New Artical

မြန်မာစာ ပုံနှိပ်စာလုံး စတင်တီထွင်ခဲ့သူ


 

မြန်မာစာ ပုံနှိပ်စာလုံး စတင်တီထွင်ခဲ့သူ ကက်သလစ် ဘုန်းတော်ကြီး "ဂျွန်မေရီ ပယ်ရ်ကော်တို"


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ အနောက်ဘက် ၁၄ မိုင်ခန့် အကွာရှိ မုံလှရွာလေးသည် ပူပြင်းသည့်  နေရောင် အောက်တွင် ငြိမ်သက်လျက်ရှိသည်။ လွန်ခဲ့သည် အချိန်တွေက ဥရောပ၌ ခေတ်စားခဲ့သော ဂိုသစ် လက်ရာဟန် တည်ဆောက်ထားသော “စိန့်မိုက်ကယ်” ကက်သလစ် ဘုရားကျောင်းကြီးကတိတ်ဆိတ်လှသည့် မုံလှရွာလယ်၌ ထီးထီးတည်ရှိနေသလိုကျောင်းပရိဝုဏ် အတွင်း၌မူ သာသနာပြုရန် ဥရောပမှ လာရောက်ကာ နေထိုင်ရင်း ပျံလွန်မူသွားကြသည့် အီတလီ အခြေစိုက် ဘားရ်နားဘိုက် (barnabite)သာသနာပြု ခရစ်ယာန် ဘုန်းတော်ကြီးများ၏ ဂူသချင်္ိုင်းများက အစီအရီတည်ရှိ နေပါသေးသည်။ ထိုဂူသချို င်္င်းများထဲကတစ်ခုသော သချႋုင်းဂူအပေါ်မှာ“မြန်မာပုံနှိပ်စာ တီထွင်သူ” အီတလီ ဘုန်းတော်ကြီး မွန်ဆာ ဂျွန် မာရီ ပဲရ်ကော်တို (Monsor John Mary Precoto)ဆိုသည့်နာမည်ကို သချႋုင်းဂူ၏ စကျင်ကျောက်ပြားပေါ်တွင် ကမ္ဗည်း ရေးထိုးထားလေ သည်။
၁၆ ရာစုခန့်ကတည်းက အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသား ဖြစ်ကြပြီး မြန်မာ့သမိုင်း၏ အစောပိုင်းကာလများက အရေးပါတဲ့ ဇာတ်ကောင်များ ဖြစ်ခဲ့ကြသည့် ထိုသူတို့ကို ဘရင်ဂျီ(ဖာရင်ဂီ)များဟု ခေါ်ဝေါ်ကြသော်လည်း အမှန်တကယ် သူတို့သည် ပေါ်တူဂီအနွယ်များမှ ဆင်းသက်လာတဲ့သူများသာ ဖြစ်ကြသည်။ ဗရင်ဂျီ(ဖာရင်ဂီ)ဟု ခေါ်ဆိုကြသည့် ကက်သလစ်ဘာသာဝင်များသည် ၁၆ရာစု အစပိုင်း ကတည်းက မြောက်ဦး၊ ပဲခူး၊ တောင်ငူ အစရှိသည့် တိုင်းရင်းသားမင်းများ အုပ်စိုးရာ မြို့ပြနိုင်ငံများသို့ရောက် ရှိနေခဲ့ကြပြီး တချို့သမိုင်းမှတ်တမ်းများအရ ၁၅၀၅ ခုနှစ် မှာ ပဲခူးဘုရင်ထံတွင် ကက်သလစ်ဘာသာဝင် ပေါ်တူဂီ လူမျိုး စစ်မှုထမ်းသူ တစ်ထောင်ခန့် ရှိကြောင်းပင်ဖော်ပြ ထားသည်။
နောက်ပိုင်း သံလျင်ကို သိမ်းယူအုပ်စိုးခဲ့သည့် ဒီဗရစ်တို ခေါ် ငဇင်ကာ လက်ထက်တွင် ပိုမိုရောက် ရှိလာကာ ထိုစဉ်က တောင်ငူဘုရင် နတ်သျှင်နောင်မှာ မြန်မာများ ထဲမှ ရှေးဦး ကက်သလစ်ခရစ်ယာန် ဘာသာဝင်တစ်ဦး ဟုပင် ဆိုနိုင်ပေသည်။
