေ့သမျှ
အခြေအနေနဲ့၊ ပေးလာသမျှ အခြေအနေနဲ့ ချမ်းသာအောင် နေတတ်ဖို့က အရေးကြီးတယ်၊
တရားအသိလေးပါ ဦးဆောင်ရမယ်ပေါ့၊ ဒါကြောင့် လောကုတ္တရာချမ်းသာ တရားချမ်းသာက
ပညာနဲ့ ဦးဆောင်ရမယ်၊
(၄)
စားဖွယ်ဘောဇဉ်ကို လှူဒါန်းရင် ခွန်အားကို လှူရာရောက်တယ်။ ကျန်းမာရေးကို
လှူရာရောက်တယ်၊ လှူဒါန်းတဲ့ ပုဂ္ဂိုလ်မှာလည်း ခွန်အားကောင်းတယ်၊
ကျန်းမာရေးကောင်းတယ်၊ မိမိတို့က တရားခွန်အားအထိ လောကုတ္တရာခွန်အားအထိ
ရပါစေရလို့ ဉာဏ်နဲ့ ဦးဆောင်ရမယ်။
(၅)
ဆွမ်းခဲဖွယ် ဘောဇဉ်လှူဒါန်းရင် ဉာဏ်ကို လှူရာရောက်တယ်၊ လှူဒါန်းတဲ့
ပုဂ္ဂိုလ်မှာလည်း ဉာဏ်ကောင်းတယ်၊ မိမိတို့က တစ်ဖက်မြင်ပညာမျှသာမက
နှစ်ဖက်မြင်ပညာ၊တရားပိုင်းဆိုင်ရာ အသိပညာတွေ ရပါရစေလို့ ဉာဏ်နဲ့
ဦးဆောင်ရမယ်ပေါ့။
သို့သော်လည်း
ရှေးယခင်များဆီကတော့ လူကြီး လူငယ်ပါမကျန် ဆွမ်းအကျိုးတရားလဲ နားလည်ကြတယ်။
ရဟန်းသံဃာတွေကိုလည်း ကြည်ညိုကြတယ်။ အာရုံဆွမ်းလဲ လောင်လှူကြတယ်။
ရဟန်းသံဃာတွေရဲ့ သွန်သင်ဆုံးမ မှုကိုလဲ နာယူ မှတ်သားတယ်။
ဒီဘက်ခေတ်ကြတေ့ာ
အဲလိုမဟုတ်တေ့ာဘူး။ ခေတ်ကာလ အတိုင်းအတာရ သော်လည်ကောင်း တခဏ သာဝတ်ကြတဲ့
ဒုလ္လဘ ရဟန်း များ၏ အပြုအမူ ကြောင့် သော်လည်ကောင်း ဗုဒ္ဓသာသနာကို
ပုတ်ခက်စော်ကား လိုတဲ့ လုပ်ကြံဖန်တီး ကြတဲ့ ဘာသာခြားတို့ကြောင့်
လည်ကောင်း တကယ့် ဝိနည်း စည်းကမ်း လိုက်နာကျင့်သုံးနေကြတဲ့
ရဟန်းတော်များအပေါ် ကို ကြည်ညိုလေးစားတဲ့သူ ဆွမ်းလောင်ချင်တဲ့သူ
ရှားပါးသွားပြီ။
ကျေးလက်တောရွာများမှာသာ
လူကြီး လူငယ်တွေသာ ဘုန်းကြီးကျောင်းကို မှန်မှန်ရောက်ကြတယ်။ ဆွမ်း
ဆွမ်းဟင်း ကောင်းကောင်း မကောင်းကောင်း ဆွမ်း လောင်ကြတယ်။ ကလေး လူကြီး
ပါမကျန် ဘုန်းကြီးကျောင်း ရောက်ကြတယ်။ ဆွမ်း ကွမ်း ပူစရာမလို။
မြို့ကြီးပြကြီးတွေမှာတော့ စာသင်သားများရဟန်း
တော်များအတွက်
ဆွမ်း ဆွမ်းဟင်း ခက်ခဲလာတယ်။မနက် မနက် ဆွမ်းခံကြွရ ဖို့အရေး လိုင်းကား
စောင့်ရတယ်။ လိုင်းကားလာတေ့ာလည်း အတင်းတိုး တက်ရတယ်။
ဒီခေတ်မှာ
