ဂေါက်ရောဂါ(Gout) အကြောင်း သိကောင်းစရာ
“ဂေါက်”ဆိုတာ အဆစ်မှာ နာ-ရောင်-နီ-ပူဆိုတာ ဖြစ်လိုက်၊ ပျောက်လိုက်နေတဲ့ နာတာရှည်ရောဂါတခုပါ။ ခြေမမှာ အများဆုံး (တဝက်လောက်) ဖြစ်တတ်တယ်။ ဒူး၊ ဖနောင့်၊ လက်ကောက်ဝတ်၊ လက်ချောင်းတွေမှာလဲ ဖြစ်တာပဲ။ အနောက်နိုင်ငံတွေမျာ လူဦးရေရဲ့ ၁-၂% လောက်ဖြစ်နေကြတယ်။ ဖြစ်တဲ့သူလဲ တိုးလာနေသေးတယ်။
ဂေါက်ရောဂါကို “ရှင်ဘုရင်ရောဂါ”လို့လည်း ပြောစမှတ်ရှိတယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်ဘုရင် လူဝကြီး Henry VIII ဟင်နရီ၊ Charlemagne ရှာလ်မိန်း၊ ရိုမန်-အင်ပါယာ Charles V ပဉ္စမြောက် ချားလ်တို့မှာ ဖြစ်ခဲ့လို့ပါ။ နောက်ပြီး နာမည်ကြီးတွေ ရှိပါသေးတယ်။ Leonardo da Vinci လီယိုနာဒို-ဒါဗင်ချီ၊ Voltaire ဗော်လ်တဲယား၊ Sir Isaac Newton နယူတန်၊ Charles Darwin ချားလ်စ်-ဒါဝင်၊ အမေရိကန်ဒေါ်လာ ၁၀ဝ တန်ငွေစက္ကူပေါ်က Benjamin Franklin ဘင်ဂျမင်-ဖရင့်ကလင်တို့မှာလဲ ဂေါက်ရောဂါရှိခဲ့ကြတယ်။
အဆစ်နာတာအပြင် အားယုတ်တာ၊ ဖျားတာနဲ့ တွဲဖြစ်တတ်တယ်။ ကျောက်ကပ်နာ၊ ဆီးကျောက်တွေလည်း ဖြစ်နိုင်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံး-သွေးကြောရောဂါ၊ ဝတာ၊ အဆီများတာတွေနဲ့ ဆက်စပ်နေတတ်တယ်။ ဆေးတွေထဲက Diuretics, Niacin, Aspirin, Cyclosporine, Ciclosporin, Tacrolimus ဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။
မျိုးရိုးကနေ ၆၀% မှာ သက်ရောက်စေတယ်။ ထိခိုက်မိတာကြောင့် ပြန်ဖြစ်တတ်တယ်။ စားတဲ့အစားအသောက်ကလည်း ၁၂% ဖြစ်စေဖို့ အားပေးတယ်။ ဂေါက်ကို Rich Man’s Disease “လူချမ်းသာ-ရောဂါ” လို့ပါပြောတယ်။ ရောဂါရစေနိုင်တဲ့ အစားတွေဟာ ဈေးကြီးလို့ပါ။ အသား၊ ပင်လယ်စာ၊ ငါးနဲ့ အသဲ၊ ကျောက်ကပ်၊ ဦးနှောက်၊ ကလီစာတွေ ဖြစ်တယ်။ အရက်၊ Fructose အချိုရည်သောက်တာ ဒီရောဂါအတွက် မကောင်းပါ။ ကော်ဖီ၊ ဗီတာမင်-စီ၊ နို့သောက်တာနဲ့ ကိုယ်ကာယသန်စွမ်းနေတာတွေက အဖြစ်နည်းစေပါတယ်။
Gout ရောဂါရဲ ့ အကြောင်းတရားခံက သွေးထဲမှာ (ယူရစ်-အက်စစ်) တွေ များနေလို့ ဖြစ်ရတာပါ။ Uric acid ဆိုတာ အစားထဲမှာပါတဲ့ Purines ကနေဖြစ်တယ်။ Purine metabolism ချက်လုပ်တဲ့ ဖြစ်စဉ်ပျက်ယွင်းလို့ ဖြစ်တာပါ။ အဲဒီကနေလာတဲ့ Crystal အမှုံတွေက အဆစ်တွေ၊ အရွတ်တွေမှာ လာစုပုံနေကြတယ်။ သွေးစစ်ရင် Uric acid levels မြင့်နေမယ်။ တဝက်လောက်မှာတော့ မများပြန်ဘူး။ ယောကျာ်းတွေမှာ ၄၂၀ µmol/L (7.0 mg/dL)) အမျိုးသမီးတွေမှာ 360 µmol/L (6.0 mg/dL) ဆိုရင်များတယ်။ သွေးဖြူဥလည်းများနေမယ်။ Septic arthritis ပိုးဝင်တဲ့ အဆစ်ရောင်ရောဂါ၊ Rheumatoid arthritis (ရူမတွိုက်) တွေနဲ့ ခွဲခြားရမယ်။
ကုတဲ့အခါ ဆေးသောက်တာနဲ့ အစားရွေးစားတာ ၂ မျိုးလုပ်ရတယ်။ (NSAIDs) ဆိုတဲ့ လူအများသုံးကြတဲ့ အနာ-အကိုက်ပျောက်ဆေးကို ပဌမဆေးအနေနဲ့ သုံးရတယ်။ ဆေးအမျိုးမျိုးရှိပေမယ့် ဘယ်ဆေးက ပိုကောင်းတယ်လို့တော့ မပြောနိုင်ဘူး။ Indomethacin ကို အများဆုံးသုံးပြီး၊ Ibuprofen ကိုလည်းသုံးတယ်။ ဆေးသောက်ပြီး၊ ၄ နာရီကြာရင် သက်သာလာမယ်။ ၁-၂ ပတ်ကြာအောင် ဆက်သောက်ပါ။ သတိထားဖို့က အစာလမ်း လေနာ သွေးယိုမှာ စိုးရသူ၊ နှလုံးမကောင်းတော့သူတွေကို မပေးသင့်ဘူး။ ဆေးတွေရဲ့ ဘေးထွက်ဆိုကျိုး စိုးရိမ်ရသူတွေကို Proton pump inhibitor လေနာဆေးနဲ့ တွဲပေးမယ်။
“တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့။ ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့်ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါအန္တရာယ်နဲ့ ဆက်စပ်နေတဲ့အတွက် လျှော့စားသင့်ပါတယ်” . . .
Colchicine ဆေးကိုလဲသုံးတယ်။ အစာလမ်းကို ထိခိုက်တတ်လို့ သတိထားရမယ်။ Atorvastatin တို့ Erythromycin တို့နဲ့ တွဲမပေးသင့်ဘူး။ Steroids (စတီးရွိုက်) ဆေးကို စားဆေးသာမက ထိုးဆေးအနေနဲ့လဲသုံးတယ်။ နောက်ပြီး Allopurinol နဲ့ Probenicid, Febuxostat ဆေးတွေကို ရေရှည်အတွက်နဲ့ဖြစ်မလာအောင် ကာကွယ်ဖို့အတွက် သုံးရတယ်။ ရုတ်တရက် ရောဂါထတာ သက်သာပြီး၊ ၁-၂ ပတ်နေမှ ပေးတယ်။ NSAID or Colchicine နဲ့တွဲပြီး ၃-၆ လကြာ ပေးရတယ်။ Allopurinol ဆေးက Uric acid ထုတ်တာကို တားပေးတယ်။ ရေရှည်သုံးနိုင်တယ်။ ကျောက်ကပ်သိပ်မကောင်းသူတွေကိုလဲ ပေးနိုင်တယ်။ Probenecid ထက် ပိုကောင်းတယ်။ Febuxostat ကို အစားထိုးသုံးလာနေပြီ။ Pegloticase (Krystexxa) ဆေးကို ၂၀၁၀ ကြမှ စသုံးလာတယ်။ တခြားသုံးနေကြ ဆေးတွေနဲ့ မတည့်သူ၊ ဆေးမှန်မှန် မကုသူတွေကိုပေးတယ်။ သွေးပြန်ကြောထဲ ၂ ပါတ်တခါ ထိုးရတာပါ။
နာတာရှည်သမားတွေမှာဖြစ်တဲ့ အဆစ်က Joint deformity ပုံသဏ္ဌာန် ပြောင်းသွားတာမျိုး ဖြစ်လာတယ်။ ၅ နှစ်နောက်ပိုင်း Tophi ဆိုတဲ့ မနာတဲ့အဖုမျိုး နားရွက်၊ ဖနောင့် စတဲ့နေရာတွေမှာ ဖြစ်လာတယ်။ ကျောက်ကပ်မှာ ကျောက်တည်က ဆီးအက်စစ်ဓာတ်များသူမှာ ပိုဖြစ်တယ်။ ဂေါက်ရှိသူတွေမှာ လည်ပင်းကြီး-ဟော်မုန်းနည်းနေတာလဲ တွေ့ရတယ်။
Arthrocentesis ရောင်နေတဲ့ အဆစ်ထဲက အရည်ကို စုပ်ယူပြီး စမ်းသပ်တာက အသေချာဆုံးပါ။ Uric acid crystals ဒါမှမဟုတ် ပိုးဝင်နေတာကို သိရမယ်။ X-ray ဓာတ်မှန်ရိုက်ရင် Tophi-crystal deposits နဲ့ အရိုးပျက်စီးမှုကို သိရမယ်။