ယင်းအချိန်မြန်မာမြေပေါ်ရှိ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တို့ကို ဦးဆောင် လမ်းပြသူများမှာ အိန္ဒိယ ပြည် မာလီရပိုမြို့ ဂိုဏ်းချုပ်ဆရာတော် လက်အောက်ရှိ ဂျေဇွိတ်ဂိုဏ်းဝင် ပေါ်တူဂီဘုန်းတော်ကြီးများပင်ဖြစ်ကြ ပြီး၊ အနောက်ဖက်လွန်မင်း သံလျင်ကို သိမ်းပိုက်ကာ သုံ့ပန်းပေါ်တူဂီများကို အင်းဝသို့ ခေါ်ဆောင်လာစဉ်က လည်း ဘာသာဝင်များကို စောင့်ရှောက်ခဲ့သူများမှာ ပေါ်တူဂီဘုန်းတော်ကြီး "မာနြူရယ်  ဒီဖုန်းဆေးကာ" (Fr.Manuel De Fonseca)နှင့် ဘုန်းတော်ကြီး "ဒေ အေဂို နူနစ်"(Fr.Diego Nunes) တို့ဖြစ်၏။
နောက်ပိုင်း အထက်၊အောက်မြန်မာပြည်ရှိ ဘာသာဝင် များကို ထိန်းကျောင်းရန် ရောမမြို့ သာသနာပိုင် ပုပ် ရဟန်းမင်းကြီးရုံးတော်မှ မီလန်မြို့ စိန့်ဘားရ်နားဘတ်စ် ကျောင်းတော်ရှိ ဘားရ်းနားဘိုက်ဂိုဏ်းဝင် ဆရာတော် များအား တာဝန်ပေးခဲ့ရာ အီတလီဘုန်းတော်ကြီး စီဂျစ်မွန်ဒို မာရီယား ကာလ်ချီ (Fr. Sigismondo Maria Calchi)သည် ပထမဆုံး ရောမသာသနာမှ တိုက်ရိုက်ခန့်အပ်သည့် ဘုန်းတော်ကြီး ဟုဆိုနိုင်သည်။
ဘုန်းတော်ကြီး စီဂျစ် မွန်ဒို မာရီယား ကာလ်ချီနှင့် လက်ထောက်ဘုန်းတော်ကြီး ဂျိုးဇက်ပေ ဗီတိုးနီ (Fr. Giuseppe Vittoni)တို့သည်ညောင်ရမ်းခေတ် ၁၇၂၁ ခုနှစ် တနင်္ဂနွေမင်းလက်ထက် အင်းဝသို့ ရောက်ရှိလာ ခြင်းဖြစ်ပြီး၊၂ နှစ်အကြာ အင်းဝဘုရင်မှ ဘုန်းတော်ကြီး ဗီတိုးနီ ကိုပင် မြန်မာသံတမန် အဖြစ်ခန့်အပ်ကာ ရောမ မြို့ရှိ ပုပ်ရဟန်းမင်းကြီးထံ စေလွှတ်လိုက်ခြင်းက မြန်မာ- ရောမ- ဗာတီကန်တို့၏ ပထမဆုံး သံတမန်ဆက်ဆံရေး စတင်သည်ဟု ပင် သမိုင်းမှတ်တမ်း တင်ရပေမည်။
ဘားရ်နားဘိုက်ဂိုဏ်းဝင် ဘုန်းတော်ကြီးများ အတွက် ရာသီဥတု၊ ရေမြေတောတောင် သဘာဝ၊ နိုင်ငံရေး စသည့် မတူညီသည့် ပင်လယ်ရပ်ခြား၌ နေထိုင်၍ ဘာသာဝင်များကို ဦးဆောင် ထိန်း ကျောင်းရသည်မှာ လွယ်ကူသည်မဟုတ်ပေ။မြန်မာမြေသို့ ရောက်သည်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာနှင့် မြန်မာစာ၊ မြန်မာ စကားကို တတ်နိုင်သမျှ လေ့လာ ကြိုးစားသင်ယူကြရ သလို၊ အနေအထိုင် ကအစ ပြောင်းလဲရ၏။
ယင်းဘုန်းတော်ကြီးများအနက် ကုန်းဘောင်မင်းဆက် အစပိုင်း ၁၇၆၁ ခုနှစ် နောင်တော်ကြီးမင်း လက်ထက် ရောက်ရှိလာသည့် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကော်တို(Fr.John Marry Percoto)သည် မြန်မာ စာကို ပေစာလက်ရေးမူမှ ပုံနိုပ်အက္ခရာအဖြစ် ရောက်ရှိ လာအောင် ပထမဆုံး တီထွင်ပေးခဲ့သည့် ကက်သလစ် ရဟန်း တပါး ဖြစ်သည်။
