ငတွေဝေနဲ့ယုန်ကလေး (ပုံပြင်)
ငတွေဝေနဲ့ယုန်ကလေး (ပုံပြင်)
တစ်ခါတုန်းကတောတစ်ခုမှာ အရမ်းကိုမာနကြီးတဲ့ ငတွေဝေဆိုတဲ့ ခြသေ့်တစ်ကောင်ရှိသတဲ့။ ငတွေ ဝေဆိုတာကတော့ စဥ်းစားဥာဏ်မရှိဘူး။ မိုက်မဲတဲ့အကောင်လို့ ဆိုလိုတာပေါ့။ ငတွေဝေဟာ သတ္တဝါတွေကို မြင်ရင် မသတ်မဖြတ်ဘဲ မနေနိုင်ဘူးတဲ့။ အမြဲဖမ်းဆီးပြီး သတ်ဖြတ်နေတာပဲတဲ့။
အဲ့တော့ တစ်တောထဲ အတူတူနေတဲ့ သတ္တဝါတွေက မပျော်ကြဘူးပေါ့။ သွားလည်းတထိတ်ထိတ်၊ စားလည်းတထိတ်ထိတ်၊ အိပ်လည်းတထိတ်ထိတ်နဲ့နေနေရတာဆိုတော့ စိတ်ညစ်ကြတာပေါ့။ တစ်နေ့ကျတော့ သမင် ၊ ဒရယ် ၊ ချေငယ် ၊ စိုင် ၊ ဆတ် ၊ ဖွတ် ၊ ပဒတ် အစရှိတဲ့ သတ္တဝါတွေဟာ မျက်နှာသေကလေးတွေနဲ့ ဦးခေါင်းငိုက်စိုက်ချပြီး တောသုံးတောင်ရဲ့သခင် အရှင် ခြသေ့်မင်းရှေ့တော်ကို ဝင်ပြီး ရှိခိုးတောင်းပန်ကြသတဲ့။
အရှင်ခြသေ့်မင်းး အသနားကင်းမဲ့ပြီး အဓိပ်ပါယ်မရှိတဲ့ သတ်ဖြတ်မှုကို ရှောင်ကြဥ်တော်မူပါ။ တွေ့တိုင်း မြင်တိုင်း ဖမ်းဆီးသတ်ဖြတ်နေပါလျှင် ကျွန်တော်တို့တောသား တိရစ္ဆာန်များ ပျက်စီးပြုန်းတီးပါလိမ့်မည်။ အရှင်ခြသေ့်မင်းလည်း စားစရာမရှိလို့ အတိဒုက္ခရောက်ပါလိမ့်မယ်။ အကယ်၍အရှင်ခြသေ့်မင်း သဘောတူ ပါလျှင် ကျွန်တော်မျိုးတို့က တစ်နေ့လျှင် သားကောင်တစ်မျိုးစီ အရှင်ခြသေ့်မင်း ပွဲတော်တည် စားသောက်ပါရန် ဆက်သပါ့မယ်တဲ့။
အဲ့ဒီစကားကိုကြားတော့ ငတွေဝေက စဥ်းစားပြီးပြန်ပြောသတဲ့။ အေးးးး မင်းးတို့လျှောက်ထားတာ အကောင်းသားပဲ။ ဒါပေမယ့် မြဲမြဲမှတ်ထားနော်။အချိန်မှီ ငါပွဲတော်တည်ဖို့ ရောက်မလာရင် မင်းတို့အားလုံးကို စားပစ်မှာ။ မှတ်ထားနော်.... အဲ့ဒီအခါ တိရစ္ဆာန်တွေက ကောင်းပါပြီ အရှင်ခြသေ့်မင်းလို့ ကတိပေးပြီး စိတ်အေးချမ်းသာစွာနဲ့ ထွက်ခွာသွားကြသတဲ့။ အရင်ကလို သွားတထိတ်ထိတ် စားတထိတ်ထိတ် အိပ်တထိတ်ထိတ် မဖြစ်တော့ဘူးပေါ့။ နေ့တိုင်းနေ့တိုင်း နေမင်းကြီး မွန်းတည့်လာပြီဆိုရင် တိရစ္ဆာန်တစ်မျိုးမျိုးက အလှည့်ကျတဲ့ အကောင်ကိုရွေးပြီး ငတွေဝေစားဖို့လွှတ်ပေးကြသတဲ့။
တစ်နေ့ကျတော့ ခြသေ့်အစားခံဖို့အလှည့်ဟာ ယုန်လေးတစ်ကောင်အပေါ်မှာ ကျပါရောတဲ့။ ဒီတော့ တောသတ္တဝါတွေက .... ကဲ.... ယုန်ကလေးး အလှည့်ကျတယ်။ ခြသေ့်ကြီးဆီကိုသွားပေတော့လို့ ဝမ်းနည်းစွာနဲ့နှုတ်ဆက်ကြသတဲ့။ ဒါပေမယ့် ယုန်ကလေးကတော့မပျက်ပါဘူး ။ သူက ဥာဏ်ရှိတဲ့ သတ္တဝါပဲ။။ သူကြံရင် ဘာခံနိုင်မှာလဲလို့ သူယုံကြည်သတဲ့။