များသောအားဖြင့် ရဟန်းရယ် သီးသန့် နေရာ မပေးချင်ကြတေ့ာဘူး။ လမ်းလျှောက်
ပြန်တေ့ာလည်း ကား အန္တရာယ် က သတိထားရတယ်။ ဆွမ်းခံအမှီ ရောက်ပြန်တေ့ာလည်း
ဆွမ်းလောင်းတဲ့ ဒကာ ဒကာမတွေက အလုပ်ချိန် နီးတေ့ာ ဆွမ်းမလောင်းတေ့ာသလို
တစ်ချို့ကြတေ့ာလည်း ဟင်း မကောင်းလို့ ဆွမ်းမလောင်းကြတေ့ာ။ စာသင်သား
ရဟန်းတော် များအတွက် မြို့ မှာဆို ဆွမ်း တစ်ပါးစာ ပြည့်စုံဖို့
ခက်ခဲလာတယ်။ ဒကာ၊ဒကာမများမှာလည်း အရင်ခေတ်ကဲ့သို့ ဘုန်းကြီးကျောင်းသို့
မှန်မှန်မလာနိုင်ကြတော့ဘဲ စီးပွားရေးအတွက်သာ လုံးပမ်းနေကြရသောအခါ
ဘာသာရေးနှင့် ပို၍ ဝေးလာကြပါသည်။
ဆွမ်း
ကွမ်း မပြည့်စုံခြင်းသည် ယနေ့ခေတ် ရဟန်းများအတွက်
ခက်ခဲမှုတစ်ခုဖြစ်နေလေသည်။ အရင်ခေတ်များတွင် ရဟန်းတော်များကို
လွန်စွာရိုသေကြပြီး ဆွမ်းအတွက် စောစောထကာ ဆွမ်းချက်၍လောင်းလှူ ကြသော်လည်း
ယနေ့ခေတ်တွင်မူ ထိုကဲ့သို့ အလေးထားကာ ဆွမ်းထချက်သူ နည်းပါးလာလေသည်။
အကျိုးဆက်အနေဖြင့် ဆွမ်းချိန်တွင် ဆွမ်းအမီမကျက် ကြသောအခါ
ဆွမ်းရှားပါးလာကြလေသည်။
ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများတွင်
စာသင်တိုက်များ၊ဗုဒ္ဓတက္ကသိုလ်များ အများအပြား ရှိသောကြောင့်
စာသင်သားများပေါများသော်လည်း ဆွမ်းလောင်းနိုင်သောအိမ်မှာ
ယခင်ထက်နည်းပါးလာသောအခါ
ဆွမ်းရှားပါးလေသည်။ ကုန်ဈေးနှုန်းမြင့်တက်လာ ခြင်းကြောင့်
လှူဒါန်းနိုင်စွမ်းနည်းပါးလာကြသကဲ့သို့ စီးပွားရေးကြပ်တည်းလာမှုကြောင့်
အိမ်ရှိလူကုန် စီးပွားထွက်ရှာကြရသော အဖြစ်များလည်းရှိလေရာ
ဆွမ်းလောင်းလှူနိုင်သောအိမ်အရေအတွက်မှာ ပို၍လျော့နည်းရပြန်ပါသည်။
ဆွမ်းမရသော စာသင်သားများမှာ ဝယ်စားရသော အဖြစ်ကိုရောက်ကြရသော ကြောင့်
စရိတ်ပို၍ကုန်ခြင်း(ဆင်းရဲသောစာသင်သားများအတွက် အခက်အခဲဖြစ်စေပါသည်)၊
ဝိနည်းနှင့်ပက်သက်၍ ဒွိဟဖြစ်ကာ စိတ်ဆင်းရဲကြရခြင်းသည်လည်း
လူထွက်ရသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်ပါသည်။
ရဟန်း
မစစ်ဘူး စစ်တယ် နဲ့ ဝေဖန်စရာ မလိုပါဘူး။ ဘုရားသားတော်သံဃာတစ်ပါး အဖြစ်သာ