ဂေါက်ရောဂါသမိုင်းမှာ ဂရိ-ဆေးပညာဖခင်ကြီး Hippocrates ကနေ သွေးမဆုံးမီ အမျိုးသမီးတွေနဲ့ Eunuch သင်းကွပ်ထားသူတွေမှာ ဒီရောဂါမဖြစ်ဘူးလို့ ဘီစီ ၄၀ဝ လောက်က ရေးမှတ်ခဲ့တယ်။ (မကွပ်ချင်နဲ့နော်။) “ဂေါက်ရှိတယ်ဆိုတာ ဂုဏ်ယူစရာ” Gout – A badge of Honor and proud station in life လို့ ပြောစမှတ်ရှိလာခဲ့တယ်။ ဘာလို့လဲဆိုတော့ ခရစ်မတိုင်ခင် နှစ် ၉၀ဝက ဂျေရုဆလင်ဘုရင် Asa (အာဆား)ဟာ ဂေါက်နဲ့ နတ်ရွာစံတာမို့ပါ။ ဒါ့ကြောင့်လာမသိ၊ ဗမာတွေက သေတာကို “ဂေါက်တယ်”လို့ ဘန်းစကားအဖြစ် ပြောကြတာထင်တယ်။
ဂေါက်အဆစ်ရောင်နာ ခံစားနေရသူများ စားသင့်သော အစားအသောက်
၁။ တိရစ္ဆာန်အသားကို အများကြီးမစားပါနဲ့။ ဂေါက်ရောဂါရှင်တွေဟာ အသည်းအမြစ်လို တိရစ္ဆာန်ကလီစာတွေကိုတော့ ရှောင်သင့်ပါတယ်။ အနီရောင်အသားနဲ့ ပင်လယ်စာတွေဟာလည်း ဂေါက်ရောဂါအန္တရာယ်နဲ့ ဆက်စပ်နေတဲ့အတွက် လျှော့စားသင့်ပါတယ်။
၂။ အပင်ထွက်ပရိုတင်းဓာတ် များများစားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက်ပရိုတင်းကို များများစားပါ။
၃။ အယ်လ်ကိုဟောကို တတ်နိုင်သမျှရှောင်ပါ။ အယ်လ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်ထဲကနေ ယူရစ်အက်စစ် စွန့်ထုတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် ဘီယာသောက်ရင် ဂေါက်ရောဂါထခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်ကိုရှောင်တာက အကောင်းဆုံးပါ။ အရက်မသောက်ဘဲ မနေနိုင်ရင် ဝိုင်တစ်နေ့တစ်ခွက် သောက်နိုင်ပါတယ်။
၄။ ရေနှင့် ဖျော်ရည်များများသောက်ပါ။ ရေနဲ့ ဖျော်ရည်တွေဟာ ခန္ဓာကိုယ်ထဲက ယူရစ်အက်ဆစ်ကို ဖယ်ရှားပေးပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေနှစ်လီတာခွဲသောက်ပါ။
၅။ အဆီမပါနို့နှင့် နိ်ု့ထွက်ပစ္စည်းရွေးပါ။ အဆီနည်း ဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဂေါက်ရောဂါအန္တရာယ်ကို လျော့ကျစေကြောင်း လေ့လာမှုတချို့က ဆိုပါတယ်။ နေ့စဉ် နို့နဲ့ နို့ထွက်ပစ္စည်း တစ်ခွက်ခန့် သောက်သင့်ပါတယ်။
၆။ အခွံချွတ်မထားတဲ့ ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဂေါက်ရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ ဂေါက်ရောဂါရှင်တွေအနေနဲ့ နေ့တိုင်း ခပ်သွက်သွက်လမ်းလျှောက်ခြင်းလို အသင့်အတင့် အားကစားလုပ်ရင် ဂေါက်ရောဂါကြောင့် နာကျင်မှုဝေဒနာ သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ထိန်းသိမ်းရာ ရောက်ပါတယ်။
———၊ ဒေါက်တာတင့်ဆွေ ၊———
Ref : healthylife
No comments