New Artical

"ကြည့်မှန်တစ်ချပ်ရဲ့ ဒိုင်ယာရီ ” - အညို


 "ကြည့်မှန်တစ်ချပ်ရဲ့ ဒိုင်ယာရီ ”


မနက်ခင်းရဲ့နေက ကျုပ်တို့ရှိတဲ့ ဆိုင်ခန်းကျဉ်းလေးထဲကို ပြောက်တိပြောက်ကျား ကျနေတယ်။
စျေးထဲက စျေးသည်တစ်ချို့ရဲ့ ငါးခုတ်သံ၊ စျေးသည်တွေရဲ့ ၀ယ်သူခေါ်သံ၊ ကိုယ့်အသားငါး၊ အသီးအရွက် ဘယ်လိုကောင်းပြီး ဘယ်လောက်လတ်ဆတ်ကြောင် းအပြိုင်အဆိုင်
အော်ဟစ်သံတွေကြားမှာ ကျုပ်နိုးလာခဲ့တယ်။
ဆိုင်ရှင်အဖိုးကြီးရဲ့ ဘုရားစာရွက်သံတိုးတိုးကို နားထဲကြားရင်း ကျုပ်တစ်ချက်သမ်းဝေလိုက်မိတယ်။ ကျုပ်ရှေ့မှာ ပုံစံမျိုးမျိုးလဲနေတဲ့ ငရုတ်ဆုံတွေ၊ ငရုတ်ကျဉ်ပွေ့တွေ သောက်ရေအိုး၊
မီးညှပ်၊ ဘုရားညောင်ရေအိုး၊ ကော်ဘူး၊ ကော်ခွက်၊ တိုလီမိုလီ စုံစီနဖာကို ကြည့်ပြီး စိတ်ကအလိုမကျ။
ကျုပ်စိတ်တွေ ကုန်နေတာကြာပြီ။ တစ်နေ့တစ်နေ့ ဒီမြင်ကွင်းတွေပဲမြင်နေရတာ ဘယ်လောက်ကြာနေပြီလဲဆိုတာ ကျုပ်သေချာတောင်မသိတော့ဘူး။ ခဏနေရင် ဆိုင်ရှင်အဘိုးကြီးက
တံမြက်စည်းနဲ့ တဗြန်းဗြန်းဖုန်တွေခါဦးမယ်။
အဲ့ကျရင် သေလောက်အောင် အသက်ရှူကျပ်ဦးမယ်။ စိတ်ကုန်တဲ့အထဲမှာ အဲဒါက ထိပ်ဆုံးကပါတယ်။ ဒီထက်ဆိုးတာက စျေးထဲကလာတဲ့ သားငါးညှီနံ့တွေပဲ။
ဒီနေရာက စျေးထိပ်နားမကျတကျဆိုတော့ အိမ်ရှင်မတွေလဲလိုတာလေးလာ၀ယ်လို့ အဆင်ပြေတာကိုး။ ကျုပ်ကိုလဲ အိမ်ရှင်မ တစ်ယောက်ယောက်လာ၀ယ်ဖို့ ဆုတောင်းရတာအမော။
ဆုသာတောင်းတာ လာ၀ယ်တဲ့လူတွေကလဲ ကျုပ်လို ဆိုဒ်ကြီးဂိုက်ကြီးကို မကြိုက်ကြဘူးဗျ။ မတတ်နိုင်တာလဲ ပါမှာပေါ့လေ။ လက်တစ်ဝါးသာသာလောက်တွေပဲ ၀ယ်ကတာများတာကိုး။
တော်ပြီဗျာ ပြန်အိပ်နေတာပဲ ကောင်းတယ်။ ကျုပ်မျက်လုံးကို အသာပြန်မှိတ်လိုက်တယ်။ ကျုပ်မျက်လုံးထဲကနေ အရာအားလုံးပျောက်ဆုံးသွားပေမယ့် အသံတွေကတော့ကြားတုန်း ။
စိတ်ညစ်တယ်ဗျာ။
အေးခနဲ လေထဲရောက်သွားတဲ့ အထိအတွေ့ကြောင့် ငိုက်မြည်းနေရာကနေ ကျုပ်လန့်နိုးသွားတယ်။ ကျုပ်ရှေ့မှာ အသားခပ်လတ်လတ်နဲ့ အစ်မတစ်ယောက် ။
သူ့နောက်ကပါတိတ်အင်္ကျီလူကြီး တစ် ယောက်။ ကျုပ်ကိုကိုင်ထားတဲ့ အစ်မလေးက သူနဲ့အတူပါလာတဲ့ ဦးလေးကြီးကို ခပ်ချွဲချွဲမေးလိုက်တယ်။
“အဲ့ဒါလေးယူရမလား ကိုကို”
သူ့ရဲ့အသံကြောင့် ကျုပ်ရဲ့ အိပ်ချင်စိတ်တွေ ကြက်ပျောက်၊ ငှက်ပျောက်ဖြစ်သွားတယ်။ ဘာတဲ့ ကိုကိုဆိုပဲ။ ကျုပ်ထင်တာက အဖေ(သို့မဟုတ်) ဦးလေးတို့ ထင်မိတာကိုး။
ကျုပ်ကို၀ယ်မယ့်သူမို့ စိတ်၀င်စားတာထက်ပိုပြီးစိတ်၀င်စားပြီး နားစွင့်နေလိုက်တယ်။
အစ်မလေးရဲ့ အပြောကြောင့် အသားမည်းမည်း ဗိုက်ရွှဲရွှဲလူကြီးက လက်ထဲက ပိုက်ဆံအိတ်ကြီးကို ချိုင်းကြားညှပ်လိုက်ပြီး ကျုပ်ကိုသူ့လက်နဲ့လာကိုင်လိုက်တယ်။
ပြီးမှ
“အပေါစားကြီး ချစ်လေးရယ် ဒီထက်ကောင်းတာ ယူပါဦးလား””
လူဝြကီးက လူနဲ့အသံ မလိုက်ဖက်စွာ ညှတုတုအသံဖြင့် ပြောသလို ဆိုင်ရှင်ကလဲ သူ့ပစ်္စည်းကိုအားကျမခံ ..
“ဒီမှန်လေးက မှန်သားကောင်းတယ်ဗျ။ ဒီတစ်ခုထဲ ကျန်တော့တာ”
“အင်းလေ ကိုကိုကလဲ ဒါလေးပဲယူပါ့မယ်။ ကြ ည့်ရတာလဲအဆင်ပြေနေသားပဲ။ ကိုကို အကုန်အကျနည်းအောင်လို့နော်”
အစ်မလေးရဲ့အပြောကို ကိုကိုဆိုတဲ့လူကြီးက သဘောကျစွာရယ်စရာမပါဘဲ တဟဲဟဲရယ်ရင်းဆိုင်ရှင်ကို ထုပ်ပိုးဖို့ ပြောလိုက်တယ်။
ကျုပ်တော်တော်ပျော်သွားတယ်။ အစ်မလေးကိုလဲ ကျေးဇူးတင်စွာနဲ့ကြည့်လိုက်မိတယ်။ အခုအချိန်ကစပြီး ဒီဆိုင်ထဲငိုက်မြည်းရင်းဖုန်နံ့တွေ ရှူစရာမလို့တော့ဘူး။ ကျုပ်လွတ်မြောက်ပြီ။
တစ်ဆိုင်လုံးမှာရှိတဲ့ ဘူးစုတ်၊ ခွက်စုတ်တွေကို တစ်ချက်ကြည့်ပြီး ကျုပ်လှောင်ပြုံးပြလိုက်တယ်။
မင်းတို့ကတော့ကျန်ခဲ့ရပြီး ငါကပိုင်ရှင်အသစ်လက်ထဲ ပျော်ပျော်ကြီးပါသွားပြီဆိုတဲ့ အကြည့်မျိုးနဲ့ပေါ့။ ဒါပေမယ့် ဒီအပြုံးတွေက ကျုပ်အတွက်တခဏပဲဖြစ်မယ်ဆိုတာ ကျုပ်မှမသိဘဲကိုးဗျ။

ကျုပ်ကို အိပ်ခန်းတစ်ခုရဲ့နံရံမှာ ချိတ်ထားကြတယ်။ ကျုပ်နေရာကနေကြည့်ရင် ဧည့်ခန်းဆိုတဲ့နေရာကို အတိုင်းသားမြင်နေရတာကိုး။ အိမ်ရှေ့ကိုလှမ်းကြည့်ရင်လဲ မြင်ရတာမို့
ကျုပ်သိပ်တောင်မငိုက် မိဘူး။ ဒီလမ်းလေးက တိတ်ဆိတ်တယ်။
ကိုကိုဆိုတဲ့ လူဝြကီးက အလုပ်တော်တော်များတယ်ထင်တယ်။ သူကအိမ်ကို အမြဲပြန်မအိပ်နိုင်ဘူး။ တစ်ပါတ်ကို တစ်ခါလောက်ပဲအိမ်ပြန်လာနိုင်တယ်။
လာရင်လဲ ဧည့်ခန်းထဲအရက်ပုလင်းထောင်ရင်း အစ်မလေးလုပ်ပေးတဲ့ အမြည်းကိုစား အစ်မလေးကို ပွေ့ဖက်ကျီစယ်နေတာများဗျာ ကျုပ်တောင်ကြည်နူးမိတယ်။
ပြီးရင် အစ်မလေးလိုရာသုံးဖို့ဆိုပြီး ပိုက်ဆံတစ်ထပ်ကြီးပေးခဲ့ပြီးပြန်သွားပြန်ရော။ သူမလာတဲ့ တစ်ချို့ရက်တွေဆို အစ်မလေးက အပြင်သွားတယ်။
တချို့ညတွေ ညည့်နက်မှ ပြန်လာပြီး တစ်ခါတစ်လေ တစ်ညလုံးပြန်မလာဘူး။
ဒါပေမယ့် မနက်စောစောတိုင်း နွမ်းနယ်နေတဲ့ပုံနဲ့ အမြဲပြန်လာပြီး အိမ်တံခါးဖွင့်ပြီးတာနဲ့ အိမ်ရှေ့ကြမ်းပြင်မှာ ပစ်လှဲချပြီး အိပ်ပစ်လိုက်တော့တာပဲ။
တစ်ခါတစ်လေဆို ညဘက်ပြန်လာရင် ယောက်ျားငယ်ငယ်လေးတွေပါလာတတ်ပြီး တစ်ညလုံးအိမ်မှာနေကြ၊ မနက်အာရုဏ်တက်လောက်ထပြန်ကြနဲ့။
ကျုပ်တဖြည်းဖြည်း သူဘာလုပ်တယ်ဆိုတာ သိလာတယ်။
ကျုပ်တော်တော်စိတ်ညစ်မိတယ်။ ကျုပ်ရဲ့အိမ်ရှင်ဟာ ဒီလိုမျိုးစာရိတ်္တမကောင်းတဲ့ မိန်းမဆိုတာသိရတော့ ကျုပ်ဒီအိမ်မှာ မပျော်တော့ဘူးဗျာ။

“........................................... ”

ရုတ်တရက် ကျယ်လောင်တဲ့ဖုန်းသံကြောင့် အိပ်ပျော်ခါစကျုပ်လန်နိုးရပြန်တယ်။ အခန်းထဲက အစ်မလေးရဲ့ “ဟယ်လို” ထူးသံကိုကြားရတယ်။

“အမေ အဖေဘာဖြစ်လို့လဲ၊ သမီးရင်တွေတုန်လိုက်တာ”
“........”
“အခု ဘယ်လိုနေသေးလဲ”
“ ........”
“အင်း ဒါဆို သမီးမနက်ဖြန်နေ့လယ် ပိုက်ဆံလွှဲပေးမယ်နော်။ စိတ်မပူနဲ့အမေ၊ အဖေ့ကျန်းမာရေးကိုပဲ ဂရုစိုက်နော်၊ ညီမလေးကိုတော့ ဆေးရုံမစောင့်ခိုင်းပါနဲ့အမေရယ်။
ဒီနှစ်ကဆယ်တန်းအရေးကြီး တယ်။ တော်ကြာ ကလေးက စာကျက်ပျက်နေပါ့မယ်”
“..........”
“အင်း ..အင်း အမေ စိတ်အေးအေးထားနော်။ ပိုက်ဆံအတွက်လဲ မပူနဲ့။ သမီးမဖြစ်ဖြစ်အောင် ပို့ပေးမယ်။ အလုပ်ကကြိုထုတ်ရင်ရတယ်အမေရဲ့။ သူဌေးက သဘောကောင်းတယ်”
ဖုန်းပြောပြီးတော့ အစ်မလေး အိမ်ရှေ့ခန်းကို မျက်နှာမသာမယာနဲ့ ထွက်လာပြီး ငူငူကြီးထိုင်နေတယ်။
ပြီးမှ ဘုရားစင်အောက်စင်လေးပေါ်က ဘူးလေးထဲထည့်ထားတဲ့ပိုက်ဆံတွေကို အပြန်ပြန်အလှန်လှန် ရေတွက်ပြီး အခန်းထဲပြန်၀င်သွားပြန်တယ်။
ပြန်ထွက်လာတော့ အစ်မလေးကိုယ်မှာ အိမ်နေရင်း အ၀တ်အစားတွေမဟုတ်တော့ဘူး။ ကျုပ်ရှေ့လာရပ်ရင်း မိတ်ကပ်နှုတ်ခမ်းနီတွေကို မျက်နှာလိမ်းခြယ်နေတယ်။
ကျုပ်ရှေက အလှပြင်သမျှ အကြိမ်တွေအများကြီးထဲ ဒီနေ့အစ်မလေးမျက်နှာက သနားစရာအကောင်းဆုံးပဲဗျာ၊ မျက်လုံးထဲမှာ မျက်ရည်တွေဝဲလာလိုက်၊
မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သိမ်းလိုက်နဲ့ ကျုပ်သူ့ရဲ့မျက်နှာကို နီးနီးကပ်ကပ် မြင်နေရတော့ ပထမဆုံးအကြိမ် သနားသွားမိတယ်။
အစ်မလေး အိမ်တံခါးဖွင့်ပြီး အမှောင်ထဲကို တိုး၀င်သွားတဲ့အခါမှာတော့ ကျုပ်ပြန်လဲ မအိမ်ဖြစ်တော့ဘဲ အမှောင်ထဲမှာ ခပ်ငြိမ်ငြိမ်နေရင်း အတွေးတွေနဲ့ ေ၀၀ါးထွေပြားပြီး ကျန်နေခဲ့တယ်။
အစ်မလေး အဆင်ပြေပါစေလို့ စိတ်ထဲကနေ မဆုတောင်းစဖူး ဆုတောင်းပေးမိတယ်။
မိအိုဖအိုတွေနဲ့ ညီမလေးရဲ့ ဘ၀ရှင်သန်မှုအတွက် လိုအပ်တဲ့ငွေကြေးကိုသူ့ရဲ့ အရှက်နဲ့သွေးသားဖလှယ်ပြီး ပံ့ပိုးနေရတာကိုး။

မနက်မိုးလင်းပြီ။ အစ်မလေး ပြန်မလာသေးလို့ ကျုပ်စိတ်တွေပူနေမိတယ်။ အိမ်ရှေ့ဘက်က ခြေသံကြားတိုင်း အစ်မလေးပြန်လာတာလားလို့ ကျုပ်မျှော်ကြည့်မိတယ်။
ကျုပ်မျှော်နေတုန်းအစ်မလေးဖုန်း ပြော ရင်း အိမ်ထဲ၀င်လာတာကိုတွေ့မှ စိတ်အေးရတယ်။
လွယ်ထားတဲ့ စလင်းဘက်ကိုပစ်ချလိုက်ပြီး ခုံပေါ်အရုပ်ကျိုးပြတ်ထိုင်ချကာ အစ်မလေးက လေသံကိုထိန်းပြီး ....
““နေ့လယ်လောက်မှ ပို့လိုရမယ်အမေ၊ သမီးအခုအလုပ်က ထွက်လို့မရလို့၊ ဘဏ်ဖွင့်ချိန် မမီလောက်ဘူး။ အမေတို့ဘက်က အရေးကြီးရင် အတိုးနဲ့တစ်ရက်လောက်ဆွဲသုံးထားနော်။
အဖေရော သက်သာရဲ့လား ခွဲမှ အဆင်ပြေမယ်ဆို ခွဲရမှာပေ့ါ အမေရယ်။ ပိုက်ဆံအတွက် မပူပါနဲ့။ သမီးမဖြစ်ဖြစ်အောင် ပို့ပေးမှာပေါ့”
ဖုန်းပြောနေတဲ့ အစ်မလေးမျက်နှာ ပူပန်မှုတွေသောကတွေရှိနေတုန်းပဲ။ အိမ်ရှေ့လမ်းကိုလဲ မကြာမကြ ာလှမ်းကြည့်နေတာကိုတွေ့ရတယ်။
တောတော်ကြာမှ “နေတောင်အတော်မြင့်နေပြီ” လို့ ရေရွတ်ရင်း ဖုန်းနံပါတ်ကိုနှိပ်ပြီး တစ်နေရာကို ဖုန်းခေါ်လိုက်တယ်။
“ကိုကို မလာသေးဘူးလားဟင်”
“...................”
