အတိတ် နဲ့ အရိပ် - အညို
အတိတ် နဲ့ အရိပ်
ကားပေါ်မှဆင်းလိုက်သည်နှင့် အပူရှိန်ကမျက်နှာကိုလာဟပ်လေသည်။
ဘတ်စ်ကားမှတ်တိုင်နားကကွမ်းယာဆိုင်မှရေသန့်ဗူးအသေးတစ်ဗူး၀ယ်ကာ ခပ်မျှဉ်းမျှဉ်းသောက်ရင်းသူအချိန်ဆွဲနေမိသည်။ဘယ်လိုပဲအချိန်ဆွဲနေပါစေသူမသွားလို့မဖြစ်တာကိုလည်းသိနေတာမို့ ကားဂိတ်ကနေကနေအနောက်ဖက်ကိုပြန်လျှောက်လိုက်ပြီးလမ်းသွယ်တစ်ခုထဲသို့ ချိုးကွေ့၀င်လိုက်သည်။
ရင်ထဲမှာတဆစ်ဆစ်နှင့် နာကျင်မှုကိုစတင်ပြီးခံစားရလေသည်။ ဟိုတချိန်တုန်းကဒီလမ်းလေးမှာသူတို့နှစ်ဦးအတူတူလျှောက်လှမ်းခဲ့ကြသည်။ သူတို့ဘ၀ကိုစတင်ခဲ့စဉ်ကလည်း ဒီလမ်းလေးမှာခေါက်တုန့်ခေါက်ပြန်သွားလာခဲ့ကြဖူးသည်မဟုတ်လား။
လမ်းသွယ်ရဲ့အတွင်းပိုင်းရောက်လာသည်နှင့်အမျှအိမ်တွေကတဖြည်းဖြည်းစိပ်လာသည်။ ပေနှစ်ဆယ်ခြံလေးထဲကခပ်နွမ်းနွမ်းသစ်သားအိမ်တလုံးရှေ့မှာသူရပ်လိုက်တာနှင့် ကုလားဖျင်းအောက်မှာထိုင်နေနှင့်နေသူတွေကသူ့ကိုစူးစူးစမ်းစမ်းကြည့်ကြလေသည်။
ကိုခင်မောင်မြင့်လာတယ်။ မခင်ကြည် အိမ်ရှေ့မှာခင်ဗျားယောကျာ်း
ထိုင်နေကြသူတွေထဲကသူ့ကိုမှတ်မိသူတစ်ဦးကထအော်သည်။ ခင်ဗျားယောကျာ်းဆိုသောအသုံးအနှုန်းကြောင့်သူ့မျက်နှာဖြန်းခနဲပူတူသွားသည်။ အိမ်ထဲကထွက်လာသောမခင်ကြည်ရဲ့မျက်နှာကိုသူလှမ်းကြည့်လိုက်သည်။ ဒီလိုအသုံးအနှုန်းမျိုးကိုတချိန်ကသူမအလွန်ခါးသက်ခဲ့သည် မဟုတ်ပါလား။ ဒါပေမဲ့ မခင်ကြည်ရဲ့မျက်နှာကဘာမှခံစားရသည့်ပုံမပေါ်။ စိတ်ဆိုးတာလည်းမဟုတ် စိတ်မကောင်းတာလဲမဟုတ် ဒါတွေကိုတမင်ထိန်းချုပ်ထားတာမျိုးလည်းမဟုတ်ပဲပုံမှန်အတိုင်းပင်။
၀င်လာလေ ကိုခင်မောင်မြင့်
ဧည့်သည်တစ်ယောက်ကိုဖိတ်သလိုလှမ်းခေါ်တာမို့ သူခြံထဲကတဆင့် အိမ်ပေါ်တက်လာသည်။ ရေဗူးယပ်တောင်နှင့် တရားစာအုပ်အသေးတအုပ်ကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားပြီးသူ့ရှေ့မှာလာချပေးတာကြောင့် သူယူပြီးယပ်တောင်မှာကပ်ထားသောနာမည်ကိုဖတ်လိုက်သည်။
မောင်မြင့်သူ
အသက်(၁၂)နှစ်
သူယပ်တောင်ကိုအသာချကာရှေ့မှာထိုင်နေသောသူမကိုဘယ်လိုဖြစ်တာလဲဟုခပ်တိုးတိုးမေးမိသည်။
မွေးကတည်းကတရှောင်ရှောင်ပဲလေ ၀ဋ်ကျွတ်သွားတယ်လို့ပြောရမှာပဲ
သူတို့နှစ်ယောက်ကြားမှာပြောစရာမရှိတော့သလိုခဏတော့တိတ်ဆိတ်သွားပြန်သည်။
