New Artical

နေမိန္ဒရတောင်ပေါ်ကပုဏ္ဏကများ

 

နေမိန္ဒရတောင်ပေါ်ကပုဏ္ဏကများ

ပုဏ္ဏကဆိုသည်မှာ အတိုက်အခိုက်ကြမ်းသော အောက်လမ်းအတိုက်တစ်မျိုးဟု စာဖတ်သူများသိရှိပြီဖြစ်ပါလိမ့်မည်။ အချို့ကလည်းပုဏ္ဏကဆိုသည်မှာ ဘုရားလက်ထက်တော်က ဘီလူးကြီးပုဏ္ဏကမှတိုက်ခိုက်ခြင်းဟုထင်ယောင်ထင်မှားဖြစ်တတ်လေသည်။ သို့သော် ပုဏ္ဏကတိုက်ခြင်းဆိုသည်မှာ မကောင်းသောအတိုက်အခိုက် အခြောက်အလှန့်ပင်ဖြစ်၍ နေရာတိုင်းတွင်ရှိတတ်သောသဘောလည်းရှိပါသည်။
မြန်မာနိုင်ငံတွင်ထင်ရှားသောပုဏ္ဏကတိုက်ခိုက်မှုများတွင် နေမိန္ဒရတောင်ပေါ်မှပုဏ္ဏကများသည် ထင်ရှားသောတိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါသည်။ နေမိန္တရတောင်သည် သထုံမြို့၏ အရှေ့မြောက်ဘက်တွင်ရှိပြီး အနည်းငယ်မြင့်သောတောင်ကုန်းငယ်တစ်ခုသာဖြစ်ပါသည်။ ပါးစပ်ရာဇဝင်များအရ   သုဝဏ္ဏဘူမိပြည့်ရှင် မနူဟာမင်းကြီးသည် မကျွတ်မလွတ်ဘဲ အဆိုပါတောင်ကုန်းတွင် အပေါင်းအပါများနှင့်အတူ နတ်ဘီလူးကြီးဖြစ်၍နေသည်ဟု ယုံကြည်ကြပါသည်။
ယခင်တစ်ချိန်တုန်းကအဆိုပါနေမိန္တရတောင်သည် အလွန်အခြောက်အလှန်ကြီးသောနေရာတစ်ခုလည်းဖြစ်၍ ကျားပေါသောဒေသလည်းဖြစ်ပါသည်။ သထုံမြို့သည် မြန်မာနိုင်ငံတွင်သာသနာစတင်ရာ နေရာဒေသတစ်ခုလည်းဖြစ်သည်နှင့်အညီ အဆိုပါနေမိန္တရတောင်ပေါ်တွင် သိမ်ဆောက်လုပ်လှူဒါန်းရန် ရန်မြို့သူ/မြို့သားတို့မှ သိက္ခာ၊ သမာဓိနှင့်ပြည့်စုံသည့် ဆရာတော်ကြီတစ်ပါးအားပင့်ဖိတ်၍ တောင်ပေါ်တွင် သိမ်ဆောက်ရန်လိုအပ်သည့် သစ်ဝါး သိမ်သမုတ်တိုင်များအား နေ့ခင်းအချိန်တင်ထားသော်လည်း နောက်တစ်နေ့နံနက်သို့ရောက်တိုင်း အဆိုပါပစ္စည်းများတောင်အောက်သို့ပြန်လည်ရောက်နေလေသည်။ သို့သော် ဆရာတော်ကြီးက စိုးရိမ်ဖွယ်မရှိကြောင်း နှစ်သိမ့်ပြောကြား၍ လိုအပ်သည့်ပစ္စည်းများနှင့်အတူ တောင်ပေါ်တွင်စောင့်အိပ်ရန်လူအစောင့်များကိုပါ ထည့်သွင်းပေးလိုက်လေသည်။
သို့သော်နောက်တစ်နေ့နံနက်သို့ရောက်ရှိသည့်အခါ ၎င်းစောင့်အိပ်သည့်လူများပါ တောင်အောက်သို့ပြန်လည်ရောက်ရှိနေသည်ကိုတွေ့ရလေသည်။ သထုံမြို့သူ/သားတို့လည်း ကြောက်လန့်၍ တောင်ပေါ်တွင် သိမ်တည်မည့်အစီအစဉ်မှာပျက်လုပျက်ခင်အထိဖြစ်သွားလေသည်။ သို့သော် ဆရာတော်ကြီးသည် အလျော့မပေးပဲတောင်ပေါ်တွင်သိမ်သမုတ်ရန် ဆက်လက်ဆောင်ရွက်နေသည့်အချိန်တွင်ပင် ဆရာတော်ကြီးမှာ ရုတ်တရက်ပျံလွန်တော်မူခဲ့လေသည်။ မြို့သူ/သားများလည်း ဆရာတော်ကြီးပျံလွန်တော်မူသည်မှာ နေမိန္တရတောင်ရှိ နတ်ဘီလူးအစောင့်များကြောင့်ဟု ယုံကြည်၍သိမ်သမုတ်မည့်ကိစ္စအား ရသေ့ကြီးဦးခန္တီအား သွားရောက်အကူအညီတောင်းခံရလေသည်။
