လာခြင်းကောင်းသော လူကလေး - ခင်နှင်းယု
လာခြင်းကောင်းသော လူကလေး
ခင်နှင်းယု
မေမေဟာ အိမ်ရှင်မ တစ်ယောက် အနေနဲ့ အဝေးက ရောက်လာမယ့် ဧည့်သည် အမြောက်အများကို ကြိုဆိုခဲ့ဖူး ပါတယ်။
သူတို့အတွက် အိပ်ရာနေရာ၊ စားဖို့သောက်ဖို့ နေရာထိုင်ခင်း၊ အပန်းဖြေ နားနေစရာတွေကိုပါ ပြင်ဆင်ပြီး ဝမ်းပန်းတသာ စောင့်နေရတာပါပဲ။ ဒါပေမဲ့ အဲဒီ ကြိုတင် ပြင်ဆင်မှုတွေဟာ သား လာတော့မယ် ဆိုတာကို သိလို့ ကြိုတင်ပြင်ဆင် ရတာတွေနဲ့ ဘာမှ မတူပါလား သား။
သားကိုလည်း မေမေ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ သူလေးဟာ အကျဉ်းတန်သော သူငယ်လေးများလား၊ သူလေးဟာ လှပတင့်တယ်သူ ပေပဲလား။ အလွန် ဆိုးသွမ်းတဲ့ သူငယ်ဆိုးလေး တစ်ယောက်ပေပဲလား၊ ကျစ်လျစ် သိပ်သည်းတဲ့ သားလိမ္မာလေးပဲ ဖြစ်လိမ့်မလား။ မေမေဟာ အိပ်မပျော်ခင်မှာရော၊ အိပ်ပျော်သွားတဲ့ အချိန် အိပ်မက်ထဲမှာရော မေမေ မမြင်ဖူးတဲ့ သားရဲ့ ရုပ်ရည်ကို မျှော်မှန်း တွေးခေါ်ခဲ့ရတာ အမောပါပဲ။
ဪ … သားလေး အပန်းဖြေ နားနေ အိပ်စက်ဖို့ မေမေ့မှာ မွေ့ရာလေးကို ပထမ ချုပ်မိတယ်။ ဂွမ်းကပ် နုနုလေးပေါ်မှာ မေမေ ကြိုက်တဲ့ ရေရောင် ပြာလွလွ ဖဲစကလေး အပေါ်က အုပ်ပြီး မွေ့ရာလေးကို ချုပ်ရိုး ကြမ်းကြမ်းကြီးတွေ မထင်အောင် ချုပ်ရတယ်။
သား ခြုံဖို့ အပြာနုရောင် သိုးမွေး စောင်လေးကိုလည်း အဆင်သင့် ဝယ်ထားရသေးတယ်။ စေင်လေးပေါ်မှာ ယုန်ရုပ်လေး နှစ်ကောင် ဖြူဖြူဖွေးဖွေးက ရထားမောင်းလို့၊ လိပ်ကလေးက ရထားကို ဆွဲလို့ သားလေးသာ ဒီအရုပ်ကလေးတွေကို တွေ့ရရင် ချစ်တန်ကောင်းပါ စိတ်ထဲမှာလည်း တစ်ခါတည်း ဆက်တွေး သွားတာက ဒီစောင်လေးကို ခြုံရင်း သားလေးဟာ တဖြည်းဖြည်း ကြီးထွား လာတော့မယ်။ သားလေး သိတတ်လာရင်ဖြင့် ဒီယုန်ရုပ် ကလေးနဲ့ လိပ်ကလေး အကြောင်းကို မေးတော့မယ်။ ဒီအခါကျတော့ မေမေဟာ ပျင်းလွန်းတဲ့ ကိုရွှေယုန် အကြောင်း၊ ဝီရိယ ကောင်းတဲ့ ကိုရွှေလိပ်လေး အကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြရဦးမယ်။ ပုံပြော ဆရာမကြီး ဖြစ်ရဦးမှာ ပါလားလို့ တွေးမိတယ်။ မေမေ့ရင်ထဲမှာ သောကတွေ ဝင်လာပြန်ရော၊ သားဟာ ယုန်လေးလို အပျင်းကြီး နေမလား၊ လိပ်သူငယ်လေးလို ဝီရိယကောင်းတဲ့ သူငယ်လေး ဖြစ်အောင် မေမေ ဘယ်လို လုပ်ရပါ့မလဲလို့ တွေးမိပြန်တာပဲ သား။
သားကို ပုံတွေ အများကြီး ပြောပြရဦးမှာ ပါလား။ အားလပ်ချိန် ရောက်ရင် မေမေ ငယ်ငယ်က ဖတ်ပြီးသား ပုံပြင်တွေကို ပြန်ပြီး ဖတ်ရပြန်ရော။