ဟိုတလောကအဖေဆုံးတာကြားတယ် ကြားကြားချင်းလာခဲ့မလို့ပဲဒါပေမယ့် မင်းစိတ်ဆိုးမှာစိုးရိမ်နေတာနဲ့
မလာလည်းစိတ်ထဲမရှိပါဘူးဒါကကျွန်မအဖေပဲရှင့်အဖေမှမဟုတ်တာဒါပေမဲ့ လာရင်လည်းဘာမှပြောမှာမဟုတ်ပါဘူးလေ ကျွန်မကိုယ်တိုင်သေချာဆုံးဖြတ်ခဲ့ပြီးကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲ
သူမပုံစံကခပ်အေးအေးသက်ပြင်းတစ်ချက်ခိုးချရင်းသူမနားထင်ကဆံပင်ဖြူတွေကိုအမှတ်တမဲ့ငေးနေမိသည်။
ကလေးတွေရော
သားကြီးကဟိုတလောကနယ်မှာဆုံးတယ်။ သားအလတ်ကအလောင်းသွားပြင်တယ်။ ဟိုရှေ့မှာထိုင်နေတဲ့ထမီအနီနဲ့ ကောင်မလေးကသားကြီးရဲ့မ်ိန်းမ၊ ဘေးကသူတို့ရဲ့သမီးရှေ့မှာသားတစ်ယောက်ရှိသေးတယ် သူ့အဖေမဆုံးခင်နှစ်လလောက်ကပဲရေနစ်ပြီးသေတယ်။ သူ့အဖေက ငြင်းပေါ်ကနေပြုတ်ကျပြီးသေတယ်။ ဟိုမှာယပ်တောင်တွေကမ်းနေတဲ့မောင်နှမကအလတ်ကောင်ရဲ့သားနဲ့သမီး။ သူ့မိန်းမလည်းသင်္ချိုင်းကိုအလောင်းပြင်ဖို့လိုက်သွားတယ်။
သူမက အခုမှသိကျွမ်းရသူတစ်ယောက်လို မိသားစုနှင့်တဖန် မိတ်ဆက်ပေးသည်။ သူမကမိတ်ဆက်ပေးပေမယ့် ချွေးမတွေမြေးတွေက ငဲ့စောင်း၍ပင်မကြည့်။ သူတို့ကြားမှာပြောစရာစကားမရှိသလိုနှင့် ပြင်ပြီးတိတ်ဆိတ်သွားပြန်သည်။ သူဘယ်ကနေစပြီးနှစ်သိမ့်ရမယ်ဆိုတာမသိတော့ ဒါကြောင့်အသာငြိမ်နေလိုက်မိသည်။ အသုဘချခါနီးမို့ လိုက်ပို့မည့်သူတွေတဖွဲဖွဲရောက်လာသဖြင့် သူမကသူ့အနားကထကာထွက်သွားပြီးအခြားဧည့်သည်တွေနှင့်စကားပြောနေတာကိုသူကြည့်ရင်းမျက်ရည်တို့စို့ကာခပ်တိုးတိုးငိုမိသည်. သူရဲ့ဖောက်လွှဲဖောက်ပြန်စိတ်တစ်ခုကြောင့် မိသားစုတစ်ခုလုံးကစဉ့်ကလျားဖြစ်ခဲ့ရသည်။ မိသားစုအပေါ်တာ၀န်မကျေသည့်အပြင် တာ၀န်မဲ့သောသူ့ကြောင့် သားအငယ်လေးကိုယ်၀န်ကြီးနှင့် လင်မယားကတောက်ကဆဖြစ်ကာသူအိမ်ပေါ်မှဆင်းခဲ့သည်။ ထိုအချိန်ကငွေရှာနိုင်သောသူ့အနားမှာမိန်းမထက်သာလွန်သောမိန်းမငယ်တွေ ရိုက်သတ်လို့ပင်မကုန်။
ဟိုးအရင်ကျောင်းသားဘ၀ကစျေးဗန်းခေါင်းရွက်ကာ ကျောင်းဆက်ထားပေးသောမိန်းမနှင့်ကလေးတွေကိုသူကျောခိုင်းထားခဲ့သလိုမိန်းမကလည်းအိမ်ရိပ်တောင်အနင်းမခံခဲ့။ သူကလည်းမာနတခွဲသားနှင့် အိမ်ကိုလှည့်၍ပင်မကြည့်။အခုတော့သူဒီအိမ်ကိုခြေချနိုင်ခဲ့ပြန်ပြီ။ အားလုံးပြီးစီးသွားခဲ့ရင် သူ့အပြစ်တွေကိုတောင်းပန်ဖို့သူစိတ်ကူးလိုက်သည်။ ကျူးလွန်ခဲ့သောအပြစ်တွေကိုမိန်းမခွင့်လွှတ်စေဖို့ ဘုရားမှာတိတ်တဆိတ်ဆုတောင်းမိလေသည်။