မြင်ပြီး ဆွမ်းလောင်း လှူစေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတေ့ာ ရဟန်း
သံဃာတော်တွေဟာ ဆွမ်း သင်္ကန်း ကျောင်း ဆေး စသဖြင့်ပစ္စည်းလေးပါး
အလိုရှိရာတွေကို ဒါယိကာ ဒါယိကာမ အပေါင်း တို့က ထောက်ပံ့လှူဒါန်းပေးမှ သာ
သာသနာအသက် ဆက်လို့ ရနိုင်တာဖြစ်ပါတယ်။ သာသနာ မပြုနိုင်ရင်တောင် သာသနာ
ပြုနေသူရဟန်းတော်များကို မိမိတက်နိုင်သလောက် ဆွမ်းတဇွန်းပဲ ဖြစ်ဖြစ်
ကြက်ဥပြုတ် လေးပဲဖြစ်ဖြစ် အကြော်လေးပဲ ဖြစ်ဖြစ် မုန်းလေးပဲ ဖြစ်ဖြစ်
လောင်းလှူ ပေးကြပါ။
ယနေ့ခေတ်
ပို၍ ဆိုးတာက ဟင်းမကောင်းလို့ ဆွမ်းပါ မလောင်းကြဘူး ဆွမ်းမပို့တော့ဘူး
ဆိုပြီး နေတတ်ကြပါတယ်။ တစ်ချို့အိမ်များကြတေ့ာ ကိုယ်တောင် စားမရာ မရှိဘူး
ဘာနဲ့ သွားလောင်းရမလဲ တဲ့ အဲလို လူတွေလဲ ရှိသေးတယ်။ မရှိတေ့ာ မလှူ
မလှူတေ့ာ မရှိ ကြတာ ဓမ္မတာပဲလေ။ ကိုယ် စားမဲ့အထဲက ဆွမ်းလေး တစ်ဇွန်း
ဟင်းလေး တစ်ဖဲ့ ကော်ဖီမစ်လေး တစ်ထုတ် လောက် ဦးဦးဖျားဖျားလှူတာ ဘာများ
ပိုကုန်သွားမှာ တဲ့လဲ။
ပိဏ္ဍပတ်ဆွမ်းအလှူဟာ
အဘယ်မျှအထိ မြတ်ပါသလဲ။ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်တဲ့ ဆွမ်းအလှူတွေ
ဖြစ်ပါစေ နေ့စဉ်လောင်းလှူတဲ့ ပိဏ္ဍပတ်ဆွမ်းအလှူရဲ့အကျိုးကို မမှီဘူးဆိုတာ
သိစေချင်မိတယ်။ ကုသိုလ်ဆိုတာ ယူတက်မှ ရတာဖြစ်လို့မပို့ပဲမနေကြပါနဲ့။
ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ အလှူ ခံသူက ဘုဉ်းပေးသည်ဖြစ်စေ
မဘုဉ်းပေးသည်ဖြစ်စေ လောင်းလှူ သူမှာ ကုသိုလ်ရသည်သာ ဖြစ်ပါသည် ။
လူပျင်းတိုင်း ဟင်းမကောင်းလို့ဆိုပြီး ဆွမ်းပို့ဆွမ်းလောင်တာကို
မပျက်ပါစေနဲ့။ မိမိတို့နောက်မှာ စာသင်သားရဟန်းတွေ ကိုယ်တော်လေးတွေ
မှီခိုနေရတာကိုသတိရပေးပါ။
ဆွမ်းခံသံဃာတွေကို
နေ့စဉ်ဆွမ်းလောင်းလှူတဲ့ကုသိုလ်ဟာ အင်မတန် ကြီးမားပါတယ်။ ဆွမ်းခံသံဃာတွေဟာ
ဆွမ်းအလှူခံ ရရှိလို့ ဘောဇနသပ္ပာယ(စာရေးသောက်ရေး ) အဆင်ပြေပြီး
ကျန်းမာစွာနေနိုင်ကြတယ်။ သူတို့လုပ် ဆောင်ရမယ့်
