သံသရာ အဆက်ဆက်တိုင်
သံသရာ အဆက်ဆက်တိုင်
သုတ်မဟာဝါ ပါယာသိသုတ်မှာ ဆုတောင်းထူးတစ်ခုတွေ့ရတယ်....ဘယ်လိုဆုတောင်းလဲဆိုတော့ “ဤကုသိုလ်ကောင်းမှုကြောင့် ငါသည် ပါယာသိမြို့စားမင်းကို ဒီဘဝ၌သာ ပေါင်းဆုံတွေ့မြင်ရပါလို၏... နောက်ဘဝ၌ မပေါင်းဆုံ မတွေ့မြင်လို"ဆိုတဲ့ ဥတ္တရလုလင်ရဲ့ ဆုတောင်းလေးဖြစ်ပါတယ်....ပါယာသိမြို့စားမင်းဆိုတာ ကောသလတိုင်းထဲက “သေတဗျ"ဆိုတဲ့မြို့ကို အပိုင်စားရထားတဲ့မြို့စားမင်း....စကားကို ကတ်တီးကတ်ဖဲ့(ကတ်သီးကတ်သတ်)ပြောတဲ့နေရာမှ နှစ်ယောက်မရှိအောင်ပြောနိုင်သူ...သူစွဲကိုင်ထားတဲ့အယူက “နောက်ဘဝဆိုတာ မရှိဘူး,ဥပပတ်ပဋိသန္ဓေ (ဘွားခနဲဖြစ်ပေါ်လာတဲ့သတ္တဝါ) ဆိုတာမရှိဘူး,ကုသိုလ်ကံ,အကုသိုလ်ကံရဲ့ အကျိုးဆိုတာမရှိဘူး"ဆိုတဲ့ သာသနာတော်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အယူ....ဆန်းဆန်းကြယ်ကြယ် တရားဟောတဲ့နေရာမှာ(ဆန်းကြယ်စွာ တရားဟောတတ်သူ) ဧတဒဂ်ရထားတော်မူတဲ့ အရှင်ကုမာရကဿပနဲ့တွေ့ပြီး...သူ့ရဲ့ မိစ္ဆာအယူကွာကြကာ ကုသိုလ်ကောင်းမှုတော့ပြုပါရဲ့...လှူတဲ့အရာတွေက “ဆန်ကွဲထမင်းနဲ့ ပအုံးရည်ဟင်း၊ထူထဲကြမ်းတမ်းပြီး ရှုပ်ထွေးတဲ့ အမြိတ်အဆာရှိတဲ့ အဝတ်"တွေ....အဲ့ဒီအလှူကို စီမံပေးရသူက သူ့တပည့် ဥတ္တရလုလင်...ဥတ္တရလုလင်က လှူပြီးတိုင်း,လှူပြီးတိုင်း “ဤကုသိုလ်ကောင်းမှုကြောင့် ငါသည် ပါယာသိမြို့စားမင်းကို ဒီဘဝ၌သာ ပေါင်းဆုံတွေ့မြင်ရပါလို၏...နောက်ဘဝ၌ မပေါင်းဆုံ မတွေ့မြင်လို"ဆိုတဲ့ ဆုကို တောင်းပါတယ်...
အဲ့ဒီ့ဆုတောင်းသံကို ပါယာသိမြို့စားမင်းက ကြားပြီး “မင်းက ဤကုသိုလ်ကောင်းမှုကြောင့် ငါသည် ပါယာသိမြို့စားမင်းကို ဒီဘဝ၌သာ ပေါင်းဆုံတွေ့မြင်ရပါလို၏...နောက်ဘဝ၌ မပေါင်းဆုံ မတွေ့မြင်လို"ဆိုတဲ့ ဆုကို တောင်းနေတယ်ဆိုတာ ဟုတ်လား? ဟုတ်ပါတယ်....ဘာလို့ မင်း အဲ့ဒီလိုဆုတောင်းရတာတုန်း...ငါက ကောင်းမှုကို လိုချင်သည်ဖြစ်၍ ကုသိုလ်ကောင်းမှုရဲ့ အကျိုးကို အလိုရှိတာပဲ မဟုတ်လား?
အရှင့်ရဲ့ အလှူမှာ အရှင်မြို့စားမင်းကိုယ်တိုင် စားဖို့ မဆိုထားဘိ ခြေထောက်ဖြင့်သော်မှ ထိဖို့ရာ အလိုမရှိတဲ့ ဆန်ကွဲထမင်းနဲ့ပအုံးရည်ဟင်း, အရှင်မြို့စားမင်းကိုယ်တိုင် ဝတ်ဖို့ မဆိုထားဘိ ခြေထောက်ဖြင့်သော်မှ ထိဖို့ရာ အလိုမရှိတဲ့ အဝတ်ကြမ်းတွေကို အရှင်မြို့စားမင်းကြီးက ပေးလှူနေပါတယ်
အရှင်မြို့စားမင်းကြီးကို ကျွန်တော်တို့ မြတ်နိုး,ချစ်ခင်ပါတယ်။ဘာလို့ ငါတို့သည် ချစ်ခင်,မြတ်နိုးအပ်သူကို မမြတ်နိုးအပ်သော အကျိုးနှင့် ယှဉ်စေလိုကြပါကုန်အံ့နည်း"ဟုပြန်ပြောပါတယ်...
ဒီလိုဆိုရင် ငါစားတဲ့ အစားအစာ,ငါဝတ်တဲ့အဝတ်ကို လှူတော့ကွာလို့ ပါယာသိမြို့စားမင်းက သူ့တပည့် ဥတ္တရလုလင်ကိုစေခိုင်းပါတယ်..... ဥတ္တရလုလင် တောင်းတဲ့ဆုက သူ့ဆရာ,သူ့အရှင်သခင်ကို မုန်းလို့ တောင်းတဲ့ဆုတော့ မဟုတ်ပါဘူး....လမ်းမှန်ကို ရောက်စေလိုလို့ တောင်းတဲ့ဆုသာဖြစ်ပါတယ်.... ဘဝခရီးလမ်းလျှောက်လှမ်းနေကြတဲ့ သူသူကိုယ်ကိုယ်မှာ ဘာရယ်မဟုတ် စိတ်ဒုက္ခပေးတတ်တဲ့သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိတတ်ကြစမြဲပါ.... ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူကို ပြန်ပြီး ရန်ငြိုးဖွဲ့နေရင် ပဋိဃသံယောဇဉ်တွေဖြစ်ပြီး နောက်နောင်ဘဝတွေမှာ ပြန်လည်ဆုံတွေ့နေကြရဦးမှာပါဘဲ....
အဲ့ဒီတော့ ကုသိုလ်ကောင်းမှု တစ်ခုပြုပြီးတိုင်း
“ဤကုသိုလ်ကောင်းမှုကြောင့် နောင်သံသရာအဆက်ဆက် (ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့သူနဲ့) မဆုံတွေ့ရပါစေနဲ့" ဟု.......အဲ့ဒီလိုသာ ဆုတောင်းလိုက်ပါ.
သုတ်မဟာဝါပါဠိတော် ၂၈၀/၁။
No comments