ရောဂါကြောင့် ပါးနားတွေချိုင့်ကာဝါရော်ရော်အသားအရေနှင့်ကလေးကိုသူအသာအယာငုံကြည့်လိုက်သည်။ သူအိမ်ကဆင်းခဲ့သောဆယ်နှစ်နှစ်တာကာလတွင်းဒီကလေးကိုသူအခုမှ ပထမဦးဆုံးမြင်ဖူးခြင်းပင်။ သူငိုဖို့ကြိုးစားပေမဲ့ မျက်ရည်ကကျမလာခဲ့။ မ်ိန်းမဖြစ်သူကိုသူလှမ်းကြည့်လိုက်တော့ ဇာပုဝါပါးပါးအုပ်ထားသော သားဖြစ်သူရဲ့ဘေးနားတဝိုက်က နှင်းဆီပွင့်ချပ်နီနီတွေကိုနေသားတကျဖြစ်အောင်ပြင်နေသောသူမပုံစံကခပ်အေးအေးပင်။
“မကြည် ငိုချလိုက် ငိုချလိုက် အဲ့လိုထိန်းထားရင်ညည်းပိုခံစားရလိမ့်မယ်”
ဘေးနားမှာရပ်နေသောမ်ိန်းမကြီးကခပ်တိုးတိုးနှစ်သိမ့်သည်။
“ကျွန်မမငိုပါဘူးမသောင်းတင်ရယ် ၊ကျွန်မသားလေးတနေ့တနေ့ ရောဂါဝေဒနာတွေခံစားနေရတာကို မမြင်ရက်လွန်းလို့ သူသေသွားပါစေလို့ ကျွန်မဆုမတောင်းကောင်းမှန်းသိသိနဲ့ ဆုတောင်းနေရတာ၊ ကျွန်မသားလေးဘ၀ကူးကောင်းမှာသိလား ။ဘယ်သူ့ကိုမှ စိတ်ထားမယုတ်တဲ့ ကလေး ။မွေးကတည်းက ဝေဒနာနဲ့ နပန်းလုံးနေရရှာတာ။သနားပါတယ်”
သူ့သားဖြစ်သူနဖူးမှ စိမ့်ထွက်လာသောရေတွေကိုထင်းရှုးစဖြင့် သုတ်ရင်းတတွက်တွက်ပြောနေသောငြားသူမမငိုနေချေ။ သူကတော့ ချစ်ရမှန်းမသိလောက်အောင် အနေဝေးလို့မငိုတာဖြစ်ပြီးသူမကတော့ သားဖြစ်သူ ဘ၀ကူးမကောင်းမှာစိုးသဖြင့် မငိုတာတဲ့။ သူ့စိတ်ထဲမိန်းမဖြစ်သူကိုပိုပြီးလေးစားမိပြန်သည်။ တနှစ်အတွင်းအဖေဆုံးသည်။ သားအကြီးဆုံးသည်။ မြေးဖြစ်သူဆုံးသည်။ ယခုသားအငယ်လေးဆုံးပြန်ပြီမို့ တနှစ်ထဲမှာပင် နာရေးလေးခု ။သူမရင်တွေဘယ်လောက်များကွဲကြေနေခဲ့ပါလိမ့်။
သတ်မှတ်ထားသောအချိန်သို့ရောက်ပြီမို့ နာရေး၀န်ထမ်းတွေအလောင်းသယ်ဖို့ပြင်သည်။
“သားလတ်၊ ညီလေးဘေးကနှင်းဆီတပွင့်ယူပြီးညီလေးကိုအိမ်ခေါ်ခဲ့နော် နောက်ကိုလည်းလှည့်မကြည့်နဲ့ စကားလည်းမပြောနဲ့ ပါးစပ်ပိတ်ပြီးအိမ်အထိဒီတိုင်းပြန်ရမယ်နော်။ တော်ကြာတရားနာရေစက်ချရင် မင်းညီလေးကို မခေါ်နိုင်ပဲနေဦးမယ်”
သူမနှုတ်ကပြောရင်းတဂျိုင်းဂျိုင်းတွန်းသွားသောအလောင်းစင်နောက်ကိုခပ်သွက်သွက်လိုက်သွားလေသည်။
……………………………………..