စာပေ,ပရိပတ္တိတာဝန်တွေကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ကြတယ်။ဒီလိုဆိုတော့
သာသနာတော်
( ၃)ရပ် မညှိုးနွမ်းစေရန် စောင့်ရှောက် နေကြတဲ့ သံဃာတော်များအပါအဝင် သာသနာ
တော်တာဝန်ကို ထမ်းဆောင်နိုင်ရန်ပရိယတ္တိစာပေ များကို
ကြိုးစားအားထုတ်နေကြသော စာသင်သား, ရဟန်းတော်များကို
နေ့စဉ်ဆွမ်းလောင်းနေကြသူများ မှာလည်း သာသနာပြုနေကြသူများပင် ဖြစ်ပါသည်။
ဤသို့
နေ့စဉ်ဆွမ်းလောင်းသူများ ရှိသောကြောင့် သာလျှင် ရဟန်းသံဃာတော်များ
သက်ရှည်ကျန်းမာ စွာဖြင့် သာသနာအကျိုး သယ်ပိုးနိုင်ကြတာဖြစ်ပါတယ်။ဒါ့အပြင်
သာသနာတော်ကြီး အရှည်တည် တံ့အောင် ထမ်းဆောင်နေကြတဲ့ သံဃာတော်တွေ ဆိုတာ
"အနုတ္တရံ ပုညခေတ္တံလောကဿ" လို့ဆိုတဲ့ သံဃာဂုဏ်နဲ့အညီ ပစ္စည်းလေးပါးရှင်
ဒကာ,ဒကာမ အပေါင်းတို့၏ ကုသိုလ်ကောင်းမှုမျိုးစေ့တွေ စိုက်ပျိုး ကျဲချရာ
လယ်ယာ မြေကောင်း သဖွယ်လည်းဖြစ်လို့ ဒကာ,ဒကာမတွေအတွက် လက်ရှိဘဝကောင်းကျိုး,
သံသရာဘဝတွေ ကောင်းကျိုး အတွက်ပါ အကျိုးများ စေပါတယ်။ဒါ့အပြင်
ဒီလိုအလှူဒါနမျိုးဆိုတာ ပုဂ္ဂိုလ်စွဲ လည်းကင်းလို့ သံဃိကအလှူ ဖြစ်ပြန်တယ်။
ဒက်ခိဏ ဝိဘင်္ဂသုတ်တော်လာ ဖွင့်ဆိုချက်အရ သံဃိကအလှူ သည် ပုဂ္ဂလိကအလှူထက်
မြတ်သည်။သံဃိကလှူ- လျှင် အလှူခံပုဂ္ဂိုလ်၏ သီလ,သမာဓိ,ပညာကို စိစစ်
စရာမလိုချေ။"သံဃောဟိ ဒုဿီလော နာမနတ္ထိ"ဟု အဆိုရှိသည့်အတိုင်း သံဃာဆိုလျှင်
ဒုဿီလမရှိ, အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်သာ ဖြစ်ပါတယ်။အလှူရှင် ဘက်ကလည်း
စေတနာသုံးတန်ပြည့်စုံ၍ လှူဖွယ်ပစ္စည်းတို့သည်လည်း ဓမ္မိယလဒ္ဓ စင်ကြယ်သော
ပစ္စည်းများဖြစ်မယ်,နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းခဲ့မယ် ဆိုပါကလည်း
ဒါနပါရမီအလှူမြောက်မှာဖြစ်လို့ ပြီးပြည့်စုံသော အလှူဒါနတစ်ခုလည်း
ဖြစ်သွားနိုင်ပါ တယ်။
အနှစ်ချုပ်
ရေးသားတင်ပြလိုတာကတော့ ဗုဒ္ဓသာသနာတော်ဟာ သတ္တဝါအပေါင်းတို့ရဲ့
အားထားမှီခိုရာကြီးပါ။ သာသနာတော်ထွန်းလင်းမှ သာသနာ့ အဆုံးအမတွေ