နံနက် မိုးသောက်လို့ ပြတင်း ဖွင့်လိုက်ရင်ပဲ နှင်းမှုန်ပါတဲ့ ဆောင်းလေတွေဟာ မေမေ့ကို နှုတ်ဆက်ကြတယ်။ မေမေ အပျိုတုန်းက ဆိုရင်ဖြင့် နှင်းရည် သောက်ထားတဲ့ ပန်းခင်းတောထဲမှာ အပြေးအလွှား ဆော့ကစားပြီး ဆောင်း နံနက်လေကို အားပါးတရ ရှူရတယ်။
ခုတော့ သာယာညင်းညင်း တိုက်လာတဲ့ ဆောင်းလေကို တိုးတိုးသာသာပဲ ပြောပြရတယ်။ “ရှေ့လ အတောအတွင်းမှာ ကျွန်မဟာ သားဦးလေးနဲ့ တွေ့ရတော့မယ်” လို့ သူတို့ကလည်း ဝမ်းပမ်းတသာ မေမေ့သားကို ကြိုဆိုကောင်းချီး ပေးတဲ့သဘောနဲ့Ꮗသားကိုယ်စား မေမေ့ ပါးပေါ်ကို အသာတကြည် ထိတွေ့ နမ်းရှုပ် သွားကြတယ်။ မေမေဟာ အရင်လို မပြေးဘဲ ပန်းခင်းတွေထဲမှာ ဖြည်းဖြည်းသာသာ လျှောက်ရတယ်။
ပန်းပွင့်လေးတွေကိုလည်း သား လာတော့မယ့် အကြောင်း ပြောပြရင်ပဲ သူတို့ဟာ ပွင့်ဖတ်တွေကို စွင့်စွင့်ကားကား လေမှာလွှင့်ပြီး တစ်ပွင့်အပါး တစ်ပွင့်ကပ်ပြီး သားနဲ့ တွေ့ကြရတော့မယ့် အကြောင်း တစ်ဆင့်စကား တစ်ဆင့် သတင်းပါးကြ ပြန်တော့တယ်။
မကြာခင်ပဲ ရွှေရောင်ပေါ်မှာ မဟူရာစင်းလေးတွေ ခင်းထားတဲ့ ခြုံလွှာကို ခြုံထားတဲ့ ပျားကောင်လေးတွေဟာ နံနက် နေခြည်မှာ ပျံဝဲ လာကြတယ်။ ပျားကောင်လေးတွေကို မြင်ရပြန်တော့ သားရဲ့ အနာဂတ်ကို တွေးမိပြန်ရော။
မေမေဟာ ဆောင်းလေပြည်နဲ့ ပန်းဝတ်လွှာ အကြောင်း၊ နွေဦး ရွက်နုများနဲ့ ဥဩတေးသံတွေ အကြောင်းကို ပုံထဲမှာသာ ထည့်သွင်း ပြောနိုင်တာကလား။ တကယ်ဆိုတော့ မေမေ့သားက မေမေဟာ အရွယ်ရောက် လာရင်ဖြင့် တခြား လူသားတွေနဲ့ အတူ ခေတ်ဆိုတဲ့ ခရီးလမ်းမှာ သွားခိုင်းရမှာပါလားလို့ တွေးမိရင်ပဲ ရင်ထဲမှာ တင်းကြပ်သွားတယ်။
မေမေသာ တန်ခိုးတော်ရှင်ကြီး ဆိုရင်ဖြင့် သားလေးအတွက် သီးသန့် ကမ္ဘာတစ်ခုကို ဖန်ဆင်းပေးပါရဲ့ သားရယ်။ မေမေ မျက်မှောက် ပြုနေတဲ့ ကမ္ဘာကတော့ လေထဲမှာ ယမ်းငွေ့တွေဟာ အပြည့်အသိပ် ပါလာလေတော့ အသက်ရှူ ရတာတောင် မဝတဲ့ ကမ္ဘာ။
ဘယ်သူတွေက ဘယ်ဦးနှောက်နဲ့ ဘာတွေကို ကြံစည် တွေးတော တီထွင် လိုက်တယ် မသိဘူး။ လူသားစင်စစ်ကို ခုနက မေမေ မြင်ရတဲ့ ပျားကောင်တွေ ဖြစ်အောင် လုပ်နေတဲ့ ကမ္ဘာကြီးကလား။ မေမေ့ စိတ်ထဲမှာ သားလေး အရွယ်ရောက် လာရင် စည်းကမ်း စနစ်ကျပြီး လိပ်သူငယ်လေးလို ဝီရိယ ရှိရုံမက သားရဲ့ အတွေးအခေါ် ဆင်ခြင်ဥာဏ်လေးတွေကို သားဟာ လွတ်လပ်စွာ တင်ပြဆွေးနွေး နိုင်ခွင့်ရှိတဲ့ ခေတ်ကို ကြုံစေချင်ပါတယ်။ စည်းကမ်းတော့ ကျနပါရဲ့ သူများ ခိုင်းသမျှ တုံးတိုက်တိုက် ကမ်းတိုက်တိုက် လုပ်တတ်တဲ့ နှလုံးသား မရှိတဲ့ လူသားမျိုး ထွန်းကားတဲ့ ခေတ်မျိုး သားကို မကြုံစေချင်ဘူး။