“မုန့်ဟင်းခါးတော့မရှိတော့ဘူး၊ ရှင်ထမင်းစားမလား။ အမဲပုဆိုးကြမ်းချက်ထားတယ်”
“ရတယ် ၊မစားတော့ဘူး ။ကူငွေဘယ်လောက်ရလဲ”
“မသိဘူး၊အဲ့ဒါတွေကို ချွေးမတွေနဲ့သားလတ်ကိုအကုန်လွှဲထားတယ်”
သူအိတ်ထဲကစာအိတ်ကိုမိန်းမဖြစ်သူလက်ထဲထည့်သည်။
“တသိန်း ။ ကလေးအတွက်တစ်ခုခုသုံးပါ ငါလကုန်တိုင်းလကုန်တိုင်း ငါ့လစာထဲကနေထောက်ပံ့ချင်တယ်။ မင်းလည်း ငါ့အပေါ်ခွင့်လွှတ်တယ်ဆိုရင်တော့ ငါဒီအိမ်ကိုပြန်လာပြီးမိသားစုနဲ့ စုစုစည်းစည်းနေချင်တယ် မင်းဘယ်လိုသဘောရလဲ
သူမကသူ့စကားကို ကြားသည်လားမကြားသည်လားမသိ။ ခြံဝိုင်းထဲမှာ ခင်းထားသည့် စားပွဲကုလားထိုင်တွေကိုသိမ်းနေသောလူတစ်စုကိုခပ်ငေးငေးကြည့်ကာနေသည်။
“ကျွန်မအခုဘာမှမစဉ်းစားချင်ဘူး ။ဘာမှလည်းမစဉ်းစားတော့ဘူးကိုခင်မောင်မြင၊့် ကျွန်မယောကျာ်းတစ်ယောက်အပေါ်ကိုယုံကြည်ပြီးမှီခိုခဲ့ပြီးပြီ။ ဘ၀ဆိုတာ ဘာလဲလို့ ကျွန်မသိလည်းသိပြီးပြီ။ ကျွန်မခေါင်းထဲမှာရှိတာ ကျွန်မမနက်ဖြန်အကြော်ဆိုင်ပြန်ဖွင့်မယ်။ ကျွန်မအလုပ်တွေပြန်လုပ်ရမယ်။ ကျွန်မမြေးတွေလည်းကျောင်းအပ်ရတော့မယ်။ ဒီအိမ်ကိုလည်းဓနိအသစ်မိုးရမယ်။ ရှင်နဲ့ပြန်ပေါင်းဖို့ကိစ္စကတော့ စိတ်ကူးထဲကိုမရှိတော့ဘူး။ ဒါရှင့်ကိုစိတ်ဆိုးစိတ်နာလို့လည်းမဟုတ်ဘူး။ အချိန်တန်ထားခဲ့ကြမယ့် လူချင်းအတူတူကျွန်မရင်ခွင်ထဲပိုက်ထွေးလို့ရနေဦးမယ့် ကလေးတွေအတွက်ပဲ ကျွန်မရှင်သန်ချင်တယ်။ အခုဆို ကျွန်မမြေးတွေသားတွေဆုံးပါးသွားပြီ။ မကြာခင်ကျွန်မအလှည့်လာတော့မယ်။ အေးမြပါတယ်ဆိုတဲ့ ငါးရာနှစ်ဆယ့်ရှစ်မီးတောင်ပူလောင်သေးတာ၊ထောင့်ငါးရာမီးကို ကျွန်မမပျိုးပါရစေနဲ့တော့ ကဲရှင်လဲပြန်ချေဦး ကျွန်မလည်းနာရေးတုန်းကသုံးထားတဲ့အကြွေးတွေအရင်ဆပ်ဖို့လုပ်ရဦးမယ်”
လက်တွေ့ကျသောမိန်းမကသူ့အနားကဖြတ်ခနဲထရပ်ကာထမီကို ထင်းထင်း၀တ်ပြီးအိုးတွေခွက်တွေကိုသိမ်းနေသူတွေနားသွားကာလိုအပ်တာတွေကိုညွှန်ကြားနေပြီမို့ သူပြန်ရန်ထရပ်လိုက်သည်။ နောက်တခါလာမို့ မသေချာတော့သောအိမ်ဝိုင်းလေးကို ကြည့်ရင်းသူ့အပြန်ခရီးကိုတရွေ့ရွေ့စတင်သည်။တခါတရံမှာအမှားတစ်ခုဆိုတာ ဘ၀တစ်ခုနှင့်ပေးဆပ်ရလောက်အောင် အရင်းအနှီးကြီးမှန်းသူသိသွားခဲ့ပြီသို့သော်နောင်တဆိုတာနောင်မှရတတ်မှန်း....
အညို
မွန်းလေးဖေဖေ မှ
No comments