မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့ (ပုံပြင်)
မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့ (ပုံပြင်)
အကျဉ်းသားနှစ်ယောက်ဟာ
ပြစ်မှုကြီးတွေကြောင့် တသက်တစ်ကျွန်း ထောင်ကျနေကြတယ်။ ဒီတသက် ထောင်က
လွတ်ဖို့ လမ်း မရှိကြဘူး။ သူတို့ဟာ အကျဉ်းခန်းလေးတစ်ခုထဲမှာ အတူနေကြရတယ်။ မနက်တိုင်း ထောင်စောင့်ဟာ အကျဉ်းခန်းတွေကို လိုက်စစ်ရင်းနဲ့ သူတို့နှစ်ယောက်နေတဲ့ အကျဉ်းခန်းမှာ ထူးဆန်းတာတစ်ခုကို သတိထားမိတယ်။ အကျဉ်းသားတွေကို မနက်အိပ်ယာထဖို့ ထောင်စောင့်တွေက အော်လိုက်တယ်။
အကျဉ်းသား မောင်မောင်ဟာ အိပ်ယာပေါ်က လေးလေးကန်ကန် မထချင်ထချင်နဲ့ ထလိုက်တယ်။သူ့မျက်နှာမှာ ဆွေးမြေ့ကြေကွဲနေပုံ ပေါ်နေတယ်။ အကျဉ်းသား ကျော်ကျော်ကတော့ အိပ်ယာပေါ်က သွက်သွက်လက်လက် ထလိုက်တယ်။ သူဟာ ပြုံးပြီး ရွှင်လန်းတက်ကြွနေတယ်။
မနက်တိုင်းလိုလို
သူတို့နှစ်ယောက်ရဲ့ ပြုမူပုံဟာ ဒီအတိုင်းပဲမို့ ထောင်စောင့်ပါမက
ထောင်၀န်ထမ်းတွေပါ အံ့သြနေကြတယ်။ သူတို့ဟာ မောင်မောင်
မပျော်မရွှင်ဖြစ်နေတာကို မအံ့သြကြပေမယ့် ကျော်ကျော်
ရွှင်လန်းတက်ကြွတာကိုတော့ နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။
တနေ့မှာ
ဘုန်းကြီးတစ်ပါး ထောင်ကို ရောက်လာတယ်။ အကျဉ်းသားတွေကို လာရောက်တွေ့ဆုံပြီး
အားပေးစကားပြောပေးဖို့ပါ။ သူဟာ ထောင်၀န်ထမ်းတွေဆီက မောင်မောင်နဲ့
ကျော်ကျော်တို့အကြောင်းကို ကြားလို့ သူတို့ကို စိတ်၀င်စားပြီး
သွားတွေ့လိုက်တယ်။
ဘုန်းကြီးက မောင်မောင်ကို တွေ့တွေ့ချင်းမှာပဲ သူ
ဘာကြောင့် စိတ်မရွှင်မလန်းဖြစ်နေရတာလဲလို့ မေးလိုက်တယ်။ မောင်မောင်က
ချက်ချင်းပဲ ခုလို ပြန်ပြောလိုက်တယ်။
- အရှင်ဘုရားရော တပည့်တော်လို ထောင်ထဲမှာ လွတ်လမ်းလုံး၀မရှိတဲ့ အခြေအနေမှာ နေရရင် ဘယ်လို ခံစားရမလဲ ဘုရား
ဘုန်းကြီးက မောင်မောင်မေးလိုက်တာ မှန်တာပဲဆိုပြီး သူ့ကို နှစ်သိမ့်စကားပြောကြားပေးလိုက်တယ်။
ဘုန်းကြီးဟာ
ကျော်ကျော်ကို လူမရှိတဲ့ အခန်းထဲကို ခေါ်သွားပြီး မေးလိုက်ပြန်တယ်။ သူ
ထောင်က ဒီတသက် လွတ်လမ်းမရှိပေမယ့် ဘာကြောင့် ရွှင်လန်းတက်ကြွနေရတာလဲလို့ပါ။
ကျော်ကျော်က ချက်ချင်းပဲ ခုလို ပြန်ပြောတယ်။
- အခု တပည့်တော် ပြောပြတာကို အရှင်ဘုရား တခြားလူတွေကို မပြောပြဘူးလို့ ကတိပေးရင် တပည့်တော် ပြောပြပါမယ်
- ဒကာကြီး၊ ဘုန်းကြီး ကတိပေးပါတယ်။ ဘယ်သူ့ကိုမှ မပြောပါဘူး
- ဒီလိုပါ ဘုရား။ ကျော်ကျော်ဟာ ဘုန်းကြီးအနား နီးနိုင်သမျှ တိုးကပ်လိုက်ပြီး ခုလို ထပ်ပြောလိုက်ပါတယ်။
-
တပည့်တော် ဒီထောင်ကို စရောက်တဲ့နေ့က စပြီး ထွက်ပြေးဖို့ ကြံစည်နေပါတယ်။
ဒါပေမဲ့ လိုချင်တဲ့ အခြေအနေ မရောက်သေးလို့ အချိန်ထပ်စောင့်နေရပါအုံးမယ်။
ဒီမှာ ရှိကြတဲ့ ထောင်သားတွေကတော့ သူတို့ကံကြမ္မာလို့ ယုံကြည်ထားကြလို့
ကံပြုသမျှ အနုခံနေကြပါတယ်။ တပည့်တော်ကတော့ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးဖို့
ဆုံးဖြတ်ထားပါတယ်။ ဒီလောက် အစောင့်အကြပ် တင်းကြပ်လွန်းတဲ့ ထောင်က
ထွက်ပြေးဖို့ ကြိုးစားတယ်ဆိုတာ ရူးတယ်လို့ ပြောကြမှာပါ။ ဒါပေမဲ့ တပည့်တော်
အသက်ရှူလို့ ရနေသမျှ တနေ့ဒီထောင်က လွတ်မြောက်ရမယ်လို့ မျှော်လင့်ထားပါတယ်။
အဲဒီမျှော်လင့်ချက်ဟာ မကြာခင် ပြည့်တော့မယ်ဆိုပြီး တပည့်တော် ပျော်နေတာပါ
ဘုရား
ဘုန်းကြီးဟာ ကျော်ကျော်ရဲ့ ထောင်ဖေါက်မယ့် အကြံကို သဘောတူတယ်
မတူဘူး မဝေဖန်ပါဘူး။ ဒါပေမဲ့ သူ ကျော်ကျော်ကို လေးစားသွားတယ်။
ဘာကြောင့်လဲဆိုတော့ ကျော်ကျော်ဟာ မျှော်လင့်ချက်လုံးဝမရှိတဲ့
အလွန်ဆိုးဝါးတဲ့ အခြေအနေမှာ ရှာကြံပြီး မျှော်လင့်ချက်ထားတတ်လို့ပါ။
လူဆိုတာ မျှော်လင့်ချက်မရှိရင် သေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် မင်းတို့အခြေအနေ ဘာပဲဖြစ်နေနေ မျှော်လင့်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့။
ဗန်းမော်သိန်းဖေ
Credit. .
No comments