အကြည်တော် ၊ သူခိုး အပိုင်း(၉)
“ငပိန်”
ပါကညော ရဲ့ အာခေါင်ခြစ်အော်သံ။
အဲ့ဒီအချိန်မှာ ငပိန်က ဦးတင်စိုးအိမ်မှာ ချက်အရက်ဝင်ခိုးနေတဲ့အချိန်ဗျ။
ငပိန်ခိုးထားတဲ့ ချက်အရက်နှစ်ပုလင်း ခါး မှာချိတ်ရင်း ခေါင်းထောင်သွားတယ်။
ပြီးတော့ မီးဖိုပေါ်က ကြပ်ခိုးစင်ပေါ် တင်ထားတဲ့ ငါးခူခြောက်လေး လက်လှမ်းယူပြီး သူ စဉ်းစားလိုက်တယ်။
“ပါကညော ကြီး ငါ့ကိုခေါ်နေပါလား၊ ဘာ ကိစ္စလဲ မသိဘူး၊နောက်အားမှပဲ သွားတွေ့လိုက်ဦးမယ်”
သူခိုးခမျာ မအားရှာဘူးလေ။
ဂွင်တွေ့နေတာကိုး။
သူ့ဟာသူ ခိုးစရာရှိတာ ဆက်ခိုးနေလိုက်တယ်။
+++
“သူခိုးဟေ့ သူခိုး သူခိုး”
ရွာထဲက အော်သံကြားတာနဲ့ ပါကညော မှေးခနဲအိပ်ပျော်ကာစကနေ ဆတ်ခနဲ ခုန်ထမိမလို ဖြစ်သွားတယ်။ နောက်မှ သတိရပြီး
“ဒါ ငပိန်ပဲဖြစ်ရမယ်”
လို့တွေးပြီး မသိမသာနဲ့ ပြန်ပြီးအိပ်ချင် ယောင်ဆောင်နေလိုက်တယ်။ ဟုတ်တယ်လေ။ သူ ထဖမ်းနေတော့လဲ ဘာထူးမှာမို့လို့။
အရှက်ကွဲခံပြီး ပြန်လွှတ်နေရမှာကို။
“ဒီနားမှာပဲ ဒီနားမှာပဲ”
“ဒီနားမှာတင် ပျောက်သွားတာ၊ တောက်”
“ဘာပါသွားသေးလဲ”
“မမြဌေးအိမ်က ရှင်မီးနှစ်ထည်ပါသွား တယ်”
“တောက် မိလို့ကတော့ကွာ”
ခြေသံတွေ စကားပြောသံက သူနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် ပါကညော ကြီး ထမကြည့်ဘူး။ အိပ်ချင်ယောင်ဆောင်နေရင်း မှေးခနဲ အိပ်ပျော်သွားတယ်။
+++
ပါကညော ကြီး အိပ်မောကျနေရာကနေ သူ့ ရဲ့ တစ်နေရာရာက ဆစ်ခနဲ ဆစ်ခနဲ နာကျင်သလို ခံစားရတယ်။ အိပ်ရေးက မဝသေးတော့ ကြိတ်မှိတ် အိပ်ကြည့်သေး။ ဒါပေမယ့် ဆစ်ခနဲ ဆစ်ခနဲ နာကျင် မှုက ပိုဆိုးလာတော့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။
သူ့ဘေးနားမှာ မှောက်လျက်လေးလူတစ်ယောက်။ သူ အသေအချာကြည့်မိမှ မျက်လုံးပြူးသွားတယ်။
“ဟင် ငပိန်”
ငပိန်က သူ့ဘေးနားမှာ မှောက်လျက်သား လေး။ လက်ထဲမှာလဲ ပြာတစ်ဆုပ်နဲ့။
ငပိန့်ကို ဒီအနေအထားမြင်တော့ သူလန့် သွားတယ်။ ဒါကြောင့် မျက်လုံးကြီးပြူးပြီး