Baptist ဟု လူသိများသည့် နှစ်ခြင်း ခရစ်ယာန် သာသနာပြု ဆရာယုဒဿန် ပြုစုသည့်မြန်မာစာပေ တွင် ထင်ရှားသော အင်္ဂလိပ်- မြန်မာအဘိဓာန်၏ ပုံနှိပ် သက်တမ်းထက် နှစ်ပေါင်း ၅၀ ခန့် ပိုမိုရှေးကျရာ မြန်မာ စာပေအတွက် ပေထက်၊ကျောက်ထက် အက္ခရာမှ ပုံနှိပ် အက္ခရာသို့ နိဒါန်းအစမှာ ဘုန်းတော်ကြီးပယ်ရ်ကော်တို ကဟုပင် ဆိုရ ပေမည်။
မြန်မာစာကို ပုံနှိပ်အက္ခရာအဖြစ် မြင်တွေ့ဖတ်ရှုနိုင် အောင် တီထွင်ခဲ့သူ သာသနာပြု ဆရာတော် ပယ်ရ်ကော်တို ကို ၁၇၂၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ အီတလီနိုင်ငံ ဗင်းနစ်မြို့နယ်ရှိ အူဒိုင်းကျေးရွာတွင် မွေးဖွားခဲ့သည်။
မွန်ဇာမြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ပညာသင်ကာ ၁၇၄၆ ခုနှစ်တွင် ဘားရ်နားဘိုက်အသင်းဂိုဏ်းသား ဖြစ်လာပြီး ဘိုလိုညားရဟန်းဖြစ် တက္ကသိုလ်၌ ဓမ္မကျမ်းဂန်နှင့် ဝိနည်းတော်များကို သင်ယူခဲ့သလို မီလန်တက္ကသိုလ်၌ လည်း သိပ္ပံပညာကို သင်ယူခဲ့သေးသည်။
၁၇၆၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ရောမမြို့ ကက်သလစ်ဌာနချုပ်က မြန်မာပြည်သို့ သာသနာပြုရန် စေလွှတ်ရာ မြန်မာပြည်၌ ရင်ဆိုင်ရမည့် အခက်အခဲများ ကို ခံနိုင်စွမ်းရှိရန် ထိုနေ့မှပင် စတင်၍အစားအသောက် အနေအထိုင်ကို ခြိုးခြံကာ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် လည်း အဆက်အသွယ်ဖြတ်တောက်ပြီး မိမိ၏ ဘဝ တသက်တာကို ရေမြေခြားတွင်နေထိုင်ရင်း အဆုံးသတ် ရန် ဆုံးဖြတ်ခဲ့၏။
ပုပ်ရဟန်းမင်းကြီး ကလေးမင်း(၁၃) (Pope Clement XIII)၏ ကောင်းချီးမင်္ဂလာခံယူပြီးနောက် ဘုန်းတော်ကြီး အာဗယ် နတ္တီ(Fr.Avenati) နှင့် အတူ မြန်မာပြည်သို့ ထွက်ခွာလာရာ ၁ နှစ်နှင့် ၇ လ ကြာမှ ရောက်၏။
လမ်းခရီးတွင် တူရကီအာဏာပိုင်များ၏ဖမ်းဆီးစစ်ဆေး ခြင်း ခံရသလို အီရတ်နိုင်ငံ ဘာဆာရာဆိပ်ကမ်းမှ အိန္ဒိယသို့ သင်္ဘောဖြင့်ထွက်ခွာရာ လမ်းတလျှောက် အင်္ဂလိပ်သင်္ဘောကပ္ပတိန်၏ ညှင်းဆဲမှုကြောင့် အနေ အစား ဆင်းရဲသည့်ဒဏ် ကို ခံခဲ့ရသည်။
၁၇၆၁ ခုနှစ် မြန်မာပြည်အရောက် ချောင်းဦးမြို့၌  အထက်မြန်မာပြည်သာသနာအတွက် တာဝန်ထမ်း ဆောင်နေစဉ် ၂ နှစ်အကြာ ခရီးဖော်ဘုန်းတော်ကြီး အာဗယ်နတ္တီမှာ ပဲခူးမြို့တဝိုက်ရှိ ကျေးရွာများသို့ တရား ဟောထွက်ရင်း အအေးမိကာ ပျံလွန်တော်မူခဲ့ရာ ဘုန်းတော်ကြီး ပယ်ရ်ကော်တို တပါးတည်းသာ မြန်မာ ပြည်၌ ကျန်ရစ်ခဲ့ပေသည်။
သာသနာပြုကက်သလစ်ဘုန်းတော်ကြီးများမှာ ဥရောပ တိုက်သားများဖြစ်သည့်အတွက် အရှေ့တိုင်း၏ ရာသီ ဥတုဒဏ်ကို ယဉ်ပါးခြင်းမရှိပဲ ခံနိုင်ရည် နည်းပါးလှ ပေသည်။
