အကြည်တော် ၊ သူခိုး အပိုင်း (၁၂)
မနက်ဝေလီဝေလင်းပါပဲ။
ဒိုးကျအလွန် လမ်းကနေ သစ်ပင်လှဆီ လူတစ်ယောက် အထုပ်တွေမပြီး ခပ်သွက်သွက်လျှောက်လာတယ်။ဘယ်သူရှိမှာတုန်း။
ဖိုးသာအိုပေါ့။
သူ့ခမျာ ညက ပြဿနာတက်တာ သိပြီဆိုတာနဲ့ ဖိုးဌေးအိမ်မှာ ရှိတာမပြီး ရွာပြင်ထွက်ပုန်းနေရတာ။ ညက သူ့ကို လိုက်ရှာကြမယ်ဆိုတာ သိတယ်လေ။
ဒါကြောင့် မနက်လင်းကာနီးမှ ပုန်းနေရာက ထွက်လာရတာ။ အမှန်တော့ သူ့အစီအစဉ်က ဒီလို။ အိုးလေးအိုးရွာမှာတင် ပီယဆေးဖော်ချင်ယောင်ဆောင်ပြီး တစ်လကိုးသတင်းလောက် ပါကညောတို့ ဖိုးဌေးတို့ကျွေးတာ ထိုင်စားနေဦးမလို့ပဲ။ ပြီးရင်ဘာဆေးဖော်မယ် ညာဆေးဖော်မယ်ဆိုပြီး ခပ်တည်တည် လိမ်စားနေလို့ရတယ်။ အသေအချာ ယုံကြည်ပြီဆိုမှ လိုချင်တာယူပြီးထွက်သွားလိုက်ရုံပဲ။
အခုတော့။
“တောက် ငပိန် နှောက်ယှက်လို့ပေါ့ကွာ”
လို့စိတ်ထဲမှာ ကြိမ်းဝါးရင်း ခြေလှမ်းကို သွက်လိုက်တယ်။
ဒီညသာ ငပိန်မနှောက်ယှက်ရင် ဖိုးသာအိုအတွက် ဂွင်ကောင်းမိတာ သေချာပြီလေ။
ဖိုးသာအိုကြိတ်မနိုင်ခဲမရတွေ ဖြစ်နေမိတာ။
“ဟော သစ်ပင်လှရွာအဝင်တောင် လှမ်းမြင်ရပြီ”
သစ်ပင်လှရွာလေး လှမ်းမြင်ရတော့ ဖိုးသာအို ဝမ်းသာသွားတယ်။
သစ်ပင်လှရွာရောက်သွားရင် အိုးလေးအိုးတို့ ဒိုးကျတို့နဲ့ မဆိုင်တော့ဘူးလေ။ ဒိုးကျတို့ အိုးလေးအိုးတို့က လူတွေက သူ့ကို သစ်ပင်လှရွာထဲ ဝင်ဖမ်းလို့ မရတော့ဘူး။ ရွာဆူအောင် လာလုပ်နေတယ်ဆိုပြီး ပြန်တောင် တီးလွှတ်လိုက်ဦးမှာ။ ဒါကြောင့် အားတက်သရောနဲ့ ခြေလှမ်းကို မြှင့်လိုက် တယ်ဆိုရင်ပဲ
“ဘယ့်နှယ် ဒီလောက်သွက်နေရတာလဲ ဖိုးသာအိုရဲ့”
ထင်မှတ်မထားသော အသံကြားတော့ ဖိုးသာအို လန့်သွားတယ်။ နံဘေးနား လိုက်လံစေ့ကြည့်ပြီး
“ဘယ်သူလဲ၊ မင်းဘယ်သူလဲ၊ ဘာကောင်လဲကွ”
ပတ်ဝန်းကျင်မှာ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး။ နောက်မှ သူ့ နံဘေးနား သစ်ပင်ကနေ လူတစ်ယောက်ထွက်လာတာ တွေ့လိုက်ရတယ်။ ကြည့်လိုက်တော့
“င ငပိန် ငပိန်”
ငပိန်ကိုမြင်တော့ ဖိုးသာအို အံ့အားသင့်သွာတယ်။
“ဟင် ဟင်း မင်း ဒီကို ဘယ်လိုရောက်”