“ဟေ့ ဟေ့ကောင် ငပိန်၊ မင်း ဒီမှာ ဘာ လုပ်နေတာလဲကွ ဟေ”
သူ့အမေးကို ငပိန်က သူ့နှုတ်ခမ်းပေါ် လက်တင်ပြီး
“ရှူး ဒီမှာပြီးတော့မယ်”
ဆိုပြီး
“ဖြုတ်”
“အားလားလား ဟေ့ကောင်၊ မင်းဘာလုပ်..ဟာ”
အမှန်တော့ ငပိန် ပါကညော ရဲ့ ချိုင်းမွှေး လာဆွဲနှုတ်နေတာ။ ပါကညော ကြီး သူ့ချိုင်းမွှေး ခိုးနှုတ်နေတာမြင်တော့ တင်းသွားတယ်။
“ဟင် မင်း မင်း အဲ့လိုလုပ်စရာလားကွ”
ဆိုတော့ ငပိန်က ပြာတွေကိုသုတ်ပြီး
“အား သူကြီးကလဲ ချိုင်းမွှေးနှုတ်တာ အထူးအဆန်းလုပ်လို့၊သူကြီး ကတော်ချိုင်းမွှေးဆို နှစ်ဖက်လုံး ကျုပ်ချည်းနှုတ်ပေးထားတာ”
“ဟင် "
ငပိန်စကားကြောင့် ပါကညော လန့်သွားတယ်။ ဒါကြောင့် သူ့ဘေးနားမှာ ပုပုလေးအိပ်နေတဲ့ သူ့ကတော် အရင်စောပုချိုင်းကို လှန်ကြည့် တော့
“ဟာ”
နှစ်ဖက်လုံးအပြောင်။ အရင်စောပုက အအိပ်ကြီးတော့ မနိုးဘူးရယ်။ သူ့ချိုင်းမွှေး သူပြန်ကြည့်တော့ တစ်ခြမ်းပြောင်နေပြီ။ သူလဲ ရုတ်တရက် ခုန်ထပြီးသော
“ဟေ့ကောင် မင်းက သူကြီးချိုင်းမွှေး နှုတ်နေ
ရအောင် ဘာကောင်လဲ၊ တယ်”
ဆိုပြီး လက်ရွယ်တယ်။ သူ့စိတ်ထဲ ငပိန်ကြောက်သွားမယ်ထင်နေ တာ။ ဟိုက မကြောက်တဲ့အပြင် သူ့ကိုစိုက်ကြည့်ပြီး
“အော်လိုက်မှာနော်၊ သူခိုး သူခိုးလို့”
“ငင့် "
ပါကညော လန့်သွားတယ်။ ငပိန်ကသာ သူခိုးလို့အော်လိုက်ရင် သူ ငပိန့်ကို မဖြစ်မနေ ဖမ်းရမယ်။ ဖမ်းပြီးရင်လဲ ကတိအတိုင်း ပြန်လွှတ်ပေး ရဦးမယ်။ ဒါ့အပြင် ငပိန်က အထုတ်ဖြည်လိုက်
ရင် သူ အရှက်ကွဲပြီ။ ဒီတော့ ပျာပျာသလဲနဲ့ “အေး အေးပါကွာ၊ မအော်ပါနဲ့ကွာ၊ တောင်းပန်ပါတယ်”
“ဒါဆို ပြန်လှဲနေ”
“အဟင့် "
ပါကညော မျက်ရည်တဝိုင်းဝိုင်းနဲ့ ပြန်လှဲနေရတယ်။ ငပိန်က ပါကညော ချိုင်းမွေးတွေ ပြာသုတ်၊ တစ်ချောင်းစီနှုတ်ရင်းက
“ကျုပ် သတင်းတစ်ခုရထားတယ်”
ပါကညော ငပိန်ကိုထကြည့်တယ်။ ငပိန်က သူ့လက်ပိန်ပိန်နဲ့ ပါ
ကညော နဖူးကို ပြန်တွန်းချလိုက်တယ်။ ပါကညောလဲ အလိုက်သင့်ပြန်လှဲ ရင်း
“ဘာ ဘာသတင်းလဲဟင်”
ငပိန်က ပါကညာချိုင်းမွှေးတစ်ပင်ကို ပြာသုတ် ဆတ်ခနဲ ဆွဲနှုတ် လိုက်တယ်။
“အားလားလား”
ပါကညော အော်သံ။ ငပိန်က သူနှုတ်ထားတာ သူပြန်ကြည့်ပြီး
“ချိုင်းမွှေးတောင် ဖြူနေပြီ ဟီဟိ”
ဆိုပြီး ရယ်လိုက်သေးတာ။ ပြီးမှ
“ဆေးဆရာဖိုးသာအိုဆိုတာ သိလား”
သူ့အမေးကို ပါကညော က ခေါင်းထောင်လာတယ်။ ငပိန်က ပါကညော နဖူးကို ပြန်တွန်းချတယ်။ ပါကညော ပြန်လှဲချရင်း
“မသိဘူး၊ ဘယ်ကဆေးဆရာဖိုးသာအိုလဲ”
ငပိန် စိတ်ကြိုက်ချိုင်းမွှေးတစ်ချောင်းကို ဆွဲနှုတ်ပြီး
“မြင်သာတို့ လမုတန်းတို့ ကြောကွင်းကြီးတို့မှာ နာမည်ကြီးဆေးဆရာ ပဲ”
ပါကညော ချိုင်းမွှေး အနှုတ်ခံနေရာကနေ မျက်မှောင်ကျုံ့ပြီးခေါင်းထောင်ရင်း
“မကြားဖူးပါဘူး၊ ဘယ်ကဆေးဆရာလဲ၊ ဘာဖြစ်လို့”
ငပိန်က သူ့နဖူးကို လက်ညှိုးလေးနဲ့ ပြန်တွန်းချတယ်။
“သူ့မှာ ပီယဆေးရှိတယ်တဲ့”
“ဟင် "
ပါကညော ခေါင်းပြန်ထောင်လာတယ်။ ငပိန်က လက်ညှိုးလေးနဲ့ ပြန်တွန်းချတယ်။
“ပီယဆေးရှိတော့ ငါဘာလုပ်ရမှာလဲ၊ ငါ့မှာ မိန်းမ အရင်စောပုရှိတာပဲ”
ချိုင်းမွှေးကို စိတ်ရှည်လက်ရှည်နဲ့နှုတ်နေတဲ့ ငပိန်က ပြုံးရင်း
“အံမယ်၊ ဒိုးကျရွာက အပျိုကြီးစောမူကို ကြိတ်ကြံနေတာ မသိတာလိုက်လို့”
အဲ့ဒီစကားလဲကြားရော ပါကညော ကြီး ပျာပျာသလဲဖြစ်သွားတယ်။ သူ့နားမှာရှိတဲ့ အရင်စောပုက အဟမ်းခနဲ ချောင်းဟန့်တယ်။ ဟိုက အိပ်နေ ရင်း ယောင်တာနေမှာပါ။ ဒါပေမယ့် ပါကညောကြီး မနေရဲတော့ဘူး။
“ဟေ့ကောင် လာ လာ၊ အိမ်အောက်သွားဆင်းပြောရအောင်”
ဆိုပြီး နှစ်ယောက်သား အိမ်ပေါ်ကနေ ခြေဖော့ဆင်းကြတယ်။
အိမ်အောက်ရောက်တော့ မှ ပါကညော က ဆောင့်ကြောင့်ထိုင်ရင်း
“မင်းပြောတာ ဘယ်သူ”
ငပိန်က ပါကညာချိုင်းကို လိုက်လှန်ရင်း
“ဆေးဆရာဖိုးသာအိုလေဗျာ၊ မကြားဖူးဘူးလား၊ နာမည်ကြီးပဲကို”
ပါကညော ငပိန်မထားတဲ့လက်ကို အလိုက်သင့်မြှောက် မျက်မှောင်ကျုံ့ရင်း
“အေး ကြားတော့ကြားဖူးသလိုပဲ၊ ဒါနဲ့ သူက လူလိမ်ဆိုလားလို့”