ဘုန်းတော်ကြီး ပယ်ရ်ကော်တိုသည် ခင်ဦးမြို့နယ် မုံလှ ရွာကိုအခြေပြုပြီး ပတ်ဝန်းကျင်ရှိ ကက်သလစ် ၁၃ ရွာ ကို ထိန်းကျောင်းရင်း မြန်မာစာပေနှင့် စကားကိုလည်း တဖက်မှ လေ့လာ၏။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသို့သွားကာ စာအံ နေသည့် ကလေးငယ်များအကြား တိုးဝင်ပြီး ကျောင်းသားများနှင့်အတူ မြန်မာစာ အက္ခရာ သင်ပုန်းကြီး မူရင်း အသံထွက်ကို ရအောင် လေ့လာ ရွတ်ဖတ်သင်ယူရုံမက သတ်ပုံ သတ်ညွှန်းကအစ တိကျ မှန်ကန်ရန်သင်ကြားခဲ့ရာ မြန်မာစာပေ တတ်မြောက်သူ တစ်ဦးအဖြစ် နောင်တော်ကြီးမင်း၏ ဂုဏ်ပြုချီးမြှင့်ခြင်း ကို ခံရသည်။
၁၇၇၃ ခုနှစ်တွင် မြန်မာစာပေကို ပုံနှိပ်စာဖြစ်လာစေရန် ရန်ကုန်မြို့တွင် ကျောင်းထိုင်ရန် ရောက်လာသည့် ဘုန်းတော်ကြီး မယ်လ်ခီယို ကာရ်ပါးနီ(Fr Melchior Carpani)နှင့်တိုင်ပင်ကာ ၎င်းအားရောမမြို့ သာသနာ ပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေးဌာနချုပ်သို့ အကူအညီ တောင်းခံရန် စေလွှတ်ခဲ့ သည်။
ဆရာတော် ပယ်ရ်ကော်တို ပြုလုပ်လိုသည့် မြန်မာ အက္ခရာကို ပုံနှိပ်ခဲစာလုံးသွင်းမှု ဖြစ်မြောက်ရေး အတွက် ရတနာဂျွန်း ဆိုသည့် မြန်မာအမျိုးသား ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အကူအညီကို ယူခဲ့ ရသေးသည်ဟု သိရသည်။
၁၇၇၄ ခုနှစ်တွင် ဘုန်းတော်ကြီး ကာရ်ပါးနီသည် ဆရာတော် ပယ်ရ်ကော်တို၏ အကြံအစည်ဖြစ် သည့် မြန်မာစာကို ပုံနှိပ်စက်တင်ရန် အီတလီသို့ စတင်ခရီး ထွက်လေသည်။
အီတလီ၌သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဆဋ္ဌမမြောက် ပီဦး(Pope Pius VI)နှင့် တွေ့ဆုံပြီး မြန်မာပြည် သာသနာဦးစီးမှူး ဆရာတော် ပယ်ရ်ကော်တို၏ မြန်မာစာပုံနှိပ်လုပ်ငန်း အစီအစဉ်ကို အကောင်အထည် ဖော်ပေးရန် တောင်းဆိုသည်။
ပုပ်ရဟန်းမင်းကြီး ပီဦးက မြန်မာစာ ပုံနှိပ်လုပ်ငန်း အတွက် သာသနာပြန့်ပွားရေးဌာနချုပ် အတွင်းရေး မှူး မွန်ဆီညော် စတေဖာနူး ဘောရ်ဂျီးယား (Stephanus Borgia)အားတာဝန်ပေးအပ်ရာ ပိုလီဂလော့ ပုံနှိပ်တိုက် တာဝန်ခံ ခရစ္စတိုဖား အာမာ ဒုုဇီဦး(Christopher Amaduzius)နှင့် အတူ စတင်လုပ်ဆောင်လေသည်။
ဝိုင်းစက်သည် မြန်မာဗျည်းအက္ခရာများကို ယခင်က မမြင်ဖူးသည့်အတွက် ပုံနှိပ်ခဲစာလုံးအဖြစ်ပုံသွန်းရာ၌ လုပ်သားများမှာ အခက်အခဲဖြစ်သော်လည်း ဘုန်းတော်ကြီး ကာရ်ပါးနီး၏ ဖြေရှင်းပေးမှုကြောင့် ၁၇၇၆ ခုနှစ်တွင် အောင်မြင်ခဲ့လေသည်။