သူ့အမေးကို ငပိန်က ခနဲ့တဲ့တဲ့ပြုံးပြီး
“စောင့်လိုက်ရတာကြာပေါ့ ဖိုးသာအိုရ၊ သူခိုးအချင်းချင်း ခြေမြင်တာပေါ့ဗျ၊ ခင်ဗျားကြီး လမုတန်းဖက်သွားမယ်ဆိုပြီး ဒါမျိုးဖြစ်ရင် လမုတန်း ဖက်မသွားဘဲ သစ်ပင်လှဖက် ပြန်လှည့်မယ်ဆိုတာ”
ငပိန်စကားကြောင့် ဖိုးသာအို တင်းသွားတယ်။
“ဟေ့ကောင် ငါ သူခိုးမဟုတ်ဘူးကွ၊ ဆေးဆရာ”
ဖိုးသာအိုစကားကို ငပိန်က ခနဲ့တဲ့တဲ့ရယ်ပြီး
“ဟားဟား သူခိုးမဟုတ်ဘူးဆို ကျောပေါ်ပါလာတဲ့ ပစ္စည်းတွေက ဆေးကုပြီးရလာတာလား၊ ဒါမှမဟုတ် အလစ်သုတ်ပြီးသူများအိမ်က ခိုးလာတာလား"
ဖိုးသာအို အတော်စိတ်ဆိုးသွားပုံရတယ်။ ကျောပေါ်ပါလာတာတွေကို ပစ်ချပြီး
“အေး ခိုးလာတာကွာ၊ ကဲ မင်းဘာလုပ်ချင်လဲ”
ဆိုပြီး သူအမြဲဆောင်နေကျ လွယ်အိတ်ထဲက ဓားမြောင်တစ်ချောင်း ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ဒေါသတကြီးနဲ့
“ဟေ့ကောင် ငပိန်၊ မင်း ငါ့အရှေ့ကဖယ်စမ်း၊ ဟောဒီမှာ ဓား၊မင်းတွေ့လား၊ အူပွင့်သွားမယ်”
သူ့စကားကို ငပိန်က ခပ်ဟဟရယ်ပြီး ဆောင့်ကြောင့်တောင် ထိုင်လိုက်သေးတယ်။ ပြီးမှ
“ဟာ ဖိုးသာအို အဲ့ဒါ ခင်ဗျား သူခိုးစည်းကမ်း ဖောက်တာပဲဗျ”
ငပိန်စကားကြောင့် ဖိုးသာအိုကြောင်သွားတယ်။ ဒါကြောင့် မျက်မှောင်ကျုံ့ပြီး
“ဘာလဲကွ၊ သူခိုးစည်းကမ်း"
ငပိန်က မတ်တပ်ပြန်ရပ် အပျင်းဆန့်ပြီး
“သူခိုးဆိုတာ ဘယ်တော့မှ လက်နက်မကိုင်ရဘူးဗျ။ အကယ်၍များ လူမိသွားရင် အိမ်ရှင်ကို ရန်မရှာရဘူး၊ လူအများက ဖမ်းမိလို့ မတော် တဆ အရိုက်နှက်ခံရရင် မတုန့်ပြန်ရဘူး၊ ထွက်မ
ပြေးရဘူးဗျ၊ ပစ္စည်းခိုးဖို့ အိမ်ပေါ်ရောက်သွားပြီး သူများသားမယား မသင့်တော်တာတွေ့ရင်တောင် ကာယကံ၊ ဝစီကံ၊မနောကံနဲ့ မပစ်မှားရဘူး၊ ဒါမှ သူခိုးအစစ်ဗျ။ မှတ်ထား၊ သူခိုးဆိုတာ ခိုးမှုအပြင် အခြားဘာပြစ်မှုနဲ့မှ ထပ်အရောမခံရဘူးဗျ၊ဒါဟာ ခင်ဗျား သူခိုးလုပ်မယ်ဆိုရင် သိထားရမယ့် အခြေခံစည်းကမ်းပဲဗျ"
ငပိန်စကားကြောင့် ဖိုးသာအိုမျက်နှာကြီးရဲသွားပြီး
“ဟေ့ကောင် ငါသူခိုးမဟုတ်ဘူးကွ ဆေးဆရာကွ ဆေးဆရာ”
သူ့စကားကို ငပိန်က ထီမထင်ဟန်နဲ့ ခပ်ဟဟပြုံးပြီး
“ဆေးဆရာဟုတ်လား၊ ဒီမှာ ဖိုးသာအို၊ သူတပါးပစ္စည်းကိုဓားပြ ပြီးမှယူရင် ခင်ဗျားဟာ ဓားပြဖြစ်နေပြီဗျ။ မှတ်ထား၊လက်နက်ကိုင်ပြီးမှ ခိုးရဲတဲ့သူခိုးကို ဘယ်လိုလူမျိုးမှ မလေးစားဘူး၊ မတော်တဆထောင်တန်းကျ သွားရင်တောင် ထောင်ထဲမှာ ခင်ဗျား အသမခံရမှာဗျ”
သူ့စကားကို ဖိုးသာအိုက စိတ်မရှည်တဲ့အသံနဲ့
“ဟေ့ကောင် စကားမရှည်နဲ့၊ မင်းလမ်းဖယ်မလား၊ ငါ ဓားနဲ့ ပြေး ထိုးရမလားပဲ ပြောတော့”
ဖိုးသာအိုလဲစကားလဲဆုံးရော ကြားလိုက်ရတဲ့အသံက
“ဓားချလိုက်ပါ ဖိုးသာအို”
“ဟင် "
သူ့အနောက်ကထွက်လာတဲ့ စကားသံကြောင့် ဖိုးသာအိုကြောင် သွားတယ်။ သူလှည့်ကြည့်လိုက်တော့
“တီ တီကောင်ကြီး”
ဟုတ်ပါတယ်။ သူ့အနောက်မှာ သစ်ပင်တစ်ပင်မှီပြီး အေးအေး လူ လူရပ်နေတာ။ တီကောင်ရီမောင်ရယ်။
တီကောင်ရီမောင်ကိုမြင်တော့ ဖိုးသာအို တုန်တက်သွားတယ်။တီကောင်ရီမောင်ဆိုတာကလဲ တော်ရုံတန်ရုံမိုက်တဲ့ လူမိုက်မှမဟုတ်ဘဲ။ သူသွားလုပ်ရင် သေဖို့ပဲရှိတာလေ။ ဒါကြောင့်ပဲဓားကို ပျော့ပျောသလဲ ပစ်ချလိုက်ပြီး
“ကို ကိုရီမောင်ကြီး ကျုပ်ကလေ”
ဆိုပြီး ပြေးဝင်သွားတော့ ရီမောင်က ရင်ဝကို အင့်ခနဲ ဆောင့်ကန် ချလိုက်တယ်။ ဖိုးသာအိုဆိုတာ ဖုန်ထဲမှာ ကျွမ်းပစ်ပြီးတော့ကို လဲကျသွားတာ။ ဒီတော့မှ ရီမောင်က
“ငပိန်၊ ဒီလူလိမ်ကို ကြိုးချည်လိုက်စမ်း”
ငပိန်က အသင့်ပါလာတဲ့ကြိုးကိုထုတ်ပြီး ဖိုးသာအိုဆီ လှမ်းသွားတယ်။ ပါးစပ်ကလဲ အငြိမ်မနေဘူး။
“ခက်တာပဲ၊ လူတွေက လက်နက်ကလေးကိုင်ရရင် အာဏာရှိနေပြီ ထင်နေကြတာ၊ ကိုယ့်ထက်အင်အားကြီးတဲ့သူကျတော့ လဲ လက်နက်ကြီးကိုင်ပြီး ဆတ်ဆတ်ကိုတုန်နေတာ နော် ကိုရီ
မောင်”ဆိုတော့
တီကောင်ရီမောင်က
“မင်းသောက်ပေါက်ကိုလဲ ပိတ်ထားလိုက်၊ ဟိုတခါ ဗိုလ်ထိုင်အိမ် သာကို ရှိခိုးမိကတည်းက မင်းကိုသတ်ချင်နေတာနော့”
ဆိုတော့ ငပိန်ခမျာ စကားတောင်တစ်ခွန်းမှ မထွက်ရဲတော့ဘူး။
“ဟုတ်ကဲ့ ဟုတ်ကဲ့”
ဆိုပြီး စပ်ဖြဲဖြဲ မျက်နှာပေးနဲ့ ဖိုးသာအိုကို လက်ပြန်ကြိုးတုပ်ရရှာတယ်။
+++
“တီကောင်ရီမောင်နဲ့ သူခိုးငပိန် အိုးလေးအိုး ရွာထဲ ဝင်လာကြပြီ”
ဆိုတဲ့သတင်းလဲကြားရော ထိတ်တုံးခတ်ခံထားရတဲ့ ပါကညော နဲ့ ဖိုးဌေး ဖင်တကြွကြွဖြစ်သွား ကြတယ်။
သူတို့ဝင်လာရင် ရွာက ပြဿနာရှိနိုင်တယ်လေ။ ဒါကြောင့်ပဲ အိမ်ဖက်လှည့်ပြီး
“ပုပုလေး၊ ကိုကိုညော ထိတ်တုံးဖြုတ်ပေးစမ်း၊ ဟိုကောင်တွေဝင်လာပြီ”
ဆိုတာကို သူကြီးကတော် အရင်စောပုက တုတ်တုတ်မလှုပ်ဘူး။ သူ့သားအငယ်ကောင် ပြောင် ကြီးပုကို အဝတ်လဲပေးရင်း မကြားချင်ယောင်ဆောင်နေတယ်။ သားအကြီးကောင် ထာဝရပုကတော့ ဖိုးဌေး ခြေထောက်ကို ကလိဝင်ထိုးရင်း သဘောကျနေတာ။
“ပုပုလေး လုပ်ပါ၊ ကိုကိုညော ရွာကိုကာကွယ်ဖို့ လိုပြီနော့”
ဆိုတော့ သူကြီးကတော်က ဗြောင်ကြီးပုကို ခါးထစ်ခွင်ရင်း
“တိတ်စမ်း၊ ဘာကိုကိုလဲ၊ ထဘီသူခိုးဟာ ထဘီသူခိုးပဲ ပေါ့၊ ကိုယ့်ဟာကိုယ်အေးဆေးနေ”
“ဟာကွာ”
ပါကညော သူ့ခေါင်းကိုသူထုနေတယ်။ ဖိုးဌေးကတော့ ထာဝရ ပုခြေဖဝါးကလိထိုးနေတာမို့ အခွီးဇယားခင်းနေတယ်။
“အာ..မင်းကလဲ တမှောင့်”
“ဟီဟိ အာပါပါကြီးကလဲ ဟီဟိ့ ပါပါကြီးသား ကလိထိုးနေတာကို ဟီဟိ့ ဟေ့ကောင် ယားတယ်ကွ ဟိဟိ”
သိပ်မကြာဘူး။ ရွာကလူတွေ တချို့နဲ့အတူ တီကောင်ရီမောင်နဲ့ ငပိန် သူတို့အိမ်ဝိုင်းထဲဝင်လာတယ်။ သူတို့ရဲ့ အနောက်မှာမှ ကြိုးနဲ့တုပ်ခံ ထားရတဲ့ ဖိုးသာအို။
“ဟာ ဖိုးသာအို ဖိုးသာအို သူပဲ"
ပါကညောက မျက်လုံးပြူးကြီးနဲ့ ထအော်တယ်။ ဖိုးဌေးဆိုရင်
“လူယုတ်မာ သေပေတော့”
ဆိုပြီး ထိတ်တုံးထဲက ထခုန်ဖို့လုပ်တယ်။ တီကောင်ရီမောင်က အိမ်ရှေ့မှာရပ်ပြီး
“ဟေ့ အရင်စောပု”
“ဝေ့ အစ်ကိုတီကောင် "
အရင်စောပုက ပြန်ထူးတယ်။ တီကောင်ရီမောင် ဖိုးသာအိုဖက် လှည့်ကြည့်ပြီး
“နင် ဖိုးသာအိုကို မသိဘူးလား”
“သိပါ့အစ်ကို”
“သိတာတောင် နင်ကမတားဘူးလား”
“သူတို့က ကြိတ်လုပ်တာအစ်ကို၊ သူရောက်နေတာ ငါမသိလိုက် ဘူး”
ဟုတ်လဲဟုတ်တယ်။ ဖိုးသာအိုရောက်နေမှန်းသာ အရင်စောပု သိခဲ့ရင် ဒါမျိုးဖြစ်မှာ မဟုတ်ဘူး။ အရင်စောပုက သစ်ပင်လှရွာသူလေ။ ဖိုးသာအို ဘယ်လိုလူမျိုးမှန်း သိတာပေါ့။ ပါကညော တို့သာ ဘုမသိဘမသိနဲ့ ကြိတ်လုပ်တော့ ဒီလိုအဖြစ်မျိုး
ဖြစ်လာတာပေါ့။
“အေး အဲ့ဒါဆို ဖိုးသာအိုကို နှင့်လက်အပ်လိုက်မယ်”
“ထားခဲ့အစ်ကို၊ ငါကြည့်စီစဉ်လိုက်မယ်”
တီကောင်ရီမောင်က ခြံဝင်းထဲက လှည့်ထွက်ရင်း
“အေး ဒီတစ်ခါတော့နင် ငပိန့်ကို ကျေးဇူးတင်ဟေ့”
ဆိုတော့ ငပိန် ရှိစုမဲ့စု ရင်ပြားကြီး ကော့သွားတယ်။ ပါကညောကြီး မျက်နှာပျက်သွားတယ်။ ပြီးတော့ ငပိန်ကို အသံတိတ်လှမ်းဆဲနေတယ်။
အရင်စောပုကတော့ ရွာသားတွေဖက်လှည့်ပြီး
“ဟေ့ ဖိုးသာအိုကို ထိတ်တုံးထဲထည့်၊ ပါကညောတို့ မျက်နှာချင်း ဆိုင်မှာထား၊ တော်ကြာ ပါကညောထုလို့ သေနေဦးမယ်”
ရွာသားတွေက သူကြီးကတော်ပြောတဲ့အတိုင်း ဖိုးသာအိုကို ထိတ်တုံးထဲထည့်တယ်။ ထိတ်တုံးမှာ ပါကညောတို့ကို မျက်နှာချင်းဆိုင်ထားတော့ လှမ်းထုလို့မရဘူးလေ။
အားလုံးနေရာတကျဖြစ်မှ
“ငပိန်”
“ဗျာ သူကြီးကတော်"
“လက်ဆောင် ကြိုက်ရာတစ်ခု ပြောစမ်း”
“ဟာ”
“ဗျာ”
အရင်စောပုစကားကြောင့် ပါကညောမျက်လုံးပြူးသွားတယ်။ငပိန် "ထကတော့မတတ် ဝမ်းသာသွားတယ်။ ပြီးတော့ သူကြီးအိမ်ပေါ်ပြေး တက်ဖို့လုပ်တယ်။
“ဟေ့ကောင် ဟေ့ကောင် အိမ်ပေါ်မတက်နဲ့ အိမ်ပေါ်မတက်နဲ့ အိမ်ပြင်ကဟာ ကြိုက်တာယူ”
ငပိန်ပြုံးလိုက်တယ်။ သူ့ခြံထဲမှာက နွားလဲရှိတယ်။ စပါးလဲရှိတယ် လေ။
ငပိန် ပါကညောကို ကြည့်ပြီး
“တကယ်လား”
ပါကညော ခပ်မြန်မြန်ခေါင်းညိတ်ပြီး
“တကယ် တကယ် ခြံထဲကကြိုက်ရာယူ”
ပါကညော စကားကြားတာနဲ့ ငပိန် ခြံထောင့်ကို လှစ်ခနဲ ပြေးသွား တယ်။ သူပြေးသွားတဲ့နေရာက သူ့တိုက်ကြက်ကြီးငွေထုပ်ရှိရာနေရာ။
ပါကညော မျက်လုံးပြူးသွားပြီး “ဟေ့ကောင် အဲ့ အဲ့ဒါတော့ မလုပ်နဲ့၊ ကျန်တာကြိုက်တာယူ၊
ငါ့ မိန်းမတောင် ယူချင်ယူကွာ၊ အဲ့တိုက်ကြက်လေးတော့ မယူအဲ့ဒီစကားလဲကြားရော သူကြီးကတော် အရင်စောပုပြေးလာ
“သြော် မိန်းမနဲ့ကြက်တောင် လဲချင်တယ်ဟုတ်လား၊ အင်းဟာ”
ဆိုပြီး နားရင်းကို ဖြောင်းခနဲအုပ်ချလိုက်တယ်။ ပါကညော သူ့မိန်းမကို မတောင်းပန်နိုင်သေးဘူး။
“ငပိန် ဟေ့ကောင်ငပိန် ”
ဆိုပြီး လှမ်းအော်နေသေးတယ်။
ငပိန်ကိုလှမ်းကြည့်တော့ တိုက်ကြက်ငွေထုပ်ကိုပိုက်ပြီး ကိန္နရီကိန္နရာ အက ကပြပြီး ခြံထဲကထွက်သွားပြီ။
ပါကညော အသံကုန် ခြစ်အော်လိုက်တယ်။
“ငပိန်”
No comments