ငပိန်က စိတ်ကြိုက်ချိုင်းမွှေး ငုတ်တုတ်ထိုင်ရှာရင်း
“အာ ကောလာလဟတွေပါဗျာ၊ သူက ဆေးသိပ်စွမ်းတာ”
ပါကညော မျက်မှောင်ကျုံ့သွားပြန်တယ်။ ပြီးမှ ပြန်မေးတယ်။
“မင်းပြောတာ ဘာဆေး”
“ပီယဆေး”
“ပီယဆေး”
ပါကညော လိုက်လံရေရွတ်ရင်း စိတ်ဝင်စားသွားတယ်။ ဒါကြောင့် ပဲ
“အဲ့ဒီပီယဆေးက ဘာစွမ်း”
သူ့အမေးကို ငပိန်က လက်ထဲကဖွဲဆုပ်ကို ခါချရင်း
“အာ ပီယဆေးလေဗျာ၊ အဲဒီဆေးကိုသာရထားရင် ပါကညော ကြီး နား မိန်းကလေးတွေ ဝိုင်းနေမှာ ဟီဟိ၊ ဝါသနာနဲ့ တဏှာ ကွက်တိကျပြီ”
ပါကညော ရုပ်ကြီး ပြီးသွားတယ်။
ပြီးတော့ ငပိန်ခါချလိုက်တဲ့ ဖွဲဆုပ်ကို ပြန်ကောက်ပြီး ငပိန်လက် ထဲ ပြန်ထည့်ပေးလိုက်တယ်။ ပြီးတော့ ငပိန်ရဲ့ ခေါင်းကို သူ့ချိုင်းဖက် ပြန် လှည့်ပေးလိုက်သေးတယ်။ ချိုင်းမွှေးအနှုတ်ခံရတဲ့ အရသာကို အကြိုက်တွေ့ သွားပုံပဲ
“အဟိ”
ပြီးတော့ ပြုံးတယ်။
သူလိုချင်တာကလဲ ဒီဘဝပဲကိုး။ အခုကျ ဟိုလူ့ရနိုး ဒီလူ့ရနိုးနဲ့ မထိတထိပြောရတာနဲပတင် ကျေနပ်နေရတာ။ ဒီဆေးသာရရင်ဆိုတဲ့စိတ် နဲ့ပဲ “မင်းကလဲကွာ၊ ငါ့မှာလဲ ကိလေသာတွေတော့ကုန်ပါပြီ၊ တဏှာလေးကျန်တာကို၊ အဲ..မင်းပြောတဲ့ ဆေးဆရာဖိုးသာအိုက”
“မနက်ဖြန် လမုတန်းဘက်ကို သူ ဒီလမ်းအတိုင်း ဖြတ်လာမယ်၊ အဲဒါကို ကျုပ်က မလက်တိုထန်းတဲကနေ ကြားဖြတ်ပင့်ထားလိုက်မယ်”
သူ့ကိုမော့ကြည့်နေတဲ့ ငပိန်ခေါင်းကို သူ့ချိုင်းဖက် ပြန်လှည့်ထား ပေးတယ်။ ပြီးမှ
“ဘယ် ဘယ်သူမှ မသိစေနဲ့နော်၊ ဟေ့ကောင်”
ငပိန်က သူကြီးချိုင်းမွှေးကို အဖုတ်လိုက်ဆွဲကိုင်ပြီး
“စိတ်ချ”
“ဖြုတ်”
“အားလားလား”
+++++++++
အမှန်တော့ ဆေးဆရာဖိုးသာအိုဆိုတာ လူ လိမ်ဆေးဆရာဗျ။သူ့ကို အကြောင်းသိတဲ့သူတွေဆို လုံးဝခေါ်မသုံးဘူး။ဘယ်လောက်ထိလဲဆို ကြောကွင်း ကြီးတို့လို မြို့နည်းနည်းဆန်တဲ့ နေရာတွေဆို သူ့ကို ရွာထဲကို ပေးမဝင်တာ။
တခါသား ကြာကွင်းကြီးမှာ ဝက်သက်ရောဂါ ထတုန်းကပေါ့။