ဦးခန္တီကအဆောက်အဦးဆောက်လုပ်ရန်တာဝန်ယူမည်ဖြစ်ကြောင်း သိမ်သမုတ်သည့်ကိစ္စမှာ ရဟန်းများကိစ္စသာဖြစ်ကြောင်းပြောသဖြင့် မြို့သူ/သားများလည်း ညောင်လွန့်ဆရာတော်ကိုသွားရောက်အကူအညီတောင်းခံကြလေသည်။ ညောင်လွန့်ဆရာတော်လည်းချက်ချင်းလက်ခံခြင်းမပြုသေးဘဲ ဆရာတော်ဦးကဝိအားသွားရောက်ပင့်ဆောင်စေသည်။ ဆရာတော်ဦးကဝိလည်း အဓိဌာန်ကြည့်ရာ အောင်မည်ကိုသိသဖြင့် ညောင်လွန့်ဆရာတော်နှင့်အတူ လိုက်ပါခဲ့လေသည်။
ညောင်လွန့်ဆရာတော်နှင့်ဆရာတော်ဦးကဝိတို့တောင်ခြေသို့ရောက်သည့်အခါမှ ဦးကဝိသည်ညအချိန်တစ်ကိုယ်တည်းတောင်ပေါ်တွင် တရားဘာဝနာအားထုတ်နေစဉ် မင်းမြှောက်တန်ဆာငါးပါးဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်တစ်ဦးရောက်ရှိလာသဖြင့် ဦးကဝိမှ မနူဟာမင်းဖြစ်ဟန်တူသည်ဟု အထင်ရှိ၍ တရားအနည်းငယ်ဟောကြားကာ "နေမိန္တရတောင်ပေါ်တွင် သာသနာပြုရန်ဖြစ်ကြောင်း လူအများရှိနေစဉ်ခေတ္တဖယ်ပေးပါ လူမရှိမှ ဆက်လက်စောင့်ရှောက်ပါ သင်တို့၏နေရာအားဖျက်ဆီးလုယူရန် လာရောက်ခြင်းမဟုတ်"ဟုပြောကြားသည့်အခါမှ အဆိုပါပုဂ္ဂိုလ်သည် ဆရာတော်အားဦးချ၍ တောင်၏တနင်္ဂနွေထောင့်မှ တောင်အောက်သို့ ပြန်လည်ဆင်းသွားလေသည်။ ညောင်လွန့်ဆရာတော်တို့ သိမ်သမုတ်သည့်အချိန်တွင်လည်း အခြားခေတ်မှရဟန်းတပါး သိမ်သမုတ်သည့်နယ်မြေအတွင်းရုတ်တရက်ရောက်ရှိလာပြီး ပြန်လည်ပျောက်ကွယ်သွားသဖြင့် သိမ်မအောင်ဟုယူဆကာ ဆရာတော်များမှ ဒုတိယအကြိမ်သိမ်သမုတ်မှ သိမ်အောင်မြင်ခဲ့လေသည်။
ယနေ့အချိန်တွင် ၎င်းနေမိန္တရတောင်ပေါ်တွင် စေတီတစ်ဆူရှိပြီး ယခင်ကဲ့သို့ပင် နတ်ကြမ်းသောနယ်မြေအဖြစ်တည်ရှိလျှက်ရှိပြီး တောင်၏တနင်္ဂနွေထောင်တွင် မနူဟာမင်းအတွက်နတ်နန်းကြီးတစ်ဆောင် ဆောက်လုပ်ပေးထားပါသည်။ အဆိုပါနတ်နန်းနှင့်အနီးတွင်လည်း လောကီလိုက်စားလိုသူများအတွက် ဓာတ်နန်းများရှိပြီး မနူဟာနတ်နန်းသည် သထုံနယ်တစ်ဝိုက်တွင် ဆုတောင်းပြည့်နတ်နန်းကြီးတစ်ခုအဖြစ် ယနေ့ထက်တိုင်ကိုးကွယ်သူများပြားလျှက်ရှိပါသည်။
ဦးနတ်ရဲ

No comments