New Artical

" စေတီတော်များမှာရှိတဲ့ တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့၏ အဓိပ္ပါယ်"

 

" စေတီတော်များမှာရှိတဲ့ တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့၏ အဓိပ္ပါယ်"

မိမိတို့ "ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံ"ဆိုတာ  ယဉ်ကျေးမှုသုခုမအလင်းတွေ ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။  ဒါပေမယ့်ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး
မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။
ဒီနေရာမှာ
"တံခွန်တိုင်"ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်- "တံခွန်တိုင်"လို့ ခေါ်ရခြင်းက- ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ "တံခွန်"တွေကို လွှင့်ထူထားကြလို့ "တံခွန်တိုင်"လို့ ခေါ်ပါတယ်။  "တံခွန်"ဆိုတာ -ရှေးအခါက -ယာဉ်ရထားတွေ  -အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင် တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ "အလံ"ကို "တံခွန်"လို့ ခေါ်ခြင်းပါ။ 

-တံခွန်လုံး
-တံခွန်ပြား
-တံခွန်ကုက္ကား     စသဖြင့် များစွာရှိကြပေမယ့် 

"တံခွန်တိုင်"မှာ တပ်ဆင်လေ့ရှိတဲ့ "တံခွန်" တွေကတော့ "လုံးဝန်းပြီး ရှည်မြောမြောသဏ္ဍာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်"တွေ ဖြစ်ပါတယ်။ "ဝါး"ကို အခွေလိုက်ပြုကာ အပေါ်ကနေ "စက္ကူ"ကပ်ပြီး စက္ကူပေါ်မှာ "ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ်ဓမ္မ"တွေကို ရေးသားထားကြပါတယ်။  ဒါပေမယ့် ယခုအခါမှာတော့ "တံခွန်တိုင်"တွေမှာ ချိတ်ဆွဲတင်ရမယ့် "တံခွန်"တွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။ ရှေးက "တံခွန်တိုင်"ကို "သစ်တွေ ,ဝါးတွေ"နဲပြုလုပ်ခဲ့ကြပေမယ့် နှောင်းခတ်မှာ "အုဋ္ဌ်,အင်္ဂတေ" တွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။ "တံခွန်တိုင်"ဆိုတာ တိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင်  "တံခွန်လုံး ,တံခွန်ပြား"တွေ ချိတ်ဆွဲထားကြပြီး - “ဒီနေရာမှာ  ဘုရား ပုထိုး စေတီ ရှိတယ်။ လာရောက် ဖူးမြှော်ပူဇော်ကြပါ” -ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပာယ်နဲ့ စိုက်ထူထားတဲ့ အရာလို့ ဆိုကြပါတယ်။  "တံခွန်တိုင်"ထိပ်မှာ ထုလုပ်ထားတဲ့ 