အဲ့ဒါနဲ့လမ်းမှာ အကြံထုတ်ရင်း တဖြည်းဖြည်းနဲ့ ခုန်ဆွခုန်ဆွ သွားလိုက်တာအတော်ကို မွန်းတိမ်းသွားမှ ခြသေ့်ဆီကို ရောက်သွားသတဲ့။ ခြသေ့်ငတွေဝေကလည်း ဆာလောင်မြွတ်သိပ်နေတော့ အင်မတန် စိတ်ဆိုးနေတာပေါ့။ "အချိန်လွန်မှ ဒီယုန်ရောက်လာတယ်။ တိရစ္ဆာန်တွေက ကတိမတည်ဘူး။ မနက်ဖြန်ကျရင် တောသတ္တဝါအားလုံးကို ငါ ဖမ်းစားမယ်လို့'' ကြိမ်းဝါးနေတုန်း ယုန်ကလေးက ခပ်ကျုံ့ကျုံ့လေးသူ့ရှေ့တော်မှာ ဝင်ရောက်ခစားသတဲ့။ ခြသေ့်ဆာနေတုန်း ယုန်ကလေးက တစ်လုပ်စာမျှမရှိတော့ ပိုပြီးဒေါပွတာပေါ့။အဲ့ဒါနဲ့
"ဟယ်...ငပြိတ္တာ အကောင်ကငယ်ရတဲ့အထဲ နောက်ကျလိုက်သေးတယ်။ အဲ့အပြစ်ကြောင့် နင့်ကိုလည်း ငါသတ်မယ်။ မနက်ဖြန်ကျရင် တောသတ္တဝါအားလုံးကိုလည်း ငါစားမယ်'' လို့ ငတွေဝေကဆူသတဲ့။
အဲ့ဒီအခါ ယုန်ကလေးက ရှိခိုးပြီးတော့
"အရှင်ခြသေ့်မင်း၊ ကျနော် နောက်ကျရတာဟာ ကျနော့် အပြစ်မဟုတ်ပါဘူး။ ကျနော့မိတ်ဆွေ တောသတ္တဝါတွေရဲ့ အပြစ်လည်းမဟုတ်ပါဘူး။ ကျနော် အရှင့်ဆီကို အချိန်မှီအောင် ပြေးလာတဲ့ လမ်းခရီးမှာ ခြသေ့်တစ်ကောင်နဲ့တွေ့လို့ ရပ်နားခဲ့ရပါတယ်။ သူက သူပိုင်တဲ့ တောထဲက သတ္တဝါတွေဟာ သူ့ကျွန်ပဲတဲ့ဆိုပြီး ကျနော့်ကို ဖမ်းမယ်ဆီးမယ် လုပ်ပါတယ်။ ကျနော်က ငတွေဝေအမည်ရှိတဲ့ ခြသေ့်ကြီးဆီကို သွားပြီး အကြောင်းကြပါရစေဦး၊ နောက်မှပြန်ခဲ့ပါရစေလို့ တောင်းပန်တော့မှ လွှတ်လိုက်ပါတယ်'' လို့ပြောတာပေါ့။ ပြိုင်ဘက်ရန်သူ ခြသေ့်တစ်ကောင် ရှိတယ်လို့ကြားတော့ ငတွေဝေဟာ ပိုပြီးဒေါသဖြစ်တာပေါ့။
ကဲ...ကြာကြာမဆိုင်းနဲ့။ အဲ့ဒီ ခြသေ့်ရှိတဲ့နေရာကို ငါ့ကို ခေါ်သွားစမ်း။ သတ္တိပြရသေးတာပေါ့ လို့ ငတွေဝေက ပြောသတဲ့။ ဒီတော့ ယုန်ကလေးက ရေတွင်းကြီးတစ်ခုဆီကို ခေါ်သွားပြီး အရှင်ခြသေ့်မင်း ကျနော့်ကို ဖယ်းမယ်လုပ်တဲ့ ခြသေ့်ကြီးဟာ ဟောသည့် တွင်းထဲမှာနေပါတယ်လို့ ပြောတော့ ငတွေဝေက ရေတွင်းထိပ်ကနေပြီး ငုံ့ကြည့်တာပေါ့။ ရေပြင်မှာ သူ့အရိပ်သူမြင်တော့ အခြားခြသေ့်ထင်ပြီး ဟောက်လိုက်တာ လှိုဏ်သံပါပြီး တစ်တောလုံး ဟိန်းသွားတာပဲတဲ့။ သူ့ကိုယ်သူပဲ တွင်းထဲက ခြသေ့်မှတ်ပြီး ဒေါသကြီးကြီးနဲ့ တွင်းထဲကို ခုန်ချလိုက်တာ ရေနစ်ပြီး ငတွေဝေဟာ သေပါလေရောတဲ့။
အဲ့သည်တော့မှ ယုန်ကလေးလည်း သီချင်းကလေး တကြော်ကြော်နဲ့ သူ့ကျင်းကိုသူ ပြန်သွားသတဲ့။ တောသတ္တဝါတွေလည်း ချမ်းသာရာရကြသတဲ့။
မေတ္တာဖြင့်
Credit_Original_Writer
ပြန်လည်မျှဝေပါတယ် ။
No comments