မေမေတို့ရဲ့ ကမ္ဘာကြီးဟာ ခုတော့ လမ်းဆုံလမ်းခွကို ရောက်နေတယ် သား။ သူတို့ဟာ ‘လူ’ ဆိုတဲ့ စကားတစ်လုံးကို ကိုယ်ကြိုက်ရာ ကိုယ်ဆွဲပြီး အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ပြနေကြတယ်။ ဪ … ဒီအကြောင်းကို တင်ပြ ဆွေးနွေးဖို့က အချိန်စောလွန်း ပါသေးကလား။ မေမေဖြင့် သားကို ပြောချင်ဇော၊ တွေ့ချင်ဇောနဲ့ အတွေးတွေ အလှမ်းကျယ် သွားရပြန်ပြီ။ သားဟာ တကယ်ဆိုတော့ မေမေ့ကို အတွေးကျယ်အောင် လုပ်နိုင်စွမ်း ရှိပါကလား။ ပျားကလေး တစ်ကောင်ကို မြင်တာနဲ့ သားရဲ့ အနာဂတ်ကို တွေးပြီး မေမေ ပူပန်လိုက်တာ။
သားအတွက် မေမေ စာဖွဲ့ချင်တယ်။ သားအတွက် မေမေ စာတွေ ရေးချင်လိုက်တာ။
သားကို မေမေ မြင်ရတော့မယ့် နေ့ကို ရောက်လာပြီ။ မျက်ခုံးမွေး ထူထူနဲ့ ဆရာမလေးက အဝတ်ဖြူလေးကို ပါးစပ်နဲ့ နှာခေါင်းမှာ စီးလို့ မေမေ့ ဗိုက်ပေါ်မှာ နားခွက်ကလေး တပ်တပ်ပြီး သားရဲ့ ရင်ခုန်သံကို မိနစ်ပိုင်းနဲ့အမျှ နားထောင် နေရှာတယ်။
မိန်းမတွေဟာ ချစ်ဦးသူနဲ့ တွေ့ခါနီးတော့လည်း ရင်ခုန်ခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒီ ရင်ခုန်ပုံတွေဟာ သားကို မေမေ ပထမဆုံး တွေ့ရမယ့် အချိန်မှာ ရင်ခုန်ပုံနဲ့ လုံးဝ မတူဘူး သား။ ဒီတစ်ခါတော့ မေမေ အကျယ်ချဲ့ ပြလို့ မရဘူး။
မေမေလေ လူကသာ ခုတင်ပေါ်မှာ အိပ်နေတယ်။ စိတ်ကတော့ ခရီး အဝေးကြီးကို ပင်ပန်းစွာ သွားနေရ သလိုပါပဲ။ ဝမ်းထဲက နာကျင်တဲ့ ဝေဒနာကြောင့် နဖူးမှလည်း ချွေးတွေ ပြိုက်ပြိုက်ကျလို့၊ ဆရာမလေးရဲ့ လက်တွေကိုလည်း မေမေ တအား ဆုပ်ထားလွန်းလို့ သူ့ လက်ချောင်းလေးတွေများ ကြေသွားမလား အောက်မေ့ရတယ်။ မေမေ့ ဒူးတွေဟာ ဆတ်ဆတ် တုန်နေတယ်။ သားရဲ့ ဘွားဘွားကြီး ပြောတဲ့ စကားကို သွားသတိရတယ်။ “ချွေးတစ်ခါ နှစ်ခါ မပြန်ဘဲနဲ့များတော့ ဘယ်တော့မှ မမွေးသေးဘူး” ဆိုတာ ခါးကိုလိမ်ပြီး ပစ်ချင်လောက်အောင် ဝေဒနာ ပြင်းလာပေမယ့် မေမေ့ ဝမ်းဗိုက်ထဲမှာ သားရှိတယ် ဆိုတဲ့ အသိကြောင့် မေမေဟာ ဒီဝေဒနာကို ကြိတ်ခံတယ်၊ အံကိုလည်း ကြိတ်ထားလွန်းလို့ သွားတွေများ ကျိုးမတတ် ပါပဲ။
“သားလေး အပြင်ရောက်ဖို့ သူ့ လမ်းကြောင်းဟာ တစ်လက်မဘဲ လိုတော့တယ်။ ပထမ ကလေးမို့ ခံရတာပါလို့” ဆရာမလေးဟာ အေးဆေးးတဲ့ အသံနဲ့ မေမေ့ အပါးက မင်း ဒေါ်ဒေါ်ကြီးကို ပြောနေသံ မေမေ ကြားရတယ်။ ဒါပေမဲ့ သုံးနာရီလုံးလုံး ကြာတဲ့အထိ သားကို မေမေ မမြင်ရသေးဘူး။
သားလေးဟာ ပက်ကျိလေးများလို ခရီးသွား နေသလားကွယ်။ တစ်လက်မ ဆိုတဲ့ ခရီးကို သုံးနာရီ ကြာရတယ် ဆိုတာ မေမေ မယုံချင်ဘူးကွယ်။ မေမေဖြင့် ဝေဒနာကို သည်းမခံ နိုင်တော့ဘူး။ ဆရာမကြီးတွေနဲ့ ဒေါက်တာတွေလည်း မေမေ့ အပါးကို ဝိုင်းလာကြတယ်။
“ကျွန်မကို လုပ်ချင်သလို လုပ်ပါ။ သား ကျန်းကျန်းမာမာနဲ့ အပြင်ရောက်ရင် ပြီးတာပါပဲ” မေမေလေ အဲဒီအချိန်မှာ မေမေ့ အသက်ကိုပဲ စွန့်ရပါစေ၊ သားကိုသာ အပြင်ဘက် ချောချောမောမော ရောက်စေချင်တာ ပါပဲ။
ဪ … တို့များ မိန်းမတွေဟာ အားနွဲ့တယ်၊ အားငယ်တယ်နဲ့ အခြေအနေက တကယ် လိုလားလို့ တောင်းဆိုလာပြီ ဆိုတော့ အသက်ကိုတောင် ပေးအပ်ပြီး ချစ်သူအတွက် စွန့်စားရဲသူပါလား သား။
မကြာခင်ဘဲ မေမေဟာ မွေးခန်းထဲကို ရောက်သွားတယ်။ ခဏ အကြာမှာ လုံးဝ သတိလစ် သွားတာပဲ။ မေမေ၊ သတိရလို့ မျက်လုံး ဖွင့်လိုက်တော့ ဖြူနွဲ့နွဲ့ ဒေါက်တာ နှစ်ဦးရယ်၊ ဆရာမ ဝတုတ်တုတ် ရယ်က သားလေးကို မွေးဖွားပြီးကြောင်း သတင်းကောင်း ပါးကြတယ်။
မေမေဖြင့် မျက်ရည်တွေ ပေါက်ပေါက် ကျလာတာပါပဲ သားရယ်။
နီနီထွေးထွေး ပိုးတောင့်တဲလေးနဲ့ တူတဲ့ သားကို အနှီး ဖြူဖြူလေးနဲ့ ရစ်ပတ်ပြီး ဆရာမလေး ခေါ်လာတော့။
“ဪ … တစ်လက်မ ခရီးကို သုံးနာရီ ကြာအောင် လာခဲ့ရတဲ့ သူငယ်လေး ပါလား” လို့ မေမေ တွေးမိပြီး သားကို သနားလိုက်တာ။ သားကို ချိုချို စတိုက်ရတဲ့နေ့ ရောက်တော့ မေမေ စိတ်မကောင်း ဖြစ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက် လေးဆယ့်ငါးရက် ရောက်ရင် မေမေ အလွန်မုန်းတဲ့ အလုပ်ကြီး တစ်ခု လုပ်ရဦးမယ်။ ᏣᎶᏣᏯᏳᏉ မေမေ့မှာ မေမေ့မေတ္တာ တန်ခိုးနဲ့ သွန်ကျလာတဲ့ မေမေ သွေးကဖြစ်တဲ့ နို့ရည်တွေ မေမေ့ ရင်ထဲမှာ အပြည့် ရှိပါရဲ့သားနဲ့ သားကို နို့မှုန့်ဘူးတွေနဲ့ ထားခဲ့ပြီး မေမေ အလုပ် သွားရဦးမယ်။ ပြီးတော့ ချိုချိုတွေ တောင့်လာရင် အဲဒီ နို့ရည် အစစ်တွေကို မေမေ ညှစ်ရဦးမယ်။ မေမေ ဒီအလုပ်မျိုး လုပ်ရမှာကို သိပ်စက်ဆုပ် တာပဲ။ ဒါပေမဲ့ လုပ်ရဦးမယ်”
ဆေးရုံက ဆင်းပြီး အိမ်ပြန်ရောက်တော့ သားကို ညဥ့်ဦးမှာ မေမေ နို့ဝအောင် တိုက်သိပ်ခဲ့တယ်။ အပြင်မှာ လဝန်းဟာ ထိန်ထိန်သာလို့ မေမေတို့ အိမ်ခန်းမကြီးလည်း လင်းနေတာပဲ။ မေမေဟာ ပြတင်းကနေ လမင်းကို မော်ကြည့်မိတယ်။ ယောက်ျားတွေက သူတို့ ချစ်သူရည်စားကို စာဖွဲ့တဲ့ နေရာမှာ ချစ်သူမျက်နှာဟာ “လမင်းနဲ့ နှစ်လေးသာ အေးမြလိုက်တာ” လို့ ဆိုကြတယ်။ မေမေကတော့ လမင်းကြီးနဲ့ သားမျက်နှာကို မနှိုင်းရက်ပါဘူး။
“ခုနေများ လနတ်သားက မေမေ့ သားကြီးနဲ့ လမင်းကြီးနဲ့ လဲမလား ဆိုရင် မေမေကတော့ ပြန်ပြောမှာပဲ”
“မေမေ့သား လမင်းကြီးနဲ့ မလဲနိုင်ပါ” လို့ ပြောမှာပဲ။
လမင်းကြီးက လောကဓာတ် တစ်ခွင်ကိုသာ သူရဲ့အေးမြတဲ့ ရောင်ခြည်နဲ့ ရွှန်းရွှန်းပပ သာစေနိုင်ပေမယ့်လို့ မေမေရဲ့ နှလုံးသား တစ်နေရာကို သူ့ရောင်ခြည် ထိုးဖောက်ပြီး မလင်းနိုင်ပါဘူး သားရယ်။
သားမျက်နှာ ဝင်းပပက လမင်းကြီးလို မကြီးပေမယ့် သားကို မြင်ရရင် မေမေ့ အသည်းနှလုံးကို နေရာမလပ် ဝင်းထိန်သွားအောင် အလင်းရောင် ပေးတာကိုး။ ရွှန်းမြ သာကြည်တဲ့ သားရဲ့ မျက်နှာက မေမေရဲ့ နှလုံးသားကို အေးစိမ့်ပြီး သွားစေတာပဲ။
ပြီးတော့လည်း ဖိုးလမင်းကြီးဟာ သီတင်း လေးပတ်မှာ နှစ်ပတ်သာ လောကကြီးမှာ လင်းနိုင်သူပါကွယ်။ မေမေ့သား ကတော့ ထာဝစဉ် မေမေ့ ရင်ခွင်မှာ အလင်းရောင် ပေးနိုင်တာကိုး။
ဒါကြောင့်မို့ “မေမေ့သားကြီး လမင်းကြီးနဲ့ မလဲနိုင်ပါ” လို့ မေမေ စကားဆိုရင် မေမေဟာ မလွန်ပါဘူး၊ သားရယ်။
နောက်နေ့ နံနက်မှာ သားကို မေမေဟာ အိပ်ခန်းထဲမှာ သိပ်ထားခဲ့တယ်။ သားကို မွေးနေရဆဲ မတွေ့ခဲ့ရတဲ့ မေမေ့ ပန်းခင်းတွေဆီ မေမေ လျှောက်သွားမိတယ်။ လေးငါးးခြောက်လ ကြာရင် ပူနွေးတဲ့ နေရောင်ခြည် ထဲမှာ သားလေးကို ထိန်းရင်း ပန်းတွေကို ပြရဦးမယ်။ မေမေဟာ ဆောင်းဦးတုန်းက ပန်းပင်လေးတွေ မြေမှာ ပျိုးခဲ့တယ်။ ဆောင်းလယ်ရောက်တော့ သူတို့လည်း ပွင့်ရော သားကိုလည်း မေမေ မွေးရော။
သူတို့ကို ပွင့်စေတဲ့သူရဲ့ သားမို့ ပန်းလေးတွေဟာ သားကိုလည်း ချစ်ကြရှာမှာပါပဲ။ မေမေ အဲဒီလို စိတ်ကူးနေတုန်း မာလီကြီးက ဧည့်သည်တစ်ယောက် မေမေ့ကို တွေ့လိုတယ် ဆိုလို့ အိမ်ဘက်ကို မေမေ ပြန်လျှောက်လာတယ်။
ဧည့်သည်ဟာ သံဆွဲတံခါးရဲ့ အဝ လှေကားထစ်မှ ငုတ်တုတ်ထိုင်လို့ အဝတ်အစားတွေ ကလည်း နွမ်းလို့။ သူ့ အသားအရည်ဟာ နေလောင်ထားလို့ မွဲခြောက်ခြောက် ဖြစ်နေတယ်။ သူ့ထဘီကလည်း ဒူးအထက်မှာ အဖာတစ်ခုနဲ့ အောက်နားကလည်း စုတ်နေတယ်။ လူကသာ ခြောက်နေတယ် သူ့ဖျင်ကြမ်း အင်္ကျီဟာ သူ့ချိုချိုကို လုံအောင် မဖုံးနိုင် လောက်အောင်ပဲ။ သူ့ရင်သား ညိုမောင်းမောင်းဟာ လုံးကျစ် နေတာပဲ။ သူ့လက်ထဲက ကလေးကြီးက မေမေ့သား သုံးဆလောက် ရှိတယ်။ မေမေဖြင့် မြင်မြင်ချင်း ချစ်သွားတာပဲ။ သူ့အမေ လက်ထဲ ကလန် ကလန်နှင့် မေမေ့ကို လှမ်းကြည့်တဲ့ သူ့မျက်လုံး ဝန်းဝန်း နက်နက်ကြီးက တောက်ပလိုက်တာ။ ဆီမရှိတဲ့ သူ့အမေရဲ့နားထင်စပ်က ဆံပင်တွေလည်း ဖွာလန်ကျဲ နေတာပဲ။
“ကျွန်မကို တွေ့ချင်တယ် ဆိုတာ ဘာလုပ်မလို့လဲ”
မေမေဟာ သူနဲ့ လှေကားထစ်မှာပဲ အတူထိုင်ပြီး မေးလိုက်တယ်။ သူဟာ မေမေကို ရုတ်တရက် စကား မပြောနိုင်ဘူး။ အကြာကြီးပဲ စိုက်ကြည့်နေတယ်။ မေမေလည်း သူကြည့်တဲ့ ဒဏ်ကို အတော် တင်းခံရတယ်။ သူ စကား စပြောတော့လည်း မေမေကို မကြည့်ရဲတော့ဘူး။ တစ်ဖက် မျက်နှာလွှဲပြီးမှ ပြောတယ်။
“ကျွန်မ ကလေးကို ငွေငါးဆယ်နဲ့ ရောင်းချင်လို့”
သူ့အသံဟာ တုန်ပြီး ထွက်လာတာနဲ့ အမျှ မေမေ့ တစ်ကိုယ်လုံးလည်း အေးစက် သွားတယ်လို့ မေမေ ထင်တယ်။ မေမေဟာ ဘာပြန်ပြော ရမှန်းလည်း မသိဘူး။ ဘာစကားလုံးမှလည်း မေမေ့ ပါးစပ်က ထွက်မလာဘူး။
အမလေး မေမေ့မှာဖြင့် ကြီးကျယ် လိုက်ရတာ၊ သားအတွက် တွေးခေါ် လိုက်ရတဲ့ စိတ်ကူး စိတ်သမ်းတွေ။
သားအတွက်ပဲ ကျမ်းတစ်စောင် ပြုရတော့ မလိုလို။
သားအတွက် ကမ္ဘာတစ်ခုပဲ သီးသန့် ဖန်ဆင်းထားရတော့ မတတ်။
၄၉ ယူဇနာ ရှိတဲ့ လဝန်းကြီးနဲ့တောင် မေမေမှာဖြင့် သားပေါက်စ ကိုနီထွေးကို မလဲနိုင်ဘူး။ ဖြစ်လိုက်ရတဲ့ အဖြစ် ခပ်သည်းသည်း။
ဒီမှာဘက်မှာ ‘လဝန်းကြီးနဲ့’ သားကို မလဲနိုင်ပါလို့ အဖြစ်သည်းနေတုန်း ဟိုမှာဘက်မှာတော့ သူ့ရင်သွေးကို ငွေသား ‘ငါးဆယ်’ နဲ့ လာရောင်း နေပါပကော။
အမလေး ဘယ်လို အဖြစ်မျိုးများပါလိမ့်။ မေမေလည်း မျှော်ခေါ် မှန်းဆထားတဲ့ အတွေး အစိုင်အခဲကြီးတွေ လုံးချေ ပစ်ချင်တယ်။ မေမေ ရေးချင်တယ် ဆိုတဲ့ စာတွေ၊ ရေးမယ့် စာရွက်တွေကို ဆုတ်ဖြဲ ပစ်လိုက်ချင်တယ်။ မေမေလက်တွေ၊ ခြေတွေလည်း အေးစက် နေတာပဲ။ မေမေ့ ရင်တွေလည်း ခုန်လို့။
မေမေ့သားကို မေမေ ချစ်သလို သူ့သားကိုလည်း သူ ချစ်ရှာမှာပဲ။ ဒီမိန်းမငယ်သာ စာတတ်လို့ စာတွေ ရေးခြယ်တတ်ရင် သူ့သားအတွက် သူလည်း ကျမ်းပြုမတတ် ချစ်ရှာမှာပဲ။ သူလည်း ပထမဆုံး သူ့သားငယ်ကို မြင်စက “လမင်းကြီးနဲ့ မလဲနိုင်ပါ” ဆိုတဲ့ အတွေးအခေါ် သူ့ခေါင်းထဲ ဝင်လာမှာပဲ။ အခုတော့လည်း ငွေငါးဆယ်နဲ့ သူ့သားငယ်ကို လဲနေပါပကော။
မေမေကလည်း တကယ့်ကို အဓိပ္ပါယ် နားမလည် သလိုပဲ သူ့ကို ပြန်မေးမိတယ်။
“ရှင် … ရှင် ဘာပြောတာလဲဟင်”
မိန်းမငယ်ဟာ နှုတ်ခမ်းတွေ ဆတ်ဆတ်တုန်ရာက
“ကျွန်မသားကို ငွေငါးဆယ်နဲ့ ရောင်းချင်လို့” လို့ ထပ်ပြီး ပြောရှာတယ်။ မေမေဘက် လှည့်မလာတဲ့ သူ့မျက်နှာကို မေမေ ကြည့်လိုက်မိတယ်။ ညိုမှောင်နေတဲ့ မျက်ခမ်းစပ်မှာ မျက်ရည်လုံးကြီးတွေက ရီးလေးခို နေကြတယ်။ မေမေက သူ့လက်ထဲက လက်ကိုင်ပဝါနဲ့ အသာပဲ သူ့မျက်ရည်ကို တို့ပေးလိုက်တယ်။ မိခင်အချင်းချင်း ဆိုတဲ့ စိတ်က ဒီနေရာမှာ မေမေ့ကို အလိုအလျောက် မျက်ရည် သုတ်ပေးအောင် တိုက်တွန်း နေတာပဲ။ သူ့မိခင် မျက်နှာကို မေမေ ထိရင်ပဲ လက်ထဲက သားကြီးက ဝူးဝါးနဲ့ အော်ရှာပါရော။
မေမေဖြင့် ကလေးကို လှမ်းချီရင်း မိန်းမငယ်နဲ့အတူ ရောငိုမိတယ်။
“မာတာယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ”
တစ်ယောက်တည်းသော သားငယ် အပေါ်မှာ မွေးမိခင်ဟာ လွန်ကဲ ကြင်နာသော မေတ္တာဖြင့် စောင့်ရှောက် သကဲ့သို့ သတ္တဝါများ အပေါ်မှာ မေတ္တာထား ရမယ်လို့ မြတ်စွာဘုရားသခင်ဟာ မေတ္တာသုတ်မှာ မိခင်မေတ္တာကို စံထားပြီး ဟောကြားခဲ့တယ်။ အဲဒီလို ဘုရားသခင် ကိုယ်တော်တိုင် စံထားရတဲ့ မိခင်ရဲ့ မေတ္တာဟာ ကုန်ခန်းလို့လား။ ဒီသူငယ်မဟာ သူ့သားကို လာရောင်းရတာ။
မေမေဟာ သိပါတယ်။ ဘာကြောင့် ရောင်းရသလဲ ဆိုတော့ မေမေ သိပါတယ်၊ သူ့ကို မမေးရက် မပြောရက်နိုင်ဘူး။ နှစ်ယောက်လုံးရဲ့ ရင်ထဲမှာ ဝေဒနာ ကိုယ်စီနဲ့ ခံစားလိုက်ကြတာ မချိမဆန့်ပါဘဲ။
“သားကို ရောင်းရပေမဲ့ ချမ်းချမ်းသာသာ ရှိစေချင်တယ်။ ရှင်တို့မှာ ကလေး မရှိဘူးလို့ တစ်ခါတုန်းက ရှင်တို့အိမ်က မာလီကြီးက ရွာပြန်အလာမှာ ပြောခဲ့ဖူးတယ်”
သူက မျက်ရည်သုတ်ရင်း စကားဆက် ပြောရှာတယ်။
“ရှင်တို့အိမ်က မာလီကြီးနဲ့ ကျွန်မက တစ်ရွာတည်းပဲ။ ကျွန်မ သရဲသမိန် က”
မေမေ သူ့စကားကိုပဲ နားထောင်နေတယ်။ မေမေ့မှာ သားဦးယောက်ျား ရနေပြီ ဆိုတာလည်း သူ့ကို ပြောမပြပါဘူး။
“ရှင့်ယောက်ျားက ဘာလုပ်လဲ”
“လယ်သမားပါ။ ကျွန်မတို့မှာ ကလေးက များလွန်းတယ်။ စပါးတွေ ပိုထွက်ပေမယ့် ကိုမောင်စိန့် အတိုးကလညး ပိုလာတယ်၊ ကလေးကလည်း ပိုပိုလာတယ်”
“ကိုမောင်စိန်က ဘယ်သူလဲ။ ငွေတိုးချေးစား သလား။ သူ အတိုးကြီး ယူရင် သူကြီးကို တိုင်ပါလား။ ပြီးတော့ ရှင်တို့ တစ်ဧကကို အမတော်ကြေး နှစ်ကျပ် ပိုရလာပြီဆို”
“ရတာတော့ ဟုတ်တာပေါ့။ ဘယ်အစိုးရ တက်တက် ကိုမောင်စိန်ကို မနိုင်ပါဘူး။ သူက စာနဲ့၊ ပေနဲ့ ငွေချေးစားတဲ့သူ မဟုတ်ဘူး။ ကုန်စုံဆိုင်ရှင် စပါး မပေါ်မချင်း ကျွန်မတို့ လိုသမျှ အိမ်အတွက် ပစ္စည်းရော၊ လယ်အတွက် ပစ္စည်းရော သူ့ဆီက အကြွေးယူတယ်။ စပါးပေါ်တော့ စပါးနဲ့ ပြန်ဆပ်ရတယ်။ အတိုးက ငွေတစ်ရာကို လေးဆယ်နှုန်း”
“အမလေး”
မေမေလည်း ကလေးကြီး ပွေ့ပြီး လေးဆယ်နှုန်း ဆိုတဲ့ အတိုးအတွက် ရင်လေးသွားတယ်။
“အခုနှစ် လယ်ကရမယ့် စပါးနဲ့ ကိုမောင်စိန်ကို ပေးရမှာနဲ့ အံကိုက် မပိုပါဘူး။ ဝမ်းစာကျန်ရင် ကဲံကောင်းပဲ။ ဒီကြားထဲ သူ့အဖေ အတော် မမာလို့ အခု ဆေးရုံမှာ၊ ကျွန်မလည်း မကြံသာလို့ သားကို လာရောင်းတာ။ ရှင် ယူမလားဟင်”
မေမေလည်း ဘာဖြေရမှန်း မသိဘူး။ သူ့ ကလေးကြီးကလည်း တစ်ပွေ့ တစ်ပိုက်ကြီး။ မေမေ့ မျက်နှာကို ကြည့်ပြီး ရယ်ပြုံးနေတယ်။ ဆယ်လသား လောက်တော့ ရှိပြီ ထင်ပါရဲ့။ ငွေငါးဆယ် ဆိုတာ တို့ရန်ကုန်မှာ ငွေပေါသူတွေ အတွက် ထဘီ တစ်ထည်ဖိုး၊ ရုပ်ရှင် နှစ်ခါကြည့်ရုံပဲ ရှိပါကလား။
မေမေက သူ့သား နဖူးကို မေမေ့ပါးနဲ့ ခဏ အပ်ထားမိတယ်။
“ရှင် ငွေငါးဆယ် ရရင် ဒီကလေးကို မရောင်းတော့ဘူးပေါ့”
“ဟုတ်ကဲ့ မရောင်းဘူး”
“တခြားအိမ်မှာ သွားရောင်းရင်ကော”
သူက မျက်ရည်တွေ တွေတွေ ကျလာပြန်တယ်။
“မလွဲသာလွန်းလို့သာ ကျွန်မ ရောင်းရတာပါ”
သူ ဒါပဲ ပြန်ဖြေတယ်။ မေမေလည်း စကားဆက်ရမှာ တစ်မျိုးကြီးပါပဲ။ မေမေက ကြိုးစားပြီး သူ့ကို မေးမိတယ်။
“အခု ငွေငါးဆယ် ကျွန်မ ရှင့်ကို ပေးလိုက်မယ် ဒီကလေးကို တခြား ရောင်းမရောင်း ကျွန်မ သိရမှာလဲ” လို့ မေမေက မသင်္ကာဟန်ဖြင့် သူ့ကို မေးကြည့်ပြန်တယ်။
“ရှင်တို့ မာလီကြီးကို ကြည့်ခိုင်းထားပါ။ ကျွန်မ မညာပါဘူး။ သူ သရဲသမိန်ကို ခဏခဏ ပြန်လာနေတာပဲ”
သူ့ အပေါ်မှာ သံသယ ဖြစ်ရတာကိုလည်း မေမေ စိတ်မကောင်းပါဘူး။ မေမေဟာ သူ့သားလေးကို သူ့လက်ထဲ ပြန်ထည့်ပြီး အိမ်ထဲ ဝင်ခဲ့ရတယ်။ သေတ္တာထဲက ငွေငါးဆယ် ယူပြီး သူ့လက်ထဲ ထည့်လိုက်တယ်။
“နောက်လည်း ရှင့်ယောက်ျား နေမကောင်းတဲ့ ကိစ္စကို ကျွန်မနဲ့ လာပြီး တိုင်ပင်ပါ။ ကလေး ရောင်းတာတွေ၊ ဘာတွေတော့ မလုပ်ပါနဲ့”
သူဟာ ငွေငါးဆယ် ကိုင်ရင်း လက်တွေ တဆတ်ဆတ် တုန်ပြီး တစ်ရှုံ့ရှုံ့ ငိုပါချေရော။ မေမေမှာတော့ လှူခဲ့၊ တန်းခဲ့သမျှ ဒီအလှူလောက် ပီတိ တစ်ခါမျှ မဖြစ်ခဲ့ဖူးဘူး။
မိန်းမငယ် ပြန်သွားပြီး သားရဲ့ အပါးကို မေမေ ပြန်လာခဲ့မိတယ်။ သား မျက်နှာကို မေမေ စေ့စေ့ ကြည့်မိတယ်။
မေမေတို့မှာလည်း လယ်သူမနဲ့ မထူးလှပါဘူး။ နို့မှုန့် အတုတွေနဲ့ သားတို့ကို ထားရစ်ခဲ့ပြီး အချိန်တန်တော့ အလုပ်ခွင် သွားရတာပါပဲ။ အဲဒီ လယ်သူမလို အရေးကြုံလာရင် သားကိုများ မေမေ ရောင်းမိမလား။ အဲဒီ မေးခွန်း ကိုယ့်ကိုယ်ကိုယ် မေးပြီး အဖြေက ထွက်မလာဘူး။ မေမေသာ ခုတင်ဘေးမှာ ချုံးပွဲချ ငိုမိတယ်။
သားကြီးဖေဖေက အခန်းထဲ ဝင်လာပြီး “အရူးမကြီး၊ အတွေးမကြီး ဘာတွေ မတန်တဆ တွေးပြီး ငိုရ ပြန်တာလဲ” လို့ မေးတယ်။ မေမေ သူ့ကို ဘာမှ ပြန်မဖြေပါဘူး။
ခုန ကလေးရောင်းတဲ့ မိန်းမ အကြောင်းသာ သူသာသိရင် သူလည်း မေမေလို ငိုမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ဖေဖေဟာလည်း သားကို မေမေ့လိုပဲ ချစ်လေတော့ မိဘရဲ့ ချစ်ခြင်းကို ကိုယ်ချင်းစာတတ်မှာပဲ။
ဪ … ဒီမှာဘက်မှာ သားတစ်မျက်နှာကို လေးဆယ်ကိုး ယူဇနာ ရှိတဲ့ လမင်းကြီးနဲ့ မလဲနိုင်ပေမယ့်လို့ …
ဟိုမှာဘက်မှာတော့ သူ့သားငယ်ကို ငွေငါးဆယ်နဲ့ ရောင်းနေပါပကော။
---------------------
ခင်နှင်းယု
No comments