"ဟင်္သာရုပ်ပုံ"ကို ရှုကြည့်ရင်တော့-“သေခြင်းတရား ဟာ လျင်မြန်လွန်းလှပါတယ်။ မေသရာဆီ သြားဖို့
မမေ့မလျော့ မပေါ့မဆဘဲ ဒါန -သီလ -ဘာဝနာများ ကြိုးစားအားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။
ဒီနေရာမှာ မသေရာဆီ ပို့ပေးမယ့် ဘုရား စေတီတော် တရားတော်တွေ ရှိပါတယ်” -လို့ ဖိတ်ခေါ်ချင်လို့
"တံခွန်တိုင်"ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။  ဘာကို ထောက်ဆပြီး သိရလဲဆိုရင် "ဇဝနဟံသဇာတ်တော်"ကို ထောက်ဆပြီး သိရပါတယ်။
"တံခွန်တိုင်နဲ့ ဟင်္သာ"
-------------------
"မြတ်စွာဘုရားရှင်"ဟာ  "အလောင်းတော် ဘဝ"က "ဇဝန"မည်တဲ့ "ဟင်္သာမင်း" ဖြစ်ခဲ့ဖူးပါတယ်။
ဟင်္သာ ပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။  သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လဲ ရှိပြီး "စိတ္တကုဋ်တောင်"မှာ နေထိုင်ကြပါတယ်။  တစ်နေ့မှာ ညီငယ်များက "နေ"နဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို "ဟင်္သာမင်း"ဆီမှာ ခွင့်တောင်းပါတယ်။ ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ဘူး။  ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ဘဲ နေနဲ့ပြိုင်ဖို့အတွက် "နေ" မထွက်မီကတည်းက "ယုဂန္ဓိုရ်တောင်ထိပ်"ကနေ သွားစောင့်နေပါတယ်။ "နေ"ထွက်တာနဲ့  "နေ"နဲ့အပြိုင် ပျံသန်းကြပါတယ်။ လမ်းခရီးမှာ "နေ"ရဲ့အရှိန်ကြောင့် "အငယ်ဆုံးကောင်"ရဲ့အတောင်မှာ မီးစွဲလောင်ပါတယ်။ ဒီအကြောင်းကို "ဟင်္သာမင်း" ကြားသိတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ "ညီငယ်"ကို ကယ်ပြီး "စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ပါတယ်။  မွန်းတည့်အချိန်ရောက်တဲ့အခါ "အကြီးကောင်"ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက်
"စိတ္တကုဋ်တောင်"ကို ပို့ပေးခဲ့ရပြန်တယ်။  "ဟင်္သာမင်း"က သူလဲ "နေ"နဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။ အကျိုးမရှိကြောင်း မြင်ရတဲ့အခါ အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး "ဗာရာဏသီမြို့"ကို ပျံလာခဲ့ပါတယ်။ "ဟင်္သာမင်း"ရဲ့အရိပ်ဟာ "ဗာရာဏသီမြို့"တစ်ခုလုံးကို လွမ်းမိုးသွားပါတယ်။  ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို "ဗာရာဏသီမင်း"က သူ့နန်းတော်ထဲ ရောက်လာတဲ့  "ဟင်္သာမင်း"ကို မေးတဲ့အခါ --သူဟာ "နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ်"ဆိုတဲ့အကြောင်း ပြောပါတယ်။ "မင်းကြီး"က --"ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်"လို့ ပြောတဲ့အခါ "ဘုရားအလောင်းဟင်္သာမင်း"က-နေနဲ့အဟုန်မပြိုင်ဘဲ -အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို
 ခေါ်ပြီး ကျောခြင်းကပ်ရပ်စေကာ အရပ်လေးမျက်နှာကို မြား တစ်စင်းစီ ပစ်လွတ်စေခဲ့ပါတယ်။
"ချူလုံး" ဆွဲထားတဲ့"ဟင်္သာမင်း"က လျင်မြန်တဲ့အဟုန်နဲ့ "မြားလေးစင်း"ကို ဖမ်းယူကာ လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ "တိုင်ထိပ်"မှာ ရပ်နားနေလိုက်ပါတယ်။ လျင်မြန်လွန်းတဲ့အတွက် "ဟင်္သာမင်း"ကို မမြင်ရဘဲ ချူသံသာ ကြားလိုက်ရပါတယ်။ "မင်းကြီး"က -"ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား"-လို့ မေးတဲ့အခါ -"ဘုရားအလောင်းတော်"က "ဒီအဟုန်ထက် အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်းမက မြန်တဲ့ အရာရှိပါတယ်။ အဲဒါကတော့ "သေခြင်းတရား"ပါပဲ"-လို့ ပြောလိုက်တဲ့အခါ "မင်းကြီး"ထိတ်လန့် တုန်လှုပ်သွားပါတယ်။"ဟင်္သာမင်း"က " မင်းကြီး"ကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။
 အထက်ပါ "ဇဝနဟံသဇာတ်တော်"ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပာယ် ပေါ်လွင်လောက်ပြီလို့
 ယုံကြည်ပါတယ်။"ဟင်္သာမင်း"ရဲ့ ဖြစ်တော်စဉ် "ပါရမီ စရိယ" ဇာတ်များစွာမှနေ နှောင်းလူတွေ--အသိရအောင် 

-သဒ္ဓါပေါက်အောင် -ဖူးမြှော်တတ်အောင် -အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

"သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး"
-------------------------------
  မြင်တွေ့နေရတဲ့ "တံခွန်တိုင်"တွေကို လေ့လာကြည့်ရင် -မြင့်မားဖြောင့်တန်းရှည်လျားတဲ့ "အုဋ္ဌ်တိုင်"နဲ့
-အဲဒီ"အုဋ္ဌ်တိုင်"ရဲ့ခြေရင်းမှာ "ပလ္လင်ခုံ" ရှိပါတယ်။ အဲဒီ"ပလ္လင်ခုံ"ပေါ်မှာ "ဗဟိုတိုင်"ကိုပတ်ရံပြီး "နတ်ရုပ်,သိကြားရုပ် ,ဗြဟ္မာရုပ်"တွေခြယ်လှယ်ဆင်သလေ့ ရှိကြပါတယ်။   တိုင်ရဲ့ထိပ်မှာတော့ "ဟင်္သာ"-သာမက -ကရဝိက်  -ဂဠုန် -ပြာဿဿ     ဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။  ရှေးကတော့ "တံခွန်တိုင်"ဆိုရင် -အခြေမှာ "သိကြားရုပ်"ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး "သိကြားရုပ်"ကို မပါမဖြစ်လေးနက်တဲ့ အဓိပ္ပာယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။ ထုလုပ်လေ့ရှိတဲ့ "သိကြားရုပ်ရဲ့ ဟန်"တွေကလည်း
(၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
(၂) ရှိခိုးနေဟန်
(၃)  သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
(၄) စောင်းပိုက်နေဟန်-ဆိုပြီး "လေးမျိုးလေးစား"  နဲ့ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ အသီးအသီး ရှိကြပါတယ်။
၁)သိကြားမင်း ခရုသင်းကိုင်နေဟန်
"မြတ်စွာဘုရား" ပွင့်တော်မူစဉ်က -
-"သိကြားမင်း"ဟာ "ခရုသင်းမှုတ်ပြီး ပူဇော်"ခဲ့တာကို
 လူတွေ အမှတ်ရကြစေဖို့ "သိကြားမင်း
ခရုသင်းကိုင်နေဟန်"ကို ထုလုပ်ပေးကြခြင်းပါ။

၂) သိကြားမင်းရှိခိုးနေဟန်
 နောက် -
-"သိကြားမင်း ရှိခိုးနေဟန်"ကို "မင်္ဂလာတရား
 ဟောကြားပေးဖို့ရန် သိကြားမင်း ရှိခိုးပြီး တောင်းပန်"
နေတာကို ရည်ရွယ်ပြီး ထုလုပ်ပေးကြခြင်းပါ။

၃)  သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
နောက်တစ်မျိုး
-"သံတုတ်(ဝရဇိန်)လက်နက် ကိုင်နေဟန်ကိုတော့ -
"ဘုရားရှင်"ကို "အမေးပုစ္ဆာ"တွေ လာမေးတဲ့
"အမ္ဗဋ္ဌလုလင်"ဟာ
"ဘုရားရှင"်က မေးနေတာကို "အဖြေမပေး"ဘဲ
 ပေတေနေတာကို -
"ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း"သိလို့
ပူပြင်းတောက်လောင်နေတဲ့ "သံတူ(သံတုတ်)ကို ကိုင်ပြီး တကယ်သတ်တော့မယ့်ဟန်" ကြိမ်းဝါးခဲ့တာကို
ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။

၄) စောင်းပိုက်နေဟန်-
နောက်ဆုံးတစ်မျိုးဖြစ်တဲ့ "စောင်းပိုက်နေဟန်"ကိုတော့
-"ပဥ္စသိင်္ခနတ်သား"က "မြတ်စွာဘုရား"ကို
"သိကြားမင်း"ကိုယ်စား ဂါထာတွေနဲ့
"စောင်းညှင်းဆောင်ကာ လျှောက်ထား"ခဲ့တာကို
ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။

 ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့  “သုံးပုံတံချူကျမ်း”မှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။ အချို့ "တံခွန်တိုင်"အခြေတွေမှာတော့  "သိကြားရုပ်"တွေအစား - "စတုလောကပါလ နတ်မင်းကြီးလေးပါး"တို့ရဲ့ ပုံတွေကို ထုလုပ်ထားကြပါတယ်။
ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။

 "ဥပုသ်နေ့"တွေမှာ -

-ရတနာသုံးပါးကို ဆည်းကပ်သူ,
-မဆည်းကပ်သူ၊
-သီလစောင့်သူ,
-မစောင့်သူ၊
-မိဘလုပ်ကျွေးသူ,
-မကျွေးသူ စတဲ့လူတွေကို

အဲဒီ"နတ်မင်းကြီး"တွေနဲ့ "နတ်မင်းကြီး"တွေရဲ့  "အစေအပါးနတ်"တွေက စာရင်းကောက်ယူပြီး "ပဥ္စသိင်္ခနတ်သား"ကတစ်ဆင့် -"မာတလိ," "မာတလိ"ကတဆင့် "သိကြားမင်း"ဆီ အပ်ကြပါတယ်။
 ဒီအကြောင်းကို လူတွေ သတိရကြကာ- -ရတနာသုံးပါး ဆည်းကပ်ကြဖို့
-သီလစောင့်ထိန်းကြဖို့
-မိဘလုပ်ကျွေးကြဖို့

လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။  အချို့က  

"သိကြားမင်း"ရဲ့
-ရှိခိုးနေဟန်,
-ခရုသင်းကိုင်နေဟန်,
-စောင်းကိုင်နေဟန်,
-သံတူကိုင်နေဟန် "ရုပ်တုလေးခု"ကို ကြည့်ပြီး
"နတ်မင်းကြီးလေးပါး"နဲ့ မှားတတ်ကြပါတယ်။
 

Credit >>> Aung Myat Zaw

No comments