ထို့နောက် Burmese Alphabet ဟု ဆိုရမည့် စာ မျက်နှာ ၁၅၅ မျက်နှာပါ “မြန်မာအက္ခရာ သင်ပုန်းကြီး အညွှန်း” စာအုပ်ကို စတင်ရိုက်နှိပ်ရာ ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီး ပီဦး၏ လက်တင် ဘာသာဖြင့် ရေးသားသည့် ဂုဏ်ပြုကျေးဇူးတင်လွှာကို ထည့်သွင်း ဖော်ပြခဲ့သည်။
“မြန်မာအက္ခရာ သင်ပုန်းကြီး အညွှန်း”စာအုပ်ကို စတေဖာနူး ဘော်ရ်ဂျီးယား၊ ခရစ္စတိုဖား အာမာ ဒုဇီဦး၊ ဘုန်းတော်ကြီး ကာရ်ပါးနီနှင့် ခဲစာလုံး ထုတ်လုပ်ရေး တာဝန်ခံ ဂျေ အိတ်က်စ် ပီလီတို့ အမှာစာ ရေးသားပြီး ဆရာတော် ပယ်ရ်ကော်တို ရေးသားစီရင်သည့် မြန်မာ ဗျည်းအက္ခရာများ အကြောင်း၊မြန်မာသတ်ပုံ သတ်ညွှန်း အကြောင်း၊ မြန်မာသဒ္ဒါ အကြောင်း နှင့် မြန်မာနိုင်ငံ၏ သမိုင်း၊ ပထဝီနှင့် ဓလေ့ထုံးစံများအကြောင်းစုံလင်စွာ ရှင်းလင်း ရေးသားထားသည်။
နောက်ဆုံးအပိုင်း၌ ကက်သလစ်ဘာသာဝင်တို့၏ ဆုတောင်း ပဌနာများနှင့် ပညတ်တော်(၁၀)ပါးပင် ပါဝင် လေသည်။
ဤသို့ဖြင့် ဆရာတော် ပယ်ရ်ကော်တို၏ကြံဆချက်၊ ဘုန်းတော်ကြီး ကာရ်ပါနီ၏ လက်တွေ့လုပ်ဆောင် ချက် ကျေးဇူးကြောင့် ကမ္ဘာတွင် ပထမဦးဆုံးသော မြန်မာစာ ပုံနှိပ်စာကို ရိုက်နှိပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၄၄ နှစ် ရှိပြီဖြစ်သည်။
ပထဆုံးပုံနှိပ်သည့် မြန်မာအက္ခရာသင်ပုန်းကြီးအညွှန်း စာအုပ်ကို ပြုစုခဲ့သူ ဆရာတော် ပယ်ရ်ကော်တိုမှာ မြန်မာ-လက်တင်–ပေါ်တူဂီ (၃)ဘာသာတွဲ အဘိဓာန် ကျမ်းကို ဆက်လက်ပြုစုနေရင်း သွေးအားနည်းခြင်း၊ နှလုံးအားနည်းခြင်း ရောဂါတို့ကြောင့် ၁၇၇၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ သက်တော် ၄ရနှစ်တွင် အင်းဝ နေပြည်တော်တွင် ပျံလွန်တော်မူခဲ့ သည်။
အင်းဝ ငါးရွာဗျားရွာအနီး မြုပ်နှံထားသည့် ဆရာတော် ပယ်ရ်ကော်တို၏ သချႋုင်းဂူကို ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒွန်ဘော်စကို စလေးရှင်းအသင်း ဂိုဏ်းသား ဘုန်းတော်ကြီး အန်တိုနီယို အာလိုက်ဆီက တူးဖော်ကာ မန္တလေးမြို့ စိန့်ဂျိုးဇက်ဘုရားကျောင်းဝင်း အတွင်း ပြန်လည် ဂူသွင်းမြုပ်နှံ ခဲ့သည်။


#ကိုးကား –
၁။ ၁၆နှင့် ၁၇ ရာစုများအတွင်း ပေါ်တူဂီ မြန်မာ ဆက်ဆံရေး(ဒေါက်တာ ခင်မောင်ညွှန့် )
၂။ အင်းဝရောက်ခြေရာများ (ဖာသာ ကိုလေး)
၃။ The Portuguese Descendants in the Mu Valley (Tint Lwin)
#Credit_YanPaing  





 

1 comment:

  1. ဗဟုသုတများစွာ ရပါတယ် ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete