ပုဆိုးဘယ်ကစ
ပုဆိုးဘယ်ကစ . .....
မြန်မာပြည်မှာတော့ ဗမာပုဆိုး ဟူ၍ကာ ၁၈ဝဝ ခုနှစ်ဝန်းကျင်ခန့်မှ တောင်ရှည်ပုဆိုး (ကွင်းပြည့်ချုပ်မထားပဲ အတောင် ၂၀ ခန့်ရှိသော) ပုဆိုးကို မြန်မာအမျိုးသားများ ဝတ်ဆင်ခဲ့ကြပါတယ်။ ပုဆိုးဟူသော ဝေါဟာရမှာလည်း ရှေးခေတ်က လုံချည်ကိုခေါ်သော အသုံးအနှုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာမှာတော့ အမျိုးသား ၊ အမျိုးသမီးတိုင်းမှာ လုံချည်ဝတ်ဆင်သောကြောင့် အမျိုးသားဝတ် လုံချည်ကို ပုဆိုး၊ အမျိုးသမီးဝတ် လုံချည်ကို ထမီ ဆိုပြီး ယနေ့တိုင် ခေါ်ဆိုနေတာပဲဖြစ်ပါတယ်။
ပုဆိုးလုံချည်ကို မြန်မာပြည်တွင်သာမက အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများမှာလည်း ခေတ်အဆက်ဆက် ဝတ်ဆင်ခဲ့ကြပြီး ယနေ့တိုင် ဝတ်စားနေကြပါတယ်။ လုံဂီ၊ လန်ချည်၊ လုံကွင်း၊ ကိုင်လီ၊ ဆာရမ် စသည်ဖြင့် အမည်အမျိုးမျိုးနဲ့ ခေါ်နေကြတာလည်းဖြစ်ပါတယ်။ ရှေးနန်းသုံးတော်ဝင် ပုဆိုးများတွင် အဖိုးတန် ရွှေ ၊ ငွေ၊ ပုလဲ ၊ ကျောက်မျက်ရတနာများနှင့် ခမ်းနားစွာ စီခြယ်ပန်းထိုးခဲ့ကြတာလည်း ဖြစ်ပါတယ်။ မင်းမျိုး မင်းနွယ်များ နှင့် လွှတ်တော်တက်သူများကဖြင့် ပိုးထည်ပုဆိုးများကို ဝတ်ဆင်လေ့ရှိကြပါတယ်။
မြန်မာတိုင်းရင်းသားလူမျိုးစုများဖြစ်ကြသော ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယားလူမျိုးများမှ လုံချည်ကို ယနေ့ထက်တိုင်စွဲမြဲစွာ ဝတ်ဆင်နေကြပါတယ်။ ရခိုင်လုံချည်၊ မွန် လုံချည်၊ ကချင် လုံချည်၊ အင်းလေး လုံချည်၊ ဆိတ်ခွံ လုံချည်၊ ထားဝယ် လုံချည်၊ ဇင်းမယ်လုံချည် စသည်ဖြင့် ဒေသ နှင့်လူမျိုးကိုလိုက်ပြီး ရက်လုပ်ထားသည်မှာ အမျိုးအစားစုံလင်လှပါတယ်။ အိန္ဒိယပုဆိုး (ကုလားပုဆိုး) ၊ မာဆရိုက် လုံချည်တို့ကလည်း ကျော်ကြားပါတယ်။ပိုးပုဆိုး ဘန်ကောက်(ဗန်ကောက်ပုဆိုး)များကို အခမ်းအနားများမှာ ဝတ်ဆင်လေ့ရှိကြပါတယ်။ ယနေ့တိုင် ဘုရားသွားကျောင်းတက် အလှူမင်္ဂလာအခမ်းအနားများတွင် မြန်မာတို့သည် မြန်မာပုဆိုးကိုသာ စွဲမြဲစွာ ဝတ်ဆင်လျက်ရှိပါတယ်။ ပုဆိုးဝတ်တတ်စေရန် အလယ်တန်းကျောင်းသားများမှစတင်ကာ ကျောင်းစိမ်း ပုဆိုးအဖြစ်သတ်မှတ်ထားသည်မှာ တစ်ဖက်တစ်လှမ်းမှ ပုဆိုးဝတ်ဆင်မှုအလေ့အထ မပျောက်အောင်ထိန်းသိမ်းထားခြင်းဖြစ်ပေသည်။ လုံချည်ပုဆိုးကို ခေတ်အဆက်ဆက်က ဝတ်ဆင်ထိန်းသိမ်းခဲ့သလို ၂၁ ရာစုယနေ့ခေတ်မှာတော့ ကျွန်တော်တို့မျိုးဆက်တွေကလည်း မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းရင်း မြန်မာ့အမွေ ရိုးရာဝတ်စရာ လုံချည်ပုဆိုးကို အမြတ်တနိုး ဝတ်ဆင်တန်ဖိုးထားရမည် ဖြစ်ပေသည်။
မူရင်း crd
No comments