“ဝက်သက်ရောဂါဆိုတာ ဝက်ကဖြစ်တာ၊ ဒါကြောင့် သူ့ကိုနိုင်ဖို့ဆိုရင် ဝက်ဆီက ဝက်ဆီပဲ နိုင် မယ်”
ဆိုပြီး ဝက်ဆီက ဝက်ဆီထုတ်၊ တစ်ရွာလုံး လူရှိသမျှ လှည့်ပတ်သုတ်တာ၊ အကုန်လုံး အပူလောင် ပြီး ပွားကုန်လို့ ဖိုးသာအိုဆို သတ်မယ်ဆိုတာချည်းပဲ။
ဒါပေမယ့်လဲ ကြားဖူးတယ်မဟုတ်လား။ ဟိုး အရင် ဘုရင်တစ်ပါး ခေတ်က နန်းတော်ထဲမှာ မုန့်ဖတ်ထုပ်ဝန်ကြီးဆိုတာ ရှိခဲ့တာပဲလေ။ သူလဲ အဲ့လိုဆေးဆရာမျိုး။
ပြောပြမယ်ဗျ။
အခါတပါးမှာ ဘုရင်ကြီးရဲ့ သမီးတော်လေး နာမကျန်းဖြစ်တော့ နန်းတော်ထဲက သမားတော်တွေ ဆေးဆရာတွေပင့်ပြီး ကုတာ ဘယ်လိုမှကို ပြန်မကောင်းဘူး။ ဆေးဆရာတွေ ကုရင်းနဲ့ပဲ သမီးတော်လေးဟာ ရေတိမ် နစ်ရမလိုဖြစ်လာတယ်။သတိလဲ မလည်တော့ဘူး။ ဒါနဲ့ပဲ ဘုရင်ကြီးက တိုင်းပြည်လှည့်ပြီး ကြေညာစေတယ်။
“တိုင်းသူပြည်သား လူအများတို့ရေး..ဆေးပညာနဲ့ပတ်သက်၍ ကျွမ်းကျင်ပြီး ဘုရင့်သမီးတော်ကို ပျောက်ကင်းအောင် ကုနိုင်ပါက နန်းတွင်း သမားတော်ကြီး ခန့်အပ်မည်ဖြစ်ပါကြောင်း”
စသည်ဖြင့် ကြေညာတော့ မြို့ အပြင်ဖက်မှာ တစ်ခါမှ ကုသလို့ မကောင်းဘူးတဲ့ ဆေးဆရာက ကြားတယ်။ သူကလဲ တပည့်တစ်ယောက်နဲ့ အတူ ဆေးမကုရလို့ ငတ်နေပြီ။ ဒါနဲ့ သေမထူးနေမထူးစိတ်မွေးပြီး “ဘုရင့်သမီးတော် ငါကုမယ်”
ဆိုပြီး နန်းတော်ထဲလိုက်သွားတာ။
သူ့အိတ်ထဲမှာလဲ အိမ်ရှေ့စင်ကလေးမှာတင်ထားတဲ့ ဘာမှန်းမသိ တဲ့ ဆေးမြစ်တွေရော ပန်းခြောက်တွေရော ကျောက်ခဲလိုဟာတွေရော ပါသွားတယ်။
သူ့တပည့်ကတော့ သိတယ်။
“ဒီတစ်ခါမှမသေရင် ဘယ်တော့မှမသေတော့ဘူး”
ဆိုတာ။ သူ့ဆရာရဲ့ လက်ဆကို သိတယ်လေ။ ကုလိုက်တိုင်းမသာ ပေါ်တာချည်းကို။
နန်းတော်ထဲရောက်တော့ ဘုရင့်သမီးက မြောနေပြီ။ အသက်သာ ရှူနေသေးတာ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းမှ မလှုပ်တော့ဘူး။ဒါနဲ့ ဆေးဆရာက ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ လွယ်အိတ်ထဲ ပါလာတာတွေကလဲ ဘာတွေမှန်းလဲ သူမသိဘူး။ ဆေးမကုရတာကြာတော့ ဘာဆေးမြစ်တွေလဲ မခွဲခြားတတ်တော့ဘူး။