ခံယူနိုင်ပြီး မကောင်းမှုရှောင် ကောင်းမှုတွေ ဆောင်နိုင်မှာပါ။
ကုသိုလ်တရားတွေ ပွားများ နိုင်ပြီး သံသရာမှ ထွက်ရာလမ်းအထိ သာသနာ့ အဆုံး
အမတွေက လမ်းညွန်ပြသမှုတွေ ပေးနိုင်ပါတယ်။ ဒီသာသနာကို ခေတ်အဆက်ဆက်
ပုခုံးပြောင်း ထမ်းရွက်လာကြတာကတော့ ရဟန်းသံဃာတော် တွေပါ။
မိမိတို့
နေ့စဉ်နေ့တိုင်း လောင်းလှူနေကြတဲ့ ဆွမ်း( ပိဏ္ဍပတ်ဆွမ်း ) တစ်လုတ်,
တစ်ဇွန်းလေးမှ သည် သာသနာတော်အတွက် အခုလောက်အထိ အကျိုးကျေးဇူး ကြီးမားစေသလို
လှူဒါန်းသူတွေ အတွက်ပါ အခုလို အကျိုးကျေးဇူး ကြီးမားစေပါတယ်။ တကူးတကလည်း
ချက်ပြုတ်နေရတာ မဟုတ်ပါဘူး။ မိမိတို့ စားဖို့ရာ ချက်ထားတဲ့အထဲက ဝေခွဲပြီး
လှူတန်း ရတာလေးပါ။ ဒါသည်ပင် နေ့စဉ် ရက်ဆက်ကျတော့ သာသနာတော် အတွက်
အသက်ဆက်ပေးခြင်းပါပဲ။
ဒါကြောင့်
ဟင်းမကောင်းလည်း ဆွမ်း လောင်းပေးကြပါ။ ဆွမ်းပို့ပေးကြပါ။
မိမိတို့အိမ်ရှေ့ ကိုဆွမ်းခံ ကြွလာတယ်ဆိုတာ မင်္ဂလာ ရှိလှသလို ဦးဦးဖျားဖျား
ဆွမ်းအလှူလဲ လောင်းလှူ ခွင့် ရနေတာမို့ ကုသိုလ် အင်မတန်ထူးလှပါတယ်
စာရေးသူဆိုရင် အိမ်ရှေ့ကို ဆွမ်းခံရဟန်းမကြွ လာတော့ ဆွမ်းချိုင့်ကိုပဲ
တနင်္လာနေ့ ဗုဒ္ဓဟူး နေ့ တိုင်း ရာသက်ပန်ယူကာ ပို့နေရပါသည်။ တခါတလေ
မနက်အိမ်ရှေ့ရေဖြန်းတမြက်စည်းလှည်းတိုင်း စဉ်းစားမိတယ်။ ငါ့အိမ်ရှေ့
ရဟန်းတော်များ ဆွမ်းခံကြွ လာရင် ဘယ်လောက် ကောင်းလိုက်မလဲ လို့
……တွေးနေတုန်း…
ဟိုဘက်လမ်းက ကြေးစည်သံ လေးကြားရတယ်။ ဆွမ်းခံ ရ ဟန်းတွေ ကြွလာနေကြပြီ။
ညောင်ရမ်းသားငွေသိန်း
ကိုးကား _
သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပထမနှစ် ၊ နှစ်ပတ်လည်မဂ္ဂဇင်း ဆောင်းပါးရှင် - သုမေ ( ကျိုက်လတ် ) ၏
“ စိန်ခေါ်မှုများ နှင့် ယနေ့ခေတ် ရဟန်းလောက ” ဆောင်းပါး
၁။ "အင်္ဂုတ္တရ်နိကာယ်၊ ပဉ္စကနိပါတ်၊ ဘောဇနသုတ်"
၂။ "အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)"၏ "ပိဏ်တပါတ်-ဆွမ်း (ဆွမ်းလောင်းလှူခြင်းအကျိုးတရား) ရှင်းတမ်း"တရားတော်)
No comments