“ချစ်လေး တော်တော်အရေးကြီးနေလို့ပါ။ အဖေက ခွဲစိတ်ခန်း၀င်ရတော့မယ်။ ပိုက်ဆံကလေ ဒီကပို့မှ အဆင်ပြေမှာမို့ပါနော်ကိုကို”
အစ်မလေးရဲ့ စကားသံတွေက ရှိုက်သံတွေနဲ့ ဗလုံးဗထွေး ဖြစ်သွားတယ်။ တစ်ဖက်ကို ငိုသံပါကြီးနဲ့ “ကျေးဇူးကြီးပါတယ် အစ်ကိုကြီးရယ်”လို့
အသံတုန်လေးနဲ့ပြောလိုက်တဲ့အခါကျုပ်ရဲ့အသည်းနှလုံး တောင် ပြုတ်ကျလုမတတ်ဖြစ်မိအောင် သနားလိုက်တာဗျာ။
ဖုန်းချပြီး အစ်မလေးဟိုဘက်ကို ဖုန်းထပ်ခေါ်သူ့အဖေသတင်းမေးရင်း ငိုပြန်တယ်။ သိပ်မကြာခင်မှာပဲ ဟိုလူကြီးရောက်လာပြီး အစ်မလေးလက်ထဲ ပိုက်ဆံတစ်ထပ်ကိုထည့်တယ်။
ပြီးတော့ အစ်မလေး ပခုံးကိုဖက်ပြီး အိမ်တွင်းခန်းထဲကို ၀င်သွားတယ်။ ငြင်းဆန်နေတဲ့ကြားက ခပ်ယဲ့ယဲ့ပါသွားတဲ့ အစ်မလေးကိုကြည့်ရင်း ကျုပ်စိတ်ပျက်စွာ မျက်စိကိုမှိတ်၊
နားကိုလဲပိတ်ထားလိုက်မိ တယ်။ ဟိုလူကြီးကိုလဲ တော်တော်ရွံမုန်းမိတယ်။ အချိန်ခဏကြာသွားတယ်။
အဲ့ဒီအချိန်မှာပဲ တံခါးကို ဝှန်းခနဲ ဖွင့်လိုက်သံနဲ့အတူ ..
“ကိုမြတ်မင်း ရှင်ထွက်ခဲ့စမ်း။ ဟဲ့အိမ်ထဲက မယားငယ်မ၊ သူများလင်ခိုးတဲ့ကောင်မ ထွက်လာစမ်း”
ရုတ်တရက်ကျယ်လောင်တဲ့အသံကြောင့်အထဲက လူတွေတော့မသိ။ ကျုပ်ကတော့ လန့်ပြီး ရင်တွေတောင်တုန်လို့။
အိမ်ရှေ့ကို ပြေးထွက်လာတဲ့ အစ်မလေးကို မိန်းမသုံး၊ လေးယောက်က အယုတ်္တ အနတ်္တတွေမျိုးစုံနဲ့ ဆဲဆိုရင်း ရိုက်နှက်ကြတယ်။
ရုတ်တရက်လဲဖြစ်၊ ထင်ထဲမထားတဲ့ပုံရတဲ့ အစ်မလေးက ကိုယ်ပေါ်က အ၀တ်တွေ မကျွတ်အောင် လက်နဲ့တင်းတင်းကာရင်း သူတို့ ရိုက်နှက်ကုတ်ဖဲ့သမျှကို ခံရရှာတယ်။
ဟိုလူကြီးက၀င်ဆွဲတော့ သူ့မိန်းမက လူကြီးကို ပါးတွေကိုရိုက်၊ ဆံပင်တွေဆွဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကြတာများ ...
တစ်အိမ်လုံး သူတို့အော်ဟစ်သောင်းကျန်းသံ၊ အစ်မလေးရဲ့ တောင်းပန်လျှိုးသံ၊ ရပ်ကွက်ထဲမှာရှိတဲ့ ဘေးပတ်၀န်းကျင်က လူတွေရဲ့ ဖျန်ဖြေသံတွေနဲ့အတူ အိမ်ရှေ့လမ်းမက စပ်စုတဲ့
လူတစ်ချို့ရဲ့မေးငေါ့ပြောဆိုသံတွေနဲ့အတူ အထူးစည်ကားနေရော။
ကျုပ်စိတ်ညစ်ညူးစွာနဲ့ ခေါင်းငိုက်စိုက်ချထားမိတော့တယ်။ လူတွေ ....လူတွေ စိတ်ကုန်ဖို့ကောင်းလိုက်တာ။
ပြဿနာရဲ့အဆုံးမှာဒေါသတွေနဲ့အတူ ဆူပွက်နေတဲ့ ဟိုလူကြီးရဲ့ မိန်းမကိုအစ်မလေးက ကန်တော့တောင်းပန်ပြီး ပစ်္စည်းတွေ သိမ်းဆည်းရတယ်။
ကွဲမယ် ကွာမယ်ဆိုတဲ့ မယားကြီးကို အားလုံးဖြောင်းဖျနေကြပြီး ဟိုလူကြီးကတော့ အိမ်ရဲ့ထောင့်တစ်ထောင့်မှာ ခပ်ငြိမ်ငြိမ်ထိုင်နေလေရဲ့။
ဘယ်လိုမှ ဖျောင်းဖျမရတဲ့ မယားကြီးအစ်မက သူမသိအောင် အိမ်တစ်လုံး၀ယ်ပြီး ခြေရှုပ်တဲ့ ဟိုလူကြီးကိုတော့ အိမ်ပေါ်ကနေမောင်းချတယ်။
ကျုပ်တော့ သင်း မောင်းချခံရတာ တစ်စက်မှ မသနားမိဘူး။ ၀မ်းသာလားဆိုတော့လဲ အဲ့လိုမဟုတ်ပြန်ဘူး။
ဒါပေမယ့်အားလုံးရဲ့ အရင် အစ်မလေးက ဆင်းသွားရှာတယ်။ လမ်းမပေါ်က ကြည့်နေတဲ့ လူတွေက ကျယ်ကျယ်လောင်လောင်ဝေဖန်ကြတော့ “ခင်ဗျားတို့ဘာသိလို့လဲ”လို့
ကျုပ်ပြောချင်လိုက်တာ။
အားလုံး အိမ်ပေါ်ကဆင်းသွားကြပြီး တံခါးကိုပိတ် သော့ခတ်လိုက်တဲ့အခါ နံရံမှာ ကျုပ်နဲ့ခြေရင်းဘက် ဖိနပ်ချွတ်နားက တံမြက်စည်းစုတ်တစ်ချောင်းရယ်ပဲ ကျန်ခဲ့တယ်။
တဖြည်းဖြည်း နေ၀င်သွားတယ်။ လမ်းမီးတွေ လင်းလာတယ်။ ပြင်ပမှာ ဥဒဟို သွားနေကြတဲ့ လူသံတွေတိတ်ဆိတ်သွားပြီး အမှောင်က သိပ်သည်းလာတယ်။
အဲ့ဒီအမှောင်ထဲမှာ အစ်မလေးဘယ်လိုများ စမ်းတဝါးဝါးဖြစ်နေမလဲလို့ ကျုပ်တွေးရင်း တဖြည်းဖြည်းအိပ်ပျော်သွားတယ်။

-------------------

မနက်ခင်းက အိမ်မျက်နှာစာလေ၀င်လေထွက်ကောင်းအောင် ကပ်ပြီး ဆေးသုတ်ထားတဲ့ သံဆန်ခါအကွက် စိတ်လေးတွေက တစ်ဆင့်အိမ်ရှေ့ခန်းကကြမ်းပြင်ပေါ်ကို
ခပ်စူးစူးကျလာတဲ့အချိန်ကျုပ်နိုး လာတယ်။
တိတ်ဆိတ်မှုကြီးစိုးတဲ့ ဒီအခန်းထဲမှာ ကျုပ်နေခဲ့တာ ကာလအတော်ကြာခဲ့ပြီ။
နေရောင်ကျတဲ့ ကြမ်းပြင်ပေါ်က တင်းကြမ်းထပ်နေတဲ့ ဖုန်မှုန့်တွေကိုကြည့်ရင်း ကျုပ်သံဝေဂတွေရပြီးဘာကိုသတိရမှန်း မသိ၊ လွမ်းရမှန်းမသိ ဖြစ်ရပြန်တယ်။
အလင်းရောင်ရတစ်၀က်မရတစ်၀က်နဲ့ စျေးတန်းထဲက ကျုပ်နေထိုင်ခဲ့တဲ့ အိမ်ကိုလို့ ကျုပ်ယောင်ဝါးဝါးထင်တာပဲ။
အခုဒီအိမ်ထဲမှာ စျေးသည်တွေရဲ့ အော်သံမကြားရဘူး။ အသားငါးညှီနံ့တွေ မလာဘူး။ ဒါပေမယ့် ကျုပ်နေမပျော်ဘူး။
လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟတွေအပြည့်ပါတဲ့ ညှီနံတွေရခဲ့တယ်။ အော်သံတွေကြားရတယ်။ ဟိုးဘက်အိမ်ကမိန်းမကြီးရဲ့ ဘုရားရှိခိုးသံကျယ်ကျယ်ကို မနက်လင်းစမှာကြားရတယ်။
ဒါပေမယ့် အဖိုးကြီးရွတ်တဲ့ တရားသံလို နားထောင်မကောင်းပြန်ဘူး။ ဟိုဘက်ခြမ်းအိမ်က ကလေးတွေရဲ့ ဆူပူသောင်းကျန်းသံနဲ့ ချွဲကျပ်နေတဲ့ သူတို့အဘွားရဲ့ ငေါက်သံကိုကြားရမယ်။
ညနေနေ၀င်ပြီဆို ဘုရားရှိခိုးသံအစား သူ့လင်အရက်သမားကို ကာလနာမြွေပွေးကိုက်လို့အစချီပြီး ဆဲသံကြားရမယ်။
ကလေးတွေရဲ့ အဖေ၊ အမေအလုပ်ကပြန်လာ ချက်ပြုတ်ရင်းအလုပ်ကအဆင်မပြေ သည်းခံရသမျှကို ပြောဆိုငြင်းခုံရင်း ရန်ဖြစ်ရင်လည်း ဖြစ်မယ်။
ရယ်ရယ်မောမောနဲ့ စနောက်နေတဲ့ အချိန်လဲရှိမယ်။
အိမ်စာမရေးလို့၊ အိပ်ရာထဲသေးပေါက်ချလို့ စသဖြင့် အဆူခံရင်းကနေ လက်ပါပြီးကျောပြင်ကို ဗျောတင်ခံရတဲ့ အသံတွေကြားရမယ်။
တစ်နေ့တစ်နေ့ကြားရတဲ့ ဆူသံ၊ ပူသံတွေကြောင့် ကျုပ်လူတွေကို စိတ်ကုန်သထက်ကုန်လာမိတယ်။ ဘယ်လောက်များ စိတ်ကုန်သလဲဆို တစ်ခါတစ်ခါအိမ်ထဲ၀င် ကြွက်ခုတ်တဲ့
ကြောင် အိမ်ထုပ်တန်းပေါ် ခုန်တက်ရင်း ပြုတ်ကျပြီးကွဲကြေ ဇီဝိန်ချုပ်ပါစေလို့ အဟုတ်ကို ဆုတောင်းမိတယ်။ အဲ့လောက်ထိ။
နေ၀င်သွားတယ်၊ ရောင်နီလာတယ်ဆိုတဲ့ နေ့တစ်ဓူ၀ လည်ပတ်ရင်း တစ်နေ့မှာတော့ အိမ်တံခါးဖွင့်သံနဲ့အတူ ကလေးတစ်ယောက်အိမ်ပေါ်ပြေးတက်လာတယ်။
သူ့နောက်က သူ့အတွက်အမေနဲ့အမေက ခပ်ပြုံးပြုံး ပါလာတယ်။ အိမ်ထဲရောက်တော့ အမျိုးသားလုပ်သူက ..
“ဘယ်လိုလဲ မိန်းမသဘောကျရဲ့လား”
“အင်း စျေးနားလဲနီးတယ်။ ကားဂိတ်နားလဲ သိပ်မဝေးဘူး။ ရပ်ကွက်ကလေးဆိုပေမယ့် ထောင့်ခြံလေးဆိုတော့ မဆိုးပါဘူး”
“ဒါဆို စျေးနည်းနည်း ညှိပြီး ငွေချေလိုက်တော့မယ်”
“ဖုန်တွေ အများကြီးပဲ။ လူမနေတာကြာပြီ ထင်တယ်”
မိန်းမငယ်က သူ့ဘာသာ ရေရွတ်သလိုပြောရင်း ကျုပ်ရှေ့မှာမတ်တပ်လာရပ်တယ်။ သူ့လက်ထဲက တစ်ရှူးစလေးနဲ့ ကျုပ်မျက်နှာကိုဖွဖွသုတ်ရင်း။
“မှန်လေးတစ်ချပ်ကတော့အဆစ်နေမယ် ယောက်ျားရေ၊ မှန်သားလေးကောင်းလိုက်တာ။ ဘေးက အကွပ်လေးတွေကလဲ လှလိုက်တာ။ ပထမနေတဲ့လူတွေကျန်ခဲ့တာနေမယ်”
မိန်းမငယ်ရဲ့အပြောကြောင့် ရောက်နေတဲ့ သူ့ယောက်ျားလဲ ကျုပ်ရှေ့ရောက်လာတယ်။ ကလေးငယ်ကလဲ သူ့ကိုချီပါ သူလဲကြည့်မယ်ဆိုတဲ့ ဂျီကျတဲ့ အသံသေးသေးလေးကို
ကလေးရဲ့ အဖေကသဘောတကျရယ်ရင်း ချီပြီးပြရှာတယ်။
ကျုပ်ရှေ့မှာ ရပ်နေတဲ့ မိသားစုရဲ့ မျက်လုံးတွေက အရမ်းကိုကြည်လင်လွန်းလှလို့ ကျုပ်သဘောတကျ ငေးနေမိတယ်။
သူတို့ရဲ့ မျက်နှာပေါ်ကချစ်ခြင်းတရားနဲ့ မိသားစုဆန်တဲ့ အပြုံးတွေကို ကျုပ်အရမ်းနှစ်ခြိုက်တယ်။
သူတို့မျက်လုံးတွေက ဟိုလူကြီးလို အပေးအယူမဆန်ဘူး။ သူ့မိန်းမကြီးလို ဒေါသနဲ့ အရှက်တရားတွေကြောင့် နာကျင်မနေဘူး။ အစ်မလေးလို ငွေကြောင့် ရိုးသားမှုတွေကွယ်ပျောက်ပြီးအရှက်တရား တွေ၊ သိက်္ခာတွေ စွန်းပေနေလို့ ကြေကွဲမနေဘူး။ သောကရိပ်တွေ ပေကျံမနေဘူး။ မကြာခင်သူတို့ အိမ် တံခါးကိုပိတ်ပြီး ပြန်သွားကြတယ်။
နောက်နေ့တွေမှာ ပြောင်းရွှေ့လာမယ့် မိသားစုအသစ်ကိုစောင့်ရင်းကျုပ်ရဲ့ ပိုင်ဆိုင်သူဟောင်း အစ်မလေးနဲ့ ဟိုလူကြီးကိုဖျတ်ခနဲသတိရသွားတယ်။
ဟိုလူကြီးရော ပိုင်ဆိုင်မှုတွေနဲ့ ရှုပ်ထွေးနေတုန်းလား၊ အစ်မလေးရော ငွေနဲ့အရှက်တရားကို လဲလှယ်နေတုန်းလား။
ဟင့်အင့် ကျုပ်ချက်ချင်း ခေါင်းထဲက ထုတ်ပစ်လိုက်တယ်။
ကျုပ်အတွက် စိတ်ပင်ပန်းစရာတွေမလိုတော့ဘူး။ မသိချင်တော့ဘူး။ ကျုပ်ကလောဘတွေ၊ ဒေါသတွေ၊ မောတွေကင်းတယ်။ ဘာလို့လည်းဆို ကျုပ်က မှန်တစ်ချက်ကိုး ........။

အညို👸

မွန်းလေးဖေဖေ မှ 

No comments