ဒါနဲ့ အိတ်ထဲက နှိုက်ထုတ်လိုက်တော့ ကျောက်တုံးလိုလိုတစ်ခုပါလာတယ်။ အသေအချာကိုင်ကြည့်တော့ အိစိအိစိနဲ့မို့ ကျောက်တုံးလဲ မဟုတ်ပြန်ဘူး။ သူကိုယ်တိုင် ဒါကြီးဘာကြီးလဲ မသိဘူး။
ဒါနဲ့ မထူးတဲ့အဆုံး
“ဒါကြီးသွေးပြီး တိုက်ကြည့်မယ်၊ ကျန်တာတော့ ကံတရားပဲ”
ဆိုပြီး ကျောက်ပြင်ကို သူယူလာတဲ့အတုံးကြီးသွေးတာ။
ရေလေးနည်းနည်းထည့်သွေးတော့ နီညိုရောင် ပျစ်ချွဲချွဲအရည်တွေ ထွက်လာတယ်။ ဘာတွေမှန်းလဲ မသိဘူး။ မထူးတဲ့အဆုံး အဲဒီနီညို ရောင်အရည်တွေကို ဘုရင့်သမီးနှုတ်ခမ်းပေါ် အစက်ကလေးတွေ ချပေး လိုက်တယ်။
ရုတ်တရက်တော့ ဘာမှမထူးခြားဘူး။ အနည်းငယ်ကြာတော့ ဘုရင့်သမီးတော် နှုတ်ခမ်းလှုပ်လာတာ တွေ့ရတယ်။
နောက်ပြီး ခုန နီညိုရောင်အရည်တွေကို လျှာနဲ့သပ်တာ တွေ့ရတယ်။
ဒါနဲ့ ဆေးဆရာလဲ အဲ့ဒီအတုံးကို ထပ်သွေး။ ဘုရင့်သမီးတော်နှုတ်ခမ်းကို သုတ်ပေးလိုက်ရုံနဲ့ ဘုရင့်သမီးက အဲ့ဒီအရည်တွေကို လျှာနဲ့ သပ်တယ်။ နောက်တော့ ဘုရင့်သမီးတော်က
“ရေ”
ဆိုပြီး တောင်းဆိုတယ်။ ရေတိုက်တော့ ရေကို နှစ်နှစ်ခြိုက်ခြိုက် သောက်လာတယ်။ မျက်လုံးလဲ တဖြည်းဖြည်းနဲ့ ပြန်ပွင့်လာတယ်။ တစ်သက် လုံးကုလာတဲ့ သမားတော်တွေအားလုံးကြောင်သွားကြတယ်။ သူတို့ကုတုန်းက မထူးခြားတဲ့ ဘုရင့်သမီးတော် အခု ဒီဆေးဆရာ ဘာမှန်းမသိတဲ့ဆေးရည် လေးတစ်စက်နှစ်စက်ချလိုက်ရုံနဲ့ လှုပ်ရှားလာတာကိုး။
ဒီလိုနဲ့ အဲ့ဒါလေးကျွေးလိုက်၊ ရေလေးတိုက်လိုက် လုပ်လိုက်သေလုမြောပါးဖြစ်နေတဲ့ ဘုရင့်သမီးတော်ဟာ ချက်ချင်း ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။
နန်းတွင်းသမားတော်ကြီးတွေ အထင်ကရ ဆေးဆရာကြီးတွေ တောင် ကုသလို့မပျောက်တဲ့အရာကို သာမညောင်ည၊ ဘယ်သူမှ အသိအမှတ် မပြုတဲ့ ဆေးဆရာက ချက်ချင်းပျောက်အောင်ကုသနိုင်တယ်ဆိုတော့ အား လုံးက အံ့အားသင့်ကုန်ကြတယ်။
သမီးတော်လေးကို ကုပြီး ပြန်ထွက်လာတော့ တပည့်ဖြစ်သူက မေးတယ်။
“ဆရာကြီး ဆရာကြီး၊ သမီးတော်ကို သွေးတိုက်လိုက်တာ ဘာဆေးလဲခင်ဗျ”
ဆိုတော့ ဆရာကြီးက စပ်ဖြဲဖြဲနဲ့
“အစကတော့ ငါလဲမသိဘူးကွ၊ သွေးရင်းနဲ့မှ အနံ့ရတော့ ငါလဲ သိလာတယ်၊ ဒီလိုကွာ၊ ငါတို့ရွာပြင်မှာက ကျီးကန်းတွေပေါတယ်မဟုတ်လား”
“ဟုတ်ကဲ့”
“အဲ့ဒီကျီးကန်းထဲက တစ်ကောင်ကောင်က နတ်တင်ထားတဲ့ မုန့် ဖတ်ထုပ်ကိုချီပြီး ယူလာပုံပဲကွ၊ လူတွေက ဝိုင်းခြောက်လှန့်တော့ လန့်ပြီး ဆေးလှမ်းနေကျ စင်ပေါ် ပြုတ်ကျကျန်ရစ်ခဲ့တယ် ထင်ပါ့ကွာ၊ ကြာတော့လဲ အဲဒီမုန့်ဖက်ထုပ်က ခြောက်သွားတာပေါ့”
“ဪ ဒါဆို ဆရာကြီး ဘုရင့်သမီးကို သွေးတိုက်တာ မုန့်ဖတ်ထုပ်ခြောက်ပေါ့နော်”
“အေးကွ၊ ဖြစ်ပုံက ဒီလိုကွ၊ ဘုရင့်သမီးတော် ရိုးရိုးနာမကျန်းဖြစ် တာကို သမားတော်တွေက အစွမ်းပြလွန်ပြီး ဘုရင့်သမီးတော်ခမျာ အာဟာ ရပြတ်ပြီး မေ့လဲသွားတာ၊ အဲ့ဒါကို ငါက မှန့်ဖက်ထုပ်ခြောက်သွေးတိုက် တော့ ချိုပြီး စားချင်သောက်ချင်စိတ်နဲ့ မျက်လုံးပြန်ပွင့်လာတာကွ”
“ဪ ဒါကြောင့် ရေခဏခဏတောင်းတာကိုး”
အဲ့ဒီဆေးဆရာလဲ အဲ့ဒါနဲ့ မုန့်ဖက်ထုပ်ကောင်းမှုနဲ့ပဲ သမားတော် ဖြစ်လာတာပေါ့။
လူတွေအခေါ်က မုန့်ဖက်ထုပ်သမားတော်။ ကျုပ်တို့ဆီမှာလဲ အများကြီးပါပဲ။ ဘာမှမတတ်ဘဲ ဝန်ကြီးဖြစ်နေကြတာ။
အခု ဖိုးသာအိုကလဲ အဲ့လိုဆေးဆရာပဲ။
သူကုလိုက်တဲ့လူက လက်တည့်ရင်ကောင်းမယ်၊ ကံမကောင်းရင်လဲ မကောင်းတဲ့အလျောက်ပဲ၊ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့။
ဖိုးသာအိုရဲ့ အဓိကအလုပ်က လိမ်စားတာပဲ။ ဆေးကုတယ်ဆိုတာ က အကြောင်းပြချက်သက်သက်ပဲ။ သူ့အဓိကအလုပ်က ကာမအားတိုးဆေး တို့ အဂ္ဂရိလုံတို့၊ ပယောဂထုတ်နည်းတို့ စသည်စသည်ဖြင့် လိမ်လို့ရတဲ့ဟာ အကုန်လုပ်တာပါပဲ။
သူကတော့ တစ်ရွာပြီးတစ်ရွာပြောင်း နည်းမျိုးစုံနဲ့ကို လိမ်စားနေ တော့တာ။
ဟော ခုတော့ ဖိုးသာအို၊ အိုးလေးအိုးတို့ ဒိုးကျတို့ကိုရောက်လာပြီ။
ရောက်လာတာကမှ သူခိုးငပိန်နဲ့ဗျား။
ပွဲကတော့ လှပြီ။
>>အပိုင်း(၁၀)ဆက်ရန်>>
No comments