နိဗ္ဗာန် နဲ့ ငွေ ဘယ် ဟာ ပို ကြိုက် သ လဲ
နိဗ္ဗာန် နဲ့ ငွေ ဘယ် ဟာ ပို ကြိုက် သ လဲ
တစ်ခါတုန်းက . . .
မစိုးရိမ်ဆရာတော်ဘုရားကြီး မန္တလေးကနေ ရန်ကုန်ကို ရထားနဲ့ကြွလာတဲ့အခါ သာစည် ဘူတာရောက်တော့ မြင်းခြံတို့ မိတ္ထီလာတို့ဘက်က စာရင်းစစ်ပြီး ပြန်လာတဲ့ စာရင်းစစ် ဒကာကြီးတစ်ဦး ဆရာတော်စီးတဲ့ တွဲပေါ် တက်လာပါသတဲ့။ ဆရာတော်ကြီးကို တွေ့တဲ့အခါ ရဟန်း တော်များနဲ့ တစ်တန်းတည်း မနေရဲဘူး ဆိုပြီးထိုင်ခုံမှာ မနေဘဲ အောက်မှာပဲ နေရာခင်းပြီး နေပါတယ်။
ပြီးတော့မှ ဆရာတော်ကြီးကို
“အရှင်ဘုရားတို့လို သံဃာတော်များနဲ့ တွေ့ကြုံရခဲပါတယ် ဘုရား၊ တွေ့တုန်း ကြုံတုန်း တပည့်တော်ကို တရားလေး နည်းနည်းဖြစ်ဖြစ် ဟောတော်မူပါ” လို့ လျှောက်ထားပါတယ်။
🙏 “ဘာကြောင့် တရားနာချင်တာလဲ” လို့ မေးတော့
“နိဗ္ဗာန်ရောက်ချင်လို့ပေါ့ ဘုရား” တဲ့။
🙏 “ဒီလိုဆိုရင် ဒကာကြီးကို ဘုန်းကြီးမေးမယ်၊ မှန်မှန် ဖြေမလား” ဆိုတော့ -
“တပည့်တော် မလိမ်တတ်ပါဘူး ဘုရား” တဲ့။
🙏 “ဒကာကြီး နိဗ္ဗာန်နဲ့ ငွေ ဘယ်ဟာကို ပိုကြိုက်သလဲ”
“နိဗ္ဗာန်ကိုသာ ရမယ်ဆိုရင် ငွေဘာလုပ်ဖို့လဲ ဘုရား”
🙏 “မဟုတ်သေးပါဘူး၊ ဒကာကြီးက စာရင်းစစ်ဆိုတော့ ဂဏန်း(သင်္ချာ)ကို ပိုပြီးနားလည်ပါတယ်။ သင်္ချာသမားဆိုတော့ သဘောဉာဏ်လည်း ပိုပြီးကြီးပါတယ်။ သေသေချာချာ တွက်ချက်ပြီးမှ ဖြေပါနော်။ ကိုယ့်စိတ်ကိုယ် မေးကြည်ပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လား ဆိုတာ”
“တကယ် လိုချင်ပါတယ် ဘုရား”
🙏 “ဒကာကြီး ဘုန်းကြီးကို မလိမ်ကောင်းဘူးနော်၊ လိမ်တယ်ဆိုတာ ဘာမှ အကျိုးမရှိဘူး။ မှန်မှန်ဖြေပါ။ နိဗ္ဗာန်ကို တကယ်လိုချင်ရဲ့လား”
“အို - အရှင်ဘုရားတို့လို့ ဆရာတော်ကြီးများကို တပည့်တော် ဘယ်လိမ်ဝံ့ပါလဲ။ မှန် တဲ့အတိုင်း လျှောက်ထားတာပါ။ ငွေက ဘာအသုံးကျလို့လဲ၊ တပည့်တော် နိဗ္ဗာန်ကို တကယ်လိုချင်ပါတယ် ဘုရား”
🙏 “ကဲ ... ဒီလိုဆိုရင် ဒကာကြီး အခု နိဗ္ဗာန်ရဖို့ လည်ပြီး ရှာနေတာလား။ ငွေရဖို့ လည်ပြီး ရှာနေတာလား” ဆိုတော့ စာရင်းစစ် ဒကာကြီးက ပြုံးစိစိနဲ့ . . .
“တပည့်တော် လိမ်လိုတဲ့ စိတ်မျိုးလည်း မရှိပါဘူး။ လိမ်တာလည်း မဟုတ်ပါဘူး။ အမှတ်တမဲ့ ပြောမိတာပါ။ သည်းခံခွင့်လွှတ်တော်မူပါ။ တပည့်တော် ငွေနဲ့ နိဗ္ဗာန် နှစ်မျိုးတည်းဆိုရင်တော့ နိဗ္ဗာန်ကို မလိုချင်ပါဘူး။ ငွေကို လိုချင်ပါတယ် ဘုရား”
🙏 “အဲ ... အဲ ... ဒါမှ မှန်တယ်၊
နောက်ဆိုရင် ဘယ်ဘုန်းကြီးနဲ့ တွေ့တွေ့ တပည့်တော် နိဗ္ဗာန်ကို မလိုချင်သေးလို့ “နိဗ္ဗာန် လိုချင်အောင် တရားဟောပေးတော်မူပါ ဘုရား” လို့ အရင်လျှောက်ထားရမယ် ဒကာကြီး။ ခက်တာက တကယ် မလိုချင်သေးဘဲနဲ့ လိုချင်တယ်လို့ ထင်နေကြတယ်” လို့ မိန့်ကြား လိုက်ပါသတဲ့။
ဿာဓု ဿာဓု ဿာဓုပါ အရှင်ဘုရား။
(ထေရုပ္ပတ္တိကထာ - ၁၉၅) - မှ ကောက် နုတ်ပူဇော်မျှဝေပါတယ်။
No comments